CHAPTER 26
Viewers 2k

အခန်း ၂၆ စိုက်ပျိုးရာသီ

 

အစ်မဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သောကြောင့် စုန့်တင်းရှန်းတစ်ယောက် စိတ်ထဲမှ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။


ယခု သူမ ရှင်သန်နေထိုင်ခဲ့သည့် ခေတ်သစ်ကာလ ဖြစ်နေပါက ထိုခေတ်မှ အမျိုးသမီးများက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ လွတ်လပ်မှုကို တန်ဖိုးထားကြပေလိမ့်မည်။ အကယ်၍ အသုံးမကျသည့် အမျိုးသားနှင့် လက်တွဲမိပါကလည်း မည်သူမျှ အနစ်နာခံမည်မဟုတ်ဘဲ ချက်ချင်း လမ်းခွဲပြတ်စဲမည်မှာ အသေအချာပင်။ ထိုခေတ်တွင် လင်မယားကွာရှင်းခြင်းက အရှက်ရစရာမဟုတ်ဘဲ အသုံးမကျသူများကို ဘဝထဲမှ ဖယ်ထုတ်ပစ်သည့် နည်းဗျူဟာမြောက် ဆုတ်ခွာမှုတစ်ခုသာ ဖြစ်သည်။ မည်သူကမှ အမှိုက်သရိုက်များကို နှစ်သစ်ကူးသည့်တိုင်အောင် သိမ်းထားလိုကြမည်မဟုတ်ချေ။

 

သို့သော် ယခုခေတ်ကာလကမူ ထိုသို့မဟုတ်ပေ။ လင်မယားကွာရှင်းခြင်းကြောင့် ထိုအမျိုးသမီး ကဲ့ရဲ့ရှုတ်ချခံရရုံတင်မကဘဲ တရားဝင်ကွာရှင်းပြီးသွားသည့်တိုင် အမျိုးသမီးတစ်ဦးအတွက် ဖျောက်ဖျက်မရသည့် အမည်းစက်တစ်ခုကဲ့သို့ စွဲထင်ကျန်ရစ်စေမည် ဖြစ်သည်။

 

ထိုအချက်ကို တွေးလိုက်မိသောကြောင့် ဆုန့်တင်းရှန်းက ပြုံးလိုက်ပြီး နူးညံ့သော်လည်း ပြတ်သားသည့်လေသံဖြင့် အစ်မဖြစ်သူကို ဖျောင်းဖျလိုက်သည်။

 

"အစ်မ... ကျွန်မပြောတာ နားထောင်ပါဦး၊ အစ်မမှာ သားတစ်ယောက် ရှိတယ်၊ ပြီးတော့ အစ်မနောက်မှာ အစ်မကို ဝိုင်းဝန်းပံ့ပိုးပေးနိုင်မယ့် မိသားစုရှိတယ်၊ ဘာဖြစ်လို့ ကိုယ့်ဘာသာ ဦးမဆောင်နိုင်ရမှာလဲ? အစ်မသာ အိမ်တွင်းရေးကို သေသေချာချာ စီမံပြီး အခိုင်အမာ ထိန်းထားနိုင်ရင် အစ်မ ယောက်ျားက အစ်မကို မဖြစ်မနေ လေးစားရမှာ သေချာတယ်၊ အစ်မရဲ့ယောက္ခမတွေလည်း ပြဿနာရှာရဲတော့မှာ မဟုတ်ဘူး၊ အခု နောက်ကနေ ထောက်ပံ့ပေးမယ့် မိသားစုရှိနေရက်နဲ့ သူတို့ကို အနိုင်ကျင့်ခွင့်ပေးထားပြီး ခေါင်းငုံ့ခံနေရင်တော့ အစ်မ ဆက်ပြီး ဒုက္ခရောက်နေမှာသေချာတယ်။ ဒါကြောင့် ကိုယ့်ဘက်က ပြတ်ပြတ်သားသား တုံ့ပြန်တာကမှ ပိုပြီး အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလား?"


