အခန်း ၁၂ အစ်ကို့မေတ္တာတွေကြောင့်......
Viewers 3k

အခန်း ၁၂။ အစ်ကို့မေတ္တာတွေကြောင့်...


Love Knot series အတွက် ရိုက်ကူးရေးမစတင်ခင် နှစ်ရက်အလိုမှာ သတင်းစာရှင်းလင်းပွဲကို ကျင်းပသည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူက ဇာတ်ကားတွင်ပါ၀င်မည့်အကြောင်းအရာတစ်ချို့ကို မီဒီယာထံသို့ရှင်းလင်းပြောကြားသည်။

မူရင်း၀တ္တုကလည်း ပရိတ်သတ်များအကြား နာမည်ရပြီးသားမို့ စိမ်းသက်နေခြင်းတော့မရှိပေ။ သို့သော်လည်း version ပြောင်းထားတာမို့ ရုပ်ရှင်ချစ်ပရိတ်သတ်တို့၏ အာရုံစိုက်ခြင်းကိုတော့ ခံနေရဆဲဖြစ်သည်။

"ရှောင်းကျန့်အနေနဲ့ နာမည်ကြီးဒါရိုက်တာတစ်ယောက်နဲ့ ပထမဆုံးတွဲပြီးရိုက်ရတာဆိုတော့ စိတ်လှုပ်ရှားတာမျိုးမဖြစ်ဘူးလား ပြီးတော့ မူရင်းဇာတ်လမ်းက BLဆိုတာလည်း သိပြီးလောက်ပြီလို့ထင်ပါတယ် ဒီတော့ ဘယ်လိုခံစားရလဲ သရုပ်ဆောင်ရမှာ အဆင်ပြေနိုင်မယ်လို့ထင်လား"

"မူရင်း၀တ္တုက BL ပေမယ့် ကျွန်တော်တို့ ရိုက်ကူးမဲ့ဇာတ်လမ်းက bromanceမို့ ကျွန်တော့်အတွက်ကတော့ အဆင်ပြေပါတယ်"

သတင်းထောက်၏မေးခွန်းကို ရှောင်းကျန့်ဟာ အတတ်နိုင်ဆုံး သတိထားကာဖြေလိုက်သည်။ တစ်ဆက်တည်း သူတို့ရိုက်ကူးမှာက BL မဟုတ်ကြောင်းကိုလည်း သိစေလိုက်သည်။

"ရိပေါ်ကရော အနုပညာလမ်းကြောင်းအတွက် ပထမဆုံးခြေလှမ်းမှာ ကိုယ့်idol နဲ့အတူတွဲပြီး သရုပ်ဆောင်ရမယ်ဆိုတော့ ဘယ်လိုခံစားရလဲရှင့်"

"ကျွန်တော့်အတွက်ပထမဆုံးဆိုတော့ နည်းနည်းတော့စိုးရိမ်စိတ်ရှိတာပေါ့ ဒါပေမဲ့ ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ"

ထို့နောက် မေးခွန်းအနည်းငယ် ထပ်မံအမေးအဖြေလုပ်ကြပြီးနောက်မှာ သတင်းစာရှင်းလင်းပွဲက ပြီးဆုံးသွားခဲ့သည်။

ပွဲပြီးသွားသည့်နောက် ဒါရိုက်တာဖူကျင်းယန်က ရိုက်ကူးရေးတွင်ပါ၀င်မည့် လူအားလုံးအတွက်ပါတီပေးသည်။ ဖိတ်ကြားခံရသော ရုပ်ရှင်လောကမှ အခြားရင်းနှီးသူများလည်း ပါတီပွဲကိုတက်ရောက်ကြလေသည်။

ပျော်ပျော်ပါးပါး စားသောက်ကြ၊ စကားပြောကာ ရင်းနှီးမှုယူကြသည်။ သို့မှသာ ရိုက်ကူးရေးလုပ်ရာတွင် အထောက်အကူများစွာ ရရှိမည်မဟုတ်ပါလား။

