အခန်း ၁၃။ မင်းပြောတော့ ငါ့ကိုမှတ်မိနေမယ်ဆို
ရိပေါ်က စီးတော်မြင်းကို ဒုန်းစိုင်းစီးရင်း ဘုရားကျောင်းသို့ အမြန်ဆုံးရောက်ရန် အပြင်းနှင်သည်။ ရှောင်းကျန့်မှာတော့ ငြိမ်ငြိမ်လေးမနေရဘဲ ကဆုန်စိုင်းနေသောမြင်းပေါ်တွင် လိုက်ပါလာရသည်မို့ အဆိပ်ဒဏ်ဖြင့်ပေါင်းကာ သတိကလစ်ချင်ချင်။
သို့သော်လည်း ရိပေါ်ကအနောက်မှနေ၍ သတိမလစ်စေရန် မပြတ်သတိပေးနေသည်။ လက်တစ်ဖက်က မြင်းဇက်ကြိုးကိုကိုင်ပြီး တစ်ဖက်ကတော့သူပြုတ်ကျမည်စိုးကာ ခါးမှထိန်းကိုင်ပေးထားတာကြောင့် အနေအထားက ရိပေါ်၏ရင်ခွင်ထဲကို ရောက်နေသလိုမျိုး။ နှုတ်ခမ်းထောင့်မှ သွေးစတို့ကိုတို့သုတ်ရင်း ရှောင်းကျန့်ကခပ်ဖွဖွပြုံးသည်။
ရိပေါ်... မင်းဟုတ်တယ်မလား။ ငါမင်းကိုရှာနေတာ နှစ်၂၀တောင်ကျော်ခဲ့ပြီ။ မင်းရဲ့ကိုယ်သင်းနံ့ကို ငါမှတ်မိနေတုန်းပဲ။ ပြီးတော့ မင်းရဲ့ရင်ခွင်ကလည်း နွေးထွေးနေတုန်းပဲ။
ငါသွားမိတဲ့နေရာတိုင်းမှာ မင်းရှိမလားလို့ ရှာဖွေခဲ့ပေမယ့် မတွေ့ရဘူး။ အခုတော့ ပြန်တွေ့ခဲ့ပြီ။ ဒါပေမယ့် မင်းပုံစံက ငါ့ကိုမမှတ်မိသလိုပါလားကွာ။ ဟုတ်တယ် မင်းငါ့ကိုမမှတ်မိဘူးပဲ ရိပေါ်...။
မင်းပြောတော့ အဲဒီ့ဆေးက... အဲဒီ့ချစ်ခြင်းမေ့ပျောက်ဆေးရည်က မင်းကိုမထိခိုက်စေနိုင်ဘူးဆို။ ငါ့ကိုမှတ်မိနေမယ်ဆို။ ဒါပေမယ့် ဘာလို့... ဘာလို့ ငါ့ကိုမမှတ်မိရတာလဲ။
ရှောင်းကျန့်၏မျက်နှာ၌ အပြုံးတို့တဖြည်းဖြည်း ပျက်ပြယ်သွားကာ ၀မ်းနည်းမှုတို့က အစားထိုးနေရာယူလာသည်။ အသံတိတ်ငိုရှိုက်နေမိသည်မို့ ရိပေါ်ကတော့မသိပေ။
ထို့နောက်မှာတော့ ရှောင်းကျန့်တစ်ယောက် စိတ်ကိုတင်းထားသော်လည်း ပြင်းထန်သောအဆိပ်ကြောင့် သတိလစ်သွားရတော့သည်။ ရိပေါ်လည်း ရှောင်းကျန့်ငိုက်ကျသွားသည်ကို သတိထားလိုက်မိတာမို့ ခါးကိုထိန်းကိုင်ပေးထားရာမှ တစ်ကိုယ်လုံးကို သူ့ရင်ခွင်မှာ မှီထားစေလိုက်သည်။
သူ့ကိုကူညီရင်း ဖြစ်သွားရသည့်အတွက် စိတ်မကောင်းပေ။ သို့သော်လည်း ထိုသူပြောသည့်အတိုင်း ဘုရားကျောင်းကိုခေါ်သွားရုံကလွဲလို့ ဘာလုပ်ပေးရမည်မှန်းကို မသိတော့။
