အခန်း ၁၀။ ကျီစယ်လွန်းလိုက်တာ ကံကြမ္မာရယ်
ရှောင်းကျန့်တစ်ယောက် အခန်းအပြင်မှာထိုင်နေရင်း သူသရုပ်ဆောင်ပြရမည့်ဇာတ်ကောင်က ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စဉ်းစားခန်းဖွင့်နေမိသည်။
ဇာတ်ဆောင်ဖြစ်စေ၊ ဇာတ်ပို့ဖြစ်စေ အရေးကြီးတာက သူ့အရည်အချင်းကို အကောင်းဆုံး ထုတ်ပြနိုင်ဖို့သာဖြစ်သည်။ သူတွေးနေစဉ်မှာပင် အခြားဖိတ်ကြားထားသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ထို့နောက်မကြာခင်မှာပဲ အခန်းတံခါးပွင့်လာပြီး မိန်းကလေးတစ်ယောက်က သူတို့ကို ဇာတ်ညွှန်းစာရွက်တစ်ရွက်စီ လာပေးသည်။
ဖတ်ကြည့်လိုက်တော့ ဒါကဇာတ်ကောင်တစ်ယောက်အကြောင်း အကျဉ်းချုပ်နှင့် သူသရုပ်ဆောင်ပြရမည့် scene တစ်ခုဖြစ်နေသည်။ သည်တော့လည်း ရသမျှအချိန်လေးအတွင်း ဇာတ်ကောင်၏စရိုက်ကို နားလည်နိုင်ဖို့ရာ စိတ်နှစ်ကာဖတ်လိုက်သည်။
သူသရုပ်ဆောင်ပြရမည့် ဇာတ်ကောင်အမည်က ပိုင်စစ်ယွမ်ဖြစ်ပြီး 'နှင်းဆီနက်' ဟူသောနာမည်ကြီးလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်၏ညာလက်ရုံးဖြစ်သည်။
တာ၀န်အရ မုရှောင်ချင်းဟူသောအမည်ဖြင့် သူသတ်ရမည့်သူ၏ မိသားစုထံချဉ်းကပ်ပြီးကာမှ ထိုသူကငယ်စဉ်ကတည်းက ေ၀းကွာနေခဲ့သည့်သူ့မိခင်ကို စောင့်ရှောက်နေသူမှန်း သိလိုက်ရသည်။
ရှောင်းကျန့် ဖတ်ကြည့်နေစဉ်မှာပင် ရင်ထဲမှာဆို့နင့်လာသလို သူ၏မိခင်ကိုတွေးမိရင်း မျက်ရည်တို့ ၀ဲတက်လာရသည်။ ထို့နောက် သူသရုပ်ဆောင်ပြရမည့်sceneမှ dialogue တွေကို မြန်မြန်လေးမှတ်လိုက်သည်။
မိနစ်အနည်းငယ်အကြာမှာတော့ သူ့နာမည်ကိုခေါ်လိုက်တာမို့ မော့ကြည့်လိုက်ရာ စာစောကမိန်းကလေးက အခန်းထဲ၀င်နိုင်ပြီဖြစ်ကြောင်းပြောသည်မို့ သူ့စိတ်ကိုအကောင်းဆုံးပြင်ဆင်လိုက်သည်။
ရှောင်းကျန့် အခန်းထဲ၀င်လာပြီးနောက် တံခါးကိုပြန်လှည့်ပိတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူမိတ်ဆက်ပြီး အခန်းအလယ်တွင် ချထားပေးသည့်ခုံမှာ ၀င်ထိုင်လိုက်သည်။
"ပထမဆုံး ၀င်လာရတဲ့သူဆိုတော့ ရင်တုန်နေမယ်ထင်တယ်"
"ဟုတ်ကဲ့ နည်းနည်းပေါ့"
"ဒါပေမယ့် အေးဆေးပါ ဟုတ်တယ်မလား"
ဖူကျင်းယန်၏ စနောက်စကားကို ရှောင်းကျန့်က အပြုံးလေးဖြင့်သာတု့ံပြန်လိုက်သည်။ ရိပေါ်ကတော့ ရှောင်းကျန့်အခန်းထဲ၀င်လာသည်မှစ၍ ခုံမှာထိုင်လိုက်သည့်အဆုံး အမူအရာတို့ကိုသာ စက္ကန့်မလပ်ကြည့်နေမိသည်။
ပြုံးလိုက်သည့်အခါ နှုတ်ခမ်းနှင့်အတူ လှုပ်ရှားသွားသော မှဲ့နက်လေးကိုကြည့်ရင်း မနာလိုပင်ဖြစ်မိလာသလိုလို။
"အသင့်ဖြစ်ရင် စလိုက်မလား"
"ဟုတ်ကဲ့"
ဒါရိုက်တာ၏အမေးစကားကို ရှောင်းကျန့်ကပြန်ဖြေရင်း စောစောကဇာတ်ညွှန်းဖတ်စဉ်မှာ ၀င်လာခ့ဲသော mood ကိုပြန်ခေါ်လိုက်သည်။ ၀မ်းနည်းစိတ်အခံရှိထားသည်မို့ အရမ်းကြီးတော့ အားမစိုက်လိုက်ရပါ။ ထို့နောက်မှာတော့ ဆို့ဆို့နင့်နင့်ရေရွတ်သံက တိတ်ဆိတ်နေသည့် အခန်းထဲပျံ့လွင့်လာလေသည်။
"ဘာကြောင့်များ... ဘာကြောင့်များ အဖြစ်တွေက ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ..."
