အခန်း ၈ ။ ထောင်ဟွားဆိုတာကဘယ်သူများလဲ
Viewers 3k

အခန်း ၈။ ထောင်ဟွားဆိုတာက ဘယ်သူများလဲ


ရှောင်းကျန့်ပြန်အိပ်မည်ကြံစဉ်မှာပင် စောစောကမက်ခဲ့သည့်အိပ်မက်က သူ့အတွေးထဲ ဝင်ရောက်လာလေသည်။ ကိုယ်ရံတော်ရွေးချယ်ပွဲမှာ ထိုသူဝင်ပြိုင်ခဲ့သည်။ တစ်ဖက်လူကို အနိုင်ရပြီးနောက် အိမ်ရှေ့စံနှင့်ဧကရာဇ်တို့ လုပ်ကြံခံရသည်။

သူ့အိပ်မက်တွေက အမှန်ပင်ဆက်စပ်နေသည်လား။ အိပ်မက်တိုင်း၌ ထိုနှစ်ဦး၏အမည်ကလည်း ထပ်တူကျနေသည်။

သို့သော်လည်း အစီအစဉ်တကျမက်ခြင်းမျိုးတော့ ဟုတ်ပုံမရချေ။ ပြန်တွေးကြည့်လျှင် ထိုထူးဆန်းသော အိပ်မက်ကို မက်နေသည်မှာ လေးကြိမ်ရှိခဲ့ပြီ။

ပထမဆုံးစတင်ခဲ့သည်က မှတ်မှတ်ရရ ပြတိုက်သို့ မက်မွန်ဥယျာဉ်ပန်းချီကားရောက်လာသောနေ့မှာဖြစ်သည်။ တစ်ခါမျှလည်း မကြားဘူးပါဘဲ မသိစိတ်က ရင်းနှီးနေသည်က ထောင်ဟွားဟူသော နာမ်စားလေး။

ပြတိုက်ကအပြန် မိုးမိလာပြီးနောက် ဖျားချင်သလိုလိုဖြစ်တာမို့ ကယောင်ကတမ်းမက်သည်ဟု ယူဆချင်သော်လည်း မဟုတ်မှန်းသိနေပြန်သည်။

သူ့အိပ်မက်နှင့် တစ်ထပ်တည်းကျနေပါသော ထိုပန်းချီကားဟာ ဘယ်ကရောက်လာတာလဲဆိုတာ နောက်ပိုင်းမှာစုံစမ်းခဲ့တော့ မှောင်ခိုအဖွဲ့တစ်ခုထံမှဖြစ်နေသည်။

တာဝန်ရှိသူများက ထိုပန်းချီကားအပါအဝင် အခြားသောပစ္စည်း တော်တော်များများနှင့်အတူ မှောင်ခိုအဖွဲ့ကို နယ်စပ်တွင်ဖမ်းဆီးရမိခဲ့ပြီး ပန်းချီကားကိုတော့နိုင်ငံပိုင်အဖြစ် ယဉ်ကျေးမှုပြတိုက်သို့ ပို့ဆောင်ခဲ့ကြတာဖြစ်သည်။

"ထောင်ဟွားဆိုတာဘယ်သူလဲ ဘာလို့များငါနဲ့တူနေရတာလဲ ရိပေါ်ဆိုတာကရော..."

ရှောင်းကျန့်တွေးတောနေရင်းမှ သူ့ကိုကယ်လာသူနှင့်အိပ်မက်ထဲမှ ရိပေါ်ဆိုသောလူ၏အမည်တို့ တူနေသည်ကို သတိထားလိုက်မိပြန်သည်။ သို့သော်လည်း အိပ်မက်မှနိုးလာတိုင်း မျက်နှာကိုမမှတ်မိတော့တာမို့ တစ်ယောက်တည်းလားဆိုတာကတော့ စဉ်းစားရခက်ချေသည်။

limitကျော်သည်အထိ သောက်ထားသည့်အပြင် အတွေးတို့ကိုပါနယ်ချဲ့မိလေတော့ ရှောင်းကျန့်၏ခေါင်းက တဆစ်ဆစ်ကိုက်လာပြန်သည်။

