အခန်း ၇ ။ အိပ်မက်အကြောင်းဖွင့်ဟခြင်း
Viewers 3k

အခန်း ၇။ အိပ်မက်အကြောင်း ဖွင့်ဟခြင်း


ပထမဆုံးနေ့ယှဉ်ပြိုင်ခဲ့ကြစဉ်က လက်ဗလာဖြင့်တိုက်ခိုက်ရတာဖြစ်ပြီး ထိုနောက်ပိုင်းရက်မှာတော့ မိမိနှစ်သက်ရာလက်နက်ဖြင့် ပြိုင်ပွဲဝင်ခွင့်ရှိသည်။

ပထမဆုံးတစ်တွဲယှဉ်ပြိုင်ပြီးနောက် ဒုတိယတစ်တွဲ ဆက်လက်ယှဉ်ပြိုင်သည်။ ရှောင်းကျန့်က ပွဲကြည့်ရာစင်မြင့်ထက်ရှိ အိမ်ရှေ့စံလေးကို ဆက်လက်ငေးကြည့်လိုပါသော်လည်း ပြိုင်ပွဲဝင်နေသူများ၏ တိုက်ခိုက်ပုံ၊ တိုက်ခိုက်နည်းတို့ကိုသာ ဂရုစိုက်ကြည့်နေလိုက်ပါသည်။

ပထမပွဲစဉ်မှာ လင်းလျှိုဟိုင်အနိုင်ရရှိသွားသည်။ ဒုတိယပွဲစဉ်မှာ အနိုင်ရရှိသူကလည်း အတော်လေး တိုက်ခိုက်ရေးကောင်းလှသည်။ အနိုင်ရရှိသူကိုကြေငြာပြီးနောက် ပြိုင်ပွဲကြီးကြပ်သူက တတိယပွဲစဉ်အဖြစ် တိုက်ခိုက်ရမည့်သူနှစ်ဦးကို ဆက်လက်ကြေငြာသည်။

"နံပါတ်ငါး ရှောင်းကျန့်နဲ့ နံပါတ်ကိုး ကျောင်းပိုင်ယွဲ့"

ရှောင်းကျန့်က သူ့အမည်ကိုကြားသည်နှင့် ထရပ်ကာ စင်မြင့်ပေါ်သို့ တည်ငြိမ်စွာတက်သွားလိုက်သည်။ တစ်ဘက်လူသည်လည်း စင်ပေါ်သို့ တက်လာလေသည်။

နှစ်ဦးစလုံး ဧကရာဇ်နှင့်အိမ်ရှေ့စံမင်းသားရှိရာသို့အရိုအသေပေးပြီးနောက် အချင်းချင်းအရိုအသေပေးလိုက်သည်။ ရှောင်းကျန့်က အိမ်ရှေ့စံ၏မျက်နှာတော်ကို တစ်ချက်မျှ ရဲဝံ့စွာမော်ဖူးပြီးနောက် တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။

သူက ဓားသမားဆိုသော်လည်း တစ်ဖက်လူကတော့ လှံသမားဖြစ်သည်။ ရှေ့ရက်ကပွဲစဉ်မှာတုန်းက သူသတိထားမိသည်။ ထိုလူဟာ တိုက်ခိုက်နေစဉ်တစ်ချိန်လုံး လှံဟာသူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုမျိုး တစ်သားတည်း ကျနေခဲ့သည်။

သူသတိထားမိသော အင်အားကြီးပြိုင်ဘက် သုံးဦးအနက် ထိုလူနှင့်မှ ယှဉ်ပြိုင်ရတော့မည်မို့ အတော်လေးတော့ ဂရုစိုက်ရပေမည်။ တိုက်ပွဲသည်ကား စတင်လေပြီ။

ဓားနှင့်လှံတို့၏ထိခတ်သံတို့က ဆူညံစွာထွက်ပေါ်နေလျက်ရှိသည်။ စင်မြင့်ထက်ဖြာကျနေသော နေရောင်အောက်တွင် လက်နက်များမှထွက်ပေါ်လာသော အလင်းတန်းတို့က တိုက်ပွဲရှုစားနေသူတို့ကို မျက်စိကျိန်းစေသည်။

လက်ရည်ညီနေသည်မို့ တော်တော်နှင့် အနိုင်အရှုံးမပေါ်ပေ။ တိုက်ပွဲကိုရှုစားနေသော ဧကရာဇ်နှင့်အိမ်ရှေ့စံမင်းသားတို့သာမက ပရိတ်သတ်များလည်း ပို၍စိတ်ဝင်စားလာကြသည်။

မည်သူက အနိုင်ရရှိသူဖြစ်လာမည်ဆိုတာ မှန်းဆမရနိုင်ပေ။ တိုက်ခိုက်ရင်း အချိန်အတော်ကြီးကြာတော့မှ နှစ်ဦးသားကျောခိုင်းလျက်အခြေအနေသို့ ရောက်ရှိသွားသည်။

တိုက်ပွဲစင်မြင့်ပေါ်တွင် အရာအားလုံးဟာ ငြိမ်သက်လို့။ ကျောင်းပိုင်ယွဲ့၏လှံထိပ်တွင် သွေးစတို့ စွန်းပေနေပြီး ရှောင်းကျန့်၏ ဓားသွားတွင်လည်း သွေးတို့ရဲရဲနီလျက်။

ပွဲကြည့်ပရိတ်သတ်များ၏ အားပေးသံတို့လည်း ဆူညံနေရာမှ တိတ်ဆိတ်သွားသည်။ မည်သူအနိုင်ရသွားသည်နည်း။ ကျောင်းပိုင်ယွဲ့လား။ ရှောင်းကျန့်လား။