စုန့်မိသားစုက စည်းကမ်းကြီးပြီး မိသားစုဝင်များက ခိုင်မာသော စိတ်ဓာတ်ရှိကြသည်။ ဖန့်ရှီကလည်း အလွယ်တကူ အနိုင်ကျင့်ခံတတ်သည့် အမျိုးသမီးမျိုး မဟုတ်ပေ။ ထိုသို့သော ပတ်ဝန်းကျင်၌ ကြီးပြင်းလာသည့် မိန်းကလေးတစ်ဦးက အခက်အခဲလေးတစ်ခုအတွက်နှင့် အလွယ်တကူ ပြိုလဲသွားမည်မဟုတ်ပေ။ သူမတို့၏သွေးထဲတွင် သတ္တိရှိပြီးသားဖြစ်ကာ ယခု စုန့်ယွိလန် ကြောက်ရွံ့နေခြင်းမှာ သူမကိုယ်တိုင် တစ်ခါမှ ဦးမဆောင်ဖူးသေးသည့်အတွက်သာ ဖြစ်သည်။


ထို့အပြင် စုန့်ယွိလန် ဤမျှ ဝမ်းနည်းနေသည့် အကြောင်းရင်းများထဲမှ တစ်ခုက သူမ ငယ်ရွယ်နေဆဲဖြစ်ကာ လူ့လောက၏ ကောက်ကျစ်စဉ်းလဲမှုများကို မသိနားမလည်နိုင်လောက်သည်အထိ အလိုလိုက်ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။ နောက်တစ်ချက်ကမှု သူမက သူမ၏ကလေးအတွက် ထိုလူအပေါ် ခံစားချက်နေရှိသောကြောင့်ပင်သို့သော်လည်း ထိုခံစားချက်များက သူမအပေါ် ထိုယောကျ်ားဖိနှိပ်ရန် အသုံးချခံ ဝှက်ဖဲဖြစ်လာပြီး သူမ၏ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်

 

စုန့်တင်းရှန်းက ယခင်ဘဝ၌ အိမ်ထောင်မပြုခဲ့သော်လည်း လောကအတွေ့အကြုံ ကြွယ်ဝသူဖြစ်သောကြောင့် ထိုသို့သော အခြေအနေမျိုးတွင် မည်သို့အကြံပေးနှစ်သိမ့်ရမည်ကို ကောင်းကောင်း နားလည်နေခဲ့သည်။

 

စုန့်ယွိလန်က ခန်ပေါ်တွင် ထိုင်ကာ ခဏတာမျှ စဉ်းစားနေပြီးနောက်  ကျောကို မတ်မတ်ဆန့်ကာ ထရပ်လိုက်သည်။ ထို့နောက် ပြတ်သားပြီး အလျော့မပေးတော့မည်လေသံဖြင့် ကြုံးဝါးလိုက်သည်။

"နင့်စကားတွေက မှန်တယ်၊ ငါ အရမ်းအလျှော့ပေးခဲ့မိတယ်၊  အဲ့ဒါက ငါ့အမှားပဲ၊ အခု ငါ ချက်ချင်း အိမ်ပြန်တော့မယ်။ သူတို့သာ ငါ့ကို နောက်တစ်ခါ ပြဿနာရှာရဲလို့ကတော့ ငါ ငါ့ကလေးကို ချီပြီး အိမ်ပြန်လာခဲ့မယ်၊ ပြီးရင် သူတို့ ငါ့ရဲ့ခန်းဝင်ပစ္စည်းတွေကို ဘယ်လိုမျိုး တောင်းယူခဲ့တယ်ဆိုတာ အိမ်နီးချင်းတွေ ကြားအောင် အော်ပြောပစ်မယ်၊ အမှန်တရားတွေ ပေါ်လာရင် သူတို့တွေ ဒီလိုပဲ အရှက်မရှိ ဆက်ဟန်ဆောင်နိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

 

‘မိမိ၏အသက်ကိုပင် ဂရုမစိုက်တော့သည့်လူနှင့် တွေ့လျှင် လူမိုက်ပင် နောက်တွန့်ရသည်"  ဟူသော ဆိုရိုးစကားရှိပြီး ယခုတစ်ကြိမ်တွင် စုန့်ယွိလန်က အလျော့ပေးတော့မည် မဟုတ်ပေ။ သူမနောက်တွင် ထောက်ပံ့မည့် မိသားစု ရှိနေသောကြောင့် သူမ ကြောက်နေစရာ အကြောင်းမရှိပေ။ အကယ်၍ သူတို့က သူမအား ထိန်းချုပ်နိုင်ဦးမည်ဟု ထင်နေပါက ထိုသူတို့ အမှားကြီး မှားသွားပေလိမ့်မည်။ သူမက သူတို့၏လောဘကို ထိပ်တိုက်ရင်ဆိုင်ပြီး ထိုလိုချင်တပ်မက်မှုများနှင့် မောက်မာမှုများကို သူမကိုယ်တိုင် ချိုးနှိမ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

