အခန်း ၁၁ ပန်းချီကားလေး၏နောက်ခံဇာတ်ကြောင်း
Viewers 3k

အခန်း ၁၁။ ပန်းချီကားလေး၏ နောက်ခံဇာတ်ကြောင်း


ရှောင်းကျန့်က ကုတင်ပေါ်ထိုင်ကာ ခေါင်းအုံးကို ကျောနောက်တွင် အသေအချာခုပြီးနောက်မှာ ဇာတ်ညွှန်းစာအုပ်ကို ဖွင့်လိုက်သည်။

ပထမဆုံးစာမျက်နှာမှာပင် သူမြင်လိုက်ရသည်က 'Love Knot'ဟူသော ဇာတ်လမ်းအမည်။ တစ်နည်းအားဖြင့် စာရေးဆရာမ ပိုင်လီနွမ့်ဖုန်း၏ တတိယမြောက် Website novel တစ်ပုဒ်ဖြစ်သော 'မေတ္တာသည်သာ...'။

မူရင်း၀တ္တုက ကောင်လေးနှစ်ယောက်၏ အချစ်ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ကိုတော့ bromance အဖြစ် ပြန်လည်ရိုက်ကူးမှာဖြစ်သည်။ မူရင်း၀တ္တုကိုတော့ ဒါရိုက်တာက သူတို့နှစ်ယောက်လုံးကို ဖတ်ခွင့်မပြုထားပေ။

ဇာတ်ညွှန်းကိုစူးစိုက်ကာဖတ်ရင်း ရှောင်းကျန့်၏စိတ်အာရုံအလုံးစုံက ဇာတ်ကြောင်းထဲမှာ မျောပါသွားရသည်။ သူသရုပ်ဆောင်ရမည့် ဇာတ်ကောင်အမည်က ပိုင်စစ်ယွမ်ဖြစ်ပြီး နောက်ထပ်အမည်တစ်မျိုးက မုရှောင်ချင်း ဖြစ်သည်။

ပိုင်စစ်ယွမ်က broken family မှ ဆင်းသက်လာသူဖြစ်ပြီး မုရှောင်ချင်းဆိုတာကတော့ လျှို့၀ှက်လှုပ်ရှားသည့် တာ၀န်တစ်ခုမှ အမည်ဖြစ်သည်။

ပိုင်စစ်ယွမ်လေး ငယ်စဉ်မှာပင် မိခင်ကအိမ်ပေါ်ကဆင်းသွားခဲ့သလို ဖခင်ကလည်း သူ့ကိုဂရုစိုက်လှသည်မဟုတ်ပေ။ အဲဒီ့နောက် အကြွေးပတ်လည်၀ိုင်းကာ ဒုက္ခများလာသောဖခင်ဖြစ်သူက အကြွေးမဆပ်နိုင်တော့သည့်နောက်ဆုံး သူ့ကိုကြေးစားဂိုဏ်းတစ်ခုသို့ ထိုးပေးလိုက်တော့သည်။

ထိုအချိန်မှစ၍ သူ့ဘ၀ကခက်ခဲကြမ်းတမ်းခဲ့တာဖြစ်သည်။ ပညာကိုကြိုးစားပမ်းစား သင်ယူရမည့်အရွယ်တွင် လူသတ်လက်နက်အမျိုးစုံကိုင်ကာ လေ့ကျင့်ရသည်။

သေစာရှင်စာအဖြစ်၎င်း၊ နောင်လိုအပ်ချိန်မှာ အသုံး၀င်လာနိုင်စေရန်၎င်း ကျောင်းထားပေးသည်ဆိုသော်လည်း ကျောင်းကပြန်လာသည်နှင့် ကျောင်းစာမလုပ်ရ၊ အနားမယူရဘဲ အခြားကလေးတွေနှင့် တိုက်ခိုက်သတ်ပုတ်ရသည်။

ခေါင်းဆောင်စိတ်ကျေနပ်လျှင် ကျောင်းစာလုပ်ဖို့အချိန်များများရသလို စိတ်မကျေနပ်လျှင်တော့ ငရဲဘုံနှင့်မခြားအနှိပ်စက်ခံရသည်။

ထိုသို့သော ဘ၀မှာကျင်လည်ရင်း သူအရွယ်ရောက်လာခဲ့သည်။ အားကိုးရသောအဖွဲ့၀င်တစ်ယောက်ဖြစ်လာခဲ့သလို သေနတ်နှင့်ဓားသာမက လက်နက်မျိုးစုံ၌လည်း ကျွမ်းကျင်နေခဲ့လေပြီ။