ရိုက်ကူးရေးမစတင်ခင်ကတည်းက တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးရန်နှင့် နားလည်မှုတည်ဆောက်ရန်က ပါတီ၏ရယ်ရွယ်ချက်ပင်ဖြစ်လေသည်။

::::::::::::::::::::::::::::::

[Love Knot, ရိုက်ကူးရေး သုံးရက်မြောက်နေ့]

လျှပ်စစ်မီးရောင်များ ထိန်ထိန်လင်းနေသောမြေအောက်ခန်းတစ်ခု။ တစ်နည်းအားဖြင့် 'နှင်းဆီနက်'ဂိုဏ်း၏ သေနတ်ပစ်လေ့ကျင့်ရာလျှို့၀ှက်ခန်း။

ဂိုဏ်း၏တည်နေရာက မြို့နှင့်ဝေးကွာလွန်းသော နေရာတစ်ခုမှာဖြစ်ပြီး ခေါင်းဆောင်၏ အမြော်အမြင်ရှိစွာ ဖွဲ့စည်းထားမှုကြောင့် အစိုးရဘက်မှ မည်သို့ပင်ရှာပါစေ။ ယခုအချိန်ထိ သူတို့ရဲ့တည်နေရာကို မတွေ့ရှိသေးပေ။

"ဒိုင်း... ဒိုင်း... ဒိုင်း...ဒိုင်း....."

တိတ်ဆိတ်နေသောအခန်းထဲတွင် သေနတ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ အသံနှင့်အတူ ပြောင်း၀မှထွက်သွားသော ကျည်ဆံတို့သည်လည်း အရှေ့မှစက္ကူလူရုပ်ပစ်မှတ်ဆီ ပြေး၀င်သွားကြသည်။

ကျည်ဆံဖောက်ထွက်သွားရာ နေရာအားလုံးက တိကျစွာပင် သေကွင်းသေကွက်တွေချည်းသာ။

ပိုင်စစ်ယွမ်၏ နှုတ်ခမ်းထောင့်စွန်းလေး အထက်သို့ အနည်းငယ်မျှ ကွေးတက်သွားရပြီးနောက် တပ်ထားသောနားကြပ်နှင့် မျက်မှန်ကိုဖြုတ်လိုက်သည်။ ထိုအချိန်မှာပင် အနောက်နားမှာရပ်နေသူက ပြောလာသည်။

"ခေါင်းဆောင်က ညာလက်ရုံးကို လေ့ကျင့်တာပြီးရင် သူနဲ့လာတွေ့ဖို့ ပြောထားပါတယ်"

"အင်း ငါသွားလိုက်မယ်"

ပိုင်စစ်ယွမ်ပြောပြီးသည်နှင့် သေနတ်ကိုသိမ်းကာ ထိုနေရာမှထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒါရိုက်တာ၏ "ok cut" ဟူသော အသံသည်လည်း ထွက်လာလေသည်။

"ဒါရိုက်တာကြီး အဆင်ပြေရဲ့လား"

ရှောင်းကျန့်မေးလိုက်တော့ ဖူကျင်းယန်က လက်မထောင်ပြသည်။ ရှောင်းကျန့်လည်း ထိုအခါမှ သက်ပြင်းချရသည်။ ရှေ့ရက်တွေတုန်းက ဒါရိုက်တာစိတ်တိုင်းမကျတာကြောင့် ခဏခဏပြန်ရိုက်ခဲ့ရသည်။

စိတ်တိုင်းမကျ ဖြစ်သည်ဆိုတာကလည်း အခြားမဟုတ်။ တိုက်ခိုက်သတ်ပုတ်ရသည့် scene တွေဖြစ်သည်။ လူအစားသွင်းကာ ရိုက်ကူးခြင်းမဟုတ်ဘဲ သူကိုယ်တိုင်တိုက်ခိုက်ရသည်မို့ အတော်လေးပင်ပန်းသည်။

ဟိုးယခင်ရက်တွေကတည်းက နည်းနည်းကလေးမှအလျှော့မပေးဘဲ လေ့ကျင့်ပေးခဲ့သောရိပေါ်ကြောင့်သာ သည်လိုပင်ပန်းမှုကိုခံနိုင်ရည်ရှိနေတာဖြစ်သည်။

