အပိုင်း ၈၆ (End)
Viewers 12k

Chapter 86 (End)

အာ...သူမ ဂရုမစိုက်လိုက်သည့်အချိန်လေးတွင် စကားဝိုင်းက သူမဘက်သို့ မြှားဦးလှည့်လာသည်။  

သူမအမြန်ပင် ယဥ်ကျေးချိုသာသည့်အပြုံးလေးဖြင့် ပြန်တုံ့ပြန်လိုက်သည်။  

"မင်္ဂလာပါရှင့်"

 "မင်းကို အရမ်းရင်းနှီးနေပုံရတာ မထူးဆန်းတော့ပါဘူး"  

'မင်းသမီး' ဟုကြားလိုက်ချန်တွင် သူမရှေ့မှ သူဌေးကတော်တစ်ဦးက သူမကို မတူမတန် ခွဲခြားနေသည့်အကြည့်တို့ဖြင့်မျက်ခုံတစ်ဖက်ပင့်၍ကြည့်လာသည် - စုယိသည် စက္ကန့်ပိုင်းအတွင်းလုပ်လိုက်သည့်ထိုအပြုအမူကို အမှန်တကယ်ပင် သတိပြုမိပေသည်။

 "မင်းကြည့်ရတာ တော်တော်လှတာပဲ"

 စုယိက ယဥ်ကျေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

 "ကျေးဇူးတင်ပါတယ် မဒမ်လည်း အတူတူပါပဲ"

တစ်ဖက်မှလူက ပြောဆိုနေသည့် ခေါင်းစဉ်ကို ချက်ချင်းပင် ပြောင်းလဲလိုက်သည်။

 "စကားမစပ်ပြောရဦးမယ် တို့ နျန်နျန်ကလည်း ငယ်ငယ်တုန်းက သရုပ်ဆောင် တစ်ယောက် အရမ်းဖြစ်ချင်ခဲ့တာ"

စုယိသည် တခြားတစ်ဖက်မှသူက ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာကို သိပေမယ့်လည်း အပြုံးလေးဖြင့် စကားကိုထောက်ပေးလိုက်သည်။

 "ဟုတ်လား ပြီးတော့ရော"

 “ပြီးတော့ အဲ့ဒီနယ််ပယ်က နည်းနည်းလေးရှုပ်ထွေးတော့ အိမ်ကလူတွေက သဘောမတူဘူးလေ ဒါကြောင့် သူမ ဒီအတွေးတွေဖယ်ရှားပစ်နိုင်အောင်ဆိုပြီး စန္ဒယားပညာသင်ယူဖို့ပြည်ပကို လွှတ်လိုက်တယ်လေ အဟင်း နှစ်သစ်ကူးပြီးရင် သူမကိုယ်ပိုင် ဖျော်ဖြေပွဲကို ကျင်းပတော့မယ်လေ မဒမ်ချူက ကျွန်မတို့ကို မျက်နှာသာပေးတဲ့အနေနဲ့ ပွဲကိုတက်ရောက်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ"

မျှော်လင့်ထားသလိုပင်၊ အဆုံးတွင်တော့ ဒီဘူတာကိုသာဆိုက်လာပေသည်။ ဤပွဲတွက်လျှောက်လာသည့် လမ်းတစ်လျှောက်လုံး လူတိုင်းက သူမတို့သမီးတွေကို မေမေချူဆီ အထာမျိုးစုံဖြင့် ရောင်းစားဖို့ ကြိုးစားနေကြသည်။ လူတိုင်းက သူမကို အနိုင်ကျင့်ရန် လွယ်သူအဖြစ် သဘောထားကြပေသည်။