တစ်နေ့မှာတော့ သူတို့ခေါင်းဆောင်က တာ၀န်တစ်ခုပေးလာသည်။ ထိုအရာကတော့ သူတို့ဒေသကို ပြောင်းရွှေ့လာသည့် အရာရှိတစ်ဦးကို လုပ်ကြံရန်ဖြစ်သည်။

ထိုအရာရှိက သူတို့အလုပ်တွေကို ၀င်ရောက်နှောင့်ယှက်နေသည့်အတွက် သူတို့လူတွေ အဖမ်းခံရသည်။ သူတို့အဖွဲ့ထဲကိုလည်း သူလျှိုထည့်ထားရာမှာ အသိမြန်တာကြောင့် ချက်ချင်းရှင်းပစ်နိုင်ခဲ့သည်။

ထို့ကြောင့် ထိုအရာရှိကို အနီးကပ်နေပြီးသတ်ပစ်ရန် ခေါင်းဆောင်ဖြစ်သူက အားအကိုးရဆုံးညာလက်ရုံးဖြစ်သည့် သူ့ကိုတာ၀န်ပေးတာဖြစ်သည်။ သူလည်း ထိုအရာရှိကိုသတ်ရန် မလွယ်ကူမှန်းသိတာကြောင့် မိသားစုကိုအရင်ဆုံးချဉ်းကပ်ဖို့ ကြံစည်ရသည်။

ထိုအရာရှိတွင် ညီတစ်ယောက်နှင့် ညီမတစ်ယောက်ရှိပြီး အထက်တန်းတက်နေကြသည်မို့ ပိုင်စစ်ယွမ်ဟာ ထိုမောင်နှမကို ချဉ်းကပ်ရန် နည်းလမ်းကိုရှာဖွေနေစဉ်မှာပင် မုရှောင်ချင်းဆိုသော ထိုကလေးနှစ်ယောက်ရှိရာကျောင်းကို အသစ်ပြောင်းရွှေ့လာမည့် အထက်တန်းဆရာတစ်ယောက်ကို တွေ့ခဲ့သည်။

ဒါကြောင့် ထိုဆရာအကြောင်း စုံစမ်းပြီးနောက် ပြန်ပေးဆွဲကာသတ်ပစ်လိုက်ပြီး ထိုသူ၏အမည်ဖြင့် ကျောင်းသို့၀င်ရောက်ခဲ့သည်။

အဆင်ပြေသွားသည်မှာ ထိုဆရာကမိသားစုမရှိသော တစ်ကိုယ်တည်းသမားဖြစ်နေခြင်းပင်။ ပိုင်စစ်ယွမ်တစ်ယောက် မုရှောင်ချင်းဟန်ဆောင်ကာနေထိုင်ရင်း တစ်နေ့မှာတော့ ဒုက္ခရောက်နေသော အရာရှိ၏ညီမဖြစ်သူ ကျောင်းသူမလေးကိုကယ်တင်ခဲ့ရာမှ သူမ၏မိသားစုနှင့် သိခွင့်၊ ခင်မင်ခွင့်ရခဲ့သည်။

နောက်ပိုင်းမှာတော့ လူမှန်းသိတတ်စအရွယ်ကတည်းက မိဘမေတ္တာငတ်ခဲ့ရသော ပိုင်စစ်ယွမ်တစ်ယောက် မိသားစုလိုနွေးထွေးမှုကိုပေးစွမ်းသော ထိုအရာရှိ၏မိသားစုကို သံယောဇဉ်တွယ်မိလာတော့သည်။

အရာရှိနှင့်သူ့မိခင်က အမှန်တော့ သွေးသားမတော်စပ်ပေ။ ထိုအမျိုးသမီးက သူ့ဖခင်၏ ဒုတိယအိမ်ထောင်သာ ဖြစ်သည်။ သို့သော်လည်း သူမကသားအရင်းကိုရော ခင်ပွန်းဘက်မှ ကလေးနှစ်ယောက်ကိုရော မျှတစွာဆက်ဆံတာကြောင့် မိခင်အဖြစ်အသိအမှတ်ပြုခဲ့တာဖြစ်သည်။