 

"အစ်မ... မပြန်ခင် ယာဂုတစ်ပန်းကန်လောက် သောက်သွားပါဦးလား? စားပြီးရင် မင်းဘာလို့ပြန်မလာတာလဲ" ကျိုးယိနိုက မွှေးကြိုင်နေအောင် ပြုတ်ထားသည့် ယာဂုပျစ်ပျစ်ကို ခပ်ရင်း လှမ်းပြောလိုက်သည်။

 

မည်သို့ပင်ဖြစ်စေ စုန့်ယွိလန်ကြောင့် တစ်အိမ်လုံး နိုးနေကြပြီဖြစ်ရာ သူလည်း ဆက်အိပ်ရန် မဖြစ်နိုင်တော့သောကြောင့် မနက်စာ စောစောစားကာ တစ်နေ့တာအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။


သို့သော် စုန့်ယွိလန်က စားသောက်ရန် စိတ်မဝင်စားတော့ပေ။ သူမက ရေနွေးပူဖြင့် မျက်နှာသစ်ကာ စုန့်တင်းရှန်း၏ မျက်နှာလိမ်းဆီ အနည်းငယ်ကို ယူလိမ်းရင်း ခေါင်းခါနေလေသည်။

"ငါ မသောက်တော့ဘူးလူ နည်းနည်းပဲရှိနေတုန်း ငါ မြန်မြန်ပြန်သွားရမယ်၊ မဟုတ်ရင် ငါ ငါ့မိဘအိမ်မှာ အကြားကြီး မနေဘဲ ပြန်သွားတာကို လူတွေ မြင်သွားလိမ့်မယ်၊  အဲ့လိုတွေ ဖြစ်လာရင် ရှင်းပြရတာ မောတယ်"

 

သူမ မိုးမလင်ခင် အပြေးအလွှား ရောက်ရှိလာခဲ့သလို ယခုလည်း အလျင်အမြန် ပြန်ထွက်ခွာသွားပြန်သည်။ စုန့်ယွိလန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေသည့် စုန့်တင်းရှန်းကတော့ သူမ၏ရင်ထဲမှ ရင်းနှီးနေသည့် ဝေဒနာတစ်ခုကြောင့် သက်ပြင်းချလိုက်မိပြန်သည်။

နောက်ဆုံးတာ့ အမေရဲ့ ခံစားချက်တွေကို ငါ နားလည်လာပြီ၊ ငါ အိမ်ကို ပြန်တိုင်း အမေက အဲ့လို မခွဲနိုင်မခွာရက်  စိုးရိမ်ပူပန်တဲ့ အကြည့်နဲ့ ကြည့်နေတတ်တာ မဟုတ်ဘူးလား?’

 

ကျိုးယိနိုအတွက် ဒူးကာများနှင့် သားမွေးအင်္ကျီများ အဆင်သင့်ဖြစ်နေပြီ ဖြစ်သောကြောင့် စုန့်တင်းရှန်းက သူ့အတွက် ဖိနပ်အောက်ခံများ ဆက်လက် ပြုလုပ်ပေးနေခဲ့သည်။ ဖိနပ်အောက်ခံက နှစ်မျိုးရှိပြီး တစ်မျိုးမှာ နွေးထွေးမှုနှင့် သက်သောင့်သက်သာရှိစေရန် ဂွမ်းအထပ်လေးခံထားခြင်း ဖြစ်ကာ နောက်တစ်မျိုးကတော့ နွေရာသီတွင် စီးရန် ရိုးရိုးဖိနပ်ခုံများ ဖြစ်သည်။

 

ဖိနပ်များအပြင် ခြေအိတ်များကိုလည်း ချုပ်လုပ်ပေးရမည် ဖြစ်သည်။ ယခုခေတ်၏ ခြေအိတ်များက နောင်အနာဂတ်ခေတ်မှ ခြေအိတ်များကဲ့သို့ သားရေကွင်းပါသော ဂွမ်းသားခြေအိတ်မျိုး မဟုတ်သေးပေ။ အရှင်းဆုံးပုံဖော်ရလျှင် ခြေထောက်တွင် ကြိုးဖြင့် ချည်နှောင်ရသည့် အဝတ်အိတ်ကလေးများသာ ဖြစ်သည်။