ရှောင်းကျန့်နာနာကျင်ကျင်ဖြင့် အံကိုကြိတ်ထားမိသည်။ မျက်ရည်တစ်စက်က ပေါက်ခနဲပါးပြင်ပေါ်သို့ ကျလာသည်။ သူဘာဆက်လုပ်ရတော့မည်နည်း။ တစ်ဖက်က တာ၀န်။ တစ်ဖက်က မိခင်ရဲ့မိသားစု။
"ကျီစယ်လွန်းလိုက်တာ ကံကြမ္မာရယ် ဘာကြောင့် ကျွန်တော့်ကိုမှလဲ..."
ရှောင်းကျန့်က ပါးပြင်ပေါ်ကျလာသောမျက်ရည်တို့ကို လက်ခုံဖြင့်ပင်ပွတ်သုတ်ပစ်လိုက်သည်။
"ငါ... သေရမယ်ဆိုရင်တောင် ကျေးဇူးကန်းတဲ့သူတော့ မဖြစ်စေရဘူး"
ရှောင်းကျန့် ခပ်တိုးတိုးရေရွတ်ပြီးနောက် ထိုနေရာမှ လှည့်ထွက်ခဲ့သည်။ မျက်နှာ၌မူ ၀မ်းနည်းမှု၊ နာကျင်မှုနှင့်နာကျည်းမှုတို့အပြင် ဆုံးဖြတ်ချက်ပြတ်သားမှုတို့က ထင်ထင်ရှားရှားပင် နေရာယူခဲ့လေပြီ။
"Ok... cut"
"Wow! ရှောင်းကျန့်က တစ်ကယ်တော်တာ ကျွန်မဖြင့် မျောသွားတာ cut ဆိုမှပဲ သတိပြန်၀င်လာတော့တယ်"
ထုတ်လုပ်သူ၏ ချီးကျူးစကားကိုကြားတော့ ရှောင်းကျန့်ကရှက်ရယ်ရယ်သည်။ ပေါ်တင်ချီးကျူးတာမျိုးကို သူတစ်ကယ်မခံယူရဲပါလေ။
"ရှောင်းကျန့်ရေ ရွေးချယ်ခံရပါစေလို့ ဆုတောင်းပေးတယ်နော် resultကိုတော့ မနက်ဖြန်အကြောင်းပြန်ပါ့မယ် အခုလိုလာရောက်ပေးတာ ကျေးဇူးတင်ပါတယ်"
"ကျွန်တော့်ကို ဒီလိုမျိုးအခွင့်အရေးပေးတာလည်း ကျေးဇူးတင်ပါတယ်"
နှုတ်ဆက်ပြီးနောက် ဖျတ်ခနဲပင် ရိပေါ်ရှိရာကိုကြည့်မိတော့ ပြုံးကာစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်းကျန်တစ်ယောက် အမ်းခနဲဖြစ်သွားပြီးမှ သတိပြန်၀င်လာကာ အခန်းထဲမှ ထွက်ခဲ့တော့သည်။
ထိိုအမူအရာကို မျက်စိလျှင်သူ စာရေးဆရာမတစ်ယောက် သတိထားလိုက်မိသည်ကိုတော့ ရှောင်းကျန့်မသိပါချေ။ သူမက ရိပေါ်ရှိရာကို ကြည့်လိုက်တော့ ပြုံးပြုံးကြီးဖြင့် ငေးမောလို့ကောင်းနေဆဲ။
သူမညစ်ကျယ်ကျယ်ပြုံးလိုက်ပြီးနောက် မထွက်သည့်ချောင်းကို ဟန်လုပ်ဆိုးလိုက်ကာမှ ရိပေါ်သတိ၀င်လာရပြီး လူမိသွားမှန်းသိလိုက်ရတော့သည်။
"နောက်တစ်ယောက်"
ဒါရိုက်တာ၏ စကားအဆုံးမှာ လက်ထောက်မိန်းကလေးက နောက်တစ်ယောက်ကို အခန်းထဲ ၀င်စေသည်။ ထိုသူကလဲ ပိုင်စစ်ယွမ်ဇာတ်ကောင်နေရာအတွက်ပဲဖြစ်သည်။
