အခန်း ၉ ။ fanboy လေးရဲ့လက်ဆောင်
Viewers 2k

အခန်း ၉။ fanboy လေးရဲ့လက်ဆောင်


"ရှောင်းကျန့်နဲ့ ကွေ့ဟွားdate နေပြီဆိုတာက တစ်ကယ်ပဲလား"

"တွဲနေကြတာ ဘယ်လောက်ကြာပြီလဲ"

"date နေရုံတင်မဟုတ်ဘဲ အတူနေနေကြပြီလား"

သတင်းစာရှင်းလင်းပွဲစသည်နှင့် သတင်းထောက်များ၏ တစ်ယောက်တစ်ပေါက် လိုရာဆွဲမေးသောစကားသံတို့က ညံစီလာသည်။

ရိပေါ်က ရှောင်းကျန့်မျက်နှာကို မပြတ်အကဲခတ်နေရင်းမှ ကျင်းဖန်ဆီသို့ အကြည့်ပို့လိုက်သည်။ ကျင်းဖန်ကလည်း ရိပေါ်ကိုပြန်ကြည့်ကာ မသိမသာခေါင်းညိတ်ပြလိုက်သည်။

ရိပေါ်လည်း ခေါင်းပြန်ညိတ်ပြလိုက်တော့ ကျင်းဖန်ကဖုန်းကိုထုတ်ကာ တစ်စုံတစ်ယောက်ထံဖုန်းခေါ်လိုက်တော့သည်။

"အသင့်ပဲလား..."

"အသင့်ပါပဲ..."

"လုပ်လိုက်တော့..."

ကျင်းဖန်ကပြောပြီးသည်နှင့် ဖုန်းပြန်ချပြီး ခပ်ပြုံးပြုံးဟန်ဖြင့်သာ သတင်းထောက်များကို ကြည့်နေလိုက်သည်။ မင်းတို့ကတော့ ကျန့်ကျန့်ရဲ့ datingသတင်း ရမလားလို့လာခဲ့ကြတာပဲ။ ကံမကောင်းတာက သတင်းဦးက တခြားသူရသွားပြီကွာ။

သိပ်မကြာပါချေ။ သတင်းထောက်များ ဖုန်းကိုယ်စီကြည့်ရင်း အံ့သြကုန်ကြသည်။

"ခဏ... သတင်းတက်လာတယ်..."

"ဒါကဘာလဲဟ..."

"ပရိတ်သတ်အချစ်တော် ပန်းပွင့်လေးရဲ့ချစ်သူအစစ် ပေါ်ထွက်လာပြီတဲ့"

"သူက... ရှောင်းကျန့်နဲ့ မဟုတ်ဘူးလား"

အမှန်တော့ သတင်းစာရှင်းလင်းပွဲမတိုင်ခင်တည်းက ရှောင်းကျန့်၏ဖေဖေ၊ မန်နေဂျာကျင်းဖန်၊ ကွေ့ဟွား၊ ရိပေါ်နှင့် ထျန်းယွီတို့ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် တစ်ပြိုင်တည်းမှာ ထိုသတင်းကိုတင်ရန် သတင်းဌာနတစ်ခုဆီ ပေးခဲ့ကြတာဖြစ်သည်။

သတင်းထဲမှာတော့ ထျန်းယွီကကွေ့ဟွား၏ချစ်သူဖြစ်ကြောင်း၀န်ခံထားပြီး ရှောင်းကျန့်၏ ၀မ်းကွဲအစ်ကိုတော်စပ်ကြောင်းကိုလည်း ဖော်ပြထားသည်။

ရှောင်းကျန့်နှင့် ကွေ့ဟွား shopping ထွက်သည်ဆိုတာကလည်း သူအကူအညီတောင်းတာကြောင့်ဖြစ်ကြောင်း၊ onlineမှာပျံ့နှံ့နေသော ရှောင်းကျန့်တို့အိမ်မှ ကွေ့ဟွားထွက်လာသည့် ဓာတ်ပုံဆိုတာကလည်း ထိုရက်က My Cloud Fairy series ရိုက်ကူးရေးပြီးသွားသည့် အထိမ်းအမှတ်အဖြစ် မိသားစုညစာစားပွဲလုပ်ကြတာဖြစ်ကြောင်း ရှင်းလင်းထားလေသည်။

သူတို့ညီအစ်ကိုတင်မဟုတ်ဘဲ မန်နေဂျာကျင်းဖန်နှင့်အတူ ရှောင်းကျန့်၏ဖေဖေလည်း ရှိနေသည်ဟု ၀န်ခံထားသည်။ အမှန်တစ်ကယ်ကမူ သူတို့ညီအစ်ကိုနှင့် ကွေ့ဟွားသာရှိခဲ့ကြတာဖြစ်သည်။