ပိုင်စစ်ယွမ်တစ်ယောက် ထိုအရာရှိကို သတ်ရမှာ မလုပ်ရက်ဖြစ်နေချိန်မှာပင် ထိုအမျိုးသမီးက သူ့မိခင်ဖြစ်နေကြောင်း သိလိုက်ရသည်။

သည်လိုနှင့် ပိုင်စစ်ယွမ်တစ်ယောက် မိခင်၏လက်ရှိမိသားစုနှင့် သူ၏တာ၀န်အကြား ေ၀ခွဲမရဖြင့်ဗျာများခဲ့ရပြီး နောက်ဆုံးမှာတော့ မိသားစုကိုသာ သူရွေးချယ်ခဲ့လေသည်။

ဇာတ်လမ်းအမျိုးအစားက ပုံမှန်သမီးရည်းစား သုံးပွင့်ဆိုင် romantic ဇာတ်လမ်းမျိုးမဟုတ်ဘဲ အခက်အခဲတွေ၊ ကြမ်းတမ်းမှုတွေကြားက bromance ဇာတ်လမ်းတစ်ပုဒ်  ဖြစ်သည်။

အခန်းစုံအောင် ပြည့်ပြည့်စုံစုံဖတ်ကြည့်ပြီးချိန်မှာတော့ ရှောင်းကျန့်သိလိုက်လေပြီ။ ဒါက bromance အယောင်ပြပြီး အစိုးရကို အရူးလုပ်ထားတာပဲ။ ဝါး... ဒီစာရေးဆရာမဟာလေ...။

ရှောင်းကျန့်၏ အတွေးတို့ပင်မဆုံးသေး ဖုန်းမှသံမြည်လာတာကြောင့် အတွေးစတို့ပြတ်သွားရသည်။ လက်ထဲမှ ဇာတ်ညွှန်းစာအုပ်ကို ဘေးမှာချလိုက်ပြီး စားပွဲပေါ်မှ ဖုန်းကိုလှမ်းယူလိုက်သည်။

"၉နာရီထိုးပြီပဲ"phone alarm ကိုပြန်ပိတ်ပြီးနောက် ရေချိုးဖို့ပြင်ရသည်။ နေ့လည်(၁၁)နာရီမှာ မဂ္ဂဇင်းတစ်ခု၏ မျက်နှာဖုံးဓာတ်ပုံအတွက် ရိုက်ကူးရေးရှိသည်။


ပြီးလျှင်လည်း ၀မ်ရိပေါ်နှင့်ကိုယ်ခံပညာများလေ့ကျင့်ရဦးမည်။ ကိုယ်ခံပညာဆိုကာမှ သတိရမိပြန်သည်။ ဒါရိုက်တာကြီး၏ ညွှန်ကြားချက်အရ ဇာတ်လမ်းအတွက် ကိုယ်ခံပညာသင်တန်းတက်ရမည်ဟု ရိပေါ်ပြောစဉ်က သင်တန်းတစ်ခုခုဆီသွားကာ လေ့ကျင့်သင်ကြားရမည်ထင်ခဲ့သည်။

သို့သော်လည်း အမှန်တစ်ကယ် အံ့သြရသည်မှာတော့ ရိပေါ်တစ်ယောက် အားကစားစက်မျိုးစုံ၊ လေ့ကျင့်ရေးပစ္စည်းမျိုးစုံကို အမယ်မထပ်အောင် ၀ယ်လာခြင်းကြောင့်သာ ဖြစ်လေတော့သည်။

ထိုနေ့မှစ၍ ရှောင်းကျန့်တစ်ယောက် မနားရတော့ပေ။ သို့သော်လည်း သူကံကောင်းပါသည်။ ရိပေါ်က တစ်ပါးသူကို အရမ်းဂရုစိုက်ပေးတတ်သူဖြစ်သည်။ သူကိုင်ပေါက်ခံရတိုင်း ကျောလည်းနာတဲ့အပြင် အဆူခံရတာကလွဲလို့ပေါ့။

တခြားအချိန်မှာ ဂရုစိုက်ပေးသော်လည်း လေ့ကျင့်ရာမှာတော့ နည်းနည်းကလေးမှ အလျှော့မပေးတတ်သာ သူ့ရဲ့နည်းပြကြီး၀မ်ရိပေါ်ဟာ ကရာတေးမှာ ခါးပတ်နက်ရထားသူပဲ ဖြစ်လေသည်။