သနားစရာကောင်းသည့် အမှန်တရားက ဤညတွင် စုယိသည်အမှန်တကယ်ပင်အနိုင်ကျင့်ရန်လွယ်ကူနေခဲ့သည်။ သူမသည် ကဲ့ရဲ့လှောင်ပြောင်ခြင်းများကို ဆူညံမှုဖြင့် ပြန်မတုံ့ပြန်နိုင်သဖြင့် အပြုံးလေးဖြင့်သာ ပြောဆိုလှောင်ပြောင်မှုများကိုခံယူနေလိုက်သည်။ သို့သော် အချိန်ကြာလာသည်နှင့် သူမ၏ အပြုံးလေးသည် တဖြည်းဖြည်း နွမ်းလျလျော့နည်းလာသည်။

" အရင်တုန်းကတော့ တို့က အနုပညာတွေဘာတွေသိပ်စိတ်မ၀င်စားဘူး"

မေမေချူက အပြုံးလေးဖြင့်ပြောလိုက်သည်။ 

 "အခုတော့ ရှောင်ယိရဲ့ ဇာတ်လမ်းတွဲတွေကို နေ့တိုင်း TVရှေ့မှာစောင့်ကြည့်ဖြစ်တယ် မတတ်နိုင်ဘူးလေ သူ့ဇာတ်ကားမှန်သမျှကကောင်းလွန်းတော တို့တော့ အရမ်းစွဲနေပြီလေ "

မေမေချူထံမှ ထိုကဲ့သို့ အဖြေမျိုးပြန်ရလိမ့်မည်ဟုမမျှော်လင့်ထားတာကြောင့် ထိုအမျိုးသမီးက ခြောက်ကပ်ကပ်သာ ရယ်မောလိုက်မိသည်။

 "… တို့ သိပြီ"

စုယိသည် မေမေချူကို ကျေးဇူးတင်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ မေမေချူသည် သူမရဲ့ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူမ၏ တောက်ပထည်၀ါသည့်အပြုံးသည် ယခုထိတိုင် ရှိနေသေးဆဲဖြစ်သည်။

ချူရှီးသည် ရုတ်တရက်ဆိုသလို ရှေ့သို့တစ်လှမ်းတိုး၍ သူမ၏ အခြားလက်မောင်းတစ်ဖက်ကို တွဲချိတ်လိုက်သည်။

 "ယောင်းမ အချိုပွဲလေးဘာလေး မစားချင်ဘူးလား"

 ဤ 'ယောင်းမ' ဆိုသည့် အခေါ်သည် လူအများစု၏ အာရုံကို အောင်မြင်စွာ ဖမ်းစားသွားနိုင်သည်။

မေမေချူကလည်း ယင်းအခေါ်အဝေါ်ကို ငြင်းဆန်ခြင်းမျိုးမရှိချေ။  

"သွားကြတော့ ရှောင်ယင်းက အရမ်းအရသာရှိတဲ့ အချိုပွဲလုပ်ဖို့တွက် အရမ်းတော်တဲ့ စားဖိုမှူးတစ်ယောက်ကို ခေါ်ထားပေးတယ်လို့ပြောတယ်"

 “ဟုတ်”

နောက်ဆုံးတွင် သူမအသက်၀၀ရှုလိုက်နိုင်ချေပြီ၊ သူမ စားပွဲသို့ရောက်သည့်အချိန်တွင် အားလုံးက အပေါက်၀ဘက်သို့ ကြည့်နေကြတာကို တွေ့လိုက်ရသည်။

စုယိသည်လည်း တစ်ချက်လှမ်းကြည့်လိုက်သည်။ ယန်ရော့လင် နှင့် သူမ၏အဘိုး ဖြစ်သူတို့သည် တံခါးဝတွင် ရပ်နေကြ၏။ သူတို့သည် အထဲအထိမ၀င်နိုင်သေးဘဲ အနီးအနားကလူတွေဖြင့် စကားပြောနေကြသည်။

ယန်ရော့လင်သည် မကြာသေးမီက အတော်လေးကို ဟိုးလေးတကျော်နာမည်ကြီးခဲ့ပေသည်။ 

အမှန်အတိုင်းဆိုရလျှင် သူမနဲ့ပတ်သတ်ပြီး တကယ်ကို ပူပူလောင် ခေါင်းစဉ်မျိုးတစ်ခုရှိပေသည်။