"သားတော် ဘယ်သူနိုင်တယ်ထင်လဲ"

ဧကရာဇ်က အိမ်ရှေ့စံမင်းသားရှိရာသို့ လှမ်းကြည့်ကာ မေးသည်။ အိမ်ရှေ့စံလည်း စင်မြင့်ထက်သို့ပို့ထားသော မျက်စိတစ်စုံကို မလွှဲဘဲပြန်ဖြေသည်။

"သားတော်ကတော့ ဓားကိုင်ထားတဲ့တစ်ယောက်နိုင်တယ်လို့မြင်ပါတယ် ခမည်းတော်"

"ဘာဖြစ်လို့လဲ"

"သူက သွေကွင်းသေကွက်တွေချည်း ဦးတည်တိုက်ခိုက်ခဲ့ပေမယ့် တစ်ဖက်ကိုထိကာနီးမှာ အရှိန်လျှော့ချလိုက်တယ် ပထမတိုက်နေတဲ့အရှိန်အတိုင်းသာ သူဆက်တိုက်မယ်ဆိုရင် သူဒဏ်ရာရနိုင်ချေပိုနည်းတယ် ပြီးတော့လံှနဲ့တစ်ယောက်လည်း ဒီ့ထက်ပိုပြီး ထိချက်ပြင်းသွားနိုင်တယ်"

အိမ်ရှေ့စံမင်းသား၏ မှတ်ချက်စကားကြားတော့ ဧကရာဇ်ကကျေနပ်စွာပြုံးသည်။ ရိပေါ်ခန့်မှန်းသည့်အတိုင်းပင် ခေတ္တမျှကြာသော် ကျောင်းပိုင်ယွဲ့က ရှောင်းကျန့်ရှိရာသို့လှည့်ကာ သူရှုံးပြီဖြစ်ကြောင်း ၀န်ခံလိုက်လေတော့သည်။

သူလည်းပဲ တစ်ဘက်လူက ညှာတာတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိနေပါသည်။ ရှောင်းကျန့်က ခေါင်းညိတ်ပြပြီးနောက်မှာ နှစ်ဦးစလုံး ဧကရာဇ်တို့ရှိရာဆီ ထပ်မံဦးညွှတ်ပြီးနောက် စင်ပေါ်မှဆင်းသွားလိုက်ကြသည်။

ထို့နောက်ကြီးကြပ်သူက စတုတ္တပွဲစဉ်ကို ဆက်လက်ကျင်းပစေသည်။ ရှောင်းကျန့်တစ်ယောက် စင်မြင့်ပေါ်မှတိုက်ပွဲကိုကြည့်နေရင်းမှ စိတ်ထဲတွင် တစ်စုံတစ်ရာမှားယွင်းနေသလို ခံစားမိသည်။

ယှဉ်ပြိုင်နေသူနှစ်ဦးဟာ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲရမည့်အစား တစ်ယောက်နှင့်တစ်ယောက် မထိခိုက်အောင် တိုက်ခိုက်နေသလို ခံစားလိုက်မိသည်။

တစ်ခုခုတော့ လွဲနေချေပြီ။ ရှောင်းကျန့်၏ အတွေးပင်မဆုံးသေး။ စင်မြင့်ပေါ်မှ ထိုလူနှစ်ဦး၏ ဓားသွားတို့က တော်ဝင်မိသားစု၏ ပွဲကြည့်ရာစင်မြင့်ထက်သို့ ဦးတည်သွားလေတော့သည်။

"အရှင့်သား သတိထား....."

ရှောင်းကျန့်တစ်ယောက် စိုးရိမ်တကြီးဖြင့် အော်လိုက်သလို လက်ကဓားကိုမြဲမြဲကိုင်ရင်း လူကလည်းစင်မြင့်ဆီသို့ တစ်ဆက်တည်း လိုက်ပါသွားလေသည်။

::::::::::::::::::::::::::::::

"အရှင့်သား သတိထား"

တိတ်ဆိတ်နေသော ညအချိန်တွင် ရုတ်တရက်ထွက်ပေါ်လာသောရှောင်းကျန့်၏အော်သံကြောင့် ရိပေါ်လန့်နိုးသွားရသလို အံ့လည်းအံ့သြနေမိသည်။ ယောင်ပြီးအော်လိုက်သည်မှာ 'အရှင့်သား'ဟူသော စကားလုံးဖြစ်နေသည် မဟုတ်ပါလား။ ထောင်ဟွား၏မှတ်ဉာဏ်တို့ ပြန်ရလေပြီလား။

"အရှင့်သား ဘာမှမဖြစ်ရဘူး အရှင့်သားထပါဦး..."ရှောင်းကျန့်က အိပ်မက်ယောင်ရင်း ခေါင်းကိုဘယ်ညာခါယမ်းနေသည်။ စားပွဲပုလေးပေါ်က မီးအိမ်လေးထံမှအလင်းရောင်ကြောင့် ရှောင်းကျန့်၏ကိုယ်၌ စိုရွှဲနေသည့်ချွေးများနှင့်အတူ မျက်ရည်စီးကြောင်းနှစ်ခု ဖြစ်ထွန်းလျက်ရှိသည်ကို ရိပေါ်မြင်လိုက်ရတော့ ရင်ထဲနာကျင်မိသည်။


"ရှောင်းကျန့်... ထတော့ ရှောင်းကျန့်"