ရှောင်းကျန့်သရုပ်ဆောင်တာကြည့်ပြီး စိတ်တိုင်းကျထားတာကြောင့်လားမသိ။ နောက်လူကို သိပ်ပြီးစိတ်တိုင်းမကျလှ။ သို့သော် သူလည်းအကောင်းဆုံး ကြိုးစားထားတာကြောင့် နောက်နေ့ resultသိရမည်ဖြစ်ကြောင်း ပြောလိုက်သည်။သည်လိုနှင့် ပိုင်စစ်ယွမ်နေရာအတွက် ဖိတ်ခေါ်ထားသူများ ပြီးသွားသည့်နောက် ကျင်းယွမ်ရှင်းနေရာအတွက် အလှည့်ရောက်လာလေပြီ။
ပထမဆုံးခေါ်လိုက်သူက လျှိုပိုင်ယွီဖြစ်သည်။ ကိုယ်တိုင်မိတ်ဆက်စကားပြောခြင်းပြီးသွားသည့်နောက် ဇာတ်ကောင်အတွက် mood သွင်းလိုက်သည်။ သူသရုပ်ဆောင်ရမည့် ဇာတ်ကောင်က ရဲတစ်ယောက်ဖြစ်သည်။
ညီမဖြစ်သူနှင့် ချစ်ကြိုက်နေသူမှာ မိမိတို့ဖမ်းဆီးရန် တာ၀န်ယူထားရသော နာမည်ကြီးလုပ်ကြံသူအဖွဲ့မှဖြစ်နေမှန်း သိလိုက်ရသည့်အခန်းဖြစ်သည်။
"ကျွန်တော်အသင့်ဖြစ်ပါပြီ"
"ok action"
ဒါရိုက်တာ၏ စကားအဆုံးမှာ လျှိုပိုင်ယွီ၏ မျက်နှာ၌ စိတ်ရှုပ်ထွေးမှုတို့က တဖြည်းဖြည်းချင်းနေရာယူလာသည်။
"ဒီလောက်နှစ်ပေါင်းများစွာ အမေနဲ့ညီလေးရှာနေတဲ့သူတဲ့သူက မင်းတဲ့လားကွာ ဘာကြောင့်လည်း ဘာကြောင့်များ မင်းကအဲဒီ့အဖွဲ့၀င်ဖြစ်နေရတာလဲ ရှောင်ချင်းရယ်"
လျှိုပိုင်ယွီဟာနှုတ်မှပြောရင်း မျက်ရည်တို့စီးကျလာသည်။ ခေတ္တခဏအကြာမှာတော့ မျက်နှာတွင် စိတ်ပူပန်မှုတ်ို့ ဖြစ်တည်လာရပြီးနောက် 'ဟင့်အင်း ရှောင်ချင်းဘာမှမဖြစ်စေရဘူး' ဟု ရေရွတ်ကာ ထိုနေရာမှ အမြန်လှည့်ထွက်လိုက်တော့သည်။
"Ok... cut"
"အခုလို လာရောက်ပေးတာ ကျေးဇူးတင်ပါတယ်နော် မနက်ဖြန် result အကြောင်းကြားပါ့မယ်"
"ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
လျှိုပိုင်ယွီနှုတ်ဆက်ပြီးနောက် ပြန်ထွက်လာခဲ့သည်။ ရိပေါ်ကိုမသိမသာလှမ်းကြည့်မိတော့ သူ့ကိုခပ်စိမ်းစိမ်းပင် ပြန်ကြည့်နေတာမို့ ကျောပင်စိမ့်သွားရလေသည်။
တစ်ယောက်ပြီးတစ်ယောက် သရုပ်ဆောင်ခြင်း ပြီးဆုံးသွားသည့်နောက် အချိန်အားဖြင့်လည်း နေ့လည်ပင်ရောက်နေလေပြီ။ အရံဇာတ်ကောင်အတွက် ရွေးချယ်ရသည်မှာ အဆင်ပြေသွားသော်လည်း အဓိကဇာတ်ဆောင်ကိုရွေးချယ်ဖို့ရာ ခေါင်းချင်းဆိုင်ကြရလေတော့သည်။