သို့သော်လည်း အခြေအနေအရမို့ တခြားသူကိုပါဆွဲထည့်ရတာဖြစ်သည်။ မဟုတ်လျှင် ပြဿနာက ပိုကြီးသွားနိုင်သည်မဟုတ်ပါလား။

"တစ်ကယ်ပဲ ကွေ့ဟွားကရှောင်းကျန့်ရဲ့အစ်ကိုနဲ့တွဲနေတာလား"

"ဟုတ်ပါတယ် သတင်းမှာပြောပြထားတဲ့အတိုင်းပါပဲ ကျွန်တော်နဲ့ကွေ့ဟွားက တွဲနေကြပါပြီ"

သတင်းထောက်၏ အမေးစကားကို ထျန်းယွီကပြန်ဖြေရင်း ကွေ့ဟွားကိုလှည့်ကြည့်ကာ ပြုံးလိုက်သည်။

"တစ်ကယ်တော့ဒီလထဲမှာ ကျွန်တော်တို့ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပွဲလေးလုပ်ဖို့စီစဉ်ထားပြီး အဲဒီ့တော့မှ ကွေ့ဟွားရဲ့ပရိတ်သတ်တွေကို ပြောပြမယ်လို့ တွေးထားခဲ့ကြတာပါ"

"ဟုတ်ပါတယ် ရှောင်းကျန့်နဲ့ကျွန်မရဲ့ဓာတ်ပုံတွေက သူအလုပ်များနေတာမို့ ရှောင်းကျန့်ကို အကူအညီတောင်းပြီး အဲဒီ့ရက်မှာ၀တ်ဖို့ ၀တ်စုံသွားယူချိန်က အရိုက်ခံလိုက်ရတာပါ"

ကွေ့ဟွားက ထျန်းယွီကိုပြုံးကာပြန်ကြည့်ရင်း ပြောလိုက်သည်။ ထိုအခါ သတင်းထောက်များလည်း ရှောင်းကျန့်၏ dating သတင်းမှာ အမှန်မဟုတ်ကြောင်း သိလိုက်ရသော်ငြား ရနိုင်သမျှသတင်းတို့ကို မေးကြပြန်သည်။

"ကွေ့ဟွားက သူနဲ့ဘယ်လိုမျိုး စတွေ့ခဲ့တာလဲ"

"ဘာလို့အစကတည်းက ချစ်သူရှိတာကို ပရိတ်သတ်တွေကို မပြောခဲ့တာလဲ"

"တစ်ကယ်တော့ ကွေ့ဟွားနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေပါ ေ၀းကွာခဲ့ကြပြီးမှ ညီလေးကြောင့်ပြန်တွေ့ခဲ့ကြတာ"

ထျန်းယွီက ရှောင်းကျန့်ကိုလှည့်ကြည့်ရင်းပြောတော့ ရှောင်းကျန့်လည်းပြုံးလိုက်သည်။ ထိုအခါမှ သတင်းထောက်များလည်း တစ်လျှောက်လုံး ငြိမ်ချက်သားကောင်းနေသော ရှောင်းကျန့်ထံသို့အကြည့်တို့ကို ပို့မိကြတော့သည်။

"ရှောင်းကျန့်ရဲ့dating သတင်းကိုရှင်းလင်းဖို့ အေဂျင်စီဘက်က ဘာမှတာ၀န်မယူပေးဘူးလို့ သိရပါတယ်ရှင့် အဲဒါကအမှန်ပဲလား"

သတင်းထောက်၏ အမေးစကားကိုကြားတော့ ရှောင်းကျန့်၏သူဌေးဖြစ်သူမှာ မျက်နှာပျက်သွားရသည်။ ရှောင်းကျန့်လည်း မည်သို့ဖြေရမည်မသိဖြစ်သွားမိသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိမှာထိုသူက သူရဲ့သူဌေးဖြစ်နေသေးသည် မဟုတ်ပါလား။

ထိုစဉ်မှာပင် 'အမှန်ပါပဲ'ဟူသော ဖြေသံနှင့်အတူ တစ်စုံတစ်ယောက်က စင်မြင့်ထံလျှောက်လှမ်းလာလေသည်။ ရှောင်းကျန့်လှမ်းကြည့်တော့ ထိုသူကရိပေါ်ဖြစ်နေခဲ့သည်။

"အေဂျင်စီဘက်က ဘာမှတာ၀န်မယူပေးတာ အမှန်ပါပဲ"

"ရှောင်းကျန့်စာချုပ်က တစ်နှစ်ကျန်သေးတယ်လို့ကြားတယ် အဲဒါက ဘယ်လိုဆက်ဖြစ်မှာလဲ I & Kမှာပဲ ဆက်နေမှာလား ဒါမှမဟုတ်..."