ထို့ကြောင့် ပြန့်ကျဲနေသောအတွေးများကို ဗလာကျင်းရင်း စောင်ကိုကိုယ်ပေါ်ဆွဲယူခြုံကာ မရရအောင်အိပ်စက်လိုက်တော့သည်။

အခန်းထဲသို့ ရိပေါ်ဝင်လာချိန်မှာတော့ ရှောင်းကျန့်က နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့ပြီဖြစ်သည်။ အိပ်မပျော်သေးလျှင် အကိုက်အခဲပျောက်ဆေးတိုက်ရန် စိတ်ကူးထားသော်လည်း ယခုတော့အိပ်ပျော်နေပြီမို့ မနက်အိပ်ရာနိုးလာမှ တိုက်တော့မည်ဟုသာ ဆုံးဖြတ်လိုက်ရင်း ဆေးဗန်းလေးကို စားပွဲပေါ်မှာ တင်ထားပေးလိုက်သည်။

နှစ်ခြိုက်စွာအိပ်ပျော်နေသော ရှောင်းကျန့်ကိုသေးကြည့်ရင်း ဒေါသထွက်နေသည်ကိုပင် မေ့လျော့သွားရသည်။ သူ့လိုမျိုးသွယ်လျသည်မဟုတ်သော်လည်း ကြည့်ကောင်းသောမျက်နှာ၊ ဖြောင့်စင်းသောနှာတံနှင့် ဤလူသားလေးပြန်အလာကို သူစောင့်နေသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့လေပြီ။

ဖြစ်နိုင်လျှင် ချောမောသည်ဆိုတာထက် ပန်းလေးတစ်ပွင့်လိုလှပသည်ဟုသာ သူတင်စားချင်သည်။ ယောကျ်ားလေးတန်မဲ့ ဘာကြောင့်များ သည်လောက်တောင် ချစ်စရာကောင်းနေရပါလိမ့်။

နှင်းဆီဖူးကဲ့သို့စိုထွေးသော နှုတ်ခမ်းကလေးက လာရောက်ခူးယူလှည့်ပါဟု ပြုစားနေသယောင်မို့ အနားတိုးကပ်သွားမိတော့ ဝင်လေထွက်လေနွေးနွေးက မျက်နှာကိုလာရောက်ရိုက်ခတ်သည်။

သည်ဘဝအတွက် ပထမဆုံးသောအနမ်းပွင့်ကို ချစ်ရသူမသိဘဲမယူလိုသည်မို့ နဖူးပြင်မို့မို့ထက်သာ အသာဖွဖွနမ်းရှိုက်လိုက်သည်။

ထို့နောက် စောင်ကိုသေသေချာချာ ပြန်ခြုံပေးပြီး စားပွဲတင်မီးအိမ်လေးမှလွဲ၍ ကျန်မီးတွေကိုပိတ်ပေးကာ အခန်းထဲမှထွက်လာခဲ့သည်။ ညအချိန်က တိတ်ဆိတ်စွာဖြင့် ကုန်ဆုံးခဲ့လေသည်။

မနက်နေရောင်ခြည်က ကြည်လင်လှသော မှန်ပြတင်းကိုခွင်း၍ အခန်းထဲရောက်လာသည့်တိုင် ရှောင်းကျန့်တစ်ယောက် မနိုးလာသေး။ ထိုစဉ်မှာပင် တိတ်ဆိတ်နေသော အချိန်ကာလလေးကို ဖုန်းမြည်သံကဖြိုခွင်းလိုက်သည်။

အိပ်ချင်မူူးတူးဖြစ်နေသော်လည်း မကိုင်မချင်းပြန်ခေါ်နေတာမို့ ရှောင်းကျန့်လည်းမတတ်နိုင်ဘဲ ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို"

"ကျန့်ကျန့် အခုရိပေါ်ဆီမှာပဲမလား"

"အင်း..."