 

စုန့်တင်းရှန်းက ကျိုးယိနို၏ ခြေထောက်အရွယ်အစားကို တိုင်းတာပြီး ခြေအိတ်အောက်ခြေတွင် ဖိနပ်အောက်ခံအထပ်လေးတစ်ခုပါ တွဲချုပ်ပေးထားခဲ့သည်။ ထို့ကြောင့် ဖိနပ် ပေါက်ပြဲသွားလျှင်ပင် ခြေဖဝါးအား ထိခိုက်စေမည်မဟုတ်တော့ပေ။ ဖန့်ရှီတို့ ချုပ်ပေးထားသည့် ဖိနပ်များကလည်း အလွန်ခိုင်ခံ့ပြီး ဖိနပ်အောက်ခံမှာ ထူထဲသည့်အပြင် ဖိနပ်၏ထိပ်ဦးနှင့် အပေါ်ဘက်တွင် သားရေဖြင့် တွဲချုပ်ထားသောကြောင့် နွေးထွေးပြီး ကြာရှည်ခံမည်မှာ အသေအချာပင်။

 

စုန့်တင်းရှန်း ပြင်ဆင်ပေးထားသည့် ကောက်ရိုးချပ်ဝတ်အင်္ကျီမှာလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ထိုကောက်ရိုးချပ်ဝတ်က အလွန်ခိုင်ခံ့သောကြောင့် ပစ္စည်းများသယ်ဆောင်ရာတွင် အောက်ခံအဖြစ် သုံးနိုင်သလို အရေးပေါ်အခြေအနေတွင် ခန္ဓာကိုယ်၌ ကြိုးဖြင့် ချည်နှောင်ထားပါက ခုခံကာကွယ်နိုင်သော ချပ်ဝတ်အင်္ကျီတစ်ထည်ကဲ့သို့ အသုံးပြုနိုင်သည်။

 

သူ စစ်တန်းလျားသို့ သွားရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ မိသားစုဝင်များက ပို၍ ပို၍ စိုးရိမ်ပူပန်လာကြသည်။ သူတို့က ကျိုးယိနို သယ်နိုင်သမျှ ပစ္စည်းအစုံအလင်ကို ထည့်ပေးချင်နေကြပြီး သူ အပြင်၌ ချမ်းနေမည် သို့မဟုတ် ဒဏ်ရာရမည်ကို အလွန် စိုးရိမ်နေကြသည်။

 

စုန့်တင်းရှန်းက ဖခင်ဖြစ်သူကို သားရေအိတ်များတချို့လည်း လုပ်ခိုင်းထားသေးသည်။ ထိုအိတ်များက ရေသယ်ရန်မဟုတ်ဘဲ အိတ်တစ်အိတ်စီတွင် ဆားအနည်းငယ်ပါသည့် ပုစွန်ခြောက်ကို ဂျင်းနှင့် ရောကြော်ထားသော ဂျင်းပုစွန်ခြောက်ကြော်များ ဖိသိပ်ထည့်ထားပေးသည်။ အခြားသားရေအိတ်ထဲတွင် ရောင်ရမ်းမှုကို လျော့ကျစေသည့် ဆေးဆီများ ထည့်ပေးထားသည်။ ဤအိတ်များကို  ခန္ဓာကိုယ်နှင့် အမြဲမကွာ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားမည်ဖြစ်ပြီး အသက်ဘေးနှင့် ကြုံလာပါက ၎င်းတို့က အသက်ကယ်ပစ္စည်းများ ဖြစ်လာပေလိမ့်မည်။


ဆယ့်ငါး
ရက်နေ့ ကျော်လာသည်နှင့်  မြို့ပေါ်မှ လူများ ရောက်လာပြီး စစ်မှုထမ်းရန် စာရင်းသွင်းထားသည့် အမျိုးသားများ၏ အမည်များကို အော်ခေါ်ကာ  သူတို့နှင့်အတူ ခေါ်ဆောင်သွားကြသည်။

 