ပိုင်စစ်ယွမ်နေရာအတွက်က အသင့်တော်ဆုံးဖြစ်သောရှောင်းကျန့်ကို အားလုံးသဘောတူညီမှုဖြင့် ရွေးချယ်ပြီးလေပြီ။ ခေါင်းစားနေရသည်က ကျင်းယွမ်ရှင်းနေရာ။
အားလုံးထဲ အဆင်အပြေဆုံးက လျှိုပိုင်ယွီဆိုသော်လည်း ဒါရိုက်တာက အသက်မပါဘူးဆိုကာ သိပ်သဘောမကျပေ။ စာရေးဆရာမကလည်း သူမလိုချင်သည့် point ကို သိပ်မထိဘူးဖြစ်နေသည်ဆိုကာ စိတ်တိုင်းမကျဖြစ်နေသည်။
"လျှိုပိုင်ယွီကို မရွေးဘူးဆိုရင် တခြားဘယ်သူ့ကိုရွေးကြမလဲ"
"ကျွန်တော်ဆိုရင်ရော"
ရုတ်တရက် ထွက်ပေါ်လာသော ရိပေါ်၏အသံကြောင့် အားလုံးပြိုင်တူလှည့်ကြည့်မိကြသည်။ စာရေးဆရာမသည်လည်း ထိုနည်း၎င်းပင်။
"ကျွန်တော်ကြိုးစားကြည့်ချင်တယ်"
"ရိပေါ် တစ်ကယ်ပြောနေတာလား"
ဖူကျင်းယန်က အံ့အားသင့်နေဟန်ဖြင့် ရိပေါ်ကို သေသေချာချာကြည့်သည်။ ရုပ်ရှင်သရုပ်ဆောင်လုပ်ဖို့ရာ တိုက်တွန်းခဲ့ဖူးသည်ဆိုသော်လည်း တစ်ကယ်တမ်းကြားလိုက်ရချိန်မှာ အနည်းငယ်တော့အံ့သြသွားမိသည်။
"တစ်ကယ်ပြောနေတာအစ်ကိုကျင်းယန် ကျွန်တော်နောက်နေတာမဟုတ်ဘူး"
"ကောင်းပြီလေ ကြည့်ကြတာပေါ့"
ဒါရိုက်တာ၏စကားအဆုံးမှာ ရိပေါ်ကလက်ထဲမှာ ဇာတ်ညွှန်းစာရွက်ကိုကိုင်ထားလျက်ပင် အခန်း၏အလယ်သို့ လျှောက်သွားလိုက်သည်။
"ဒီလောက်နှစ်ပေါင်းများစွာ အမေနဲ့ညီလေးရှာနေတဲ့သူတဲ့သူက မင်းတဲ့လားကွာ"
ရိပေါ်ဟာလက်ထဲမှ စာရွက်ပိုင်းလေးကို ကိုင်ထားရင်း နောက်သို့ယိုင်ခနဲဖြစ်သွားရသည်။ ရင်တစ်ခုလုံးကိုလည်း မယုံကြည်နိုင်မှုတို့က စိုးမိုးထားသည်။ မျက်နှာပေါ်၌လည်း အနားမှာရှိခဲ့လျက်နှင့်မသိခဲ့ခြင်းအပေါ် နောင်တရမှုတို့က ထင်ရှားလို့နေလျက်။
"ဘာကြောင့်လည်း... ဘာကြောင့်များ မင်းက အဲဒီ့အဖွဲ့၀င်ဖြစ်နေရတာလဲ ရှောင်ချင်းရယ်"
ရိပေါ်၏မျက်နှာ၌ နောင်တရနေခြင်းမှတစ်ဆင့် ကြေကွဲရိပ်တို့က တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်နှင့်အတူ မျက်ရည်စီးကြောင်းတစ်ခုက ပါးပြင်ပေါ်သို့ တဖြည်းဖြည်းချင်းဖြတ်သန်းကာစီးကျလာသည်။