အတွေးများကိုလက်စသတ်ရင်း ရှောင်းကျန့်တစ်ယောက် ပါးစပ်ထဲရှိရာ သီချင်းလေးညည်းကာ ရေကိုတစ်၀ကြီးချိုးသည်။ သူပြန်ထွက်လာချိန်မှာတော့ လူခေါ်ဘဲလ်တီးသံကိုကြားလိုက်ရသည်။

ဘယ်သူများလဲဟု တွေးနေစဉ်မှာပင် စားပွဲပေါ်က ဖုန်းကထပ်မြည်လာကြောင့် ကြည့်လိုက်တော့ရိပေါ်ဖြစ်သည်။

"ဝေ... သခင်လေး၀မ် ဘာကိစ္စရှိ..."

"တံခါးလာဖွင့်"

ရှောင်းကျန့်တစ်ယောက် စကားပင်ဆုံးအောင် မပြောရသေးခင်မှာ ရိပေါ်၏အသံသြသြက ဟိန်းခနဲထွက်လာသည်။ ထိုအခါမှပင် လာမဖွင့်မချင်းတီးနေသည့် ထိုဘဲလ်သံ၏တရားခံမှာ ၀မ်ရိပေါ်မှန်းသိရလတော့သည်။

"အာ..... ခဏလေး... ခဏလေးစောင့်"

ဖုန်းချပြီးနောက် ဘီရိုထဲမှအ၀တ်တစ်စုံကို အမြန်ထုတ်ကာ ၀တ်လိုက်ရသည်။ ယောကျ်ားလေးအချင်းချင်းဆိုပေမယ့်လည်း ကိုယ့်အလုပ်ရှင်ဆိုတော့ကာ ခါးမှာတဘတ်လေးပတ်ပြီး ထွက်ကြိုဖို့က မသင့်တော်ဘူးလေနော်။ ဟုတ်တယ်မလား။

::::::::::::::::::::::::::::::

"သခင်လေး၀မ် ဘာအကြောင်းရှိလို့လဲ"

တံခါးဖွင့်ပေးရင်း မေးလိုက်တော့ ပေစောင်းစောင်းအကြည့်တစ်ခုကို ပြန်ရလိုက်သည်။

"အိမ်လာလည်တာလေ ဘာလဲမရဘူးလား"

ရိပေါ်၏အဖြေကြောင့် အနောက်တွင်ပါလာသော ရှောင်ဟိုင်တစ်ယောက် ဇက်ကလေးပါပု၀င်သွားရသည်။ ဒီနားက မိုးလေ၀သအခြေအနေ သိပ်မကောင်းဘူး။

စာချုပ်မှာလက်မှတ်ထိုးပြီးကတည်းက တိုက်ခန်းစီစဉ်ပေးမည်ဆိုတာကို ရှောင်းကျန့်ကလက်မခံဘဲ အစ်ကိုဖြစ်သူနှင့်သာ ဆက်နေနေတာကြောင့် ရိပေါ်မကြည်မလင်ဖြစ်နေတာဖြစ်သည်။

"ရော့...."

ရိပေါ်က ရှောင်းကျန့်၏လက်ထဲသို့ ကားသော့တစ်ခုထည့်ပေးသည်။ ရှောင်းကျန့်မှာတော့ အူကြောင်ကြောင်။

"အရင်ကားက ပြန်ပေးလိုက်ပြီမဟုတ်လား ကားမရှိဘဲ အလုပ်ကိုဘယ်လိုလာမှာလဲ"

ရိပေါ်၏မကြည်မလင်ဖြစ်နေသောအသံကို ရှောင်းကျန့်က အပြုံးဖြင့်သာတုံ့ပြန်လိုက်သည်။ ဘုဆတ်ဆတ်ပြောနေသော်လည်း စိတ်ထဲကပါလို့မဟုတ်ဘူးဆိုတာ သူသိနေပါသည်။

အမှန်အတိုင်းပြောရလျှင် ယခင်စီးနေကျကားက အေဂျင်စီအပိုင်မို့ ပြန်အပ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့်သူ့ဆီမှာ လောလောဆယ် စီးစရာမရှိသေး။

ဖေဖေက ဒီလကုန်လျှင် ၀ယ်ပေးမည်လို့တော့ ပြောထားသည်။ သို့သော်လည်း ယခုအခြေအနေအရဆိုလျှင် ၀ယ်ပေးမှာတောင် စောင့်နေစရာမလိုတော့ပေ။