ရိပေါ်က ရှောင်းကျန့်အိပ်မက်မှနိုးလာစေရန် ကြိုးစားလိုက်သည်။ လက်ကိုကိုင်ကာ၊ ပါးကိုပုတ်ကာဖြင့်လှုပ်နှိုးရင်း အတန်ကြာတော့ နိုးလာလေသည်။ ရင်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေသည်မှာ အသက်ကိုလုကာ ရှူနေရသည့်သဖွယ်။

"အဆင်ပြေရဲ့လား"

ရုတ်တရက်ဆန်စွာ ကုတင်ဘေးမှ ထွက်လာသော စကားသံကြောင့် ရှောင်းကျန့်လန့်သွားရသော်လည်း ရိပေါ်မှန်းသိတော့မှ စိတ်အေးသွားသည်။ သူမက်ခဲ့သောအိပ်မက်ထက် မည်သည်ကပိုပြီး လန့်စရာကောင်းဦးနေမည်နည်း။

"အိပ်မက်ဆိုးမက်နေတာလား"

"အင်း"

ရှောင်းကျန့်က ခေါင်းညိတ်ပြရင်း ထထိုင်ဖို့ ကြိုးစားသည်။ ရိပေါ်က စားပွဲခုံလေးပေါ်မှ ရေခွက်ကိုကမ်းပေးလိုက်တော့ ရှောင်းကျန့်လည်း ထိတ်လန့်မှုတို့နှင့် နိုးလာခဲ့သည်မို့ ရင်ငြိမ်စေဖို့ရာ ရေကိုအငမ်းမရ သောက်တော့သည်။

ပြီးကာမှ ခေါင်းကိုဘယ်ညာလှည့်ရင်း သူဘယ်ကိုရောက်နေသည်ဆိုတာ စူးစမ်းနေသည်မို့ ရိပေါ်လည်း ဘားမှာအိပ်ပျော်နေတာကြောင့် သူ့တိုက်ခန်းကိုခေါ်လာခဲ့တာဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ရှောင်းကျန့်ဟာ တဆစ်ဆစ်ဖြင့်ထိုးကိုက်နေသော ခေါင်းကိုထိကိုင်လိုက်မိပြီးမှ နာရီကြည့်ဖို့သတိရသည်။ အချိန်သည်ကား ည၁၁နာရီပင် ကျော်နေလေပြီ။

"အစ်ကိုစိတ်ပူနေတော့မယ်"

ရှောင်းကျန့်၏ရေရွတ်သံကြောင့် ရိပေါ်ကစားပွဲပေါ်မှာရှိနေသောဖုန်းကို မျက်စပစ်ပြလိုက်သည်။

"စိတ်မပူနဲ့ စောစောကကျင်းဖန်ရော မင်းအစ်ကိုရောဖုန်းဆက်ကြတယ် မင်းကိုကိုယ့်တိုက်ခန်းမှာခေါ်ထားတယ်ဆိုတာ ပြောလိုက်တယ်"

ရိပေါ်၏စကားဆုံးတော့ ရှောင်းကျန့်က အူကြောင်ကြောင်ပြန်ကြည့်နေသည်။ သူ ဘားကိုသွားခဲ့တာတော့မှန်သည်။ ဒါပေမယ့် ဒီလူကဘယ်လိုသိပြီး ခေါ်လာရတာလဲ။

ရိပေါ်ကတော့ ရှောင်းကျန့်၏ အတွေးတို့ကိုမသိ။ နံရံကပ်ဘီရိုထဲမှ သူ့အဝတ်တစ်စုံကို ထုတ်ကာ ကမ်းပေးလိုက်သည်။ ရှောင်းကျန့်၏တစ်ကိုယ်လုံး ချွေးတို့စိုရွှဲနေပြီမဟုတ်ပါလား။

"ညနေစာမစားရသေးဘူးမလား ဗိုက်ဆာနေမှာပေါ့ စားဖို့လုပ်ပေးမယ် ခဏနေရင်ထွက်လာခဲ့နော်"

ရိပေါ်က ရှောင်းကျန့်ထံမှ အဖြေစကားကိုပင် မစောင့်တော့ဘဲ အခန်းအပြင်သို့ ထွက်ခဲ့လေသည်။ ထို့နောက်ဦးတည်ရာက မီးဖိုခန်းဆီသို့သာ။

ရှောင်းကျန့် အဝတ်လဲကာထွက်လာတော့ မီးဖိုခန်းထဲ၀ယ် တစ်စုံတစ်ခုကို ချက်နေပုံရသည့် ရိပေါ်ကိုတွေ့လိုက်ရသည်။ သူအနားကိုရောက်သွားတော့ ရိပေါ်ကလှည့်ကြည့်လာရင်း ရယ်ပြလေသည်။

"ဗိုက်ဆာနေလောက်ပြီပေါ့ ထိုင်လေ ကိုယ်ဆန်ပြုတ်နွှေးနေတာ"

ရှောင်းကျန့်၏မျက်နှာ တွန့်ခနဲ ဖြစ်သွားရသည်။ သူဆန်ပြုတ်ကို သိပ်မုန်းသည်။ ဘာကြောင့်ရယ်မဟုတ်။ အကြောင်းပြချက်မရှိဘဲ ဒီအတိုင်း ဆန်ပြုတ်ကို မကြိုက်တာဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက စေတနာနှင့် လုပ်ပေးနေသည်ဆိုတော့လည်း ပြောရအခက်သားလား။

"ဆန်ပြုတ်မကြိုက်ဘူးလား"