"နောက်scene အတွက် နေရာရွှေ့မယ်"

ဒါရိုက်တာ၏စကားအဆုံးမှာ စက်အဖွဲ့သားများက နေရာရွှေ့ရန်ပြင်ဆင်ကြသည်။ ရှောင်းကျန့်ကတော့ ရိပေါ်နှင့်ကျင်းဖန်တို့ရှိရာသို့ လျှောက်လာခဲ့လေသည်။

"ပျင်းနေပြီလား သခင်လေး၀မ်"

ရှောင်းကျန့်၏အမေးကို ရိပေါ်ကခေါင်းခါပြကာဖြေသည်။ တစ်ကယ်ဆို ဒီရက်တွေထဲ ရိပေါ်ရိုက်ရမည့်အခန်းမပါသေးပေ။

ရှောင်းကျန့်ရိုက်ရမည့်အခန်းတွေချည်းမို့ မလာလျှင်ရသည်ဆိုသော်လည်း ရိပေါ်ကပညာရတာပေါ့ဆိုကာ လိုက်လာခြင်းဖြစ်သည်။

"နောက်sceneက ခေါင်းဆောင်နဲ့ တွေ့ရမဲ့အခန်းလား"

"အင်း..... မင်းကိုသတ်ဖို့ မစ်ရှင်သွားယူရမှာ"

ရှောင်းကျန့်ပြန်ဖြေရင်း နတ်ဆိုးဆန်ဆန်ပြုံးပြတော့ ရိပေါ်က ကြောက်လန့်တကြားဖြစ်သွားဟန် လုပ်ပြလေသည်။ ထို့နောက်မှာတော့ နှစ်ဦးသားမနေနိုင်ဘဲ ရယ်မိကြတော့သည်။တစ်ကယ်တမ်း ရှောင်းကျန့်က ရိပေါ်နှင့်စသိကာစ အချိန်တုန်းကဆိုလျှင် နည်းနည်းတော့ရှိန်ခဲ့ဖူးသည်။ ချင်းရိအုပ်စုရဲ့ ရှယ်ယာစာရင်းမှာ ထိပ်ဆုံးငါးဦး၀င်ဆိုသည်က ကြားရုံနဲ့တင် ဖြုံလောက်သည်မဟုတ်ပါလား။


သို့သော်လည်း ရင်းနှီးသွားသည့်အခါမှာတော့ ရိပေါ်ကမာန်မာနကြီးသူမဟုတ်ဘဲ စိတ်သဘောထားဖြူစင်သူမှန်း ပိုပြီးသိလာရသည်။

"သွားရအောင် နောက်scene အတွက် နေရာရွှေ့ရမှာမဟုတ်လား ကျန့်ကျန့်"

"ဟုတ်တယ်အစ်ကို"

ကျင်းဖန်၏မေးခွန်းကို ရှောင်းကျန့်ခေါင်းညိတ်ပြတော့ ရိပေါ်ကပစ္စည်းများကို ကူသိမ်းပေးသည်။ ထို့နောက်သုံးဦးသား ထိုနေရာမှ ထွက်လာခဲ့ကြလေသည်။

::::::::::::::::::::::::::::::

"အား... ညောင်းလိုက်တာ"

အိမ်ပြန်ရောက်သည်နှင့် ဧည့်ခန်းဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချရင်း ညည်းညူနေသော ညီဖြစ်သူအတွက် ထျန်းယွီကရေအေးအေးတစ်ခွက် ယူလာပေးသည်။ ရှောင်းကျန့်လည်း ရေခွက်ကိုယူကာ တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။

"အား... ရင်ထဲကို အေးသွားတာပဲ အစ်ကို့မေတ္တာတွေ ပါလို့နေမှာ"

"သေချာတာပေါ့"

ရှောင်းကျန့်၏ စနောက်ကျီစယ်မှုကို ထျန်းယွီက ရယ်မောရင်းထောက်ခံသည်။

"သုံးရက်ထဲရှိသေးတာကို ပင်ပန်းနေပြီလား"