ရှောင်ဟိုင်က သူ့လက်ထဲမှ တစ်စုံတစ်ရာကို လှမ်းပေးတာကြောင့် ရှောင်းကျန့်ယူကြည့်လိုက်တော့ ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်ဖြစ်နေသည်။ ရိပေါ်က သူ့ကားကို ပေးနေခြင်းလား။ ရှောင်းကျန့်အံ့သြပြီးရင်း အံ့သြရပြန်သည်။

"ပိုက်ဆံက ဘယ်လိုပြန်ပေးရမှာလဲ ကျွန်တော့်အနုပညာကြေးထဲက နှုတ်မှာလား"

"ဘယ်သူက ပြန်တောင်းနေလို့လဲ"

ရှောင်းကျန့်ကလက်မှတ်ထိုးနေရင်း မေးလိုက်တာဖြစ်ပြီး ရိပေါ်၏အဖြေကြောင့် အံ့သြသွားရပြန်သည်။ ဖေဖေက ၀ယ်ပေးမည်ပြောထားတာကြောင့် တစ်ခါတည်းပေးရမည်ဆိုလျှင် မုန့်ဖိုးလှမ်းတောင်းမလို့ဖြစ်သည်။

အနုပညာကြေးတွေ ရှိတယ်ဆိုပေမယ့်လည်း ၀ယ်ပေးမဲ့သူရှိတော့ မကုန်တော့ဘူးမဟုတ်လား။ ယခုတော့ ၀ယ်ပေးသူက ၀မ်ရိပေါ်ဖြစ်နေသည်။

"ဘာလို့လဲ"

"ချင်းရိအေဂျင်စီနဲ့ပထမဆုံး စာချုပ်ချုပ်တဲ့ အနုပညာရှင်အတွက် အထူးခံစားခွင့်"

သြော်... အင်း။ ဆီလျော်လိုက်တာ။ ရှောင်းကျန့် ထိုသို့သာတွေးလိုက်တော့သည်။ ဒါက.... ခံစားခွင့်ဆိုတာထက် သကြားဖေဖေကြီးနဲ့ နည်းနည်းလေး ပိုပြီးတူနေသလားလို့။

တွေးချင်ရာတွေးမိပြီးမှကြောင်အမ်းသွားရသည်။ ၀မ်ရိပေါ်က သကြားဖေဖေဆိုရင် သူက... သူကအခု ဘာဖြစ်သွားပြီလဲဟင်။

ရိပေါ်ကတော့ ရှောင်းကျန့်၏အတွေးတို့ကိုမသိပေ။ ဧည့်ခန်းနံရံမှာချိတ်ထားသော ပန်းချီကားဆီသို့သာ လျှောက်သွားလေသည်။

"ကိုယ်ပေးထားတဲ့ ပန်းချီကားလေးပဲ"

ရိပေါ်က ပန်းချီကားလေးကို လက်ဖြင့်တို့ထိရင်း နှုတ်ခမ်းပါးက တဖြည်းဖြည်းပြုံးယောင်သမ်းလာသည်။ ရှောင်းကျန့်လည်း ရိပေါ်၏ဘေးမှာ ရပ်လိုက်သည်။

"မင်းသိလား... လူတစ်ယောက်က တစ်ချိန်လုံး အနားမှာအတူတူ ရှိနေခဲ့တဲ့သူက သူလေးစားအားကျရတဲ့ သူရဲကောင်းဖြစ်နေတာကို မထင်မှတ်ဘဲသိလိုက်ရတဲ့အချိန်မှာ ဘယ်လိုခံစားရမလဲဆိုတာကိုလေ"

"အင်း... အရမ်းပျော်သွားမယ်ထင်တယ်"

"ဟင့်အင်း... ကန့်သတ်မှုဘောင်တွေကြားက အချစ်ပုံပြင်လေးက သိပ်ပြီး၀မ်းနည်းဖို့ကောင်းခဲ့တယ်"ရိပေါ်ဘာတွေပြောနေတာလည်း ရှောင်းကျန့် နားမလည်ပေ။ ဖြစ်နိုင်သည်က ဒီပန်းချီကား၏ နောက်ခံဇာတ်ကြောင်းများလား။ ပန်းချီဆရာကရော ဘယ်သူပါလိမ့်။ မဟုတ်မှ...