"I & K နဲ့စာချုပ်သက်တမ်းက ကျန်သေးတယ်ဆိုပေမယ့် ဖျက်သိမ်းမှာပါ အဲဒီ့အတွက် လျော်ကြေးငွေကို ချင်းရိဘက်က တာဝန်ယူပြီး ဖြေရှင်းပေးသွားမှာပါ"

ရိပေါ်၏အဖြေကိုကြားတော့ သတင်းထောက်အချို့က သူ့ကိုကြည့်ကာ တီတိုးဆိုကြသည်။

"အဲဒါ ဟိုတစ်လောက fan meeting မှာ ရှောင်းကျန့်ရဲ့ fan boyဆိုပြီး တက်လာခဲ့တဲ့ တစ်ယောက်မလား"

"သူက ချင်းရိကလား ၀ိုး... မိုက်လိုက်တာ"

"ဘာဖြစ်လို့ ချင်းရိဘက်က တာ၀န်ယူပေးမှာလဲရှင့်""ချင်းရိအနေနဲ့ အလှကုန်ပစ္စည်းတွေသာမကဘဲ အနုပညာလောကကိုပါ ခြေချတော့မှာပါ အဲဒီ့အတွက် ပထမဆုံးကျွန်တော်တို့ကမ်းလှမ်းမဲ့သူက ရှောင်းကျန့်ပါပဲ ဒါပေမယ့်သူကလက်ရှိမှာ I & K နဲ့စာချုပ်ရှိနေသေးတာမို့ သက်တမ်းကုန်ချိန်အထိ စောင့်ဖို့စီစဉ်ထားခဲ့တာ အခုကတော့ နည်းနည်းအချိန်ပိုစောသွားတာပေါ့လေ"


ရိပေါ်၏အဖြေကိုကြားတော့ I & K မှသူဌေးက ရိပေါ်ရှိရာသို့ အံ့အားသင့်ဟန်ဖြင့်လှမ်းကြည့်သည်။ ရိပေါ်ကလည်း ပြန်ကြည့်ရင်း နှုတ်ခမ်းကို မသိမသာလေးမဲ့ပြလိုက်သည်။

သူ့မက်မွန်ပွင့်လေးကို စိတ်ပင်ပန်းအောင်လုပ်သည့် ထိုသူဌေးဆိုသူကို သူနည်းနည်းကလေးမှ ကြည့်မရပေ။ သတင်းထောက်တွေလည်း တီးတိုးတီးတိုးဖြင့်သဖန်းပိုးထိုးကုန်ကြတော့သည်။

ချင်းရိအုပ်စုရဲ့ အကြီးဆုံးရှယ်ယာရှင်ငါးယောက်ထဲမှ ဝမ်ရိပေါ်ဟူသောအမည်ကို ကြားဖူးထားကြသော်လည်း ထိုfan meetingတုန်းက နာမည်ဆင်တာလို့သာ ထင်ထားခဲ့ကြသည်။ ချင်းရိနှင့် ပါတ်သတ်ကြောင်း မသိကြပေ။

တစ်ကယ်ပဲထိုသူက ချင်းရိရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေသည်လား။ ထို့အပြင် ချင်းရိကရုပ်ရှင်လောကထဲသို့ ထိုးဖောက်၀င်ရောက်တော့မည်။ မည်သို့ဆိုစေ ရေးစရာသတင်းကတော့ ရလိုက်ပြီဖြစ်သည်။

::::::::::::::::::::::::::::::

"ကျွန်တော့်ညီလေးကို ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ထျန်းယွီက ရိပေါ်ကိုလက်ဆွဲနှုတ်ဆက်ရင်း ကျေးဇူးတင်စကားကိုပြောလိုက်သလို ရိပေါ်ကလည်း ပြန်လည်နှုတ်ဆက်ရင်း ပြုံးပြလိုက်သည်။

"ရပါတယ်ဗျာ ဒါကကိုယ့်idol အတွက် တတ်နိုင်တာလုပ်ပေးတာပါ ရှောင်းကျန့်ကရော ကျွန်တော်တို့ချင်းရိနဲ့ လက်တွဲဖို့ မငြင်းဘူးမဟုတ်လား"

"ငြင်းစရာလား ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို"

ရိပေါ်၏အမေးစကားကို ရှောင်းကျန့်ပင် ပြန်မဖြေရသေး။ ကျင်းဖန်က ၀င်ပြောလိုက်သည်။ ထျန်းယွီကတော့ရယ်သည်။

"ဒါဆို စကားအေးဆေးပြောကြပါ ကျွန်တော့်ကိုခွင့်ပြုပါဦး"

ထျန်းယွီကနှုတ်ဆက်ပြီးနောက် ဆေးရုံသွားရဦးမည်မို့ ထွက်လာခဲ့သည်။ ကျင်းဖန်လည်း ကားပါကင်မှာ စောင့်နေမည်ဖြစ်ကြောင်း ပြောကာသွားနှင့်သည်။

