Chapter 81
သူကမင်းကိုနားလည်ပေးမှာပါ...ကိုယ်ကလည်းမင်းနဲ့အတူအမြဲရှိနေပေးမှာ...။
နောက်ဆုံးတွင်၊ ချန်းယန်နှင့် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် စုယိသည် သူမ၏ ကြောက်စရာကောင်းသော ဆံပင်ကေအား ဆံပင်အတုဖြင့် ဖုံးကွယ်ရန်သာ ဆုံးဖြတ်လိုက်ရသည်။
သူမသည် ဇာတ်လမ်းတွဲအသစ်တွင် ၀င်ရောက်ရိုက်ကူးနေခဲ့သည်မှာ နှစ်၀က်ကျော်ရှိနေပေပြီ။ သိပ်မကြာခင်တွင် နှစ်သစ်ရောက်တော့မည်ဖြစ်ပြီး သူမတို့၏ အားလပ်ရက်တွေလည်း ရတော့မည်ဖြစ်ကြောင်း သတိတရဖြစ်လာကြသည်။
ပြက္ခဒိန်ကိုကြည့်ရင်း၊ ၀ူရွှယ်ကမေးလာ၏။
"နင် ဒီနှစ်နှစ်သစ်ကူးမှာ ချူယင်းအိမ်ကို သွားမှာလား"
စုယိ၏ မျက်နှာလေးမှာနီရဲသွားသည်။
“သေချာ မသိသေးပါဘူး”
“ ဘာကိစ္စ သေချာမသိသေးပါဘူး ဘာညာလာလုပ်နေတာလဲ မြန်မြန်စဥ်းစား ချူယင်းမိသားစုဆီ မသွားရဲသေးရင် ငါ့ဆီသာလာခဲ့"
၀ူရွှယ်ကထပ်ပြောသည်။
"သတိရနော် ချူယင်းလာတဲ့အခါ မေးဖြစ်အောင်မေး"
ဤတစ်ကြိမ်တွင် ပေကျင်းမှာသာ ရိုက်ကူးရေးလုပ်နေတာဖြစ်ပေသည်။ ဤသည်ကလည်း ဘာကြောင့် စုယိတစ်ယောက် ထိုဇာတ်ကောင်ကိုယူရသလဲဆိုသည့် အကြောင်းအရင်းတွေထဲကတစ်ခုပင်။
LDRS ဆက်ဆံရေး– ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ် အတွေ့ကြုံဖြင့်ပင် လုံလောက်ချေပြီ၊ ထို့ထက်ပိုလာလျှင် နာကျင်မှုကြောင့် သေဆုံးသွားနိုင်ပေသည်။
သူမ ခေါင်းညိတ်ပြလိုက်သည်။
“သိပါပြီ သိပါပြီဟ”
သိပ်မကြာခင်မှာပင် သူမအလှည့်ရောက်လာသည်။ မသွားခင်မှာ တစ်စုံတစ်ခုကို သတိရသွားသဖြင့် ၀ူရွှယ်ကိုမေးလိုက်သည်။
"နှစ်သစ်ကူးရောက်ခါနီးပြီဆိုတော့ ရှောင်ပေါင်ကို ပိုက်ဆံပို့ပေးဖို့အတွက် ငါ့ကိုကူညီပေးပါလား"
“ငါ ဟိုတလောကပဲ ပို့ပေးလိုက်ပြီးပြီ အေးဆေးသာနေ ငါအားလုံးကို မှတ်မိတယ်"
စုယိက ခေါင်းညိတ်လိုက်သည်။
“ဒါဆို ရပြီ”
ယနေ့တွင် သူမမှာ ဇာတ်ဝင်ခန်းတွေ အများကြီး မရှိချေ။ ကောင်းကင်ကြီး မမှောင်ကျသွားသေးခင်မှာပင် ရိုက်ကူးရေးပြီးဆုံးသွားခဲ့ပြီဖြစ်၏။
သိမ်းဆည်းထုပ်ပိုးပြီးနောက်၊ ၀ူရွှယ်ကဆိုလာသည်။
"သွားရအောင် ငါ နင့်ကို အိမ်ပြန်ပို့ပေးမယ်"
"မလိုပါဘူး ငါ စူပါမားကတ်မှာ ၀ယ်စရာလေးရှိသေးလို့ သွားရဦးမယ် နင်အရင်ပြန်နှင့်လို့ရတယ်"