"အစ်ကိုပြောမယ်သေချာနားထောင် ဖြစ်နိုင်ရင်အဲဒီ့မှာပဲနေလိုက်ဦး အေဂျင်စီရောမင်းတို့တိုက်မှာရော သတင်းထောက်တွေ ခြေချင်းလိမ်နေကြတယ် မင်းအစ်ကိုလည်း ဆေးရုံသွားဖို့ထွက်လို့တောင်မရသေးဘူးတဲ့ မင်းကိုမလာဖို့ အကြောင်းကြားပေးခိုင်းတယ်"

ကြားလိုက်ရသည့်သတင်းကြောင့် ရှောင်းကျန့် အိပ်ရာမှထထိုင်လိုက်ရင်း သက်ပြင်းချမိသည်။ dating သတင်းထွက်လာခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ဒီလိုတွေဖြစ်လာမယ်ဆိုတာ သူသိနေသည်။

သူဘာဆက်လုပ်ရမလဲ မသိတော့ပေ။ ဖုန်းပြန်ချပြီးနောက်မှာ သူနှင့်ပါတ်သတ်သည့် သတင်းများကိုရှာကြည့်လိုက်တော့ ခေါင်းတောင်မှပိုကိုက်သွားရသည်။ ထိုစဉ်မှာပင် သတင်းအသစ်တစ်ခု တက်လာလေသည်။

လင်ကွေ့ဟွား၏ Entertainment ဘက်မှ ကွေ့ဟွား၏ချစ်သူက ဘယ်သူလဲဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်မည့် သတင်းဖြစ်သည်။ ကြည့်ရသလောက် ကွေ့ဟွားက အစ်ကိုထျန်းယွီနှင့် တွဲနေသည်ဆိုတာ သူ့ဘက်ကလူတွေကို အသိပေးလိုက်ပြီထင်သည်။

ရှောင်းကျန့်က comment တွေကို ဆက်ဖတ်မည်ကြံစဉ်မှာပဲ အခန်းတံခါးပွင့်လာကာ လက်ထဲကဖုန်းလည်း အလုခံလိုက်ရလေသည်။ တရားခံသည်ကား ဝမ်ရိပေါ်။

"မင်းဘာလုပ်..."

"မကြည့်နဲ့ အဲဒါတွေမေ့ထားလိုက် ဒီရက်ထဲ သတင်းထောက်တွေ ခြေချင်းလိမ်နေတယ် အိမ်မပြန်နဲ့ ဒီမှာပဲနေ"ကျင်းဖန်က ရှောင်းကျန့်ကိုပြောပြီးနောက် သူ့ဆီဖုန်းဆက်ကာ လက်ရှိအခြေအနေကိုပြောပြပြီး အကူအညီတောင်းလိုက်တာဖြစ်သည်။


အခန်းထဲရောက်ရောက်ချင်း ရှောင်းကျန့်က သတင်းတွေကိုကြည့်နေတာမို့ ဖုန်းကိုဆွဲယူလိုက်ရတာဖြစ်သည်။ ဘေးလူများ၏မှတ်ချက်စကားတွေကြောင့် သူ့ရဲ့ထောင်ဟွားစိတ်ညစ်ညူးသွားမှာမလိုလားပါ။

"အစ်မကွေ့ဟွားတို့ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်မယ်တဲ့ အစ်ကိုထျန်းယွီနဲ့တွဲနေတယ်ဆိုတာ ပြောလိုက်ပြီထင်တယ် ဟိုလေ သတင်းထောက်တွေငြိမ်သွားတဲ့အထိ ကျွန်တော်တစ်ကယ်နေလို့..."

"အင်း... ကိုယ့်အိမ်မှာနေလို့ရတယ်"

ရှောင်းကျန့်၏ ပြောရခက်နေသော အမူအရာကြောင့် ရိပေါ်ကခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ ရှောင်းကျန့်လည်း အားနာနာဖြင့်သာ ကျေးဇူးတင်စကားဆိုရသည်။

အကူအညီလိုချိန်တိုင်း အမြဲရှိနေတတ်သော သည်လူ့ကို သူဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါ။

"မျက်နှာသစ်လိုက်ဦး ပြီးရင်ထွက်လာခဲ့ breakfast ပြင်ထားမယ်"

ရိပေါ်ကပြောပြီးသည်နှင့် အခန်းထဲကထွက်လာခဲ့သည်။ breakfast ပြင်ထားမည်သာဆိုသည်။ မီးဖိုခန်းထဲက ရှောင်ဟိုင်တစ်ယောက်တော့ အဆင်မှပြေရဲ့လားမသိ။