ရိပေါ်၏အမေးစကားကြောင့် ရှောင်းကျန့်အံ့သြသွားရသည်။ သည်လူက သူ့မျက်နှာကို ဖတ်တတ်နေတာများလား။

ရှောင်းကျန့်၏ အံ့အားသင့်နေပုံရသောအမူအရာကိုကြည့်ရင်း ရိပေါ်ကရယ်မောသည်။ ထောင်ဟွား မင်းလေးဟာလေ တစ်ကယ်ကို အရင်အတိုင်းပါပဲလားကွာ။

"ဆန်ပြုတ်မကြိုက်ပေမယ့်လည်း အဆာပြေတော့ သောက်လိုက်ပါ ညနေစာမစားရသေးဘူးမလား ဆာနေမှာပေါ့"

ရိပေါ်က ပူနွေးသွားပြီဖြစ်သော ဆန်ပြုတ်ကို ပန်းကန်ထဲသို့ ခပ်ထည့်လိုက်ပြီးနောက် စားပွဲပေါ်တင်ပေးလိုက်သည်။

အဲဒီ့နောက် ရှောင်းကျန့်၏ လက်ကိုဆွဲယူလိုက်ကာ ဇွန်းကိုထည့်ပေးသည်။ ရှောင်းကျန့်ကတော့ ရိပေါ်လုပ်သမျှ အံ့သြဟန်လေးဖြင့်သာ ကြည့်နေလေသည်။

ရိပေါ်က သူ့ရှေ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ရှောင်းကျန့်လည်း ဆန်ပြုတ်ကိုမကြိုက်သော်ငြား တစ်ဖက်သား၏ စေတနာကိုတုံ့ပြန်သောအားဖြင့် တစ်ဇွန်းမျှ ခပ်စားရလေတော့သည်။

ထို့နောက်မှာတော့ တစ်ဇွန်းပြီးတစ်ဇွန်း။ အခါတိုင်းမှာ ဆန်ပြုတ်မကြိုက်သော်လည်း သည်တစ်ခါတော့ တစ်ဖက်သား၏ စေတနာကြောင့်ထင်သည်။ တစ်ပွဲလုံးကုန်သွားခဲ့သည်။

ရိပေါ်မှာတော့ ဆန်ပြုတ်ကို ခေါင်းမဖော်တမ်းသောက်နေသော ရှောင်းကျန့်ကိုကြည့်ရင်း ပြုံးမိရသည်။ အရင်လိုပဲ။ ဟုတ်ပါရဲ့ ဆန်ပြုတ်မကြိုက်တဲ့ မင်းလေးဟာ အရင်တုန်းကလိုပဲ ကိုယ့်စေတနာကို အားနာသမှုနဲ့ အသိအမှတ်ပြုနေပြန်ရဲ့။

"ကောင်းရဲ့လား"

"အင်း"

ရှောင်းကျန့်က ဆန်ပြုတ်သောက်နေရင်းမှ ခေါင်းညိတ်သည်။ ခေါင်းငုံ့ကာ မြန်မြန်ကုန်အောင် သောက်နေသည်မို့ တစ်ယောက်သောသူဟာ သူ့ကိုငေးစိုက်ကြည့်ရင်း ပြုံးနေခဲ့သည်ကိုတော့ သူမသိလိုက်ပါချေ။

ဆန်ပြုတ်ကုန်သွားတော့ တစ်ရှူးလိပ်ကမ်းပေးပြန်သည်မို့ အားတုံ့အားနာဖြင့်ယူလိုက်ရသည်။ နှုတ်ခမ်းတစ်စုံကို ခပ်ဖွဖွတို့သုတ်ရင်း ကျေးဇူးတင်စကားဆိုမိတော့ ရိပေါ်ကမလိုအပ်ကြောင်းဆိုလေသည်။

သူစားပြီးသားပန်းကန်ကို ယူသွားကာဆေးမည့်ဟန်ပြင်တော့ ရိပေါ်ကလက်မခံပေ။ သူ့လက်ထဲကပန်းကန်ကို ယူလိုက်ပြီးနောက် basinမှာ သွားဆေးလေသည်။

"ကျွန်တော့်ဘာသာဆေးပါ့မယ် အားနာစရာ"သူတစ်ကယ်ကို သည်လူ့အပေါ် သူအတော်လေး အားနာနေမိပြီ။ အရင်တစ်ခါကလည်း ဆေးရုံပို့ပေးခဲ့သည်။ အခုလည်း...

"အေးအေးဆေးဆေး ထိုင်နေလို့ရပါတယ် ကိုယ်ကအိမ်ရှင်လေ ကိုယ့်အိမ်ရောက်လာတဲ့သူကို ဒီလောက်တော့ လုပ်ပေးနိုင်ပါတယ် အားမနာပါနဲ့ သက်တောင့်သက်သာနေပါ"

"ကျေးဇူးတင်ပါတယ် အရင်တစ်ခါဆေးရုံပို့ပေးတုန်းကလည်း သေသေချာချာတောင် ကျေးဇူးမတင်လိုက်ရဘူး"

ရှောင်းကျန့် အားနာနာဖြင့်ပင် ခုံမှာပြန်ထိုင်ရင်းပြောလိုက်တော့ ရိပေါ်ကလှည့်ကြည့်ရင်း ပြုံးပြသည်။ ကိုယ်တို့ကြားမှာ ဒါတွေလိုအပ်လို့လား ထောင်ဟွားရယ်။

"ဒါနဲ့ကျွန်တော် ဘားကိုရောက်နေတာ ဘယ်လိုသိလဲ"