 #ယန်ရော့လင်နဲ့ ဒီနေ့ ဖုန်းချိတ်ထားသေးလား...။*

သူမနှင့်ပတ်သက်သည့် အပုပ် သတင်းတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်နေသည့်အချိန်တွင်ပင် သူမသည် ပွဲတော်ကိုတက်ဖို့အတွက် အချိန်နဲ့ ခွန်အားတွေ ရှိနေသေးတာကတော့ တကယ်ကို အံ့မခန်းဖြစ်စရာပင်။

 [ T/N - *လိင်အသားပေး လှောင်ပြောင်သည့်ဟာသ ]

ချူရှီးက 'ကျစ်' တစ်ချက်စုတ်သပ်လိုက်၏။ 

 "သူတို့ဘာလို့ဒီကိုရောက်လာတာလဲ ဖေဖေက သူတို့ကို မဖိတ်ထားပါဘူး”

စုယိက မျက်ခုံးပင့်လိုက်မိသည်။  

"နင်ဘယ်လိုလုပ်ပြီးသိတာလဲ"

 “ငါကြားတာကတော့ ဖေဖေက နောက်ဆုံးအကြိမ်ဆွေးနွေးပွဲမှာ သူတို့ကို ငြင်းပယ်ပြီးနောက်ပိုင်း ယန်မိသားစုက သီးသန့်ကိစ္စအတော်များများကို ဖြေရှင်းခဲ့ရတယ်တဲ့ အဘိုးကြီးယန်ကြောင့်သာ မျက်စိတစ်ဖက်မှိတ် မပေးထားရင် အခုလို ကြီးကြီးကျယ်ကျယ်နေနေရဖို့ နေနေသာသာ အသက်ရှင်နေသေးရင်တောင် ကံကောင်း အရင်တုန်းကတော့ အဘိုးကြီးယန်က ယန်ရော့လင်ကို မိသားစုကောင်းတစ်ခုနဲ့ လက်ထပ်ပေးဖို့ မျှော်လင့်ထားထားတယ်လေ အခုတော့ ကောင်းရော သူ့မြေးမရဲ့ နာမည်ကပိုးဆိုးပက်စက် ပျက်ဆီးနေတာ ဘယ်သူကများ နွားအဖြစ်ခံပြီးလက်ထက်ရဲမလဲ ဆိုတာ ငါသိချင်စမ်းတယ်”

နောက်ဆုံး တံခါးပိတ်တဲ့အချိန်အထိ တစ်ဖက်မှသူတွေသည် အောင်အောင်မြင်မြင်ဖြင့် အထဲသို့ မဝင်နိုင်ခဲ့ချေ။ စုယိသည် ယန်ရော့လင်၏ ယခင်က အလွန်တရာမှ မောက်မာလှသည့်အပြုအမူတွေကို ပြန်သတိရမိသဖြင့် မထိန်းနိုင်ဘဲ သက်ပြင်းအသာချမိသည်။

ပွဲတော်အချိန်ဖြစ်သောကြောင့် ချူယင်းသည် 5-8 တွင်သာပွဲကျင်းပရန်စီစဉ်ထားပေသည်။ ချူရှီး၏ 'ယောင်းမ' ဆိုသောစကားကြောင့် စုယိ နှင့် စကားစမြည်ပြောလာသူ အရေအတွက်က တဖြည်းဖြည်းဖြင့် တိုးလာပေသည်။ ထိုပါတီကို တက်ရောက်လာနိုင်သည့် သူတွေက ကြီးကြီးတတ်မချမ်းသာလျှင်ပင် အစိုးရဘက်တွင် ရာထူးကြီးကြတဲ့သူတွေမျိုးဖြစ်ပေသည်။ 

ကျန်တဲ့သူတွေအများစုက အရမ်းနာမည်ကြီးတဲ့ Hostတွေ ဒါမှမဟုတ် တကယ့်နာမည်ကြီး သရုပ်ဆောင်တွေပင်။ ပါတီပွဲအပြီးတွင် သူမတွင် သူငယ်ချင်း တစ်ဒါဇင် သို့မဟုတ် ထို့ထက်မက ရှိသွားပေသည်။