"လှတယ်မလား ကိုယ်တိုင်ဆွဲထားတာ"

ရှောင်းကျန့်၏ အတွေးပင်မဆုံးလိုက်ပါချေ။ အံ့သြကာလှည့်ကြည့်တော့ ရိပေါ်ကရယ်သည်။ အံ့အားသင့်သွားတဲ့အချိန်မျိုးဆိုရင် သူဟာသိပ်ကိုချစ်စရာကောင်းတယ်ဆိုတာ သိမှသိပါလေစ။

:::::::::::::::::::::::::::::::

ယောကျ်ားလေးတစ်ယောက်ကို သိပ်လှတယ်ဟူသော အသုံးအနှုန်းဖြင့် ခိုင်းနှိုင်းသင့်ပါရဲ့လား သူမသိပေ။ သို့သော်လည်း သည်လူသားလေးကတော့ သူ့မျက်လုံးထဲတွင် ခန့်ငြားသည်ဆိုတာထက်ကို လှနေတာဖြစ်သည်။

ကြည့်ပါဦး။ ကင်မရာမီးရောင်အောက်မှာ ဘယ်လောက်တောင် နုဖတ်ပြီးလှရက်နေလိုက်သလဲ။ ရယ်လိုက်တိုင်း ပေါ်လာတတ်သောရှေ့သွားလေးနှစ်ချောင်းရယ်၊ မနာလိုစရာကောင်းလောက်အောင် နှုတ်ခမ်းအောက်နားလေးမှာ နေရာယူခွင့်ရထားတဲ့ မှဲ့နက်လေးနဲ့ချစ်ရသူဟာ ဘယ်လောက်တောင်မှ ပြီးပြည့်စုံလိုက်ပါသလဲ။

လှုပ်ရှားမှုသေးသေးလေးတွေကအစ ချစ်သောမျက်စိဖြင့် ကြည့်သည့်အခါ သိပ်ကိုဂန္တ၀င်ဆန်နေလေသည်။ နှစ်ဘ၀တိုင်တိုင် ကွဲကွာခဲ့ကြသည်မို့ ဒီဘ၀မှာတော့ နည်းနည်းကလေးမှ အဆုံးရှုံးမခံနိုင်တော့ပေ။

ရိပေါ်ငေးမိနေစဉ်မှာပင် ရှောင်းကျန့်ကဓာတ်ပုံရိုက်လို့ပြီးသွားပြီမို့ သူ့အနားကိုလျှောက်လာသည်။ သို့သော်လည်း ရိပေါ်တစ်ယောက်မှာတော့ အတွေးပင်လယ်ထဲနစ်မြုပ်နေဆဲမို့ ဘေးမှရှောင်ဟိုင်က လက်တို့ကာသတိပေးရသည်။ ကျင်းဖန်ကတော့ ပြုံး၍သာကြည့်နေလေသည်။

"ပြီးသွားပြီလား"

"အင်းပြီးပြီ... "

ရှောင်းကျန့်ခေါင်းညိတ်ပြရင်း လက်မှနာရီကိုကြည့်လိုက်သည်။ ထိုစဉ်မှာပင် ကြားလိုက်ရသည်က တစ်စုံတစ်ယောက်ထံမှ ဂွီခနဲဆန္ဒပြသံ။

"အာ... အချိန်တွေမနည်းတော့ဘူးပဲ သခင်လေး၀မ်... ဗိုက်ဆာနေပြီလား"

ရိပေါ်ကခေါင်းခါပြပြီး ရှောင်ဟိုင့်ဆီမေးဆတ်ပြသည်။ ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ ရှောင်ဟိုင်က သူ့ဗိုက်ကိုပွတ်လျက် စပ်ဖြီးဖြီးကလေးရယ်နေလေသည်။

"အစ်ကိုကြီးမဟုတ်ဘူး ကျွန်တော့်ဆီက"

ရှောင်းကျန့်လည်း သဘောတကျရယ်မောရင်း ရှောင်ဟိုင်၏ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးလိုက်မိတော့သည်။ dating rumor ကြောင့် ရိပေါ်၏တိုက်ခန်းတွင် နေခဲ့သည်က ရက်ပိုင်းမှျှသာဆိုသော်လည်း ရှောင်ဟိုင်၏ ကလေးဆန်မှုတို့နှင့် ရေင်းနှီးသည်ဆိုတာထက်ပင် အသားကျသွားခဲ့သည်။