"ဘယ်စူပါမားကတ်လဲ ငါ နင့်ကို လိုက်ပို့ပေးမယ်"
"ငါ့ကိစ္စကိုစိတ်ထဲအရမ်းထားမနေနဲ့ နင် သွားချိန်းတွေ့မှာမဟုတ်ဘူးလား"
၀ူရွယ်က ခေတ္တရပ်သွားပြီး သဘာ၀မကျသည့်ပုံဖြင့်ပြောလာသည်။
"ချိန်းတွေ့ရမယ် ဟုတ်လား ငါက single လေးပါနော်"
"လာဟန်ဆောင်မနေနဲ့ ငါ နင့်အကြောင်း မသိတာလဲ မဟုတ်"
စုယိသည် ရယ်မောရင်း maskကို တင်းကျပ်စွာ တပ်လိုက်ပြီးနောက် အင်္ကျီကို မေးစေ့နားအထိ ဇစ်ဆွဲလိုက်သည်။
"သွားပြီးနော် မနက်ဖြန်တွေ့မယ်"
အပြင်ဘက်တွင် နှင်းတွေ တဖွဲဖွဲကျနေ၏။ စုယိသည် လက်တစ်ဖက်ကထီး ကိုင်ထားပြီး ကျန်တစ်ဖက်က တက္ကစီခေါ်သည့် appကို ဖွင့်တော့မည်ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူမ ဖုန်းကို လော့ခ်ဖွင့်လိုက်သည်နှင့် အမည်မသိ နံပါတ်တစ်ခုထံမှ ဖုန်းဝင်လာတော့သည်။
သူမ မမြင်ရတာကြာပြီဖြစ်သည့် နေရာမှ နံပါတ်တစ်ခု။
သူမသည် နှစ်ခေါက်ပင် တွေးမနေဘဲ ဖုန်းချပစ်လိုက်သည်။ တစ်ဘက်မှသူကလည်း ချက်ချင်းပင် ထပ်ခေါ်သည်။
စုယိသည် စိတ်အလိုမကျမှုများ ပေါ်လာတော့သည်။ သူမသည် ထိုနေရာမှ နံပါတ်များစွာကို blacklist ထဲထည့်ခဲ့ပြီးပြီဖြစ်သည်။ တခြားတစ်ဘက်မှလူက သူမဆီ ဆက်မသွယ်နိုင်လျှင် ချက်ချင်းပင် ၀ူရွှယ်ထံသို့သာရောက်သွားပြီး နောက်တစ်ကြိမ်ဘယ်တော့မှ သူမကိုထပ်မခေါ်ချေ။
သူမသည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ လူရှင်းသည့် လမ်းသို့ သွားကာ ဖုန်းကိုင်လိုက်သည်။
"ဘာကိစ်စလဲ"
စုချင်က ပထမဆုံး စောဒကတက်သည်။
"ဘာဖြစ်လို့ ခိုးကြောင်ခိုး၀ှက်လုပ်ချင်နေတာလဲ အချိန်အတော်ကြာမှ ဘာလို့ဖုန်းကိုင်ရတာလဲ"
"ဘာကိစ္စမှမရှိရင် ငါ့ကိုမခေါ်နဲ့"
စုယိသည် ပြောပြီးသည်နှင့် ဖုန်းချဖို့လုပ်လိုက်သည်။
"ဟဲ့ဟဲ့ အော်..."
စူးရှကျယ်လောင်သည့်အသံက ဖုန်းထဲမှထွက်လာသည်။
"တစ်ခု...တစ်ခု...တစ်ခုတော့ရှိတယ်"
စုယိသည် အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။
"ပြော"
စုချင် "ဒီနှစ် တရုတ်နှစ်သစ်ကူးကို နင်ပြန်လာသင့်တယ်"
"ဒါပဲလား"
စုယိက တိုတိုတုတ်တုတ်သာဖြေပေးလိုက်သည်။
“မလာဘူး”
"ရှောင်ပေါင် ဆုံးသွားပြီ နင်ဘာပဲဖြစ်ဖြစ် သူ့ကိုကြည့်ဖို့အိမ်ပြန်လာမှရမယ်"
စုယိသည် သူမနားကြားမှားတလို့ တွေးလိုက်မိသည်။
"ဘာဖြစ်တယ်..."