ထိုညတွင် သတင်း မီဒီယာမိတ်ဆွေများသည် ဖေဖေချူ၏ မွေးနေ့ပါတီအကြောင်းကို အချိန်နဲ့တပြးညီရေးတင်ခဲ့ကြပြီး စုယိတစ်ယောက် ချူမိဘများ၏ခွင့်ပြုချက်ကို မည်သို့ရရှိခဲ့သည်ဆိုတာကိုပင် အလေးပေးဖော်ပြထားပေသည်။

ထိုသတင်းထွက်လာတဲ့အခိုက်မှာ သူမရဲ့ comment box တစ်ခုလုံးတွင် လူအုပ်စုတချို့ ပေါ်လာခဲ့ပေသည်။

ပထမဆုံးအဖွဲ့ကတော့ သူမကို လက်ထပ်ဖို့တိုက်တွန်းထားတာဖြစ်ပြီး ညဘက်တွင် သူမရဲ့ Weibo ရဲ့ comment ကို၀င်ကြည့်လိုက်သည့်အခါတိုင်း - [ စုယိဒီနေ့ လက်ထပ်တော့မှာလား - မထပ်သေးဘူးပဲ ]

ဒုတိယမဖွဲ့မှာမူ FFF Group*ဖြစ်ပေ၏၊ သူမကိုလက်ထပ်ဖို့တိုက်တွန်းတဲ့အုပ်စုကို ဒေါသဖြစ်စေရန် သူတို့ရဲ့ရန်စသည့် မှတ်သားဖွယ်ရာစကားကတော့ - [ စုယိ ဒီနေ့ စွန့်ပစ်ခံခဲ့ရပြီလား - မပြစ်ခံရသေးဘူးပဲ ]

 [ *E/N- sexy free နဲ့ single တွေကို ရည်ညွှန်းသည်၊ အားလုံးကို ပေါင်းခေါ်ပစ်လိုက်ခြင်းဖြစ်သည် (: ]

တတိယအုပ်စုမှာမူ ခွေးစာစားချင်သူများဖြစ်သည်- [ စုယိက သူတို့နှစ်ယောက်ဆက်ဆံရေးကို လူအများကြားသိပ်မချပြဘူး ချူယင်းက သီးသန့်နှစ်ယောက်တည်းဆိုရင် ဘယ်လိုလူမျိုးလဲဆိုတာ ငါတကယ်သိချင်တယ် ~~~]

မကြာခင်မှာပဲ၊ ထို comment အောက်တွင် လူတော်တော်များများက ထိုသို့ပြန်ဖြေကြသည် - [ ယောက်ျားလေးတစ်ယောက်အနေနဲ့ သီးသန့်အချိန်မှာ စုယိက ဘယ်လိုလူမျိုးလဲဆိုတာကို ကျွန်တော် လည်းသိချင်ပါတယ် ]

သူမကို ကောင်းကင်ထိမတတ် ချီးမွမ်းထားသည့် မီဒီယာတွေကို မြင်လိုက်ရတော့ စုယိသည် ရယ်ရမလား ငိုရမလား ပင်မသိတော့ချေ။

ဗိုလ်ကြီးယင်းလို လူပင်လျှင် ခေါင်းစဉ်များကို ငွေပေးဝယ်ယူရန် သင်ယူနိုင်ခဲ့ချေပြီ၊ ကမ္ဘာကြီးက အမှန်တကယ်ပင် တဖြည်းဖြည်း ယိုယွင်းပျက်ဆီးလာနေပြီဖြစ်သည်။

 **

သူမ အနားယူနေသည့် သုံးလတာအတွင်းတွင် စုယိသည် ချူကော်ပိုရေးရှင်း၏ အဓိက အဆောက်အအုံတွင်သာ အချိန်အများစုကို ကုန်ဆုံးခဲ့ပေသည်။ ပိုမှန်အောင်ပြောရလျှင် ချူယင်း၏ရုံးခန်းတွင်ဖြစ်သည်။

