အပိုင်း ၈၂
Viewers 12k

Chapter 82

စုယိသည် ရှောင်ပေါင်၏ သန်းခေါင်စာရင်းကို ယူရန် တစ်ကြိမ်ကြိုးစားခဲ့ဖူးသည်။ သို့ပေမယ့် ဖြစ်နိုင်ခြေမရှိဘူးဟု လူတိုင်းက သူမကိုပြောကြသည်။ ရှောင်ပေါင်တွင် မိဘနှစ်ပါးလုံးရှိနေသေးပြီး နှစ်ယောက်စလုံးကသူမကိုပေးရန်အတွက်ငြင်းဆန်ပေသည်။

သူတို့ကပြောသေးသည်- မင်းလို အဒေါ်ကိုမျိုးကို ဘယ်လိုလုပ်ပေးရမလဲတဲ့။

ထိုစုံတွဲ- တစ်ယောက်က လောင်းကစားကို ကြိုက်သည်၊ နောက်တစ်ယောက်က မူးယစ်ဆေးစွဲနေသည်။ စုချင်၏ခင်ပွန်းသည်လွန်ခဲ့သောနှစ်အနည်းငယ်ကပြန်လည်ထူထောင်ရေးစင်တာသို့အပို့ခံလိုက်သည်။ စုချင်သည် အတော်လေး ပါးနပ်ပြီး သူမ [ စုယိ ] ထံတွင်ရည်ရွယ်ချက်ကောင်းတွေရှိမှန်းသိတာကြောင့် ရှောင်ပေါင်ကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ 

သူ့ကို ဆက်ဆံပုံတွင် အမှားအယွင်းတွေကို ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့ချေ – တစ်ခုတည်းသော အပြစ်ကတော့ ပေါ့ဆတာပဲ။

စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအတွက် ပေါ့ဆမှုသည် ကြောက်စရာအကောင်းဆုံးအရာဖြစ်ပေသည်။

စုယိသည် တင်းစီရင်စုသို့ ညတွင်းချင်း ပြန်သွားလိုက်သည်။ ကားထဲတွင်မူ မငိုတော့ချေ၊ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ငေးမောနေသည့် မျက်၀န်းတို့ဖြင့် စိုက်ကြည့်နေမိသည်။

ချူယင်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူမ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ ဒီလိုမျိုး တစ်ခါမှ မခံစားခဲ့ရဖူးဘူး။ တစ်စုံတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့ ဝမ်းနည်းမှုတွေကို မြင်ရတာ ထိုမျှအထိ နာကျင်ရမှန်း သူဘယ်တုန်းကမှ မသိခဲ့ချေ။

စုယိက သူ့ကို ဆက်ကိုင်ထားခွင့်ပြုလိုက်ပြီး မေးလိုက်သည်။

 "ကျွန်မကိုပြောပါဦး ဟိုကိုရောက်ရင် ဒီကိစ္စက စုချင်တစ်ယောက် ကျွန်မကို လာလှည့်စားနေတာများ ဖြစ်နိုင်မလား "

ချူယင်းက ပြန်မဖြေသလို စုယိသည်လည်း သူမပါးစပ်ကို ထပ်မဖွင့်တော့ချေ။

ယခု သူမပြောတာက ဟုတ်တယ် ဟုသာ သူဖြေလိုက်ပါလျှင် သူမကို ကျိုးကြေလွယ်လွန်းတဲ့ မျှော်လင့်ချက်တစ်ခု သက်သက်ပေးလိုက်မိတာပဲဖြစ်သွားပေမည်။ ဤသည်က ကိစ္စတွေကို ပို၍ ဆိုးရွားသွားစေပေမည်။

သူမတို့ တင်းစီရင်စုသို့ ရောက်သည့်အခါ ကောင်းကင်ကြီးသည် အမှောင်ဓာတ်ပင်မပျောက်သွားသေးချေ။ တိတ်ဆိတ်နေသည့်မြို့ငယ်လေးတွင် တံခါးခေါက်သံသည် အထူးတလည် ကျယ်လောင်နေပေသည်။

 “လာပြီ လာပြီ မနက်အစောကြီး ဘယ်သူလဲ”