"သေချာ မကြားရဘူးလား အိုင်းယား ဒီဖုန်းက အတော်ဟောင်းနေပြီလို့ ငါပြောသားပဲ ဒီတစ်ခါလာရင် ငါ့အတွက် အသစ်၀ယ်ပေးဦး" လို့ စုချင်ကဆိုသည်။
"ငါမေးနေတယ် နင်စောနကဘာပြောလိုက်တာလဲ"
"ကြားတယ်လား"
စုချင်၏ လေသံမှာ တိုးလျော့သွားသည်။
"ရှောင်ပေါင် ဆုံးပြီ"
…
စုယိ ချက်ချင်းပင်မူးဝေလာသလိုခံစားလိုက်ရသည်။ တစ်ခုခုဖြင့် အရိုက်ခံလိုက်ရသလိုပင်၊ သူမ ထိုနေရာတွင်ပဲ အချိန်အကြာကြီး ရပ်နေခဲ့ပြီး လုံးဝမလှုပ်ရှားနိုင်တော့ချေ။
ဖုန်း၏အခြားတစ်ဖက်တွင် စုချင်က စကားပြောနေသေးသည်။
"ဟယ်လို ဟယ်လို ကြားလား မကြားတော့ဘူးလား ဟယ်လို တစ်ခုခုပြောဦးလေ"
စုယိသည် သူမ၏ အသံကြောင့် ခေါင်းပိုကိုက်လာသည်။ ကြေကွဲဝမ်းနည်းမှုကို သည်းခံထားပြီး အံတင်းတင်းကြိတ်ထားသည့် အသံမျိုးဖြင့် မေးလိုက်သည်။
“သူ ဘယ်လိုဆုံးသွားတာလဲ”
“ရေနစ်တာ”
နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ချေ။
"စုချင် နင်စောက်ရူးလား ဖေဖော်ဝါရီလကြီးမှာ ရှောင်ပေါင် ရေနစ်တယ်လို့ နင် ငါ့ကိုလာပြောနေတာလား...နင် ပိုက်ဆံလိုချင်လို့လား ငါပေးနိုင်တယ် နှစ်သစ်ကူးကာလမှာ ငါ့ကို ဒီစကားမျိုးနဲ့ လာမခြောက်လန့်နဲ့...”
စုချင်သည် တုန်လှုပ်သွားပြီး ခဏတာမျှ ပြန်တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ သူမသည် ရွာတွင်မွေးဖွားခဲ့ပြီး ကြွက်စုတ်ဘဝဖြင့် ဖြတ်သန်းခဲ့ရတာကြောင့် လွယ်လွယ်ဖြင့် အလျှော့မပေးလိုပေ။
"နင် ငါ့ကိုဘာကိစ္စ လာစော်ကားမော်ကားပြောနေတာလဲ နှစ်သစ်ကူးအချိန်ကြီးမှာ လူတွေကို သေအောင်ကျိန်ဆဲဖို့အထိ ငါအရမ်းအားယားနေတယ်များထင်နေလား သူ့ဟာသူကံဆိုးပြီးသေတာ ငါလုပ်တယ်များထင်နေလား အဟတ် သူ အရူးတစ်ယောက်ဆိုတာ နင် မသိတာလဲ မဟုတ် အရူးတစ်ယောက်က ဘယ်ရာသီ ဘယ်ကာလဆိုတာကို ဂရုစိုက်နေမယ်များထင်နေလား သူရေထဲသွားချင်တဲ့အချိန် အဝတ်အစားတွေ ချွတ်ပြီး ခုန်ချသွားမှာပဲလေ”
စုယိ၏ နှလုံးသားသည် နာကျင်လာသည်။ သူမအနားက ပိုက်ကိုအရင်ကိုင်ပြီးမှ နံရံကိုဖြည်းဖြည်းချင်းမှီချလိုက်သည်။ ထီးက သူမလက်ထဲမှ ပြုတ်ကျသွားသည်။
သွေးရောင်လွှမ်းနေသည့် မျက်၀န်းတွေဖြင့် သူမကမေးလိုက်သည်။
“ဒါဆို နင် ကရောဘာလုပ်နေတာလဲ”
စုချင်သည် သူမခံစားရခဲသည့် အပြစ်ရှိစိတ်ကြောင့် ခေတ္တရပ်သွားသည်။
"ငါ...ဘာလုပ်မာလဲ အိမ်မှာနေနေတာပေါ့ဟ"
"စုချင်..."