"ဟဲဟဲ မပင်ပန်းပါဘူးအစ်ကိုရ ဒီလိုပဲပေါ့ ကျွန်တော်နားလိုက်ဦးမယ်"

"အင်း... လန်းသွားအောင် ရေချိုးလိုက်ဦး အစ်ကိုညနေစာပြင်ထားမယ်"

"ဟုတ်ကဲ့အစ်ကို"

ရှောင်းကျန့်က အစ်ကိုဖြစ်သူကို နောက်ပြန်လက်ပြရင်း သူ့အခန်းရှိရာသို့ လျှောက်လာလိုက်သည်။ အခန်းထဲရောက်တော့ လက်ထဲမှပစ္စည်းများကို စားပွဲပုလေးပေါ်တင်လိုက်ပြီးနောက် ခြေအိတ်ကိုချွတ်ကာ ကုတင်ပေါ်မှာပစ်လှဲလိုက်တော့သည်။

"အား... အခုမှ အညောင်းပြေသွားတော့တယ် သခင်လေး၀မ်ရော ပြန်ရောက်...."

ရှောင်းကျန့်၏စကားပင် မဆုံးလိုက်။ ဘောင်းဘီအိတ်ထဲမှ ဖုန်းကတုန်ခါလာတော့သည်။ သူထင်သည့်အတိုင်းပင် ဖုန်းခေါ်သူက ရိပေါ်ပင်ဖြစ်သည်။

"ေ၀... သခင်လေး၀မ် ပြန်ရောက်ပြီလား"

"အင်း... မင်းရော"

"အခုပဲပြန်ရောက်တာ... ဒါနဲ့ မနက်ဖြန်ရော ရိုက်ကွင်းလာဦးမှာလား"

"အင်း... ကိုယ့်၀န်ထမ်းလေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို လာကြည့်ရမှာပေါ့ ဘာလဲ မလာရဘူးလား"

"အယ်... မဟုတ်ပါဘူး"

"ဒါဆိုနားလိုက်ဦး... ရေချိုးရင်ခေါင်းမစိုစေနဲ့ နွေးနွေးထွေးထွေးနေ ဖုန်းချလိုက်တော့မယ်"

"အင်း... သခင်လေး...."

သခင်လး၀မ်လည်းဂရုစိုက်ဦးဟု ပြောရန်ဟန်ပြင်လိုက်သော ရှောင်းကျန့်တစ်ယောက် စကားပင်မဆုံးလိုက်သေး တစ်ဘက်က ဖုန်းချသွားလေပြီ။

မအားသေးလို့နေမှာဟုတွေးရင်း ရေချိုးဖို့သာ ပြင်ဆင်လိုက်တော့သည်။ ညနေစောင်းနေပြီမို့ ဒီ့ထက်နောက်ကျလျှင် ကျန်းမာရေးအတွက်မကောင်းဘူး မဟုတ်ပါလား။

တစ်ဘက်မှ ရိပေါ်ဖုန်းအမြန်ချလိုက်ရခြင်းမှာ ဘေးမှာထိုင်ရင်းပြုံးစေ့စေ့လုပ်လိုက်၊ နှုတ်ခမ်းကိုရွဲ့ပြလိုက်နှင့် နှောင့်ယှက်နေသော ရှောင်ဟိုင့်ကြောင့်ဆိုသည့် အမှန်တရားကိုတော့ ရှောင်းကျန့်တစ်ယောက် မသိလိုက်တော့ပေ။

::::::::::::::::::::::::::::::

ည၏အလှကို ကောင်းကင်ရှိလမင်းနှင့် ကြယ်တာရာများက အလှတန်ဆာဆင်သကဲ့သို့ ပေကျင်းမြို့၏အလှကိုလည်း လျှပ်စစ်မီးရောင်၊ ကားမီးရောင်တို့က ပံ့ပိုးနေပြန်သည်။

ည၉နာရီကျော်ကျော်ဟူသည် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အလုပ်လုပ်၍ ကောင်းနေဆဲအချိန်ပင် မဟုတ်ပါလား။  လသာဆောင်မှနေ၍ ပေကျင်းမြို့၏ညအလှကို ခံစားနေသူရှောင်းကျန့်... အတန်ကြာနေပြီးကာမှ အေးလာသည်မို့ ဆက်မနေနိုင်တော့ဘဲ အခန်းထဲပြန်၀င်လာခဲ့ရသည်။