သည်လူကို ရင်းနှီးသလို ခံစားနေရသည်မှာ ဘာကြောင့်မှန်းမသိ။ တစ်နေရာရာမှာ ဆုံဖူးတာလား စဉ်းစားကြည့်တော့လည်း တွေးမရပေ။
နောက်ဆုံးမှာတော့ ရိပေါ်က ယောက်ယက်ခတ်နေသော အတွေးတို့ကိုထိန်းချုပ်ကာ ဘုရားကျောင်းသု့ိ အမြန်ရောက်ဖို့သာ ဦးတည်လိုက်သည်။ ထို့အတူ ရှောင်းကျန့်၏ မျက်၀န်းထောင့်မှ မျက်ရည်တစ်စက်ကလည်း ပါးပြင်ပေါ်ကျဆင်းသွားလေသည်။
လရောင်ဖျော့ဖျော့က မှန်ပြတင်းကိုဖြတ်ကာ အခန်းထဲသို့ ဖြာကျနေသည်။ အချိန်သည်ကား ညလယ်သာရှိသေးသော်လည်း ရင်တစ်ခုလုံး ဆွဲစုတ်ခံထားရသလို တင်းကျပ်မှုတွေနှင့်အတူ ရှောင်းကျန့်တစ်ယောက် အိပ်ရာမှနိုးလာခဲ့သည်။
ဘာကြောင့်မှန်းမသိဘဲ နာကျင်နေသော ရင်ဘတ်ကိုဖိထားရင်း စိတ်အစဉ်ကလည်း ၀မ်းနည်းမှုတို့သာ ကြီးစိုးနေသည်။
ဒါကအိပ်မက်တစ်ခုဆိုသော်လည်း ဘာကြောင့်များ အစစ်အမှန်တစ်ခုလို ခံစားနေရတာလဲ သူမသိတော့ပေ။ ပါးပြင်ပေါ်မှ စိုစွတ်စွတ် အထိအတွေ့ကြောင့် ပွတ်သုတ်မိတော့ မျက်ရည်စက်များ။
ငါ... ဘာကြောင့်ငိုနေမိတာလဲ။
စဉ်းစားကြည့်တော့ အဖြေကမပေါ်လာပေ။ အိပ်မက်တစ်ခုကြောင့် ဒီလောက်အထိ မဖြစ်သင့်ဘူးဟူသောအသိနှင့်အတူ မျက်ရည်တွေကို သုတ်မိသော်လည်း ကျဆင်းနေဆဲမျက်ရည်တို့ကို သူမထိန်းနိုင်ပြန်။
အိပ်မက်ထဲမှ ထိုသူ၏မျက်နှာကို သူမမှတ်မိသော်လည်း ကျန်တစ်ယောက်က သူနှင့်တူသောထောင်ဟွားဆိုသည့်လူမှန်း သူသိနေသည်။ ထိုလူနှစ်ယောက်အကြောင်းကို သူအိပ်မက်မမက်သည်မှာ တစ်လခန့်ရှိခဲ့ပြီးမှ ယခုတစ်ခါပြန်မက်ခြင်းပင်။
သူတို့၂ယောက်အကြောင်း မက်လိုက်သမျှ အိပ်မက်တိုင်းက ဘာကြောင့်၀မ်နည်းပြီး နာကျင်စရာကောင်းနေရတာပါလိမ့်။ ဘယ်သူတွေမို့လို့ သူ့ရင်ထဲမှာပါ သေမလောက်နာကျင်နေရတာများလဲ။
ရှောင်းကျန့်ဟာ ကုတင်ပေါ်မှာငုတ်တုပ်လေးထိုင်နေရင်း မျက်ရည်သွင်သွင်စီးကျနေသည်။ မည်မျှပင် သုတ်ပစ်နေပါသော်လည်း မရနိုင်သလို နာကျင်နေသောခံစားချက်ကြီးကလည်း ပျောက်မသွားပေ။
ထိုဖြစ်ရပ်၏ အကျိုးဆက်ကတော့ မနက်မိုးလင်းလို့အိပ်ရာနိုးအချိန်မှာ ခေါင်းတစ်ခုလုံး တဒိန်းဒိန်းကိုက်ခဲနေခြင်းပင်ဖြစ်တော့သည်။ ရိုက်ကွင်းရှိသေးတာကြောင့် မာန်တင်းကာ အိပ်ရာထသော်လည်း လူကဘယ်လိုမှ မထနိုင်ပေ။