"ကျန့်ကျန့်.... သွားမယ်လာ မြန်မြန်လေး ဗိုက်ဆာနေပြီ"

ရှောင်ဟိုင်ကသူ့လက်ကိုဆွဲကာ ရှေ့မှခပ်သွက်သွက် လျှောက်သွားသည်မို့ ရှောင်းကျန့်လည်း ခပ်မြန်မြန်ပင်အမှီလိုက်ကာလျှောက်ရတော့သည်။

ကျင်းဖန်နှင့်ရိပေါ်ကတော့ အပြုံးမပျက် သူတို့အနောက်မှ ပုံမှန်သာလိုက်လာကြသည်။ လွန်ခဲ့သောရက်ပိုင်းက ရှောင်းကျန့်နှင့် I & Kတို့၏ စာချုပ်ကိစ္စပြီးသွားသည်နှင့် ကျင်းဖန်လည်း အလုပ်ထွက်ခဲ့သည်။

ရှောင်းကျန့်နှင့် အတူပါလာသည်ဆိုသော်လည်း ရိပေါ်ကချင်းရိအေဂျင်စီ၏ ၀န်ထမ်းတစ်ယောက်အဖြစ် တရား၀င်ခန့်ထားပေးပြီး I & K တုန်းကထက် လစာနှုန်းထားကိုလည်းပိုပေးရန်သတ်မှတ်လိုက်သည်။

ရှောင်းကျန့်ကို သူပြန်မတွေ့ခင်အချိန်ကတည်းက ညီငယ်တစ်ယောက်လို ဂရုစိုက်ပေးခဲ့သူပင်မဟုတ်ပါလား။ I & Kမှ ၀န်ထမ်းဖြစ်နေခဲ့သည့်တိုင် သစ္စာရှိစွာပင်ရှောင်းကျန့်နှင့်အတူထွက်လာခဲ့သူဖြစ်သည်။

လက်ထောက်အတွက်ကိုတော့ ရှောင်းကျန့်ကရှောင်ဟိုင့်ကိုသာ အကူအညီတောင်းခဲ့သည်။ သို့သော်လည်း သိပ်ပြီးအကူအညီရလှသည်တော့မဟုတ်။

တစ်ကယ်အလုပ်လုပ်ရသည်က ယခင်ကအတိုင်း ကျင်းဖန်သာဖြစ်သည်။ ရှောင်ဟိုင်ကတော့ အမည်ခံသက်သက်သာ။ ကားပါကင်ရောက်တော့ ကျင်းဖန်ကသူတို့ကိုနှုတ်ဆက်ကာ ပြန်သွားလေသည်။

နေ့လယ်စာအတူစားရန် ခေါ်ချင်သော်လည်း နေမကောင်းသည့် အဘွားဖြစ်သူကို ပြုစုရဦးမည်မို့ ရိပေါ်လည်းခွင့်ပြုပေးလိုက်သည်။

သူကားဆီကုရောက်လာတော့ ရှောင်းကျန့်တို့ နှစ်ဦးစလုံးကားဘေး၌ရပ်ကာ စောင့်နေကြသည်။ ရိပေါ်က ကားတံခါးကို remoteဖြင့် ဖွင့်ပြီးသည်နှင့် အနောက်ခန်းဆိုဖာပေါ် ဆန့်ဆန့်ကြီး တက်အိပ်ပစ်သည်က ရှောင်ဟိုင်။

"ဗိုက်ဆာလို့ အူတွေခွေကုန်ပြီ မထိုင်နိုင်တော့ဘူး အိပ်ပြီးလိုက်မှရတော့မယ် အဲဒါကြောင့် ကျန့်ကျန့်ကအစ်ကိုကြီးနဲ့အတူတူ အရှေ့ခန်းမှာပဲ ထိုင်တော့နော်"

သူတို့နှစ်ယောက်ကို အရောက်ပို့ပေးနေသောရှောင်ဟိုင်ကြောင့် ရိပေါ်မှာပြုံးစေ့စေ့ဖြစ်သွားရသည်။ သို့သော်လည်း ရှောင်းကျန့်ရိပ်မိမှာစိုးတာကြောင့် ဘာမှမဖြစ်ဟန်သာဆောင်နေလိုက်သည်။

:::::::::::::::::::::::::::::::