တံခါးက တဖြည်းဖြည်းချင်းပွင့်သွားသည်။ စုချင်သည် အိပ်ယာ၀င်မျက်လုံးအကာကိုခေါင်းထက်တွင် တပ်ထားပြီး သူမရှေ့မှလူများကိုမြင်တော့ ခေတ္တကြောင်သွားပြီး ခဏနေမှသာ စကားပြောလာသည်။

 "နင် သေတော့မှာမို့လို့ ဒီလောက်အစောကြီးလာတာလား နင်လူဝင်စားဖို့အတွက်များ အပြေးအလွှားလာတာလား"

ဤအခိုက်အတန့်တွင် စုယိသည် လူဝင်စားခြင်းဆိုသည် အရာအား လုပ်နိုင်စွမ်းရှိသူ အဖြစ်ချင်ဆုံးသူပင်။

သူမက အေးစက်စွာမေးလိုက်သည်။

"ရှောင်ပေါင် ဘယ်မှာလဲ" 

 "ဒါဘယ်သူလဲ အိုး ငါ မင်းကို တွေ့ဖူးတယ် မင်းက ရှောင်ယိနဲ့တွဲနေတဲ့ သူဌေးကြီးမလား လာ မြန်မြန်ဝင်ခဲ့ပါ"

 "စုချင်..."  

စုယိ၏ လက်နှစ်ဘက်စလုံးကို တင်းတင်းကျပ်ကျပ် ကွေးဆုပ်ထားပြီး တံခါးကို ဆောင့်ကန်လိုက်သဖြင့် အသံကျယ်ကြီးထွက်လာတာကြောင့် တစ်ဖက်လူကို တုန်လှုပ်ချောက်ချားသွားစေသည်။  

"ရှောင်ပေါင် ဘယ်မှာလဲ"

 "နင်ဘာလို့ဒီလောက်အော်ကြီးဟစ်ကျယ်လုပ်နေတာလဲ ငါ နားမကန်းသေးဘူး ဟုတ်ပြီလား"

စုယိက သူမနားကို ကလော်လိုက်သည်။  

"ကောင်းပြီ ဧည့်ခန်းထဲမှာ ငါ့ကိုစောင့်နေ"

သူမသည် ဧည့်ခန်း ဟုသာ ဆိုလိုက်သော်လည်း အမှန်တကယ်တွင် အခန်းအပြင်ဘက်ရှိ နေရာလွတ်အနည်းငယ်လေးတွင် ထိုင်ခုံအနည်းအကျဥ်း ခင်းကျင်းထားရုံလောက်သာဖြစ်ပေသည်။ 

စုယိ လှည့်ကြည့်လိုက်သည်။ စုချင်သည် အောက်မေ့ဖွယ် ကျောက်တိုင် ဘာညာကို ထားထားဖို့နေနေသာ နံ့သာတိုင်ပင် ထွန်းမထားချေ။

သိပ်မကြာခင်မှာပဲ စုချင်သည် နှမ်းပူပူနွေးနွေးတစ်ခွက်နှင့်အတူ ထွက်လာသည်။ သူမသည် ယင်းကို ချူယင်းထံသို့ ကမ်းပေးလိုက်ပြီး အတတ်နိုင်ဆုံး ဆွဲဆောင်မှုရှိသည့်ပုံပေါက်စေရန်အတွက် ကြိုးစားနေသည်။

 "အခုတလော အရမ်းအေးတာ ရော့ မြန်မြန်ယူပြီး ကိုယ့်ကိုကိုယ် နွေးနွေးထွေးထွေးလေးဖြစ်အောင်လုပ်လိုက်"

ချုယင်းသည် သူမကို တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်းမှလည်းမဆိုသလို သူ့လက်ကိုလည်း မလှမ်းလိုက်ပေ။

စုယိသည် အော်ရယ်လုနီးပါး ဖြစ်သွားသည်။

 "နင်ဘာလို့ဒီလောက်အလျင်လိုနေတာလဲ" 

စုချင်က သူမကို မျက်စောင်းထိုးလိုက်သည်။ 

 "ငါ့အနောက်ကလိုက်ခဲ့"