လှုပ်လိုက်သည်နှင့် ကိုက်ခဲမှုက ပိုပြီးဆိုးရွားလာသည်။ သို့သော်လည်း မရအရကုန်းရုန်းထကာ အစ်ကိုဖြစ်သူ၏အခန်းတံခါးကို သွားခေါက်လိုက်သည်။
"၀င်ခဲ့ညီလေး အစ်ကိုလော့ခ်မချထားဘူး"
ခွင့်ပြုချက်ရတော့ အခန်းထဲသို့ ၀င်သွားလိုက်သည်။ ထျန်းယွီကဆေးရုံသွားဖို့ ပြင်ဆင်နေရင်းမှ အထဲ၀င်လာသည့်ရှောင်းကျန့်ကို လှည့်ကြည့်သည်။
"မျက်လုံးတွေမို့အစ်လို့ပါလား မှန်းစမ်း နေမကောင်းဘူးလား"
ထျန်းယွီကနှုတ်မှပြောရင်း တစ်ဆက်တည်း ရှောင်းကျန့်၏နဖူးကိုပါ လက်တင်ကာစမ်းကြည့်သည်။
"ဟုတ်... ခေါင်းတွေလည်း အရမ်းကိုက်နေတယ်အစ်ကို"
"နေလို့မကောင်းရင် ဒီနေ့ရိုက်ကွင်းမသွားနဲ့တော့"
ထျန်းယွီကရှောင်းကျန့်ကို ကုတင်ပေါ်တွင် အရင်ထိုင်စေပြီးနောက် အပူချိန်တိုင်းသည်။ သူထင်သည့်အတိုင်း အဖျားနည်းနည်းလေးရှိနေတာမို့ ဆေးအိတ်ထဲမှ ဆေးတစ်ချို့ကိုယူကာ ကမ်းပေးလိုက်သည်။
"အစာတစ်ခုခု စားပြီးမှသောက်ရမယ် ဘာစားချင်လဲ အစ်ကိုလုပ်ပေးမယ်"
"ရတယ်အစ်ကို ဂျူတီနောက်ကျနေဦးမယ်""ညီလေးတစ်ယောက်ထဲ ကျန်ခဲ့လို့ ဖြစ်ပါ့မလား အစ်ကိုခွင့်တင်လိုက်ရမလား"
"ဟင့်အင်း ကျွန်တော်အဆင်ပြေပါတယ်"
အစ်ကိုဖြစ်သူ၏စေတနာကို နားလည်သော်လည်း သူငြင်းလိုက်သည်။ တစ်ခုခုစားပြီးမှ ဆေးသောက်ရမည်ဆိုသော်ငြား စိတ်ထဲဘာကိုမျှ စားချင်စိတ်ရှိမနေပါ။
"အစ်ကို ကျွန်တော်နေမကောင်းဖြစ်တာ ဖေဖေ့ကိုမပြောနဲ့ဦး စိတ်ပူနေမှာစိုးလို့"
"အင်းပါ... အချိန်ရသေးတယ် အစ်ကို ဆန်ပြုတ်လေး ပြုတ်ပေးခဲ့မယ် စားဖြစ်အောင်စားပြီးဆေးသောက်လိုက်နော်"
ထျန်းယွီက လက်မှနာရီကိုကြည့်ပြီးနောက် ရှောင်းကျန့်၏ခေါင်းလေးကို ခပ်ဖွဖွပွတ်လိုက်သည်။ တော်ရုံတန်ရုံနေမကောင်းဖြစ်ခဲသော ညီငယ်က ဘယ်လိုကြောင့်ရုတ်တရက်ကြီး နေမကောင်းထဖြစ်သလဲ စဉ်းစားမရပေ။
မျက်လုံးတွေ မို့အစ်နေပုံအရ ငိုထားသည်ဆိုတာတော့ ရိပ်မိသည်။ သို့သော်လည်း ပြောပြလိုဟန်မရှိတာကြောင့် မမေးနေတော့ပေ။
ရှောင်းကျန့်တစ်ယောက် အစ်ကိုဖြစ်သူဆီမှဆေးကိုယူကာ သူ့အခန်းပြန်လာပြီးနောက် စောင်ခြုံကာ အခန်း၀ကိုကျောပေးလျက် ကွေးနေလိုက်သည်။ ထျန်းယွီကတော့ အချိန်ရသေးသည်ဆိုကာ သူ့အတွက်ဆန်ပြုတ်ပြုတ်ပေးနေသည်။