"အားလုံးအဆင်ပြေပြေ ပြီးသွားတာတော်သေးတယ်"

ရှောင်းကျန့် သက်ပြင်းချလိုက်သလို ရိပေါ်ကတော့ ရှောင်းကျန့်ကို စိုက်ကြည့်နေသည့် နောက်ကျောဘက်မှ တစ်စုံတစ်ယောက်ထံ အကြည့်ပို့လိုက်သည်။

ရှောင်းကျန့် လှည့်ကြည့်မည်လုပ်တော့ ရိပေါ်က အကြည့်မခံဘဲ ပုခုံးဆုပ်ကိုင်ထားလိုက်သည်။ သိပ်မကြာပါချေ။ ထိုသူက အကြည့်ပြန်လွှဲကာ ထွက်သွားလေတော့သည်။ ရိပေါ်လည်း စိတ်ထဲ၌ကြုံးဝါးလိုက်သည်။

ငါအမြတ်တနိုး တန်ဖိုးထားရတဲ့သူကို မင်းကဒီလိုဆက်ဆံတယ်ပေါ့။ စောင့်ကြည့်နေ။ ငါကဒီလောက်နဲ့ ရပ်တန့်လိုက်မှာမဟုတ်ဘူး။ မင်းတို့ကို ငါအဆုံးထိဆွဲချပြမယ်။

"မစိုးရိမ်နဲ့ ကိုယ့်တာ၀န်ထားလို့ ပြောသားပဲ"

"ကျေးဇူးတင်ပါတယ် သခင်လေး၀မ် ကျွန်တော့်လို ဘာမှမဟုတ်တဲ့သူကို ဒီလောက်အများကြီး ကူညီပေးလို့"

"ဘာလို့ဘာမှမဟုတ်ရမှာလဲ မင်းကငါ့အတွက်တော့ ဘာနဲ့မှတန်ဖိုးဖြတ်မရတဲ့ သူတစ်ယောက်ပဲ မင်းကိုဖိနှိပ်တဲ့သူကို ဒီအတိုင်းကြည့်နေမယ်ထင်လို့လား"

ရိပေါ်၏စကားအဆုံးတွင် ရှောင်းကျန့်၏စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိပေ။ ဒီလိုစကားမျိုး ပထမဆုံးကြားဖူးတာဖြစ်သည်။ ရိပေါ်ကတော့ ရှောင်းကျန့် အနေရခက်သွားသည်အထင်နှင့် စကားကိုချက်ချင်း ဖာထေးလိုက်သည်။

"ငါတို့ ပရိတ်သတ်တွေလို့ပြောတာ"

"အင်း... ဒါနဲ့လေ ဒီ၀တ်စုံကိုတော့ လျှော်ပြီးမှ ပြန်ပေးမယ်နော်"

"ဟင့်အင်း မင်းနဲ့အရမ်းလိုက်တယ် ပြန်မပေးနဲ့ ယူထားလိုက်"

"အာ... မဟုတ်တာ အားနာစရာကြီးကို"

"ချင်းရိနဲ့ထပ်ပြီးလက်တွဲဖို့ လာဘ်ထိုးတယ်လို့ သဘောထားလိုက်"

"အယ်... မဟုတ်လည်း ချင်းရိနဲ့လက်တွဲမှာပါ... ဒီဟာ... မလိုပါဘူး"

"fangirl တွေက ပန်းစည်းတို့၊ အရုပ်တို့ ပေးတာကျတော့လက်ခံပြီး ဒီfanboy လေးပေးတာကိုတော့ ငြင်းရက်တယ်ပေါ့"

"အာ... အဲဒီ့လို မဟုတ်ဘူးလေ"

"ဝါး..... ရှောင်းကျန့် မင်းရက်စက်လိုက်တာ"

"....."

"မင်း တော်တော်ရက်စက်..."

ရိပေါ်မျက်နှာငယ်လေး လုပ်ပြနေသည်ကိုကြည့်ရင်း ရှောင်းကျန့်မှာမရယ်ပဲမနေနိုင်တော့ပေ။ တမင်သက်သက် လုပ်ပြနေမှန်းသိသော်လည်း ပြောလို့မနိုင်သည့်အဆုံး လက်ခံလိုက်ရလေတော့သည်။

တိတ်ဆိတ်နေသောရုံးခန်းထဲတွင် မျက်လုံးနှစ်စုံ စူးစိုက်ကာကြည့်နေပုံမှာ စီးချင်းထိုးနေသည့်ပမာ။ ထို့နောက် တိတ်ဆိတ်နေသော အခြေအနေကို ရိပေါ်ကပင်ဖြိုခွဲလိုက်သည်။

"ခင်ဗျားဘက်က စာချုပ်ကိုမဖျက်နိုင်ဘူးဆိုတာ သေချာပြီလား"

"ရှင်ဖျက်ချင်တယ်ဆိုတိုင်း ကျွန်မဘက်က ဖျက်ပေးမယ်ထင်နေတာလား"

I & K ၏ CEO ဖြစ်သူက နှုတ်ခမ်းကိုမဲ့၊ လက်ကိုဟန်ပါပါပိုက်ထားကာ ရိပေါ်ကိုပြန်ကြည့်သည်။ ရိပေါ်ကလည်းပြုံးသည်။

"မထင်ပါဘူး ဒါပေမဲ့... ဒီဟာလေးကို တစ်ချက်ကြည့်ပါဦး ... ရှောင်ဟိုင်..."