"သတင်းတွေ တက်လာတာတွေ့တော့ စိတ်ပူလို့ ဖုန်းဆက်လိုက်တာ ကောင်လေးတစ်ယောက်ကိုင်တယ်လေ သောက်ပြီးမှောက်နေတယ်တဲ့ ဆိုင်ကလည်းပိတ်တော့မယ်ဆိုတာနဲ့ပဲ လာခေါ်လိုက်တာ"

"တစ်ကယ်ဆို ကျွန်တော်အဲ့ဒီ့လောက်မသောက်နိုင်ဘူး အလုပ်သဘော နည်းနည်းပါးပါးလောက်ပဲ သောက်တတ်တာ ဒီနေ့မှ စိတ်အရမ်းမွန်းကျပ်နေလို့ အဲဒီ့လောက်ထိသောက်မိသွားတာ တော်သေးတယ် လာခေါ်မဲ့သူရှိလို့ပေါ့"

ရှောင်းကျန့်တစ်ယောက် ရှက်ရယ်ရယ်ရင်းဆိုလေတော့ ရှေ့သွားလေးနှစ်ချောင်းက ထင်းခနဲ။ ရိပေါ်က ငေးကြည့်သွားမိပြီးမှ ရှောင်းကျန့်အနေခက်သွားမည်စိုးတာမို့ အမူအရာကို ချက်ချင်းပြန်ထိန်းလိုက်ရသည်။

"ဒါနဲ့ စောစောက အိပ်မက်ဆိုးမက်နေတာလား"

"အိပ်မက်ဆိုးရယ်လို့လဲ မဟုတ်ပါဘူး ဒါပေမယ့်တစ်ကယ့် အဖြစ်အပျက်လိုပဲ ခံစားရတယ် ပြောရရင် ကျွန်တော်မေ့နေတဲ့ မှတ်ဉာဏ်တွေကို ခံစားမိသလိုမျိုး"

ရိပေါ်၏ ပန်းကန်ဆေးနေသော လက်တစ်စုံဟာ အလိုလိုရပ်တန့်သွားရသည်။ မေ့နေတဲ့မှတ်ဉာဏ်တွေလိုမျိုးလား။ ဒါကမဟုတ်မှလွဲရော။ သူတို့ရဲ့...

"ကျွန်တော် အဲဒီ့လိုအိပ်မက်မျိုးတွေ မက်နေခဲ့တာ နည်းနည်းတော့ကြာပြီ အရင်တုန်းကတော့ သာမန်အိပ်မက်တွေလို့ပဲ ထင်နေမိတာ ဒါပေမယ့်စဉ်းစားကြည့်တော့ တစ်ခုနဲ့တစ်ခုက ဆက်စပ်နေသလိုပဲ"

ရိပေါ်၏ အတွေးပင်မဆုံးလိုက်သေး။ အံ့အားသင့်မှုတို့က ထပ်မံ၍ဝင်ရောက်လာပြန်လေသည်။ ဒါကတစ်ကယ်ကိုပဲ...။ အတိတ်ဘဝကမှတ်ဉာဏ်တွေက သူ့ရဲ့ထောင်ဟွားဆီ အိပ်မက်တွေအဖြစ် ရောက်ရှိလာသည်လား။

"ပထမဆုံးမက်တုန်းက ကျွန်တော်မက်မွန်ဥယျာဉ်တစ်ခုကို ရောက်သွားခဲ့တာ ဝါး... မြင်ကွင်းတစ်ခုလုံး ပင်လုံးကျွတ်ကိုပွင့်နေခဲ့တာ အိပ်မက်တစ်ခုဆိုပေမယ့်လည်း သိပ်လှတယ်ဆိုတာ ခံစားလို့ရနေတယ်သိလား ပြီးတော့ဥယျာဉ်ထဲမှာ စနောက်နေတဲ့လူနှစ်ယောက်လည်းရှိတယ် အံ့သြစရာကောင်းတာက သူတို့ထဲကတစ်ယောက်က ကျွန်တော်နဲ့တစ်ပုံစံထဲပဲ ပြီးတော့ကျန်တဲ့တစ်ယောက်ပြောတာကိုလည်း ကျွန်တော်သေသေချာချာ ကြားလိုက်ရသေးတယ် ထောင်ဟွားမစနဲ့တော့တဲ့"

ရုတ်တရက်ပင် ရိပေါ်၏လက်ထဲမှ ဆေးလက်စပန်းကန်က basin ထဲသို့ ပြုတ်ကျသွားရသည်။ ရှောင်းကျန့်သည်လည်း အိပ်မက်အကြောင်းပြောပြနေရင်းမှ လန့်သွားလေသည်။

"ကိုယ်..... toilet ခဏ"

ရိပေါ်တစ်ယောက် ထိုနေရာတွင် ကြာကြာဆက်မနေနိုင်တော့ပါ။ မျက်ရည်တို့က ပါးပြင်ပေါ်စီးကျနေပြီမို့ ရှောင်းကျန့်မမြင်အောင် ကျောခိုင်းလျက်သားဖြင့် toilet ဆီသို့ အမြန်သွားလိုက်သည်။

ထောင်ဟွား... တစ်ကယ်ကို မင်းဟုတ်နေခဲ့တာပဲ။ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုမမှတ်မိပေမယ့်လည်း ကိုယ့်စကားကို မှတ်မိနေခဲ့တယ်။ နှစ်ပေါင်းများစွာ စောင့်မျှော်ရကျိုးနပ်ခဲ့ပါပြီ။