ကျိုးယိနို ထွက်ခွာသွားချိန်တွင် စုန့်တင်းရှန်းက သူမ၏စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်ကာ စိတ်အေးအေးထားနိုင်သော်လည်း ဖန့်ရှီကမူ တရှုံ့ရှုံ့ငိုနေနေလေသည်။ သူမက ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှုများ ပြည့်နှက်နေသည့် အကြည့်ဖြင့် သမီးဖြစ်သူကို လှမ်းကြည့်နေသေးသည်။

 

ကျိုးယိနို ထွက်သွားပြီးနောက်တွင်  စုန့်တင်းရှန်းက စကားတစ်ခွန်းမှမဆိုဘဲ စုန့်မိသားစုအိမ်သို့ ပြန်ပြောင်းလာခဲ့သည်။ သူမ နေထိုင်ခဲ့သော အိမ်ကိုမူ အကြီးဆုံးဦးလေးနှင့် ဇနီးဖြစ်သူတို့ နေနိုင်ရန် ပြင်ဆင်ပေးလိုက်သည်။ နွေဦးရောက်လာပြီး ဝက်မကြီး သားပေါက်သည့်အချိန်တွင် အမြဲမပြတ် စောင့်ကြည့်ရန် လိုအပ်ပြီး ထိုနေရာ၌ လူတစ်ဦးဦး အမြဲနေထိုင်ခြင်းက ပိုအဆင်ပြေသောကြောင့်ပင်။


ကျိုးယိနိုက သူ့ကိုယ်ပိုင်ပစ္စည်းများကို လွယ်ပိုးထားရင်း သူနှင့်မရင်းနှီးသည့် လူတစ်စုနှင့်အတူ ရပ်နေလေသည်။ သို့သော် သူလည်း အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။ လွန်ခဲ့သည့် နှစ်လတွင်းတွင် သူ ပိုသန်မာလာခဲ့ပြီး အသားအရေကလည်း ယခင်ကဲ့သို့ မည်းနက်မနေတော့ပေ။ သူ တော်တော် ရုပ်ဖြောင့်ပြီး ကြည့်ကောင်းလာခဲ့သည်။ အထူးသဖြင့် လူအုပ်ကြားထဲ၌ ရပ်နေရချိန်တွင် အရပ်ရှည်သည့် ကျိုးယိနိုက လူအများကြား၌ ထင်းထွက်နေသည်


သိပ်မကြာခင် သန်မာ ဖြတ်လတ်နေသော်လည်း မျက်နှာထားတင်းလွန်းသည့် အရာရှိတစ်ဦး ရောက်လာခဲ့သည်။ သူက စစ်ဝတ်စုံကို အပြည့်အစုံ ဝတ်ထားပြီး  လူငယ်လေးကဲ့သို့ ဟန်ကျပန်ကျ လျှောက်လှမ်းလာခြင်း ဖြစ်သည်။ သူ့ခြေလှမ်းများက လူအုပ်ကြီး၏ စကားသံများကို ဓားဖြင့် ပိုင်းဖြတ်လိုက်သလို တိတ်ကျသွားစေပြီး အမိန့်သံဆန်လွန်သည့် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။

"ဒီထဲမှာ ကျိုးထျဲကျူးဆိုတာ ဘယ်သူလဲ?"

 

ကျိုးယိနို ခဏတာမျှ အံ့အားသင့်နေပြီး ပေကြောင်‌ကြောင်ဖြစ်နေခဲ့သည်။  သူ ဘာမှ ပြန်မပြောနိုင်သေးခင် သူ့ပတ်ဝန်းကျင်မှ ပြန်ဖြေသံများ ထွက်ပေါ်လာသည်


ထို
အရာရှိက မျက်မှောင်ကြုတ်သွားပြီး ထပ်မေးလိုက်သည်။

 

"မြစ်အထက်ပိုင်းရွာက ကျားကိုတောင် သတ်နိုင်ခဲ့တဲ့ ကျိုးထျဲကျူးကို မေးနေတာ"


ကျိုးယိနိုက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး တည်ငြိမ်ပြီး ယုံကြည်မှုပြည့်နေသော အမူအရာဖြင့် ထိုလူ့ကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

 

"အဲဒါက ကျွန်တော်ပါ"


ထိုလူက ကျိုးယိနိုကို အကဲခတ်သည့်သဘောဖြင့် အချိန်အနည်းငယ် စိုက်ကြည့်နေပြီးမှ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ ချီးမွန်းလိုက်သည်။

 

"မဆိုးဘူးပဲ"

 

ထို့နောက် သူက စိတ်ဝင်စားဟန်ဖြင့် ထပ်မေးလာပြန်သည်။

 

 "ငါ ထပ်မေးဦးမယ်၊ မင်း စာဖတ်တတ်လား?"