တစ်ခဏအကြာမှာတော့ ရိပေါ်၏ မျက်နှာတွင် စိတ်ပူပန်မှုတ်ို့ ဖြစ်တည်လာရပြီးနောက် 'ဟင့်အင်း ရှောင်ချင်းဘာမှမဖြစ်စေရဘူး' ဟု ရေရွတ်ကာ ထိုနေရာမှအမြန်ပြေးထွက်လိုက်တော့သည်။ ကိုင်သူမဲ့သွားလေသော စာရွက်ပိုင်းလေးကတော့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့လေတော့သည်။
ရိပေါ် သရုပ်ဆောင်နေသည်ကိုကြည့်ရင်း သူတို့အားလုံး မျောနေမိကြသည်။ စာရေးဆရာမသည်လည်း ပါးစပ်အဟောင်းသား။ သူမလိုချင်သောပုံစံနှင့် ကွက်တိကျနေခဲ့သည်လေ။
"ဝါး.... ရိပေါ် မင်းအရင်ကတည်းက မင်းသားလုပ်သင့်တာကွာ"
ဖူကျင်းယန်၏ ချီးကျူးစကားကြောင့် ရိပေါ်ပြုံးမိသွားပြီး ပါးပြင်ပေါ်မှမျက်ရည်တို့ကို လက်ခုံဖြင့် ပွတ်သုတ်လိုက်သည်။ စောစောက ဇာတ်ညွှန်းအနည်းငယ်ကို ဖတ်ကြည့်လိုက်ကတည်းက သာမန်ဇာတ်လမ်းမျိုးမဟုတ်ဘူးဆိုတာ သူရိပ်မိလိုက်တာဖြစ်သည်။
ဒါက bromance အယောင်ပြထားသော romance ဇာတ်လမ်းမျိုးသာဖြစ်သည်။ ဘာကြောင့် နည်းနည်းဖတ်ရသေးရုံနဲ့ သိသလဲဆိုတော့ သူကိုယ်တိုင်လည်း သူတို့ရဲ့ တစ်ချိန်က အကြောင်းကို bromance ဇာတ်လမ်းအဖြစ် ပြန်လည်ရေးသားနေတာကြောင့်ပင်။
ဒါကြောင့် သူ့ထောင်ဟွားလေးကို လျှိုပိုင်ယွီဆိုတဲ့အဲဒီ့လူနဲ့ တွဲပြီးသရုပ်မဆောင်စေချင်ပါဘူးနော်။ ဟမ့်... ထောင်ဟွားက ဖြူဖြူစင်စင်လေးရယ်။ အဲဒီ့တစ်ယောက်ကတော့ တွေ့တာနဲ့ရန်ရှာချင်နေတာမို့ သူကြည့်မရပါဘူး။
ရိပေါ်တစ်ယောက်တည်း မကျေမနပ်တွေးနေချိန်မှာပင် စာရေးဆရာမသည်လည်း သူ့အတွေးနှင့်သူ ပြုံးစေ့စေ့ဖြစ်နေလေသည်။သူမအရမ်းဖြစ်စေချင်နေပြီ။ မရတော့ဘူး။ စောစောကရှောင်းကျန့်ကို ရိပေါ်ကြည့်နေတဲ့ အကြည့်တွေကို သူမသိနေသည်။ သည်တော့ကာ ကျင်းယွမ်ရှင်းနေရာကို ၀မ်ရိပေါ်ပဲ သရုပ်ဆောင်သင့်သည်။
ဟုတ်သည်။ ဟောဒီ့ဇာတ်လမ်းက ၀မ်ရိပေါ်ရဲ့ပထမဆုံး ရုပ်ရှင်လောကထဲ ခြေချမည့်ဇာတ်လမ်းဖြစ်လာရမည်။ သူမဆုံးဖြတ်ပြီးနောက် ဒါရိုက်တာဖြစ်သူကို ပြောလိုက်သည်။
"အစ်ကိုကျင်းယန် ကျွန်မကတော့ ၀မ်ရိပေါ်ကိုရွေးတယ်"
"ကျွန်မရော..."