သူမတကယ်အပျင်းထူနေခဲ့မိသည်။ သူမသည် ခရီးပင်မထွက်ချင်ဘဲ သူမလုပ်လေ့ရှိတာက ၀ူရွှယ်၊ချူရှီး တို့နဲ့ အပြင်ထွက်ပြီးမုန့်သွားစာတာ ဒါမှမဟုတ် ဈေးဝယ်ထွက်တာ၊ ရံဖန်ရံခါ မေမေချူတို့လို အမျိုးသမီးကြီးတွေနဲ့ပေါင်းပြီး ရိုးရာအက ကဖြစ်တာလောက်သာလောက်ပင်။

ဤလိုနဲ့ပဲ သူမရဲ့ အားလပ်ရက် နောက်ဆုံးနေ့သို့ ရောက်ရှိသွားတော့သည်။ ၀ူရွှယ်သည် အလုပ်သစ်တစ်ခုကို ဆွေးနွေးရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် သူမကို ချက်ချင်း လာရှာတော့သည်။

 “ငါ့မှာ သတင်းကောင်းရှိတယ် စစ်သားတစ်ယောက်ရဲ့ ဇနီးသည်နေရာက ရိုက်ရမယ့် ဇာတ်လမ်းတွကို နင်မှတ်မိတယ်မလား သုံးလကြာပြီးတာတောင် သူတို့မှာ သင့်လျော်တဲ့ အမျိုးသမီးဇာတ်ဆောင်ကို ရှာလို့မရသေးတာမို့လို့ နင့်မှာ audition ဖြေဖို့အတွက် အခွင့်အရေးရှိသေးတယ် ဘယ်လိုလဲ နင် ကြိုးစားကြည့်ချင်လား"

 "ဘယ်ဇာတ်ကောင်..."  

စုယိသည် ခေါင်းမော့၍ အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့်မေးလာ၏။

“ငါတကယ်ပဲ အဲ့ဒီလိုပြောခဲ့ဖူးတယ်လား”

 ၀ူရွှယ်က သူမကို ဇာတ်ညွှန်းပေးလိုက်သည်။

 "နင်က တကယ်ကို မေ့တတ်တဲ့နေရာမှာ တုနှိုင်းမဲ့ပဲ"

စုယိသည် ဇာတ်ညွှန်းကိုယူ၍ စာမျက်နှာအနည်းငယ်ကို ခပ်မြန်မြန်ပင် ဖတ်ကြည့်လိုက်ပြီးနောက် ယင်းကို အထင်ကြီးမိသွားသည်။  

"ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် နောက်တစ်ခုရှိသေးလား"

 "နောက်တစ်ခုလား" 

ဆိုရလျှင် ၀ူရွှယ်သည် သူမနဲ့ အလုပ်တွဲလုပ်လာတာကြာနေပြီဖြစ်တာကြောင့် သူမရဲ့အကျင့်တွေကိုကောင်းကောင်းသိနေပြီးဖြစ်သည်။

သူမသည် အိတ်ထဲက ပါလာသမျှဇာတ်ညွှန်းအားလုံးကို ထုတ်ယူလိုက်သည်။ 

 "နင်ဆိုသည်မှာလည်း စိတ်အပြောင်းအလဲ အရမ်းမြန်တာပဲ"

 "ချူမိသားစုက ဗီလိန်ဆန်တာဘာညာကို သိပ်ဂရုမစိုက်ဘူးလေ အဲ့ဒီတော့ ငါကလည်း ဘာအတွက် ဂရုစိုက်နေတော့မှာလဲ" 

စုယိသည် ဇာတ်လိုက်ရဲ့ အချစ်ဦးလရောင်ဖြူလေး ဇာတ်ကြောင်းမျိုးရှာမတွေ့ခင်အထိ အချိန်အတော်ကြာ တစ်ခုပြီးတစ်ခုရှာနေမိသည်။  

"ဒါကို ငါတစ်ချက်ကြည့်ကြည့်မယ်"