 

ကျိုးယိနိုက ခေါင်းကို ညင်ညင်သာသာ ငြိမ့်ပြရင်း ပြန်ဖြေလိုက်သည်။

 

"အနည်းအကျဉ်းတော့ ဖတ်တတ်ပါတယ်၊ အများကြီးတော့ မဖတ်နိုင်ပါဘူး"

 

ကျိုးယိနို၏စကားက ထိုအရာရှိကို အတော်လေး အံ့အားသင့်သွားစေပုံရသည်။ သူက အံ့ဩတကြီးဖြင့် မျက်ခုံးပင့်ကာ ထပ်မေးလာပြန်သည်။

 

"အိုး... မင်းက စာဖတ်တတ်တယ်လား? ရေးရော ရေးတတ်လား?"

 

"အနည်းအကျဉ်းတော့ ရေးတတ်ပါတယ်"

 

ကျိုးယိနိုက ချက်ချင်း ပြန်ဖြေလိုက်ပြီးမှ နောက်ထပ် ထပ်ရှင်းပြလိုက်သည်။

 

"ဒါပေမယ့် လက်ရေးကတော့ နည်းနည်းဆိုးတယ်"

 

ထိုအရာရှိက ကျေနပ်သွားပုံရကာ အသံခပ်တိုးတိုးဖြင့် ရယ်မောလိုက်သည်။


"
ဟား ဟားရတယ်ကောင်းပြီကောင်းပြီ၊ အဲဒါဆို လုံလောက်ပြီ၊ ငါ့နောက်ကို လိုက်ခဲ့ကျန်တဲ့လူတွေကတော့... ဝူစန်းအာ... မင်း ကျန်တဲ့သူတွေကို တာဝန်ခွဲဝေပေးလိုက်တော့"

 

အရာရှိက သူ့လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းကာ ကျန်ရှိနေသည့်သူများအတွက်ပါ တဆက်တည်း အမိန့်ပေးလိုက်သည်။ ထို့နောက် သူက အလွန်ကျေနပ်သွားဟန်ဖြင့် စကားတစ်ခွန်းမှ မဆိုတော့ဘဲ  လက်နှစ်ဖက် နောက်ပစ်ကာ ရှေ့မှ ခပ်ကြော့ကြော့ လျှောက်သွားတော့သည်

 

ကျိုးယိနိုကလည်း မနာလိုဖြစ်နေသည့် အကြည့်များစွာကို ကျောခိုင်းကာ သူ့အိတ်ကို သယ်ရင်း ထိုအရာရှိနောက်မှ လိုက်ပါသွားသည်


ရာသီဥတုဒဏ်ကြောင့် အနည်းငယ် ဟောင်းနွမ်းယိုယွင်းပျက်ဆီးနေသော တဲတန်းလျားများ၏ ရှေ့သို့ ရောက်လာချိန်တွင် ထိုအရာရှိလူငယ်က စကားပြန်စလာခဲ့သည်။

 

"ငါ့ရဲ့မျိုးရိုးက ဝမ်၊ ငါ့ဦးလေးက မင်းဆီကနေ ကျားတစ်ကောင် ဝယ်ခဲ့ဖူးတယ်တဲ့ သူက  မင်းကို အရည်အချင်းရှိတဲ့ လူလို့ သတ်မှတ်ပြီး ငါ့ကို မင်းအကြောင်း ပြောပြခဲ့တယ်၊ သူက မင်းကို ငါ့ရဲ့နောက်လိုက်အနေနဲ့ ခေါ်စေချင်လို့ ပေါ့ပေါ့ပါးပါး ပြောခဲ့တာပါ၊ ဒါပေမယ့်  တိုက်တိုက်ဆိုင်ဆိုင် ငါ့မှာလည်း စာတတ်ပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ လူတစ်ယောက် လိုအပ်နေတယ်၊ ငါ့အတွက် အတော်ပဲဖြစ်သွားတာပေါ့လေ”

 