သည်မနက် ကျန့်ကျန့်အတွက် breakfast ကို ကိုယ်တိုင်လုပ်မည်ဆိုကာ သူတားသည့်ကြားက မီးဖိုခန်းထဲ ၀င်သွားခဲ့လေသည်။ ရိပေါ်တစ်ယောက် တွေးနေစဉ်မှာပင် ကြားလိုက်ရသည်က ပန်းကန်ကျကွဲသံများ။

ကမန်းကတမ်းပြေးသွားမိတော့ ထင်သည့်အတိုင်း။ မီးကျွမ်းနေပြီဖြစ်သောပေါင်မုန့်တစ်ချို့၊ ကော်ဖီအရည်တွေနှင့်အတူ ပန်းကန်အကွဲစတို့က ကြမ်းပြင်ပေါ်တွင် ရှုပ်ပွပြန့်ကျဲလျက်။

"ဘယ်လိုဖြစ်ရတာလဲ"

"ဟို..... ကျွန်တော်....."

ရှောင်ဟိုင်က မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့ကာရပ်နေသည်။ ကိုယ်တိုင်လုပ်ပေးချင်သည်ဆိုကာမှ ပေါင်မုန့်ကမီးကျွမ်းသွားခဲ့သည်။

ကော်ဖီဖျော်ရန်လုပ်ချိန်မှာလည်း လက်ပေါ်ရေနွေးအပူ လောင်းမိသွားတာကြောင့် လန့်ပြီးလွှတ်ချမိရာက ခွက်လွတ်ကျသွားတာဖြစ်သည်။ လက်မှအပူလောင်ဒဏ်ရာက နာနေသော်လည်း ရှစ်ဇွင်းကိုကြောက်တာကြောင့် လက်ကိုအနောက်သို့ ပစ်ထားရင်း မလှုပ်ရဲပေ။

"လုပ်လိုက်ရင် အမြဲရှပ်ပြာပြာနဲ့"

"ဘာဖြစ်ကြတာလဲဟင်"

ရိပေါ်ဆူနေစဉ်မှာပင် ရှောင်းကျန့်ရောက်လာပြီး ကြမ်းပြင်ပေါ်ရှိ ပန်းကန်အကွဲစများကိုကြည့်ကာ အခြေအနေကို ရိပ်စားမိလိုက်သည်။

ိုကျောနောက်ကိုပစ်ထားသော ရှောင်ဟိုင်၏လက် တစ်ခုခုဖြစ်နေသည်ကိုလည်း သတိထားလိုက်မိသည်။ သေသေချာချာကြည့်မိတော့ အပူလောင်ဒဏ်ရာဖြစ်နေမှန်း သိလိုက်သည်။

"ဖြေးဖြေးလုပ်လည်းရတဲ့ကိစ္စကို ဘယ်လိုဖြစ်လို့ ဒီလောက်တောင်..."

"သခင်လေး၀မ်... ဒီနေ့ပြောလို့ပြီးဦးမှာလား ဆေးသေတ္တာရှိရင်ယူလာခဲ့ မြန်မြန်လေး"

ရိပေါ်က ရှောင်ဟိုင့်ကိုဆူနေရင်း ဖြတ်အော်ခံလိုက်ရတာကြောင့် ကြောင်အသွားလေသည်။ ရှောင်းကျန့်မှာတော့ ရိပေါ်ကြောင်အနေသည်ကိုကြည့်ကာ စိတ်မရှည်တော့။

"ဆေးမြန်မြန်သွားယူခဲ့ပါဆို... သူအပူလောင်ထားတယ် မြန်မြန်လေး"

အပူလောင်ဒဏ်ရာမျိုးက ဆေးမြန်မြန်လိမ်းဖို့ လိုအပ်ပြီး အချိန်ကြာနေလို့ မကောင်းပေ။ ဒါကြောင့် သူစိတ်လောနေတာဖြစ်သည်။

အပူလောင်ထားသောနေရာကိုမထိအောင် လက်ကိုအသာအယာကိုင်ရင်း နာကျင်မှုကြောင့်ရှုံ့တွနေသောရှောင်ဟိုင့်ကို ထမင်းစားပွဲရှိရာဆီ တွဲခေါ်သွားလိုက်သည်။