အတော်လေးကြာတော့ အခန်းထဲ၀င်လာသော ခြေသံကိုကြားလိုက်ရသည်။ တစ်ကယ်ဆို သူဘာမှမစားချင်ပါ။ သို့သော်လည်း အချိန်လုကာ သူ့အတွက်လုပ်ပေးနေသည့် အစ်ကိုဖြစ်သူ၏စေတနာကြောင့်သာ ဘာမျှမပြောတော့ဘဲ နေလိုက်တာဖြစ်သည်။
ထိုအချိန်မှာပင် အစ်ကိုဖြစ်သူက နောက်ကျောဘက်မှာရပ်ရင်း သူ့နဖူးပေါ်လက်တင်ကာ စမ်းပြန်သည်မို့ ရှောင်းကျန့်လည်း မျက်လုံးမှိတ်ထားရင်း ငြိမ်နေမိသည်။
"ရှောင်းကျန့်... အိပ်ပျော်နေပြီလား"
ကြားလိုက်ရသည့်အသံအရ အစ်ကိုဖြစ်သူမဟုတ်ဘူးဆိုတာသိလိုက်ပြီးနောက် ရှောင်းကျန့်တစ်ယောက် အနည်းငယ်တော့လန့်သွားရသည်။
ဆတ်ခနဲ တစ်ဖက်ကိုလှည့်လိုက်တော့ ခေါင်းကဆစ်ခနဲ နာကျင်သွားရသည်။ သို့သော်လည်း အားတင်းကာ သေသေချာချာကြည့်မိတော့ အခန်းထဲ၀င်လာသူက ရိပေါ်ဖြစ်နေသည်မို့ ပို၍ပင်အံ့သြသွားရသည်။
"သခင်လေး၀မ်... ဘယ်လိုလုပ်ရောက်လာတာလဲ..."
ထိုင်ဖို့ကြိုးစားလိုက်ချိန်မှာ အကိုက်မပြေသေးသည့် ခေါင်းကတဒိန်းဒိန်းထိုးတက်လာတာကြောင့် ရှောင်းကျန့်၏မျက်နှာမှာ ရှုံ့မဲ့သွားရသည်။ ထို့ကြောင့် ရိပေါ်လည်း ထိုင်ရအဆင်ပြေစေရန် ကျောနောက်၌ ခေါင်းအုံးခုပေးလိုက်သည်။
"အစ်ကိုထျန်းယွီလှမ်းမေးတာ မင်းနေမကောင်းလို့ ဒီနေ့ရိုက်ကွင်းနားပေးလို့ရမလားတဲ့ အဲဒါနဲ့ပဲ အခြေအနေလာကြည့်လိုက်တာ ဘယ်လိုနေသေးလဲ"
"ကျွန်တော်အဆင်ပြေပါတယ်"
နှုတ်ကအဆင်ပြေပါတယ်ဟု ပြောနေသော်လည်း တဒိန်းဒိန်းကိုက်နေသောခေါင်းက အဆင်မပြေကြောင်းငြင်းဆိုနေသည်။ ရိပေါ်မှာတော့ မို့အစ်နေသောမျက်လုံးတွေကိုမြင်သည်နှင့် အလွန်အမင်းစိတ်ပူသွားရသည်။
"ဒီလောက်တောင် မျက်လုံးတွေမို့နေတာကို အဆင်ပြေတယ်လုပ်နေသေးလား ဘယ်လိုဖြစ်တာလဲ"
ရိပေါ်မေးလိုက်တော့ ရှောင်းကျန့်က ယောင်ယမ်းကာ မျက်လုံးအစုံကိုပွတ်လိုက်တာကြောင့် လက်ကိုအမြန်လှမ်းဆွဲလိုက်ရပြန်သည်။
"ညကအိပ်မက်ကြောင့်ပါ တော်တော်လေး ၀မ်းနည်းဖို့ကောင်းတော့ နိုးလာတာတောင် ထပ်ငိုမိသွားသေးတယ် ကြည့်ရတာမို့အစ်နေတာ တော်တော်လေး သိသာနေပုံပဲ"