စုယိ သေချာသွားပေပြီ။
"နင် ရှောင်ပေါင်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး မာကျောက် သွားကစားနေတာမလား"
စုချင် "အဲ့ဒီအမှိုက်အကြောင်း မပြောနဲ့တော့ဟာ ဒီတော့ နင် မနက်ဖြန် ပြန်လာမှာလား နင်ပြန်မလာဘူးဆိုရင် ငါ သူ့ကိုမနက်ဖြန် မြေမြုပ်လိုက်တော့မယ်"
စုယိသည် အသက်ရှူကျပ်သလို ခံစားလိုက်ရပြီး စကားကို ခက်ခက်ခဲခဲပြောလိုက်ရသည်။
"...ငါ အခုချက်ချင်းပြန်လာခဲ့မယ်"
ဖုန်းချပြီးနောက် သူမသည် တံခါးကို မှီကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ ရှောင်ပေါင်တစ်ယောက် ရေထဲသို့ လျှောက်သွားနေသည့်ပုံကို မြင်နေရသလိုမျိုး သူမ အရှေ့ကို လှမ်းကြည့်လိုက်သည်။
ဖုန်း Noti သံတစ်ခု ထွက်ပေါ်လာသည်။ စုချင်၏ကာလာစုံဓာတ်ပုံထဲ၌ ရှောင်ပေါင်သည် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေပြီး အသားအရည်လေးကဖြူဖျော့နေကာ အသက်လုံးဝ ကင်းမဲ့နေသည်။
စုယိသည် ခဏလောက်သာ ကြည့်လိုက်နိုင်သည်။ မိနစ်ဝက်ခန့်အကြာတွင် သူမသည် မထိန်းချုပ်နိုင်တော့ဘဲ ငိုတော့သည်။ နှင်းတွေက သူမ၏ ဆံပင်ထက်တွင်ရွှဲရွှဲစိုနေပေမယ့် သူမသည် လုံး၀ ဂရုမစိုက်နေဘဲ သည်းထန်စွာဖြင့်ကျယ်လောင်စွာအော်ငိုတော့သည်။
သူမ၏ခြေထောက်များက သူမကို ကူညီမထောက်ထားနိုင်လောက်အောင် အားနည်းသွားသဖြင့် မြေပြင်ပေါ်သို့လဲကျသွားသည်။
သူမသည် မကြာသေးမီက အိမ်ပြန်ရန် အစီစဉ်ရှိခဲ့ပြီး ယခင်ကတည်းက ဝယ်ယူထားခဲ့သည့် အရုပ်များကို ယူသွားဖို့ပင်တွေးထားသေးသည်။ သို့သော် သူမသည် ထိုနေရာကို လွန်စွာ မုန်းတီးနေခဲ့သဖြင့် ယနေ့မတိုင်ခင်အထိ ပြန်ဖို့ရန်အတွက် တွန့်ဆုတ်နေခဲ့မိသည်။
သူမသာ စောစောပြန်သွားခဲ့ပါလျှင် သူမသည် ရှောင်ပေါင်ကို ယခုလိုသေချာပေါက်ပြောဖြစ်ပေမည်။
'အခုတလော ပိုပိုချမ်းလာပြီ အနွေးထည်ထူထူ၀တ်ထားရမယ် ဦးထုပ်ဆောင်းထားရမယ် လည်စီးပု၀ါကိုလည်း တင်းတင်းကြပ်ကြပ်အမြဲပတ်ထားရမယ်' ဆိုပြီးတော့လေ။