စုယိသည် သူမနောက်မှ လူ၏ဆွဲထားတာကို ခံလိုက်ရသည်။

 "တစ်ခုခုဖြစ်ရင် ကိုယ့်ကိုခေါ်လိုက်"

 “----ဟုတ်”

စုချင်၏အခန်းသည် သပ်သပ်ရပ်ရပ်ရှိပြီး စျေးကြီးသည့်ပစ္စည်းများဖြင့် အလှဆင်ထားပေသည်။ စုယိသည် သူမ၏ စားပွဲပေါ်တွင် တင်ထားသည့် အဖုံးဖွင့်ထားသော လက်ဝတ်ရတနာသေတ္တာမှ ရွှေဆွဲကြိုး အနည်းငယ်ကိုပင် မြင်လိုက်ရသည်။

သူမသည် စိတ်ကို တည်ငြိမ်အောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။  

"ရှောင်ပေါင် ဘယ်အချိန်တုန်းက ဆုံးသွားတာလဲ"

 “လွန်ခဲ့တဲ့ နှစ်ရက်ကပဲ”

 "လွန်ခဲ့တဲ့နှစ်ရက်ကဆုံးတာကို နင် ငါ့ကိုမနေ့ကမှပြောတယ်ပေါ့လေ ဟုတ်လား"

 "ငါ နင့်ကိုဘယ်အချိန်ပြောပြောဘာထူးမှာမို့လို့လဲ နင့်ကို စောစောပြောလို့ရော သူကအသက်ပြန်ရှင်လာမှာမို့လို့လား"

ထိုစကားကို ပြောပြီးနောက် စုချင်သည် ချောင်းခြောက်တစ်ချက်ဆိုးကာ လိုချင်သည့်နေရာကိုချက်ခြင်းရောက်သွားသည်။ 

 “သူ့ကို တခြားသူတွေ့တာ အကြာကြီးထားထားလို့မရဘူးလို့ မြို့ကသူတွေကပြောလို့ ညတွင်းချင်းပဲ မီးသဂြိုလ်လိုက်တယ်”

စုယိသည် ဝမ်းနည်းပူဆွေးမှုကြောင့် အော်ငိုပစ်လိုက်ချင်ပေမယ့် သည်းခံထားပြီး သူမပြောသမျှ အရာအားလုံးကို တည်ငြိမ်စွာ လနားထောင်နေလိုက်သည်။  

သူမ ခေါင်းတစ်ချက်ညိတ်ပြီးနောက်မေးလိုက်သည်။  

"သူ့ပြာတွေ ဘယ်မှာလဲ"

 စုချင် "ငါ နင့်ကို ဒီလာခိုင်းတာကလည်း နင်နဲ့ဒီအကြောင်းဆွေးနွေးမလို့ နင်က သူ့အဒေါ်ဖြစ်ရုံတင်မကဘူး သူငယ်ငယ်လေးကတည်းက နင်က သူ့ကို အချစ်ဆုံးပဲ သေချာတာပေါ့ သူ့ရဲ့ပြာတွေ ဒီညစ်ပတ်နေတဲ့မြို့ဟောင်းမှာ အခုလိုမျိုး ပြန့်ကျဲနေတာကို နင်လက်မခံနိုင်သလို သူ့တစ်သက်လုံး ဒီနေရာကနေ ဘယ်တော့မှ ထွက်မသွားနိုင်မှာကိုလည်း လက်မခံနိုင်ဘူးမလား"

စုယိသည် ထိုမျှမရိုးရှင်းနိုင်ဘူးဟုတွေးမိသည်။  

"နင် ဘာပြောချင်နေတာလဲ"

 "ငါဆိုလိုချင်တာက နင်က သူ့ကိုအရမ်းချစ်တာမို့လို့ သူ့ကိုနင်နဲ့အတူခေါ်သွားလိုက် ငါ့အတွက်လည်း ပိုအဆင်ပြေတာပေါ့"  

သူမ နှစ်ခါလောက်ရယ်လိုက်ပြီး "နင် ငါ့ကိုတစ်သိန်းပေးရင် ရှောင်ပေါင် ထွက်သွားနိုင်တယ်"

 ဖြန်း! ဖြန်း!