ရှောင်းကျန့်၏ စကားအဆုံးမှာ ရိပေါ်၏ရင်ထဲဒိန်းခနဲမြည်ဟီးသွားရသည်။ အိပ်မက်ဆိုတာက မဟုတ်မှ...။ အရင်တစ်ခါ ပြောပြတုန်းကလို အိပ်မက်အဖြစ်ရောက်ရှိလာသော သူတို့ရဲ့တစ်ချိန်က အကြောင်းအရာတွေများလား။
အရာအားလုံး ပြန်လည်မှတ်မိစေချင်သော်လည်း ချစ်ရသူနာကျင်နေသည်ကို မြင်ရပြန်တော့ စိတ်ထဲမှာတွေေ၀ရပြန်သည်။
ထိုအချိန်မှာပင် ရှောင်ဟိုင်က ဆန်ပြုတ်ပန်းကန်လေးကိုင်ကာ အခန်းထဲ၀င်လာတော့ ရိပေါ်လည်း ပန်းကန်ကိုလှမ်းယူလိုက်သည်။
"နည်းနည်းပူနေသေးတယ် အစ်ကိုကြီး"
သတိပေးစကားကြောင့် ရိပေါ်ကခေါင်းညိတ်ပြရင်း အေးသွားစေရန်မှုတ်နေလိုက်သည်။ ရှောင်ဟိုင်လည်း ကုတင်ပေါ်တစောင်းထိုင်လိုက်ပြီး ရှောင်းကျန့်ကိုစိတ်ပူဟန်ဖြင့်ကြည့်လိုက်သည်။
"အစ်ကိုကျင်းယန်ကို ဒီနေ့ရိုက်ကွင်းဖျက်တယ်ပြောလိုက်မယ်"
ရိပေါ်ကဆန်ပြုတ်ပူပူကို မှုတ်နေရင်းပြောလိုက်တော့ ရှောင်းကျန့်ခေါင်းခါလိုက်သည်။ နေမကောင်းဖြစ်နေသော်လည်း သူ့ကြောင့်အခြားသူတွေပါ ပိုပြီးအလုပ်ရှုပ်သွားမှာမျိုး မဖြစ်လိုပေ။
"မဖြစ်ဘူးထင်တယ် ကျွန်တော့်ကြောင့်နဲ့ တခြားသူတွေ...."
"ပြောတာနားထောင် ခေါင်းမမာနဲ့ ဒီလောက်နေမကောင်းဖြစ်နေတာကို သွားချင်နေသေးတာလား"
"သခင်လေး၀မ်... ကျွန်တော် အဆင်ပြေပါတယ်..."
"တော်တော့... အဲဒီ့ဇာတ်လမ်းက ဘယ်လောက်တောင် အရေးကြီးနေလို့လဲ မသွားနဲ့ဆိုမသွားနဲ့ပေါ့"
ရိပေါ်ဆူလိုက်တော့ ရှောင်းကျန့်ခေါင်းကိုငုံ့ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် မျက်ရည်တစ်စက်ကလည်း ပါးပြင်ပေါ်ဖြတ်ကာ စီးဆင်းသွားလေသည်။
လူဆိုသည့်အမျိုးကိုက နေမကောင်းဖြစ်ချိန်မျိုးတွင် စိတ်အားငယ်တတ်ကြသည်မဟုတ်လား။ ရှောင်းကျန့်လည်း လူသားတစ်ယောက်ပဲမို့ အဆူအငေါက်ခံရချိန်မှာ ၀မ်းနည်းစိတ်က ဖြစ်တည်လာရသည်ပင်။
ရိပေါ်လည်းဆူလိုက်ပြီးကာမှ မျက်နှာငယ်လေးဖြစ်သွားသောရှာင်းကျန့်ကြောင့် စိတ်မကောင်းဖြစ်သွားရသည်။
ထို့ကြောင့် လက်ထဲမှဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ ရှောင်ဟိုင်ကတော့ အလိုက်တသိပင် အခန်းထဲက ထွက်သွားပေးသည်။"တောင်းပန်ပါတယ် ကိုယ်မင်းကို ဆူချင်လို့မဟုတ်ပါဘူး.... ကိုယ်..."