လေညှင်းခံချင်သေးသော်လည်း ကျန်းမာရေးကိုလည်း ဂရုစိုက်ရဦးမည်မို့ ဆက်နေ၍မဖြစ်သေးပေ။ ထို့ကြောင့်ပင် ဇာတ်ညွှန်းစာအုပ်ကိုသာ ယူဖတ်လိုက်တော့သည်။

နောက်တစ်နေ့ရိုက်ရမည့် scene က ပိုင်စစ်ယွမ်နှင့် မုရှောင်ချင်းတွေ့မည့်အခန်းဖြစ်သည်။ ပိုင်စစ်ယွမ်တစ်ယောက် ကျင်းယွမ်ရှင်း၏ ညီနှင့်ညီမကိုစောင့်ကြည့်ရန် တပည့်ဖြစ်သူကို စေခိုင်းထားရာမှ မုရှောင်ချင်းကိုရှာတွေ့သည့် အခန်းဖြစ်သည်။

ထို့နောက် မုရှောင်ချင်းကို ပြန်ပေးဆွဲကာသတ်လိုက်ပြီးနောက် ပိုင်စစ်ယွမ်က မုရှောင်ချင်းအဖြစ်ဟန်ဆောင်ကာ ထိုကျောင်းသို့၀င်ခဲ့လေသည်။

ဇာတ်လမ်းအစသာ ရှိသေးသည်မို့ လုပ်ကွက်တော့ များများစားစားမပါသေးပေ။ သို့သော်လည်း သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်လိုလျှင် scene တိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ရမည်မဟုတ်ပါလား။

ရှောင်းကျန့်ဟာ ဇာတ်ကွက်ကို သေသေချာချာဖတ်၊ dialogue တွေ ကျက်ပြီးနောက်မှာတော့ စားပွဲတင်နာရီလေးကို alarm ပေးပြီးနောက် အိပ်ရာ၀င်လိုက်တော့သည်။

::::::::::::::::::::::::::::::

မှိုင်းညို့နေသော တောအုပ်အတွင်း၀ယ် အစာရှာနေကြသော ငှက်ငယ်လေးများ၏ တွန်ကျူးသံတို့က တေးသီကျူးနေသည့်နှယ် သာယာစွာထွက်ပေါ်နေသည်။

တစ်ခါတစ်ရံ တောကောင်များ၏ ဟိန်းဟောက်သံကိုလည်း ကြားနေရသည်။ သစ်ပင်၊ ဝါးပင်တို့ဖြင့် စိမ်းစိုနေသော တောအုပ်မို့ နေရောင်ခြည်ကလည်း မှုန်ပျပျသာ။

ကြားနေရသော တောကောင်များ၏အသံကို အမှုမထားဟန်ရှိနေသူတစ်ယောက်ဟာ ပလိုင်းကိုလွယ်ကာ တောနက်ထဲ တဖြည်းဖြည်း ၀င်လာလေသည်။ ထိုသူကား ရှောင်းကျန့်ပင်။

သွားရင်း၊ နားရင်းဖြင့် သူ့နောက်ကျောတွင် လွယ်ထားသောပလိုင်းအတွင်း၌လည်း ဆေးမြစ်များ၊ ဆေးရွက်များ တဖြည်းဖြည်း များပြားလာလေပြီ။ထို့နောက် သူရေချိုးနေကျ စမ်းချောင်းလေးကိုတွေ့တော့ပြုံးလိုက်ကာ စမ်းချောင်းအစပ်သို့ ဆင်းသွားပြီး ပလိုင်းကိုမြေပြင်ပေါ်ချထားလိုက်သည်။

စမ်းချောင်းအတွင်းရှိရေက ကြည်လင်လှသည်မို့ ဟိုးအောက်ခြေမှာရှိနေသည့် ကျောက်စရစ်ခဲလေးများကိုပင် ထင်ရှားစွာ မြင်နေရသည်။