စာရေးဆရာမနှင့် ထုတ်လုပ်သူနှစ်ဦးစလုံးက ရိပေါ်ကိုရွေးဖို့ထောက်ခံနေကြပြီး ဒါရိုက်တာဖူကျင်းယန်ကလည်း ပြုံးလိုက်သည်။
"Congratulations ပါ ရိပေါ် Love Knot ဟာ မင်းရဲ့အနုပညာလမ်းကြောင်းအတွက် ပထမဆုံးခြေလှမ်းဖြစ်လာတော့မယ်"
"ကျေးဇူးတင်ပါတယ်"
"တစ်လအတွင်း ရိုက်ကူးရေးစမယ် တိုက်ခိုက်ရမဲ့အခန်းတွေပါမှာဆိုတော့ နှစ်ယောက်လုံး လိုအပ်မဲ့သင်တန်းလေးဘာလေး ကြိုတက်ထားကြပေါ့"
ရိပေါ်ခေါင်းညိတ်လိုက်သည်။ သူက ကိုယ်ခံပညာနှင့်ပါတ်သတ်ပြီး ယခုထိတိုင်ကျွမ်းကျင်နေသေးသည်မို့ သင်တန်းတက်ဖို့မလိုအပ်သော်လည်း ရှောင်းကျန့်ကတော့ လိုအပ်လိမ့်မည်။
လူစားထိုးကာ သရုပ်ဆောင်ရမည်ဆိုသော်လည်း ကိုယ်တိုင်တတ်မြောက်ထားပါက ပိုကောင်းသည် မဟုတ်ပါလား။
::::::::::::::::::::::::::::::
ရိပေါ်တစ်ယောက် အခန်းထဲမှထွက်လာသည်နှင့်တစ်ပြိုင်နက် အလွန်အမင်းပြုံးချင်နေသောမျက်နှာကို မရအရပြင်ကာ စိတ်မကောင်းဟန်ဆောင်ထားလိုက်သည်။ ထို့ကြောင့်ပင် ရိပေါ်၏မျက်နှာအရိပ်အကဲကို ရှောင်းကျန့်တစ်ယောက်မှာ ေ၀ခွဲမရ။
"ရှောင်းကျန့်... စိတ်မကောင်းမဖြစ်နဲ့နော်..."
ရိပေါ်၏စကားကြောင့် ရှောင်းကျန့်သိလိုက်လေပြီ။ သူအပယ်ခံလိုက်ရပြီ။ အရမ်းကြီးမျှော်လင့်ထားတာမျိုး မဟုတ်သော်လည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားမိသည်။
"ရပါတယ် ကိစ္စမရှိပါဘူး ကျွန်တော်ကြိုးစားဖို့ အများကြီးလိုသေးလို့နေမှာပါ"
ရှောင်းကျန့်အားတင်းကာ ပြုံးပြလိုက်သည်။ ထိုအခါကျမှ ရိပေါ်က ဆက်လက်ဟန်မဆောင်နိုင်တော့ဘဲ ရယ်မောလေတော့သည်။ ပြီးနောက် လက်ထဲမှဇာတ်လမ်းတစ်ပုဒ်လုံးစာ အပြည့်အစုံပါသောဇာတ်ညွှန်းစာအုပ်ကို ရှောင်းကျန့်ဆီသို့ကမ်းပေးလိုက်သည်။
"ဟင်... ကျွန်တော် တစ်ကယ်ပဲ..."
သူ့ဆီကမ်းပေးလာသော ဇာတ်ညွှန်းစာအုပ်ကိုယူကာ မယုံကြည်နိုင်ဟန်ဖြင့် ပြန်ကြည့်နေမိသည်။ သူအပယ်ခံလိုက်ရတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် သခင်လေး၀မ်ရဲ့ စနောက်တာကို ခံလိုက်ရတာလား။
"Congratulations ပါ ကိုယ့်idol လေး"
အံ့သြပျော်ရွှင်နေသော ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ်လည်းရင်ထဲ၌ကြည်နူးလာရသည်။ ရှောင်းကျန့်၏မျက်နှာသည်လည်း တက်ကြွပျော်ရွှင်နေသည်မှာ စောစောကအပယ်ခံရပြီအထင်နှင့် ညှိုးလျော်သွားသည့် မျက်နှာနှင့်တစ်ခြားစီ။
"အယ်... ဒါနဲ့ ဘာလို့နှစ်အုပ်တောင်... မဟုတ်မှ..."