ရိပေါ် ခေါင်းညိတ်ပြလိုက်တော့ ရှောင်ဟိုင်က စက္ကူအိတ်လေးတစ်လုံးကို စားပွဲပေါ်တင်ပေးလိုက်သည်။ ပြုံးပြုံးလေး ပြောနေသော်လည်း ရင်ထဲမှာတော့ ထိုCEOကို အကြိမ်ကြိမ်သတ်ချင်နေလေပြီ။

"ဒါ... ဒါက..."

ဓာတ်ပုံများကို ယူကြည့်လိုက်ပြီးနောက် အမျိုးသမီး၏မျက်နှာမှာ ဟန်မဆောင်နိင်လောက်အောင် ပျက်ယွင်းသွားတော့သည်။ ဘယ်လိုဖြစ်ပြီး ဒီပုံတွေက...။ သူမတို့ကို ဘယ်သူမှ မရိပ်မိဘူးထင်နေခဲ့တာ မှားသွားလေပြီ။ထိုအမျိုးသမီး၏ သွေးပျက်နေပုံကိုကြည့်ပြီး ရိပေါ်၏ နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဘက်မှာ ပို၍ကွေးညွတ်သွားရသည်။ သူမြတ်နိုးရတဲ့သူကို ထိခိုက်စေပြီဆိုကတည်းက အကျိုးဆက်ကို ရင်ဆိုင်ဖို့ ကြိုပြီးအားမွေးထားသင့်သည်လေ။ သည်လောက်ကလေးနှင့် သွေးပျက်နေပြီတဲ့လား။ ပျော့ညံ့လွန်းလှသည်။

::::::::::::::::::::::::::::::::::::::::

"အစ်ကို သူဌေးကစာချုပ်ဖျက်ပေးပါမလားမသိဘူးနော်"

ရှောင်းကျန့်၏စကားကိုကြားတော့ ကျင်းဖန်ပြုံးလိုက်ကာ သည်အေဂျင်စီရှိ ရှောင်းကျန့်၏နားနေခန်းထဲမှ ပစ္စည်းများကိုသိမ်းဆည်းနေရင်း ပြန်ဖြေလိုက်သည်။

"မစိုးရိမ်နဲ့ ၀မ်ရိပေါ်ကို ယုံကြည်လိုက် သူ့မှာလုပ်နိုင်တဲ့အင်အားရှိတယ် အဆင်ပြေသွားလိမ့်မယ်"

"အင်း... "

သိပ်မကြာပါချေ။ အခန်းတံခါးပွင့်လာကာ ရှောင်ဟိုင်၀င်လာသည်။ ရှောင်းကျန့်တို့ လှည့်ကြည့်တော့ ရှောင်ဟိုင်ကပြုံးပြလာသည်။

"အစ်ကိုကြီးကသွားနှင့်ပြီ အပြင်ကပဲစောင့်နေမယ်တဲ့ ကျန့်ကျန့်.... သွားကြစို့..."

"အင်း..."

ရှောင်ဟိုင်၏စကားအဆုံးမှာ ရှောင်းကျန့်ကသူ့ပစ္စည်းများကိုယူကာ ထွက်လာခ့ဲသည်။ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်တော့ စိတ်မကောင်းကြပေ။ အချို့ကလည်း ချင်းရိနှင့်လက်တွဲခွင့်ရသွားသောသူ့အတွက် ၀မ်းသာနေကြသည်။

"ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ် သူဌေးကိုလည်း နှုတ်ဆက်သွားတယ်လို့ပြောပေးပါ ကျွန်တော်သွားတော့မယ်"

အားလုံးကိုနှုတ်ဆက်ပြီးသည့်နောက် သူလှည့်ထွက်လာခဲ့တော့သည်။ သူကိုယ်တိုင်လည်း မျက်ရည်တို့ရစ်၀ဲနေလေပြီ။ မည်သို့ပင်ဆိုစေ။ အချိန်ကာလအတော်ကြာ ရင်းနှီးခဲ့ကြသူတွေ မဟုတ်ပါလား။