ရေကိုလက်ခုပ်ဖြင့်ခပ်ယူလိုက်တော့ အေးမြမှုကို ခံစားလိုက်ရသည်။ ရှောင်းကျန့်ပြုံးသွားကာ မျက်နှာနှင့်ခြေလက်တို့ကို ဆေးကြောရန် ဟန်ပြင်လိုက်သည်။

ထိုစဉ်မှာပင် သူ့မသိစိတ်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ ထိုအရာက မိစ္ဆာတွေရဲ့အငွေ့အသက်မို့ ပလိုင်းထဲမှမိစ္ဆာရှာဖွေရေးကိရိယာကို အမြန်ထုတ်ကာကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် ထိုကိရိယာက တစ်နေရာသို့ညွှန်ပြနေတာကြောင့် ပလိုင်းကိုပြန်လွယ်ကာ ညွှန်ပြသည့်ဆီသို့ သတိထားကာ ချဉ်းကပ်လာခဲ့သည်။

ထိုနေရာသို့နီးလာလေ ရှာဖွေရေးကိရိယာ၏ လက်တံက မြန်ဆန်စွာ လှုပ်ရှားလေဖြစ်နေတာကြောင့် သတိကြီးကြီးထားနေရသည်။

ထို့နောက်မှာတော့ မြူခိုးများဆိုင်းနေသော ဝါးရုံတောတစ်ခုအနီးရှိ တိုက်ခိုက်နေသူလေးဦးကို သူမြင်လိုက်ရသည်။ ရှာဖွေရေးကိရိယာမှ ပြသည့်အတိုင်းဆိုလျှင် မိစ္ဆာကထိုအုပ်စုထဲမှာရှိနေသည်။

ရောထွေးနေတာကြောင့် ဘယ်ဟာကလူ၊ ဘယ်ဟာကမိစ္ဆာဆိုတာ သူခွဲခြားမရ။ ထိုစဉ်မှာပင် သူသတိထားလိုက်မိသည်က နှစ်ဘက်ညှပ်ကာ တိုက်ခိုက်ခံနေရသူ၏မျက်နှာ။

ရိပေါ်... မင်းလား။ ရှောင်းကျန့် စိတ်ပူသွားရပြီးနောက် ဆက်မကြည့်နေနိုင်တော့ဘဲ ပလိုင်းထဲမှဓားကိုယူကာ တိုက်ပွဲအတွင်းသို့၀င်ပါရတော့သည်။

တစ်ဘက်မှမိစ္ဆာများသည်လည်း ရှောင်းကျန့်၀င်ပါလာသည်နှင့်တစ်ပြိုင်နက် သူတို့၏မူလပုံစံကိုပြောင်းကာ တိုက်ခိုက်ကြတော့သည်။ ၎င်းတို့ကား အဆိပ်မယ်တစ်ဦးနှင့် မြေခွေးမိစ္ဆာမနှစ်ကောင်ဖြစ်သည်။

"ဟမ့်... မိစ္ဆာတွေ ဒီနေရာအထိ ရောက်လာတယ် တော်တော်သတ္တိရှိနေပါလား"

အော်ဟစ်သံနှင့်တစ်ပြိုင်နက် တိုက်ပွဲထဲသို့ရှောင်းကျန့်၀င်သွားတော့ ရိပေါ်အားတက်သွားရသည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသည်မို့ သူ့မှာလည်း ဒဏ်ရာတော်တော်လေး ရထားခဲ့ပြီဖြစ်သည်။

ရှောင်းကျန့်က ကူညီကာတိုက်ခိုက်ရင်း ရင်ဘတ်အတွင်းမှ မိစ္ဆာဖမ်းကြေးမုံကို လျှပ်တစ်ပြက်ထုတ်လိုက်သည်။

မိစ္ဆာမနှစ်ကောင်လည်း ထိုကြေးမုံကိုမြင်သည်နှင့် အခြေအနေမဟန်မှန်းသိကာထွက်ပြေးဖို့ကြိုးစားတော့သည်။ သို့သော်လည်း လက်တစ်ဝါးသာသာမျှသာရှိသော ထိုကြေးမုံက သူတို့ကိုလွတ်မြောက်ခွင့်မပေးပါချေ။