"ကျွန်တော်က အခုမှတက်သစ်စပဲရှိသေးတယ် ကျွန်တော်က ဘာကောင်မှမဟုတ်သေးဘူး အများကြီးကြိုးစားရဦးမှာ ဒီလိုအချိန်မှာ နေမကောင်းတာအကြောင်းပြပြီး ပျက်ကွက်မိရင် ကျွန်တော်... ကျွန်တော်..."
ရှောင်းကျန့်တစ်ယောက် ထိန်းချုပ်ထားသော၀မ်းနည်းမှုတို့ လွတ်ထွက်သွားချိန်မှာတော့ မျက်ရည်များစီးကျလာသည်။ ရှိုက်သံပါစွက်လာတော့ ရိပေါ်လည်းထပ်တူ၀မ်းနည်းလာရသည်။
သူမှားသွားလေပြီ။ သူ့အနေဖြင့် အခြားအရာတွေယှဉ်လာလျှင် ရှောင်းကျန့်ကသာအရေးအကြီးဆုံးဆိုသော်လည်း ရှောင်းကျန့်အတွက်တော့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့က ဘ၀ရည်မှန်းချက် တစ်ခုဖြစ်သည်။ ထို့အတွက် လူကနေမကောင်းသည့်တိုင် စိတ်ကအနားမယူလိုခြင်းပင်။
မျက်ရည်များကိုသုတ်ပေးရင်း သူ့ရင်တစ်ခုလုံးထပ်တူထပ်မျှနာကျင်လာရသည်။ ချစ်ရသူ၏မျက်ရည်တို့က သူ့ရင်ကိုဓားထက်ထက်နှင့် ထိုးခွဲနေသလို နာကျင်စေပါသည်။
ထို့ို့နောက်မှာတော့ ငိုကြွေးနေသောချစ်ရသူကို မကြည့်ရက်တော့ဘဲ ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်မိသလို နှုတ်ကလည်းတောင်းပန်စကားကိုသာ တဖွဖွဆိုနေမိတော့သည်။
အတော်လေးကြာတော့ ရှောင်းကျန့်အနည်းငယ်ရုန်းလိုက်သည်မို့ ရိပေါ်လည်းသတိလက်လွတ်ဖြင့် ဖက်ထားမိမှန်းသိလိုက်ပြီး လွှတ်ပေးလိုက်သည်။
"ဗိုက်ဆာတယ် ဆန်ပြုတ်အေးပြီလား"
ရှောင်းကျန့်၏အကြည့်တို့ စားပွဲပေါ်မှဆန်ပြုတ်ပန်းကန်ဆီရောက်သွားတာမို့ ရိပေါ်လည်း ပန်းကန်ကိုယူပေးလိုက်သည်။
ဆန်ပြုတ်သောက်ပြီးနောက် အစ်ကိုဖြစ်သူထားခဲ့သည့်ဆေးကိုပါ တစ်ဆက်ထဲသောက်လိုက်သည်။ ထို့နောက်ရိပေါ်က တစ်ရေးပြန်အိပ်ရန်ပြောပြီးနောက် အခန်းထဲမှထွက်သွားပေးလေသည်။
မျက်လုံးတစ်စုံကို မှိတ်ထားပါသော်လည်း အတွေးတို့က ဟိုဟိုသည်သည် ကူးလူးယှက်သန်းနေသည်မို့ အိပ်လို့မပျော်ပါချေ။ သို့သော်လည်း အတွေးရေယာဉ်ထဲဆက်မျောနေလျှင် ခေါင်းတွေပိုကိုက်လာမည်စိုးတာကြောင့် မရအရအိပ်ပျော်အောင်သာ ကြိုးစားရတော့သည်။
::::::::::::::::::::::::::::::::::::::::
"ရိပေါ်... နေမကောင်းဘူးလား"
"ကောင်းပါတယ် အစ်ကို"