အေဂျင်စီအပြင်ကိုရောက်သည်နှင့် တစ်စုံတစ်ယောက်ကို ၀ိုင်းအုံနေကြသောလူအုပ်စုကြီးကို သူတွေ့လိုက်ရသည်။ ထိုသူကလည်း ရှောင်းကျန့်ထွက်လာသည်ကို မြင်တော့ အနားကိုလျှောက်လာသည်။

"သေသေချာချာ နှုတ်ဆက်ခဲ့တယ် မဟုတ်လား"

"အင်း... နှုတ်ဆက်ခဲ့တယ်"

ရိပေါ်၏အမေးစကားကို ရှောင်းကျန့်ကခေါင်းညိတ်ပြရင်း ပြန်ဖြေသည်။ ပြီးနောက်ဘေးမှလူအုပ်စုကြီးကိုကြည့်မိတော့ ကိုယ်စီကိုယ်ငှမျက်ရည်တွေ ၀ဲနေကြလျက်။

"ဘာလို့မပြောရတာလဲကျန့်ကျန့်ရာ ဒီလောက်တောင်ပင်ပန်းနေခဲ့တာကို"

"တောင်းပန်ပါတယ် အမြဲတမ်းပြုံးနေခဲ့တော့ တစ်ယောက်တည်း တအားပင်ပန်းနေခဲ့တာကို မသိခဲ့ဘူး"

"အားတင်းထားပါ ကျန့်ကျန့်နောက်မှာ ကျွန်မတို့အားလုံးရှိနေတယ်နော်"

ပရိတ်သတ်များက မျက်ရည်တွေ၀ဲရင်း အားပေးနေကြတာကြောင့် ရှောင်းကျန့်သည်လည်း ၀မ်းနည်းစိတ်တို့ကို ရင်ထဲသိမ်းဆည်းရင်း ပြုံးလိုက်သည်။

"အရူးမလေးတွေ ဘာလို့ငိုနေကြတာလဲ ကြည့်ပါလား ကျွန်တော်အဆင်ပြေနေတာပဲ မငိုကြနဲ့လေ"

ရှောင်းကျန့်၏စကားဆုံးသည်နှင့် ခေါင်းညိတ်ကာ မျက်ရည်ကိုယ်စီသုတ်ကြသည်မှာ မိဘစကားကို တစ်သေ၀မတိမ်းနားထောင်ရှာသော သားသမီးအလိမ္မာလေးများပမာ။

"ကျေးဇူးပြုပြီး ကျန့်ကျန့်ကို ကျွန်မတို့ကိုယ်စား သေသေချာချာဂရုစိုက်ပေးပါ"

'မင်းတို့ပြောနေစရာတောင်မလိုဘူး'ဟု ပြောချင်သည့်စိတ်ကိုဖိနှိပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ဒီfan girl တွေက ရှောင်းကျန့်ရဲ့ အသက်လေးတွေ။ သွားထိလို့မဖြစ်ဘူး။

ရိပေါ်ဟာ သ၀န်တိုချင်သော်လည်းပဲ မဖြစ်ဘူးဟူသောအသိက တားဆီးနေသည်မို့ သဘောထားကြီးကြီးဖြင့်ပင် သည်အတိုင်းလွှတ်ထားပေးလိုက်ပါသည်။

::::::::::::::::::::::::::::::::::::::::

ရက်အနည်းငယ်ကြာသော်။

ရှောင်းကျန့်တို့၏ကားက အဆင့်မြင့်ဟိုတယ်လ်တစ်ခုရှေ့တွင် ရပ်သွားလေပြီ။ ကားပေါ်ကဆင်းကာ မော့ကြည့်မိတော့ 'ရင်းယွဲ့ပိုင်'ဟူသည့်အမည်က ဝံ့ဝံ့ကြွားကြွားရှိနေသည်။

"ခဏစောင့်ဦး ပါကင်ထိုးလိုက်ဦးမယ်"

ရိပေါ်၏စကားကို ရှောင်းကျန့်အသိအမှတ်ပြုရင်း ဟိုတယ်လ်ရှေ့ကပင် စောင့်နေလိုက်သည်။ ရိပေါ်ကတော့ ကားပါကင်ဆီ ဆက်မောင်းသွားလေပြီ။

"၀ိုး... ဒါကဘယ်သူပါလိမ့်... အသစ်မြင်လို့ အဟောင်းကိုစွန့်ပစ်ခဲ့တဲ့ ငါတို့ရဲ့မိတ်ဆွေဟောင်းကြီးပါလား"

ခနဲ့သံကြားရာဆီ လှည့်ကြည့်မိပြီးနောက် လျှိုပိုင်ယွီဖြစ်နေသည်မို့ စိတ်ညစ်ညူးသွားရသည်။ စကားရှည်နေမည်စိုးတာကြောင့် ဘာမျှပြန်ပြောမနေတော့ဘဲ လှည့်အထွက်မှာ ထိုသူကထပ်မံရန်စပြန်သည်။