ရှောင်းကျန့်က လက်ထဲရောက်လာသော စာအုပ်နှစ်အုပ်ကိုကိုင်ထားရင်း အံ့သြနေလေသည်။ ပြီးမှ ရိပ်မိလိုက်သည်က ရိပေါ်ရောလူရွေးပွဲမှာ ၀င်ပါခဲ့သေးတာလားဟူ၍။
"ရိပ်မိတာကလဲ မြန်လိုက်တာ"
ရိပေါ်ကပြောပြီးသည်နှင့် ရှောင်းကျန့်ရှေ့မှ ထွက်လာခဲ့သည်။ မျက်နှာမှာတော့ ချက်ချင်းရိပ်မိသွားသည့်အပေါ် မကျေနပ်သလိုလို ဘာလိုလို။
"ဝေ့... သခင်လေး၀မ် နေဦးလေ..."
ရှောင်းကျန့်က စာအုပ်နှစ်အုပ်ကိုကိုင်ထားရင်းအံ့သြနေစဉ်မှာ သူ့ကိုပင်မစောင့်ဘဲ ထွက်သွားသောရိပေါ်ကြောင့် နောက်မှပြေးလိုက်ရတော့သည်။
"ဇာတ်လမ်းနာမည်လေးက အရမ်းလှ... ဒါနဲ့ သခင်လေး၀မ်က ဘယ်ဇာတ်ကောင်လဲ"
"မပြောပြပါဘူး"
ရှောင်းကျန့်တစ်ယောက် သိချင်စိတ်ကိုထိန်းမရဘဲမေးမိတော့ ရိပေါ်ကခပ်ချေချေဟန်ဖြင့်ဖြေသည်။ မျက်နှာမှာတော့ ရယ်ချင်စိတ်ကို အောင့်အီးထားဟန်က အထင်းသား။
"စိတ်ပုတ်လိုက်တာ"
သူသိချင်နေတာမို့ ရိပေါ်ကတမင်သက်သက် မပြောပြတာမှန်း သူသိသည်။ ဒါကြောင့်ပင် မကျေမနပ်ဟန်ဖြင့်သာ ပြန်ကြည့်ပေးလိုက်တော့သည်။
ရှောင်းကျန့်၏စိတ်ထဲမှာတော့ သာမန်မိတ်ဆွေတစ်ယောက်အဖြစ် ပြောဆိုနေသည်ဆိုသော်လည်း မြင်လိုက်ရသူအဖို့တော့ ပြုံးစေ့စေ့ဖြစ်နေရလေပြီ။
"အဟင်း... ငါခန့်မှန်းရင် ဘယ်တော့မှမမှားဘူး အိုက်ရား... ဒီနှစ်ယောက်ကတော့ ရိုက်ကူးရေးကာလတစ်လျှောက်လုံး တခြားသူတွေကို နှာခေါင်းသွေးလျှံအောင် လုပ်တော့မယ်"
စာရေးဆရာမဖြစ်သူဟာ တံခါးအကွယ်လေးကိုမှီရင်း မရည်ရွယ်ပါဘဲ လက်ထဲမှဘော့ပင်ကို ကိုက်ထားမိသည်။ ရိပေါ်အခန်းထဲက ထွက်သွားသည်နှင့် အခြေအနေကို သိချင်တာကြောင့် သူမလည်း toilet အကြောင်းပြကာ ထွက်ချောင်းတာဖြစ်သည်။
"မဖြစ်တော့ဘူး...ငါ... တစ်ရှူးများများ ဆောင်ထားဖို့လိုနေပြီ"
သူမ၏သွားများကြားမှ အသဲတယားယားဖြင့် အကိုက်ခံထားရသော ဘော့ပင်လေးကတော့ စိတ်ညစ်ညူးစွာငိုရှာသည်။
"အဟင့်... အော့အော့... တံတွေးတွေနဲ့... ဗြဲ..."
::::::::::::::::::::::::::::::