 "နင် တကယ်...နင့် ရဲ့ imageကိုပြောင်းဖို့အတွက် အရမ်းကောင်းတဲ့ဇာတ်လမ်းကို နင် တကယ်မလိုချင်ဘူးလား"

 “အရင်ကတော့ တော်တော်ကောင်းတယ်လို့ ထင်မိတယ် ဒါမျိုးတွေက လူအထင်ကြီးမှုလည်း ကောင်းကောင်းချန်ထားခဲ့နိုင်တဲ့အပြင် အရမ်းလည်းမိုက်တယ်လေ အရင်က အထက်တန်းကျောင်းဇာတ်လမ်းတွဲကို ရိုက်ကူးတုန်းက ဇာတ်ညွှန်းဖတ်ရုံနဲ့ ငါ့မှာအသက်ရှုကြပ်လုနီးပါး ဖြစ်သွားသေးတယ်”  

စုယိက ပြောနေရင်း ပေါ့ပေါ့ပါးပါး ကော်ဖီလေးတစ်ငုံစုပ်သောက်လိုက်သည်။

 "ငါ့ရဲ့ Imageကို မပျောက်အောင် ထိန်းသိမ်းရမယ်လေ"

 “ကောင်းပြီလေ ဒါက နင့်အပေါ်မှာ မူတည်တယ် ဟိုတလောတုန်းက ကုမ္ပဏီက ငါ့ကို သိပ်မဆိုးတဲ့ အနုပညာရှင်တချို့ကို စီမံပေးဖို့ တာဝန်ပေးခဲ့တယ်” 

၀ူရွှယ်ကဆက်ပြောသည်။

"ငါ နင့်အတွက် လက်ထောက်အသစ်ရွေးပေးထားပြီးပြီ နင့် အနောက်ကနေ ငါ တကောက်ကောက်ထပ်မလိုက်နိုင်တော့ဘူး"

 စုယိ ခေါင်းညိတ်လိုက်သည်။ 

 “သိပြီ”

 "ဟုတ်သား ဒီနေ့သတင်းတွေနင်ဖတ်ကြည့်ပြီးပြီလား လင်းရှကို စစ်ဆေးမေးမြန်းဖို့အတွက် ရဲတွေက ခေါ်သွားကြပြီ သူမထောင်ကျနိုင်ခြေများတယ်လို့ ငါတော့ထင်တယ်"

 "ငါလည်း မြင်တယ် သူမထိုက်နဲ့သူမပေါ့ သူမနဲ့အတူနှစ်အတော်ကြာ သွားလာခဲ့တဲ့အပြင် အလကား အလုပ်လုပ်ပေးလိုက်ရသေးတယ် - ငါ့မှာ တွေးကြည့်ရုံနဲ့တင်ရွံလို့မဆုံးဘူး”

၀ူရွှယ်သည် ကော်ဖီဆိုင်အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် အဖြူရောင် Benz G65 ကိုတွေ့လိုက်ချိန်တွင် သူမကအပြုံလေးဖြင့် ကျီစားတော့သည်။

"နင့်ရဲ့သူရဲကောင်းက နင့်ကိုလာခေါ်နေပြီ" 

စုယိသည် နောက်သို့ လှည့်ကြည့်ပြီးနောက် အမြန်ထရပ်လိုက်သည်။ 

 "ဒါဆို ငါအရင်သွားနှင့်တော့မယ်နော်"

ယခုအချိန်သည် မွန်းလွဲချိန်ဖြစ်၏။ ဆောင်းရာသီကုန်သွားပြီဖြစ်၍ အပြင်မှာ နေသာပြီး တောက်ပနေတာကြောင့် သူမရဲ့ရုပ်သွင်လေးကို ပိုမိုလှပနူးညံ့နေစေသည်။

အမျိုးသားက သူ့ဘောင်းဘီအိတ်ကပ်ထဲတွင် လက်တစ်ဖက်ထည့်ထားပြီး ကျန်လက်တစ်ဖက်ကိုသူမထံ မင်းသမီးလေးအားဖိတ်ခေါ်သည့်ဟန် ကမ်းပေးလာသည်။