ရိပေါ်လည်း ထိုအခါမှ ရှောင်ဟိုင်၏လက် အပူလောင်ထားတာကိုမြင်လိုက်ပြီး ကမန်းကတမ်း ဆေးသေတ္တာကို ပြေးယူရတော့သည်။ ဆူမိသည်ဆိုတာကလည်း ပန်းကန်ကွဲလို့မဟုတ်။

မတော်လို့ တစ်ခုခုဖြစ်သွားလျှင်ဟု တွေးမိလိုက်သောစိတ်ကြောင့် သည်လိုစကားမျိုးတွေ ပါစပ်ကပြောထွက်သွားတာဖြစ်သည်။ အခုပဲကြည့်။ ပန်းကန်ကွဲရုံတင်မဟုတ်ဘဲ လက်ပါအပူလောင်သွားသေးသည်။

ရိပေါ်ပြန်ရောက်လာတော့ ရှောင်းကျန့်က ရှောင်ဟိုင်၏လက်ကိုကိုင်ကာ လေဖြင့်အသာအယာမှုတ်ပေးနေသည်ကို တွေ့လိုက်သည်။ ရှောင်ဟိုင်၏ မျက်၀န်းမှာတော့ မျက်ရည်စတို့က ရစ်၀ဲလျက်။

အပူလောင်ဒဏ်ရာကြောင့်လား။ အခြားအရာကြောင့်လားဆိုတာတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။ ဆေးသေတ္တာနှင့်အတူ ရိပေါ်ပြန်ရောက်လာတော့ ရှောင်းကျန့်ကအပူလောင်ဒဏ်ရာအတွက် သင့်တော်မည့်ဆေးကိုရှာလိုက်သည်။

သို့သော်လည်း မတွေ့ပေ။ အားလုံးက သွေးထွက်သံယိုဒဏ်ရာများအတွက် ဆေးတွေချည်းဖြစ်နေသည်။

"သခင်လေး၀မ် သူ့လက်ကို လေအေးအေးလေးမှုတ်ပေးထား ဖြေးဖြေးမှုတ်နော်..."

ရှောင်းကျန့်က ပြောပြီးသည်နှင့်တစ်ပြိုင်နက် ညကသူအိပ်ခဲ့သော အခန်းဆီအမြန်ပြေးသည်။ ဆေးမရှိလျှင် ရှိသည့်နည်းလမ်းဖြင့် သက်သာအောင်လုပ်ရမည် မဟုတ်ပါလား။

"တော်တော်နာနေလား..."

"မနာ... မနာပါဘူး အစ်ကိုကြီး"

ရိပေါ်၏အမေးစကားကို ရှောင်ဟိုင်က ခေါင်းခါရင်းပြန်ဖြေသည်။ ရိပေါ်က လက်ကိုလေဖြင့်မှုတ်ပေးနေရင်းမှ မျက်လုံးတစ်ချက်လှန်ကာကြည့်လိုက်သည်။

"ညာနေပြန်ပြီ ဒီလောက်တောင် နီရဲသွားတာကို"

ရှောင်ဟိုင်သိပါသည်။ သူ့အစ်ကိုကြီးဟာ စကားပြောမနူးညံ့သော်လည်း စိတ်ရင်းကောင်းသည်။ တစ်ပါးသူကိုလည်း ကူညီလိုစိတ်ရှိသည်။ သို့သော် သူမြတ်နိုးသည့်အရာတို့ကို ထိပါးလျှင်လည်း ခေါင်းငုံ့ခံတတ်သူမဟုတ်ပေ။

ထိုစဉ်မှာပင် ရှောင်းကျန့်ပြန်ရောက်လာပြီးနောက် ယူလာသောသွားတိုက်ဆေးဘူးကိုညှစ်ကာ ရှောင်ဟိုင်၏လက်ခုံပေါ် ခပ်ဖွဖွလိမ်းပေးလိုက်သည်။အပူလောင်ဒဏ်ရာရပါက ချက်ချင်းဆေးလိမ်းဖို့ အဆင်မပြေလျှင် အရေးပေါ်အဖြစ် ရေစိမ်သည်ထက် သွားတိုက်ဆေးလိမ်းသည်က ပိုကောင်းသည်မဟုတ်ပါလား။