သူက သူ့စကားကို ခဏရပ်လိုက်ပြီး ကျိုးယိနို အကျိုးအကြောင်း နားလည်နိုင်အောင် အချိန်ပေးထားပြီးမှ အေးအေးဆေးဆေး ဆက်ပြောလာပြန်သည်။

 

မင်း အလုပ်ကြိုးစားရမယ်၊ မင်းမှာ ရည်မှန်းချက်နဲ့ ကြိုးစားမမှုရှိနေသရွေ့ ရာထူးတိုးဖို့ အခွင့်အလမ်းတွေရော၊ ချမ်းသာကြွယ်ဝဖို့ အခွင့်အလမ်းရော အများကြီး ရှိလာနိုင်တယ်"

 

ကျိုးယိနိုတစ်ယောက်  ခေါင်းငုံဦးညွှတ်လိုက်သော်လည်း စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပြန်သည်။

 

‘အခု ငါ ဒူးထောက်သင့်လား?’

 

သူ ခဏတာမျှ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် ကျေးဇူးတင်စကားဆိုလိုက်သည်။


"ကျေးဇူးတင်ပါတယ် သခင်
ကြီး"

 

အရာရှိဝမ်က ခေါင်းခါရင်း ရယ်မောလိုက်ပြန်သည်။

 

"သခင်ကြီး ဟုတ်လား? ဘာလို့ ဒီလောက်တောင် သူစိမ်းဆန်နေရတာလဲ? ငါက ဒီမှာ တပ်ခွဲမှူးအဆင့်ပဲ ရှိတာပါ၊ မင်း အခုကစပြီး ငါ့ကို 'ဝမ်တာ့ရန်' လို့ ခေါ်လို့ ရမယ်၊ နားလည်လား?"

 

ထိုသို့ပြောပြီးနောက် သူက ကျိုးယိနို ပြန်လည်ဖြေကြားသည်ကိုပင် မစောင့်တော့ဘဲ သူတို့အနီးအနားရှိ အနည်းငယ် ဟောင်းနွမ်းနေသော တဲအိမ်တစ်လုံးကို လက်ညှိုးထိုးပြကာ ပြောလာပြန်သည်။

 

"လောလောဆယ်တော့ မင်း အဲဒီမှာ နေလို့ရတယ်။ မင်းရဲ့ နေ့စဥ် လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်း ငါ့ဘေးနားမှာ တချိန်လုံး ရှိနေရမယ်၊ နွေဦးရောက်ရင်တော့ ငါတို့ မြောက်ဘက်ကို ချီတက်ကြမယ်။ ဒီနေရာကတောင် နှာခေါင်းကျွတ်မတတ် အေးနေပြီဆိုတော့ မြောက်ဘက်မှာဆိုရင် ပိုပြီး ဆိုးရွားနေမှာ သေချာတယ်"

 

သူ၏လေသံက ပေါ့ပါးနေသော်လည်း အမိန့်ဆန်သည့်အရှိန်အဝါတစ်ခု ပါဝင်နေသည်ကို ကျိုးယိနို ခံစားနေရသေးသည်။ ယခုအချိန်မှစ၍ သူ့ဘဝ ပြောင်းလဲသွားတော့မည် ဖြစ်ကြောင်း ကျိုးယိနို နားလည်လိုက်ရသည်။

 

ကျိုးယိနိုက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူက နောက်ထပ် ဘာလုပ်သင့်သည်ကို ခဏမျှ စဉ်းစားနေသေးသည်။ ထို့နောက် သူက သူ့ပစ္စည်းများထဲမှ နူးညံ့သော ဝံပုလွေသားရေဖြင့် ပြုလုပ်ထားသည့် ဒူးကာတစ်စုံကို ထုတ်ယူလိုက်ကာ 'ဝမ်တာ့ရန်' ထံသို့ တရိုတသေ လှမ်းပေးလိုက်သည်။

 

"ဝမ်တာ့ရန်၊ ဒါ ကျွန်တော်တို့ ရွာမှာ သတ်ခဲ့တဲ့ တောခွေးရဲ့ အမွေးနဲ့ ကျွန်တော့်ယောက္ခမ လုပ်ပေးလိုက်တဲ့ ဒူးကာပါ၊ ဝမ်တာရန် စိတ်ရှိဘူးဆိုရင် ဒါကို လက်ခံပေးပါ