ထောင်ဟွား စိတ်မပူပါနဲ့။ မင်းမှတ်မိလာအောင် ကိုယ်အစွမ်းကုန်ကြိုးစားမှာ။ အရာအားလုံးမှတ်မိချိန်မှာ ကိုယ့်ကိုမုန်းသွားမယ်ဆိုရင်တောင် မင်းရဲ့အမုန်းတွေကို ကိုယ်ခံယူမှာမို့။

တသွင်သွင်စီးကျနေသော မျက်ရည်များကိုသုတ်ကာ မျက်နှာသစ်လိုက်ပြီးနောက် နံရံကပ်မှန်၌ ကိုယ့်ကိုယ်ကိုပြန်ကြည့်ပြီး အမူအရာကိုထိန်းညှိလိုက်သည်။ သူငိုထားတာကို မသိစေချင်ပါ။

::::::::::::::::::::::::::::::

ရှောင်းကျန့်အံ့သြနေမိသည်။ လက်ထဲမှပန်းကန် ပြုတ်ကျရလောက်အောင် သူပြောပြခဲ့သည့်အကြောင်းအရာထဲမှာ ဘာများထိတ်လန့်စရာ ပါသွားခဲ့ပါသလဲ။

စဉ်းစားကြည့်သော်လည်း မရတာမို့ basin ထဲ၌ ရေစက်လက်ဖြင့်ကျန်နေခဲ့သော ပန်းကန်ကိုယူကာ ပန်းကန်စင်ပေါ်၌ မှောက်ထားပေးလိုက်သည်။ ထို့နောက်ရေပိုက်ကို ပိတ်နေစဉ်မှာပင် တစ်စုံတစ်ယောက်ကြောင့် လန့်ကာတုန်သွားရပြန်လေသည်။

"ရှစ်ဇွင်း... ဗိုက်ဆာတယ်"

"အမေ့"

ရုတ်တရက် နောက်ကျောဘက်မှ ထွက်လာသောအသံကြောင့် လန့်ကာအော်မိပြီးမှ လှည့်ကြည့်မိတော့ ညအိပ်ဝတ်စုံနှင့် ၁၄နှစ်၊ ၁၅နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုကောင်လေးက အိပ်ချင်မူးတူးဟန်ဖြင့် မျက်လုံးတစ်စုံကို ပွတ်သပ်နေလေသည်။ ရှောင်းကျန့် ကြောင်ကြည့်နေမိပြီး အတန်ကြာမှ ထိုကောင်လေးလည်း သူ့ကိုမြင်သွားပုံရလေသည်။

"အာ... sorry ကျန့်ကျန့် နိုးနေတာလား အစ်ကိုကြီးရော"

"toilet သွားတယ်"

ရှောင်းကျန့်၏စိတ်ထဲ ရိပေါ်ကိုမေးတာဖြစ်မည်ဆိုတာ မှန်းဆလိုက်မိသည်မို့ ရိပေါ်ထွက်သွားရာဘက်ကို လက်ညွှန်ပြရင်းဖြေလိုက်သည်။ ထိုကောင်လေးက 'သြော်'ဟုတစ်ခွန်းသာဆိုကာ ရေခဲသေတ္တာရှိရာသို့ လျှောက်သွားလေသည်။

ထို့နောက် ရေခဲသေတ္တာထဲမှ နွားနို့ဘူးနှင့်ပိုက်ကိုယူလိုက်သည်။ ရှောင်းကျန့်အတွက်ရောပေါ့။ သို့သော်လည်း ရှောင်းကျန့်ကတော့ ထိုကောင်လေး ကမ်းပေးလာသည်ကို မယူဘဲ ခေါင်းသာခါပြမိသည်။စောစောကတင် ဆန်ပြုတ်တစ်ပွဲ သောက်ထားသေးသည် မဟုတ်ပါလား။ ဒါပါထပ်သောက်မိလျှင် ဝိတ်တက်မှာ စိုးမိတာကြောင့်လည်း ပါသည်ပေါ့။

"ကျွန်တော်တို့ အရင်ကမြင်ဖူးလား"

ရှောင်းကျန့်စိတ်ထဲ သူ့ရှေ့မှကောင်လေးကို မြင်ဖူးသလိုလို ခံစားလိုက်မိသည်မို့ မနေနိုင်စွာမေးမိသည်။ ထိုအခါ ဘူးမှာအအေးပိုက်တပ်နေသော ရှောင်ဟိုင်၏လက်တစ်စုံ ရပ်တန့်သွားရပြီး အအေးပိုက်သည်လည်း ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားရလေတော့သည်။

ရှောင်းကျန့် ထပ်မံဆွံအသွားရပြန်လေသည်။ စောစောကတစ်ယောက်က ပန်းကန်လွတ်ကျသည်။ သည်တစ်ယောက်လည်း ပိုက်လွတ်ကျသည်။ သူမေးတာ ဘာများအမှားပါသွားလို့လည်း ပြန်စဉ်းစားသော်လည်း မသိပါပေ။

"ကျန့်ကျန့် တစ်ကယ်ပဲ ကျွန်တော့်ကိုမမှတ်မိဘူးလား"

ကျန့်ကျန့်ဟူသော နာမ်စားက သူ့fanတွေက ချစ်စနိုးခေါ်သော အမည်ဖြစ်သည်။ သည်ကောင်လေးကလည်း သူ့ကိုကျန့်ကျန်ဟုခေါ်နေသည်ဆိုလျှင်...။ ထိုအခါမှ ရှောင်းကျန့် ပြန်လည်မှတ်မိလိုက်သည်။