"အရည်ကြည်ဖုတော့ မထလောက်တော့ဘူး ဆေးကိုရမ်းသမ်းလိမ်းတာထက် ဖြစ်နိုင်ရင် ဆေးရုံကိုသွားတာက အကောင်းဆုံးပဲ"

"ဆေးရုံမသွားချင်ဘူး ဆေးနံ့တွေမကြိုက်ဘူး"

ရှောင်ဟိုင်၏ စူပုတ်ပုတ်ဟန်လေးကိုကြည့်ကာ ရှောင်းကျန့်မှာ စိတ်ပူနေသည့်ကြားက ပြုံးမိရသည်။ သည်တော့လဲ သူ့ဖေဖေဆီကိုသာဖုန်းဆက်ကာ အပူလောင်ဒဏ်ရာအတွက်သင့်တော်မည့် ဆေးကိုမေးလိုက်သည်။

ဆေးအမည်ကိုသိရပြီးသော်ငြား သူ့ဖေဖေက dating သတင်းကိစ္စကို မေးနေတာကြောင့် အတိုချုံ့ကာ ရှင်းပြရသေးသည်။ ဆေး၀ယ်ဖို့အတွက်ကိုတော့ ရိပေါ်ကိုပင်လွှတ်ရသည်။ သူထွက်၀ယ်ဖို့က အဆင်မပြေဘူးမဟုတ်ပါလား။

တစ်ယောက်ယောက်ကို လာပို့ခိုင်းဖို့ကလည်း သူဒီနေရာမှာရှိနေတာ ပေါက်ကြားသွားလိမ့်မည်။ ထို့ကြောင့်ပင် ရိပေါ်သည်လည်း စောဒကမတက်နေတော့ဘဲ သူ့မက်မွန်ပန်းလေးအလိုကျ ကြောင်ဆိုးလေးအတွက် ဆေး၀ယ်ထွက်ရပါတော့သည်။

"ကျန့်ကျန့် ဗိုက်ဆာနေပြီလား"

"ဟင့်အင်း"

ရှောင်းကျန့် ခေါင်းခါရင်းဖြေလိုက်သော်လည်း လစ်ဟာနေသော၀မ်းဗိုက်က သူ့စကားကို နည်းနည်းကလေးမှ နားမထောင်ပေ။ ညကသောက်ထားသောဆန်ပြုတ်တစ်ခွက်က အစာကျေသွားခဲ့ပြီလေ။

"တောင်းပန်ပါတယ် စားစေချင်လို့ လုပ်လိုက်တာက ကျန့်ကျန့်ကိုပဲအလုပ်များအောင် လုပ်မိသွားတယ်"

"မလိုပါဘူးရှောင်ဟိုင်ရယ် ကျွန်တော်ကတောင် ဒီမှာနေခွင့်ပြုလို့ အားနာနေရတာ"

ရှောင်းကျန့်က ပြောရင်းဆိုရင်းပင် ပန်းကန်အကွဲစများကို ဂေါ်ပြားနှင့်ကျုံးကာ အိတ်တစ်အိတ်ထဲသို့ စုထည့်လိုက်သည်။ ပြီးမှ အမှိုက်ပုံးထဲထည့်သည်။ ရှောင်ဟိုင်က ကူညီချင်ပါသော်လည်း လက်မှဒဏ်ရာကြောင့် ရှောင်းကျန့်၏ ငြိမ်ငြိမ်ထိုင်နေဟူသောစကားကြောင့် ခုံပေါ်မှာသာ ထိုင်နေရလေသည်။

::::::::::::::::::::::::::::::

နှစ်ရက်ခန့်ကြာသော်။

"ကျွန်တော် ဒါကိုတစ်ကယ်၀တ်ရမှာလား"

ရှောင်းကျန့်က ရိပေါ်ကမ်းပေးနေသော ၀တ်စုံကိုကြည့်ပြီး အံ့အားသင့်လျက်ရှိသည်။ လုံး၀အသစ်ကြပ်ချွတ်အတိုင်းပင် တော်တော်ကြီးကို တောက်ပြောင်လွန်းနေတာကြောင့် ၀တ်ရမှာပင်အားနာမိသည်။