ရှောင်းကျန့်ကတိုက်ခိုက်နေဆဲ မိစ္ဆာမနှစ်ကောင်ကိုဖမ်းနေချိန်မှာ ခရမ်းရောင်အမှုန့်တစ်မျိုးက မြူခိုးများအကြား လွင့်ပျံ့လာလေသည်။

"အသက်အောင့်ထား"

ရှောင်းကျန့်စိတ်ပူသွားပြီး ရိပေါ်ကိုလှမ်းအော်ကာ သတိပေးလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ထိုအရာတို့က သူ၏အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့၀င်ရောက်သွားလေတော့သည်။

အဆိပ်မယ်ကား လွတ်မြောက်သွားချေပြီ။ ရိပေါ်လည်း အသက်အောင့်ထားရင်းမှ သူ့ကို၀င်ရောက်ကူညီခဲ့သူကိုတွဲကာ မြူခိုးများနှင့်ဝေးရာဆီ ခေါ်ထုတ်ခဲ့ရလေတော့သည်။

မြူခိုးတွေနှင့် ဝေးရာကိုရောက်တော့မှ ထိုသူ့ကို သစ်ပင်တစ်ပင်၌ မှီစေလိုက်သည်။ ထိုအချိန်မှာပင် ရှောင်းကျန့်၏ နှုတ်ခမ်းထောင့်မှ သွေးမည်းတစ်ချို့ စီးကျလာတော့သည်။

"ခင်ဗျား အဆိပ်မိသွားတာလား"

"ရတယ်ဘာမှမဖြစ်ဘူး ဟိုတောစပ်က ဘုရားကျောင်းကိုသာ ခေါ်သွားပေးပါ"

ရှောင်းကျန့်က ဘုရားကျောင်းရှိရာအရပ်ဆီ ညွှန်ပြပြီးသည်နှင့် သူ့ကိုယ်သူအဆိပ်များဆက်မပျံ့စေရန် သွေးကြောတစ်ချို့ကို ပိတ်လိုက်သည်။ ရိပေါ်က သူ့အော်သံကြောင့် အသက်အောင့်မှီလိုက်သော်လည်း သူကတော့ ရှူမိသွားခဲ့တာဖြစ်သည်။

ယခုလို သူ့အခြေအနေနဲ့က တစ်ယောက်တည်း ဘုရားကျောင်းကို မပြန်နိုင်တော့ပေ။ ထို့အပြင် ရိပေါ်၏ကိုယ်ပေါ်မှာလည်း ဒဏ်ရာရထားတာကြောင့် ဆေးကုသနိုင်ရန် လိုက်ပို့ပေးခိုင်းတာဖြစ်သည်။

ရိပေါ်တစ်ယောက် အနီးအနားကို ခေါင်းလှည့်ကြည့်မိတော့ စီးတော်မြင်းကိုမတွေ့။ မိစ္ဆာများနှင့် တိုက်ခိုက်နေစဉ်ကတည်းက လွတ်ရာသို့ ထွက်ပြေးသွားပုံရသည်။ ဒါလည်း ကောင်းပါသည်။ မဟုတ်လျှင် တိုက်ခိုက်နေချိန်မှာ သူ့မြင်းကိုအန္တရာယ်တောထဲမှ ကာကွယ်နိုင်မည်မဟုတ်ပေ။

ရိပေါ် လေတစ်ချက်ချွန်လိုက်တော့ စီးတော်မြင်းက အပြေးရောက်လာသည်။ ေ၀းေ၀းမသွားဘဲ အနီးမှာသာ စောင့်နေခဲ့ပုံပင်။

ထို့နောက်ရိပေါ်က ရှောင်းကျန့်ကို မြင်းပေါ်တင်ကာ သူပါတက်လိုက်ရင်း ထိုဘုရားကျောင်း ရှိရာသို့ဦးတည်ကာ ဒုန်းစိုင်းစီးခဲ့လေတော့သည်။

::::::::::::::::::::::::::::::