"fan meeting မှာတုန်းက ပန်းစည်းနဲ့တက်လာတဲ့တစ်ယောက်"

ရှောင်းကျန့်၏ မှတ်မိသွားဟန်ဖြင့်ဆိုစကားကြာင့် ရှောင်ဟိုင်ပြုံးလိုက်သည်။ ပြုတ်ကျသွားခဲ့သောပိုက်မှာတော့ အမှိုက်ပုံးထဲသို့ ရောက်ရှိသွားလေပြီ။ ရှောင်ဟိုင်လည်း ရှောင်းကျန့်ရှိရာ စားပွဲဆီလျှောက်သွားကာထိုင်လိုက်ပြီး နို့ဘူးကိုပိုက်အသစ်နှင့် ထိုးဖောက်လိုက်တော့သည်။

"အစ်ကိုကြီးတင်မဟုတ်ဘူး ကျွန်တော်လည်း ကျန့်ကျန့်ရဲ့ fan boyပဲလေ"

"သြော် ညီအစ်ကိုတွေလား စောစောက ရှစ်ဇွင်းးလို့ကြား..."

"တစ်ကယ်တော့ အစ်ကိုကြီးက ကျွန်တော့်ကိုမွေးစားထားတာလေ ကျွန်တော့်ဆရာဆိုလည်း ဟုတ်တယ် အဲဒါကြောင့်ပါ"

ရှောင်ဟိုင်က ရှောင်းကျန့်ကို စကားဆုံးအောင်ပင် ပြောခွင့်မပေးပါချေ။ အိပ်ချင်မူးတူးဖြင့် ခေါ်မိလိုက်စောပါးစပ်ကြောင့် ရှစ်ဇွင်းသိလျှင် အဆူခံရပေဦးမည်။

"ဒါနဲ့လေ datingသတင်းက အမှန်မဟုတ်ဘူးမလား"

ရှောင်ဟိုင်မေးလိုက်တော့ ဘယ်လိုသိတာလဲဟူသည့် မျက်နှာပေးလေးနှင့် ရှောင်းကျန့်ကပြန်ကြည့်သည်။ ရှောင်ဟိုင်ကတော့ ရှောင်းကျန့်၏ မထင်မှတ်စရာ အမူအရာကြောင့် ရယ်လိုက်လေသည်။

"ကျန့်ကျန့်မှာသာ ချစ်သူရှိပြီဆိုရင် fanတွေကို ကိုယ်တိုင်အသိပေးမဲ့သူမျိုးဆိုတာ ကျွန်တော်သိတယ်လေ ဒါကedit ထားတာ ဒါမှမဟုတ် အထင်လွဲမှုတစ်ခုပဲဖြစ်မှာပါ ဟုတ်တယ်မလား"

သည်ကောင်လေးက သူ့အပေါ်အတော်လေးနားလည်သည်ဟု သူ၏မသိစိတ်မှ အလိုလိုယုံကြည်မိသည်မို့ အကြောင်းရင်းကို ပြောပြရင်ဖွင့်ရန် စိတ်ကူးလိုက်သည်။

"ဒါကကျွန်တော်တို့ ညီအစ်ကိုကြားကလျှို့ဝှက်ချက်မို့ ပြောပြသင့်ရဲ့လားမသိပေမယ့် ပြောပြလိုက်မှ ရင်ထဲပေါ့သွားမယ်ထင်တယ်"

"မင်းဆန္ဒရှိရင် ကိုယ်တို့နားထောင်ပေးပါ့မယ်"

ရှောင်းကျန့်ပြောလိုက်စဉ်မှာပင် အသံကြားလိုက်ရတော့ နှစ်ဦးသား တံခါးဝကိုလှမ်းကြည့်မိကြသည်။ အမှန်ပင် ရိပေါ်ပြန်ရောက်လာတာဖြစ်သည်။

::::::::::::::::::::::::::::::

"ဒါဆို ကွေ့ဟွားက မင်းအစ်ကိုနဲ့ တွဲနေတာပေါ့"

"အင်း အမှန်ပဲ"

သူ့အစ်ကိုနှင့်ကွေ့ဟွား၏ ပါတ်သတ်မှုအကြောင်း ရှောင်းကျန့်၏စီကာပတ်ကုံး ရှင်းပြမှုအဆုံးမှာ ဘယ်လိုကြောင့် dating သတင်းထွက်လာရသည်ဆိုတာ ရိပေါ်ရော ရှောင်ဟိုင်ပါ နားလည်လိုက်လေပြိီ။

"အေဂျင်စီဘက်က ဘယ်လိုဖြေရှင်းပေးမယ်တဲ့လဲ"

"အဟက်... ခံပြင်းမိပါတယ်ဗျာ dating သတင်းကြောင့် စိတ်ရှုပ်ရတာထက် ကျွန်တော့်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ သိလိုက်ရလို့ ဖြစ်နိုင်ရင်လေ စာချုပ်သက်တမ်းကို မြန်မြန်ကုန်စေချင်မိတယ်သိလား အရမ်းစိတ်ပင်ပန်းတယ်"

ရှောင်းကျန့် စိတ်ညစ်ညူးစွာ ညည်းတွားလိုက်သည်။ အမှန်တစ်ကယ်တော့ ရှောင်းကျန့်က တခြားသူ၏နောက်ကွယ်မှာ သည်လိုမကောင်းစကား ပြောတတ်သူမဟုတ်ပေ။ သို့သော်လည်း အခုတစ်ခါမှာတော့ အတော်လေးကို ခံပြင်းနေမိတာကြောင့်ဖြစ်သည်။