ပါးရိုက်သံ နှစ်ချက်သည် အလွန်ကျယ်လောင်စွာထွက်ပေါ်လာသည်။

စုချင်က သူမကိုစူးစူးရဲရဲဖြင့်ပြန်စိုက်ကြည့်နေပြီး စုယိတစ်ယောက် ထိုမျှဒေါသထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူမ ပြန်လက်တုံ့ပြန်ရန် အင်္ကျီကိုလိပ်တင်လိုက်သည်။

 "နင် ငါ့ကို သတ္တိရှိရင် တစ်ခါလောက်လာထိကြည့်လိုက် ပိုက်ဆံအကြောင်းယောင်လို့တောင် မစဥ်းစားနဲ့တော့"

စုချင်၏လက်များသည် လေထုထဲတွင် ကို့ရို့ကားယားနိုင်စွာ ရပ်တန့်သွားပြီး သူမ၏ပုံစံသည် အတော်လေးကို ရယ်ချင်စရာကောင်းနေသည်။

စုယိသည် နောက်ဆုံးတွင် ထိန်းချုပ်ခြင်းအလျဥ်းမဲ့စွာ ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်သော်လည်း သူမ၏ မျက်လုံးများတွင်တော့ ပျော်ရွှင်မှုအရိပ်အယောက် တစ်စိမျှပင် ရှိမနေခဲ့ချေ။

 "စုချင် နင့်ကိုကြည့်ရတာ ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ ရှောင်ပေါင်ကို ပေးပါ ငါ နင့်ကို အခုချက်ချင်း တစ်သိန်းပေးမယ်"

စုချင်မျက်မှောင်ကြုတ်လိုက်သည်။  

"ငါ့မှ ပိုက်ဆံကို မမြင်ရသေးတာ နင် ငါ့ကို လှည့်စားရင် ဘယ်လိုလုပ်မလဲ"

 စုယိ "နင့်နဲ့ ကစားဖို့လောက်အတွက် ငါ့ကိုငါနှိမ့်ချနေမှာ မဟုတ်ဘူး"

ရှောင်ပေါင်ကို မပေးခင် စုချင်သည်ခဏတုံ့ဆိုင်းသွား၏။ သူ့ကို ဗီရိုထဲမှာ ဝှက်ထားတာပင်။

 အညိုရောင်သေတ္တာငယ်လေးတစ်လုံး...

 စုယိက ၀ူရွှယ်ကို ချက်ချင်းဖုန်းခေါ်လိုက်ပြီး စုချင်ထံ တစ်သိန်းလွှဲခိုင်းလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် သူမသည် ထိုကောင်လေးကို ခေါ်ပြီးနောက် နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"စုချင် အခုကစပြီး နင်နဲ့ငါနဲ့က ဘာမှ မပတ်သက်တော့ဘူး ငါ့ကို ဖုန်းထပ်မခေါ်နဲ့"

 **

သူမသည် ရှောင်ပေါင်တစ်ယောက် အနားယူဖို့အတွက် နေရာကောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူ့ကို မြေမြုပ်သည့်နေ့တွင် သူမနှင့်အတူ ချူယင်းတစ်ယောက်သာ ရှိနေပေးခဲ့သည်။

ထိုလူသားက သူမအတိတ်အကြောင်းမေးသည့်အချိန်က သူမ မပြောခဲ့တာတစ်ခုရှိပေသည်။

သူမတို့မိဘတွေက စောစောဆုံးသွားကြသည့်အတွက် သူမသည် စုချင်နှင့်သာ အမြဲနေခဲ့ရသည်။ ခင်ပွန်းသည်သည် မူးယစ်ဆေးစွဲနေချိန်တွင် သူမက လောင်းကစားလုပ်ရတာကို နှစ်သက်သည်။ 

ထို့ကြောင့် သူတို့တွေက အများကြီး သုံးစွဲဖြုန်းတီးပစ်ပြီး ရှိသလောက်ဖြင့် မလုံလောက်တော့ချေ။ တစ်နှစ်ခွဲမပြည့်ခင်မှာပင် သူမတို့မိဘတွေထားခဲ့သည့် အရာအားလုံးကို ကုန်ဆုံးသွားကြ၏။