' ဒါဆို ရှောင်ပေါင်လေး မသေတော့ဘူးမလား '
သူမ အရမ်းငိုနေတာကြောင့် ခေါင်းတွေထိုးကိုက်လာပြီး အသက်ရှူလည်းမ၀တော့ပေ။
သူမဖုန်းကထပ်မြည်လာသည်။ သူမသည် မကြည့်ဘဲ ခေါင်းကို ဒူးကြားထဲတွင် မြှုပ်ကာ ကျယ်လောင်စွာ အော်ငိုနေလိုက်သည်။ သူမသည် လူရှင်းသည့် ထောင့်တစ်နေရာတွင် ရှိနေပေမယ့်လည်း အလွန်ကျယ်လောင်စွာအော်ငိုနေသဖြင့် သူမကို ဝိုင်းရံထားသည့် လူတချို့ပင်ရှိနေပြီဖြစ်သည်။
လူတချို့က သူမ အနားသို့လျှောက်လာပြီး “မိန်းကလေး ဘာပြဿနာရှိရှိ မငိုပါနဲ့တော့နော် အပြင်မှာ အရမ်းအေးတယ် အိမ်မြန်မြန်ပြန်လိုက်ပါနော်"
"ဟုတ်တယ် မင်းမဖြတ်ကျော်နိုင်တဲ့ကိစ္စဆိုတာ မရှိပါဘူး မငိုနဲ့တော့နော်"
"ကလေးမလေး သမီးရဲ့ဖုန်းကမြည်နေတယ် သမီးဖုန်းအရင်ကိုင်လိုက်မယ်ဆိုရင်ရောဘယ်လိုလဲ"
စုယိသည် သူတို့ပြောနေတာတွေကိုလည်း မကြားသလို သူမ ငိုနေတာကိုလည်း လုံး၀မရပ်တန့်ပေ။
"လမ်းလေးနည်းနည်းဖယ်ပေးပါဦး"
ရင်းနှီးနေသည့်အသံတစ်ခုက လူအုပ်ကြီးကြားထဲဖြတ်ကျော်၍ စုယိ၏နားထဲသို့ ဆင်းသက်လာသည်။ တစ်ယောက်ယောက်က သူမကို ပွေ့ဖက်လာသည်အထိ သူမသည် မည်သည့်တုံ့ပြန်မှုမှ ပြန်မလုပ်နိုင်သေးပေ။ တစ်ဖက်လူကက သူ့လက်အိတ်ကို ချွတ်လိုက်ပြီး သူမပါးပြင်ပေါ် တွင် သူ့လက်ကိုတင်ကာ နွေးထွေးလာအောင် ကူညီပေးသည်။
ချူယင်းသည် မျက်မှောင်ကြုတ်ထားသဖြင့် ခက်ထန်ပြီးရက်စက်ဟန်ပေါက်နေသည်။
"ဘာဖြစ်လို့လဲ"
သူ့အသံကတော့စိုးရိမ်မှုတို့ဖြင့်ပြည့်နှပ်နေသည်။
စုယိသည် သည်းသည်းထန်ထန်ငိုလိုက်သဖြင့် ခေါင်းတစ်ခုလုံးအစိတ်စိတ်အမွှာမွှာကွဲထွက်သွားတော့မလိုပင်။ သူမရဲ့ အသိစိတ်ပြန်၀င်လာရန် အတော်ကြာအောင် အချိန်ယူလိုက်ရသည်။
သူမက အသံတိုးတိုးလေးဖြင့် ပြောလာ၏။
“ဗိုလ်ကြီးယင်း ကျွန်မမှာ မိသားစု မရှိတော့ဘူး”
သူမသည် သူမရဲ့မိသားစုကို လုံး၀အသိအမှတ်မပြုပေ။ သူမ၏မျက်လုံးထဲတွင် ရှောင်ပေါင်သည်သာ သူမ၏တစ်ဦးတည်းသောဆွေမျိုးဖြစ်ပေသည်။
' ဒါပေမယ့် သူမ သူ့ကို မကာကွယ်နိုင်ခဲ့ဘူး... '
**