စုယိသည် သူရဲ့ဖြန့်ထားသည့် လက်ဖဝါးပေါ်သို့ သူမလက်ကိုတင်လိုက်ပြီးနောက် သူက ကားပေါ်တက်ဖို့ ကားတံခါးဖွင့်ပေးလာ၏။

သူမ၏ အပြုံးများပိုမိုတောက်ပလာသည်ကို မြင်တော့ ချူယင်းက ပေါ့ပေါ့ပါးပါး ရယ်မောရင်းမေးလိုက်သည်။  

"မင်းဘာပြုံးနေတာလဲ"

 စုယိကမေးလိုက်သည်။

 “ရှင် <A Chinese Odyssey (Journey To The West)> ကိုကြည့်ဖူးလား”

 "ကြည့်ဖူးတယ် အဲဒီတော့"

 "အဲဒီထဲမှာ ဂန္တဝင်စကားတစ်ခွန်းရှိတယ် ရှင် အဲဒါက ဘယ်စကားလဲဆိုတာ သိလား"

 "ကိုယ်သိတယ်"  

ချူယင်းက ယင်းကို ခဏ တွေးတောလိုက်ပြီး - “လူသားတွေက လူသားတွေရဲ့ မိခင်ကနေ မွေးဖွားလာတယ်...နတ်ဆိုးတွေက နတ်ဆိုးမိခင်တွေကနေမွေးဖွားလာတယ်…”

'ဟမ့်...လူမှန်ကြီး'

 "ရှင့်ကားကိုသာ သေချာဆက်မောင်းနေလိုက်တော့"

အမျိုးသားက သူမလက်ကို လှမ်းဆုတ်ကိုင်လိုက်သည်။  

"ဒါဆို မင်း ကိုယ့်ကိုပြောပြလေ"

စုယိက နူတ်ခမ်းထက်တွင် အပြုံးလေးချိတ်ဆွဲလျက်ဖြင့် ခေါင်းယမ်းလိုက်သည်။

 “မပြောပြဘူး”

ကားလေးသည် ကော်ဖီဆိုင်မှ ဖြည်းညှင်းစွာ ထွက်ခွာသွားကာ နွေဦးရာသီ၏ စိမ်းလန်းစိုပြေနေသော ပတ်၀န်းကျင်ကို ဗဟိုပြုပြး များပြားထွေပြားလှသည့် ကားစီးကြောင်းထဲသို့ စီး၀င် ပျောက်ကွယ်သွားတော့သည်။

 **

 

~ ကျွန်မရည်ရွယ်ထားတဲ့သူမျိုးက သူရဲကောင်းဆန်တဲ့လူမျိုးလေ...တစ်နေ့ကျရင် သူက ကျွန်မကိုလက်ထပ်ဖို့အတွက် သင့်လျော်တဲ့ကားတစ်စီးကို မောင်းလာလိမ့်မယ်...အခု ကျွန်မမှာ သူရဲကောင်းတစ်ယောက်လည်းရှိနေတဲ့အပြင် သူ့မှာ ကားတစ်စီးလည်းရှိတယ် ~

စုယိသည် သူမ၏ Weibo နောက်အကောင့်တစ်ခုကိုဖွင့်လိုက်ပြီး သူမ၏ကိုယ်ပိုင် Weibo commentအောက်တွင် ရင်ဘတ်ထဲမှစကားများကို တိတ်တဆိတ် မန့်ပေးလိုက်သည်။

 [ ဒီနေ့ ချူယင်းက စုယိကို လက်ထပ်ခွင့်တောင်းလိုက်ပြီလား - ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလိုက်သလဲ အခုထိမတောင်းသေးဘူး :) ]

..........

[ T/N - Main Chapters ကတော့ဒီမှာတင်ပြီးသွားပါပြီ နောက်လာမယ့်အပိုင်း၂ပိုင်းကတော့ Extraပါရှင့် ]