တစ်နေ့သောမနက်ခင်းတွင် ကောင်းကင်ကြီးပင်မလင်းသေးခင်မှာ ထိုလင်မယားက သူမကို တစ်စုံတစ်ယောက်ဆီထံ ရောင်းစားဖို့အတွက် ဆွဲခေါ်သွားကြသည်။ သူမသည် အလွန်အားနည်းလှပြီး ထိုမြို့ငယ်လေးတွင် နေထိုင်ကြသူများကလည်း ပုံမှန်မဟုတ်ပေ။ တစ်စုံတစ်ယောက်ရဲ့ မတရားမှုကိုမြင်လျှင်ပင် မျက်လုံးတစ်ဖက်မှိတ်ထားပေးတတ်ကြသည်။

ရှောင်ပေါင်သည် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော်လည်း တစ်စုံတစ်ခုကိုတော့ နားလည်ခဲ့သည်။ ထိုအေးလွန်းလှသည့်ဆောင်းရာသီနံနက်ခင်းတွင် ခြေဗလာဖြင့် သူမတို့အနောက်မှပြေးလိုက်လာပြီး သူမရဲ့ခြေထောက်တွေကို တင်းတင်းကြပ်ကြပ် တွယ်ဖက်ထားကာ ဘယ်လိုပင်ပြောဆိုရိုက်နှက်နေပါစေ လွှတ်ဖို့ ငြင်းဆန်ခဲ့သည်။

စုချင်သည် သူမတို့ကို ဒုက္ခပေးလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် စူးစူးဝါးဝါးအော်ဟစ်ကာ သူ့ကို တောင်ပေါ်ကနေ ကန်ချပစ်တော့သည်။ သူသွေးတွေအရမ်းထွက်ခဲ့သည်။ လင်မယားနှစ်ယောက်သည် လူသေမှုဆိုသည့် ခေါင်းစဥ်ကြီးဖြင့် ကိစ္စတွေကြီးမားလာမည်ကို စိုးရိမ်တာကြောင့် ရပ်တန့်သွားကြသည်။

သူမစကားဆုံးသည်နှင့် ချူယင်းက သူမကို မည်သည့်စကားမျှမဆိုဘဲ တင်းတင်းကြပ်ကြပ်သာ ပွေ့ဖက်လာသည်။

စုယိ "ကျွန်မကို ပြောပါဦး သူနဲ့လည်းမတွေ့တာကြာနေတဲ့အပြင် ပြန်လည်းမလာဘူးဆိုတော့ သူ ကျွန်မကို အပြစ်တင်နေမှာလားဟင်"

 "မတင်လောက်ပါဘူး"

ချူယင်းက သူမကိုညှင်ညှင်သောလေးပြော၍ နှစ်သိမ့်ပေးသည်။

 "သူက မင်းကိုနားလည်ပေးမှာပဲ မင်းအလုပ်ရှုပ်နေလွန်းလို့ ပြန်မလာတာမှန်း သူသိတယ်"

စုယိသည် ကူကယ်ရာမဲ့စွာဖြင့် ငိုကြွေးတော့သည်

 "နောက်ဘယ်တော့မှ မင်းတစ်ယောက်တည်း မဟုတ်တော့ဘူး"  

ချူယင်းသည် သူမ၏ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်ပြီး သူ့ပခုံးပေါ်ရှိ စိုစွတ်မှုက သူ့နှလုံးသားကိုပင် နာကျင်မှုဖြင့်လွှမ်းခြုံသွားစေသည်။  

"ကိုယ်ဒီမှာရှိနေသေးတယ်လေ ကိုယ်ကမင်းနဲ့အတူအမြဲရှိနေပေးမှာ"

___________________________________________

[ T/N - ဘာသာပြန်နေရင်းဒေါသထွက်ရလွန်းလို့သေတော့မယ် ကလေးကို သုံးသွားတာများ တစ်ချိန်လုံး "It ... It... It..."ဆိုတာကြီးပဲ လုံး၀ 'He' မသုံးတာ တရိစ္ဆာန် သာသာနိူင်းပြောတာ သူမွေးထားတာ မဟုတ်တဲ့အတိုင်း ချီးပဲ! ]