ဟိုအရင်ကတည်းက သူတို့တန်ဖိုးထားရတဲ့သူဟာ အခုတော့သူတစ်ပါးရဲ့ နှိပ်ကွပ်မှုကို ခံနေရသည်မို့ ရိပေါ်နှင့် ရှောင်ဟိုင်လည်းပဲ ဒေါသစိတ်ဖြင့် ခံပြင်းနေကြသည်။

"စိတ်မပူနဲ့ ကိုယ်ကူညီပါ့မယ်"

ရှောင်းကျန့်၏ ဝေခွဲမရဟန်ဖြင့် အကြည့်ကြောင့် ရိပေါ်က confirmလုပ်သည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"တစ်ခုတော့ ကိုယ့်ကိုပြန်ကူညီရမယ်"

"ဘာလဲဟင်"

"ကိုယ့်ကို မင်းကူညီနိုင်မဲ့ အရာတစ်ခုခုပေါ့ နောက်တော့သိမှာပါ ညဥ့်နက်နေပြီ ပြန်အိပ်လိုက်ဦး မဟုတ်ရင်မနက်ကျ မျက်ကွင်းတွေညိုနေမယ်"

"ဟုတ်ကဲ့ ကျွန်တော့်ကို အကြိမ်ကြိမ်ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ နှစ်ယောက်လုံး ကောင်းသောညပါ"

ရှောင်းကျန့်က သူတို့နှစ်ယောက်စလုံးကို နှုတ်ဆက်ပြီးနောက် စောစောကသူနေခဲ့ရာအခန်းဆီ ပြန်လျှောက်လာခဲ့သည်။ အခါတိုင်းထက် ပိုသောက်ထားမိသည်မို့ ခေါင်းတစ်ခုလုံး တဒိတ်ဒိတ်ကိုက်နေပြီဖြစ်သည်။

သို့သော်လည်း တစ်ဖက်သားအပေါ် ပို၍အားနာရမည်စိုးတာမို့ ဘာမျှမဖြစ်သလိုဟန်ဖြင့် စကားပြောနေခဲ့တာဖြစ်သည်။ အခုတော့ limit ကျော်ကာသောက်ခဲ့ခြင်း၏ အပြစ်ဒဏ်ကို ခံနေရလေပြီ။

::::::::::::::::::::::::::::::

"အစ်ကိုကြီး ဘယ်လိုလုပ်မယ် စိတ်ကူး......"

ရှောင်ဟိုင်၏ အမေးစကားပင်မဆုံးလိုက်သေး။ ရိပေါ်က ဒုန်းခနဲပင် နံရံကိုလက်သီးဖြင့်ထိုးလိုက်တာကြာင့် လန့်ကာတုန်သွားမိသည်။

"ငါ I & Kကို ဒီလောကထဲကနေ ပျောက်ကွယ်သွားစေချင်တယ်"ရိပေါ်ဟာ ဒေါသနှင့်အတူ အံကိုတင်းတင်းကြိတ်ထားမိသည်။ ပထမတစ်ခါက သူမှာယူထားသောပစ္စည်းများ ဖြတ်ယူခံရသည်။ သို့သော်လည်း ထိုမျှလောက်ကို သူမမှုခဲ့ပေ။ အခုတစ်ခါကတော့ တစ်ကယ်ကိုလွန်သွားပြီဖြစ်သည်။

သူတို့က ရှောင်းကျန့်ဆီက ဖြေရှင်းချက်လေးကိုတောင် နားထောင်ပေးလိုစိတ်မရှိ။ အေဂျင်စီဘက်ကနေ ဘာမှလည်းကူညီဖြေရှင်းပေးမည်မဟုတ်တဲ့လား။

တွေ့ကြသေးတာပေါ့။ ငါချစ်တဲ့သူကို အကြောင်းမဲ့ နှိပ်ကွပ်ချင်တဲ့ မင်းတို့ကို ငါတစ်စစီဖျက်စီးပြမယ်။ စောင့်နေလိုက်။

"ကျွန်တော်တို့ အစီအစဉ်တစ်ခုခုတော့ လုပ်ရလိမ့်မယ် အစ်ကိုကြီး ဒီကိစ္စက ကျန့်ကျန့်အစ်ကိုဆီက ဝန်ခံစကားလောက်နဲ့ ပြီးမယ်မထင်ဘူး"

"ဟက်... သူတို့လောက်ကများ ထောင်လွှားနေတယ် ရှောင်ဟိုင် မနက်ကျကျင်းရီကိုဆက်သွယ်လိုက် I & K နဲ့ပါတ်သက်ပြီး သတင်းတွေရနိုင်သမျှ အကုန်လိုချင်တယ်"

"ဟုတ်ကဲ့"

ရိပေါ်က ရှောင်ဟိုင့်ကိုမှာကြားပြီးနောက် ထိုနေရာမှ ထွက်လာခဲ့သည်။ မှန်းဆနေဖို့ပင်မလိုလောက်အောင် သူ့ရှစ်ဇွင်း၏ဦးတည်ရာက ဘယ်ကိုဆိုတာသူသိနေပါသည်။

ထို့ကြောင့် ကုန်သွားပြီဖြစ်သောနို့ဘူးခွံကို အမှိုက်ခြင်းထဲပစ်ထည့်ပြီးနောက် ပါးစပ်သန့်ရှင်းရေးလုပ်ကာ သူ့အခန်းဆီပြန်လာခဲ့တော့သည်။

::::::::::::::::::::::::::::::