"၀ိုး... ရှောင်းကျန့် မိတ်ဆွေဟောင်းကိုတောင် နှုတ်မဆက်နိုင်တော့လောက်အောင် မင်းကဘ၀င်တွေမြင့်သွားတာပဲ"

"မင်းထင်ချင်သလို ထင်နိုင်တယ်"

ရှောင်းကျန့်ဟာ အတတ်နိုင်ဆုံးသည်းခံနေရင်းမှ တစ်ခွန်းတော့ လွှတ်ခနဲပြောထွက်သွားသေးသည်။ ထိုစဉ်မှာပင် ရိပေါ်ရောက်လာသည်ကို မြင်လိုက်တော့အားတက်သွားပြီး အနားသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ"

"ကျွန်တော်တို့ သွားရအောင်"

ရှောင်းကျန့်က ရိပေါ်၏အမေးစကားကို ပြန်မဖြေဘဲ ထိုအနားမှမြန်မြန်ထွက်သွားရန်သာ စိတ်လောနေမိသည်။ ကြာလာလျှင် သူ့ဒေါသတို့ ထိန်းနိုင်ဖွယ်မရှိလောက်ပေ။

ရိပေါ်ကတော့ နှုတ်ခမ်းတစ်စုံကို ကွေးညွှတ်လိုက်ရင်း လျှိုပိုင်ယွီအနားကိုလျှောက်သွားကာ တိုးတိုးကပ်ပြောလိုက်သည်။

"ကြည့်ရတာ မင်းရဲ့'sugar mommy'က မင်းကိုကောင်းကောင်းနေဖို့ သတိမပေးထားဘူးထင်တယ် နာမည်အရမ်းကြီးချင်နေရင်လည်း ငါကူညီပေးမယ်လေ ဘယ်လိုလဲ"

"ခင်ဗျား..."

"ဘ၀မပျက်ချင်ရင် ငါ့လူကိုလာမထိဘဲ အေးအေးဆေးဆေးလေးနေ... ဟုတ်ပြီလား"ရိပေါ်ကပြုံးပြုံးလေးဖြင့်ပင် ဒေါသထွက်နေပြီဖြစ်သောလျှိုပိုင်ယွီ၏ပခုံးကို ခပ်ဆတ်ဆတ်လေးပုတ်လိုက်သည်။ စိတ်ထဲမှာတော့ ညက်ညက်ကြေအောင် အမှုန့်ခြေပြီးနေလေပြီ။

ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်သော ရှောင်းကျန့်ကတော့ လျှိုပိုင်ယွီနှင့် ရိပေါ်တို့၏ ပြောစကားများကို မကြားရပေ။ လျှိုပိုင်ယွီကတော့ ရိပေါ်ဆိုသူက သူမထိသင့်တဲ့လူဆိုတာ သဘောပေါက်လိုက်ပြီးနောက် မကျေမနပ်ဖြင့်သာ ဟိုတယ်လ်ထဲသို့၀င်သွားလေတော့သည်။

"သခင်လေး၀မ် သူ့ကို ဘာတွေပြောလိုက်တာလဲ"

"အဟင်း... မီဒီယာတွေမသိသေးတဲ့ လျှို့၀ှက်ချက်လေး တစ်ခုအကြောင်း ပြောပြလိုက်ရုံပါ စိတ်မပူနဲ့ဘာမှမဖြစ်ဘူး"

"အင်းပါ... ဒါနဲ့ လူတွေ့စစ်ဆေးဖို့ သူ့ကိုပါဖိတ်ထားတာလားမသိဘူး"

"ဟုတ်လောက်မယ် မပူပါနဲ့ မင်းအကောင်းဆုံးလုပ်နိုင်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်"

ရိပေါ်ဆီမှအားပေးစကားတို့ကြောင့် ရှောင်းကျန့်၏စိတ်ထဲ အတော်လေးအားတက်သွားရသည်။ လွန်ခဲ့သောရက်အနည်းငယ်က ရိပေါ်နှင့်စာချုပ်ချုပ်ပြီး သိပ်မကြာခင်မှာပင် ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့သည်။

ဇာတ်လမ်းတွဲတစ်ခုအတွက် လူတွေ့စစ်ဆေးပွဲကိုတက်ရောက်ရန် ဖိတ်ကြားထားတာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ အခုထိလုံး၀မသိရသေးပေ။ သို့သော်လည်း ဒါရိုက်တာဖူကျင်းယန်နှင့်ရိုက်ကူးမည့် ဇာတ်ကားဆိုတာကြောင့် သည်လိုအခွင့်အရေးက လက်မလွှတ်သင့်သည်မှာအမှန်။