သို့သော်လည်း သည်ရက်ထဲအိမ်မပြန်ရဘဲ ရိပေါ်ရဲ့တိုက်ခန်းမှာသာ နေခဲ့ရသည်မို့ သူ့မှာ၀တ်သွားစရာလဲ မရှိပါချေ။

"၀တ်လိုက်ပါ ကိုယ်လုံးကိုယ်ပေါက်က သိပ်ကွာတာမှမဟုတ်တာပဲ မြန်မြန်လုပ်လေ နောက်ကျနေမယ်"

ရိပေါ်ကပြောပြီးသည်နှင့် အခန်းထဲကထွက်သွားရင်း တံခါးပါပိတ်သွားပေးသည်။ သည်နေ့က အစ်မကွေ့ဟွားနှင့်သူ၏ အတင်းအဖျင်းကိစ္စကို ရှင်းလင်းမည့်နေ့ဖြစ်သည်။

ရိပေါ်ကတော့ သူကူညီမှာမို့ စိတ်ပူရန်မလိုကြောင်း ပြောထားသော်လည်း ရှောင်းကျန့်၏စိတ်ထဲမှာတော့ အဆင်ပြေပါ့မလားဟုတွေးရင်း ရင်တော့တုန်မိသေးသည်။

သူလျှောက်လှမ်းခဲ့သော အနုပညာသက်တမ်းတစ်လျှောက်မှာ ထိုမျှကြီးကြီးမားမားကိစ္စမျိုး မဖြစ်ဖူးခဲ့တာကြောင့်လည်း ပါကောင်းပါနိုင်သည်။

ရှောင်းကျန့် သက်ပြင်းတိုးတိုးချရင်း ၀တ်စုံကို၀တ်ဆင်လိုက်သည်။ နက်ခ်တိုင်ကိုသေသေချာချာ ချည်လိုက်ပြီးနောက်မှာတော့ အခန်းထဲမှ ထွက်လာခဲ့တော့သည်။

::::::::::::::::::::::::::::::

သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့်နေရာသို့ သူတို့ရောက်တော့ ဖိတ်ကြားထားသော သတင်းဌာနမှ သတင်းထောက်အတော်များများ ရောက်နေကြလေပြီ။ ရှောင်းကျန့်လည်း ကားပေါ်ကမဆင်းသေးဘဲ သက်ပြင်းချကာ စိတ်တည်ငြိမ်အောင်လုပ်သည်။

"မစိုးရိမ်နဲ့ အားလုံးအဆင်ပြေပြေပြီးသွားလိမ့်မယ် ကိုယ့်တာ၀န်ထား"

ရိပေါ်၏အားပေးစကားကို ရှောင်းကျန့်ကယုံကြည်စွာပင် ခေါင်းညိတ်ပြသည်။ ထိုအချိန်မှာပင် ရှောင်းကျန့်၏မန်နေဂျာနှင့် ရိပေါ်ကိုယ်တိုင် ငှားထားသော bodyguardများ ရောက်လာတာကြောင့် နှစ်ဦးလုံးကားပေါ်ကဆင်းလိုက်ကြသည်။

သတင်းထောက်များကလည်း ရှောင်းကျန့်ကိုမြင်သည်နှင့် သတင်းဦးရလိုရငြားအပြိုင်အဆိုင်မေးကြတော့သည်။ ရှောင်းကျန့်က ပြန်မဖြေဘဲ ပြုံးပြုံးလေးသာ ရိပေါ်နှင့်အတူ bodyguard များခြံရံလျက် ၀င်သွားလေသည်။

သေတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်ထားသည့်နေရာကိုရောက်တော့ အစ်မကွေ့ဟွားနှင့် သူ့အစ်ကိုဖြစ်သူပိုင်ထျန်းယွီတို့အပြင် အခြားသူတွေပါ လူစုံတက်စုံရောက်နေကြလေပြီ။

ထို့နောက် သူ့ကိုလှမ်းကြည့်လာသော အစ်ကိုဖြစ်သူကိုပြုံးပြရင်း စင်မြင့်ထက်သို့ လျှောက်လှမ်းသွားလိုက်လေတော့သည်။

::::::::::::::::::::::::::::::