ရိပေါ်က ဒါရိုက်တာဖူကျင်းယန်ကမ်းပေးသောရေဘူးကိုယူရင်း ပြန်ဖြေလိုက်သည်။ တစ်နေ့လုံး စိတ်နှင့်လူကကပ်မနေ။
လူက ရိုက်ကွင်းမှာရှိနေသော်လည်း စိတ်ကတော့နေမကောင်းဖြစ်နေသော တစ်စုံတစ်ယောက်ဆီမှာ ကျန်နေခဲ့သည်မဟုတ်လား။
"ခေါင်းအေးအေးထားပြီးနားလိုက် ဆယ့်ငါးမိနစ်နေရင် ပြန်ရိုက်မယ်"
"ဟုတ်က့ဲအစ်ကို တောင်းပန်ပါတယ်"
"ငါနားလည်ပါတယ် မင်းရှောင်းကျန့်ကို စိတ်ပူနေတာမဟုတ်လားရိပေါ်"
ရိပေါ်က ဒါရိုက်တာ၏အမေးစကားကို ခေါင်းညိတ်ရင်းသာ အဖြေပြန်ပေးလိုက်သည်။ မနက်က သူ့မက်မွန်ပွင့်လေးအတွက် ဒီနေ့ရိုက်ကူးရေးမှအနားပေးရန် ခွင့်တောင်းသော်လည်း ဒါရိုက်တာက သတ်မှတ်ထားသည့် ကာလအတွင်း အပြီးရိုက်ကူးချင်သည်ဟု ဆိုလာသည်။
သည်တော့ အစားထိုးအနေဖြင့် ရှောင်းကျန့်မပါသောသူ့အခန်းများကိုရိုက်ကူးရန် လာခဲ့လိုက်တာဖြစ်သည်။ သို့သော်လည်း စိတ်နှင့်လူကမကပ်ဘဲ ခဏခဏ NG ဖြစ်နေသည်မို့ အခြားသူတွေကို အားနာလာရသည်။
ထို့ကြောင့်ပင် ဖူကျင်းယန်က အဖွဲ့သားအားလုံးကို ဆယ့်ငါးမိနစ်အနားပေးတာဖြစ်သည်။ ရိပေါ်လည်း အချိန်ရရခြင်း ရှောင်ဟိုင့်ဆီဖုန်းဆက်ကာ အခြေအနေကိုမေးလိုက်သည်။
ရှောင်းကျန့်သက်သာသည်ဆိုတာသိရမှ သူ့စိတ်လည်းအနည်းငယ် တည်ငြိမ်နိုင်တော့သည်။ စိတ်ကိုအတတ်နိုင်ဆုံးစုစည်းကာ သရုပ်ဆောင်ရမည့်အခန်းကို ပြန်တွေးလို်က်သည်။
သို့သော်လည်း အတွေးတို့က စုစည်းရင်းပင် တစ်စုံတစ်ယောက်အကြောင်းသာ ပြန်တွေးမိပြန်သည်။ မနက်က သူငိုစဉ်ကဖက်ထားကာတောင်းပန်မိတော့ ရှောင်းကျန့်၏ပုံစံကဘာမှမဖြစ်သလိုပင်။
သူ့ကိုမိတ်ဆွေတစ်ယောက်လိုပဲ သဘောထားသည်လား။ ရှောင်းကျန့်က ဘာကိုမှျှမမှတ်မိတာကြောင့်ဟု သူ့ကိုယ်သူဖြေသိမ့်မိသော်လည်း မသိစိတ်ကမကျေမနပ်ဖြစ်မိဆဲပင်။
"ထောင်ဟွား.... မင်းပြောတော့ ကိုယ့်ကိုမှတ်မိနေမှာဆို..."
ပြန့်ကျဲနေသောစိတ်အစုံကိုထိန်းချုပ်ရင်း နှုတ်ခမ်းနှစ်လွှာကိုအသာဟကာ ခပ်တိုးတိုးလေးသာ ရေရွတ်မိတော့သည်။
တစ်ချိန်တုန်းက ထောင်ဟွား၏မြတ်မြတ်နိုးနိုးကလေး ခေါ်တတ်သော နာမ်စားလေးကိုလည်း ပြန်လည်နားထောင်ချင်လှသည်။ သူသိပ်ကိုလွမ်းနေမိလေပြီ။
::::::::::::::::::::::::::::::