ကျင်းဖန်ကလည်း လူတွေ့စစ်ဆေးပွဲကို သွားဖို့တိုက်တွန်းသည်။ တစ်ခုသာ။ လျှိုပိုင်ယွီလည်း လာနိုင်သည်ဆ်ိုတာ မတွေးမိခဲ့ခြင်းပင်။ သို့သော်လည်းကိစ္စတော့မရှိ။ လွန်လွန်ကျူးကျူး မဖြစ်လာသမျှ သူသည်းခံနိုင်ပါသည်။

ထို့အပြင် ရိပေါ်လည်းရှိသည်မဟုတ်ပါလား။ ရှောင်းကျန့်ကိုယ်တိုင်ပင် မသိလိုက်ပဲ နှလုံးသား၏ တစ်ထောင့်တစ်နေရာတွင် ရိပေါ်အပေါ်တွင်အားကိုးစိတ်တို့က ဖြစ်တည်လာခဲ့ရလေသည်။

"fighting မင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်"

ရိပေါ်က ရှောင်းကျန့်ကိုအားပေးစကားပြောသည်။ ရှောင်းကျန့်ကြည့်ရသည်မှာ ဘာမှမဖြစ်သလိုပုံစံမျိုးရှိနေသော်လည်း အနည်းငယ်တော့ ရင်တုန်နေမည်ဆိုတာ သူသိနေသည်လေ။

"အင်း ကျွန်တော်လုပ်နိုင်မှာပါ"

"ပြီးသွားရင် စောင့်နေဦး ကိုယ်ပြန်လိုက်ပို့မယ်"

"အင်း..."

ရှောင်းကျန့်၏ ဖြေသံအဆုံးမှာ ရိပေါ်က ပခုံးကိုဖွဖွပုတ်ကာ အားပေးလိုက်ပြီးနောက် ဒါရိုက်တာဖူကျင်းယန်တို့ရှိရာ အခန်းထဲသို့၀င်ခဲ့တော့သည်။

"ဟော... ရိပေါ်ရောက်လာပြီ"

ရိပေါ်၀င်လာသည်နှင့် ဒါရိုက်တာဖူကျင်းယန်က နှုတ်ဆက်သည်။ ရိပေါ်လည်း အထဲမှာရောက်နှင့်နေသူများကိုကြည့်ကာ ပြုံးပြလိုက်သည်။

"လူစုံနေပြီပဲ ကျွန်တော်ပဲ နောက်ကျနေတာထင်တယ်"

"နောက်မကျပါဘူး အချိန်ကလိုပါသေးတယ် ဒီမှာဇာတ်ညွှန်း"

ရိပေါ်က စာရေးဆရာမကမ်းပေးသော ဇာတ်ညွှန်းစာရွက်ကိုယူကာ နည်းနည်းဖတ်ကြည့်လိုက်သည်။ ဇာတ်ညွှန်းကို ပြည့်ပြည့်စုံစုံ သူမဖတ်ရသေးပေ။ ဒါရိုက်တာဖူကျင်းယန်က လူရွေးပွဲမှာ ကူညီရွေးပေးစေချင်သည်ဆိုတာကြောင့်သာ ရှောင်းကျန့်နှင့်အတူ လာခဲ့တာဖြစ်သည်။

"ရှောင်းကျန့်လည်း ပါလာတယ်မဟုတ်လား"

"ပါတယ်အစ်ကို နည်းနည်းတော့ရင်တုန်နေပုံပဲ"

ရိပေါ်၏စကားကိုကြားတော့ ဖူကျင်းယန်ကပြုံးသည်။ အမှန်တိုင်း၀န်ခံရလျှင် ဒီဇာတ်ကောင်ကို ရှောင်းကျန့်အတွက် ဖြစ်စေချင်မိသည်။ သို့သော်လည်း မိမိသဘောကျရွေးလို့မဖြစ်ပေ။

သူတို့တစ်တွေရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ပြီးမှ ဇာတ်ကောင်နှင့် အလိုက်ဖက်ဆုံးသူကို ရွေးချယ်ကြရမှာဖြစ်သည်။

"ဆရာ ၁၀နာရီထိုးပြီ အပြင်မှာလည်း လူစုံနေပါပြီ"


"ဇာတ်ညွှန်းတွေရော ပေးပြီးတာကြာပြီလား"

"ဟုတ်ကဲ့ မိနစ် ၂၀ရှိပါပြီ"

"ဒါဆို စကြတာပေါ့"

လက်ထောက်မိန်းကလေး၏ သတိပေးစကားကြားတော့ ဖူကျင်းယန်က လက်မှနာရီကိုကြည့်ရင်း ပြောလိုက်သည်။ ထိုအခါ လက်ထောက်မိန်းကလေးလည်း အခန်းပြင်သို့ပြန်ထွက်သွားကာ ပထမဆုံး၀င်ရမည့်သူ၏ အမည်ကို ကြေငြာလိုက်သည်။

::::::::::::::::::::::::::::::