ဝမ်တာ့ရန်က အနည်းငယ် အံ့အားသင့်ပုံဖြင့် မျက်ခုံးပင့်ပြီးမှ အားရပါးရ ရယ်မောလိုက်ပြန်သည်။

 

"ဟား ဟား၊ မင်းက ဆိုးဘူးပဲ။ သူများတွေ ငါ့ကို ငွေတွေ မိန်းမတွေနဲ့ လာဘ်ထိုးကြတယ်မင်းကတော့ ငါ့ကို ဒူးကာတစ်စုံ ပေးတယ်ပေါ့၊ ဒါပေမယ့် ဒါက တကယ်လိုအပ်နေတဲ့အရာပဲ၊ ငါ မင်းရဲ့ ကြင်နာမှုကို ငါလက်ခံပေးမယ်၊ ငါ တကယ် သဘောကျတယ်"

 

ထိုသို့ပြောပြီးနောက် သူက ဒူးကာကို လှမ်းယူကာ ကိုင်ကြည့်နေပြီး ဝံပုလွေသားရေ၏ အထိအတွေ့ကို စမ်းသပ်ကြည့်နေသည်။ ခဏအကြာတွင် သူ၏မျက်နှာက သဘောကျရုံတင်မကဘဲ အတော်ပင် အထင်ကြီးသွားပုံပေါ်လာသည်။

 

"အိုး.... ဒါက ဝံပုလွေရဲ့ ဗိုက်နားက သား‌ရေပဲ၊ မဆိုးဘူး၊ တော်တော်လေး ပျော့ပျောင်းတယ်"

 

သူက ကျေနပ်အားရသည့် အမူအရာဖြင့် လက်ဆောင်ကို သိမ်းဆည်းလိုက်ကာ အပြုံးဖြင့် ထပ်ပြောလာပြန်သည်။

 

"ဒီကိစ္စကို ငါ မှတ်ထားပါ့မယ်၊ ကျိုးထဲကျူး"


ဆယ့်ငါး
ရက်နေ့ ကျော်လွန်ပြီးနောက် ကျိုးယိနို စစ်တန်းလျားသို့  ဝင်သွားသလို စုန့်ကျစ်ရွှမ်းလည်း သူ၏ စာသင်ကျောင်းရှိရာသို့ အပြေးအလွှား ပြန်သွားခဲ့သည်။ စုန့်ထောင်ဟုန်၏  ခင်ပွန်းရှချမ်းနှင့် အခြားသော စာသင်သားအချို့ကလည်း မြို့တော်သို့သွားကာ စာမေးပွဲ ဖြေဆိုရန် ရထားလုံးတစ်စီး ငှားပြီး ထွက်ခွာသွားကြသည်။

 

လတ်တလော သူတို့ ရွာရှိ စကားဝိုင်းများ၏ ခေါင်းစဉ်မှာ စစ်တန်းလျားသို့ လိုက်ပါသွားရသည့် အမျိုးသားများအကြောင်း နှင့် ရှချမ်းတစ်ယောက် နန်းတွင်းစာမေးပွဲ အောင်၊ မအောင် ဆိုသည့် အချက်ပင် ဖြစ်သည်။
သူ
တို့က စုန့်မိသားစုမှ ညီအစ်မများ ဖြစ်ကြသော်လည်း တစ်ယောက်၏ခင်ပွန်းက စစ်မြေပြင်၌ အသက်ဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်တစ်ယောက်၏ခင်ပွန်းကမူ အောင်မြင်မှုလှေကားထစ်ပေါ်သို့ တက်လှမ်းရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုအရာက ရွာသားများအတွက် စိတ်ဝင်စားစရာ အတင်းအဖျင်းတစ်ခု ဖြစ်နေလေသည်။

 

စုန့်တင်းရှန်းကတော့ ထိုအတင်းအဖျင်းများကို ဂရုမစိုက်ဘဲ အိမ်ထဲတွင် အေးအေးလူလူ နေကာ အင်္ကျီချုပ်ခြင်း၊ ဟင်းချက်ခြင်းနှင့် ခြံဝင်းကို သန့်ရှင်းရေးလုပ်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။ နွေဦးစိုက်ပျိုးရာသီ ရောက်လာပြီး စိုက်ပျိုးရန် စတင်ချိန်မှသာ ထိုအတင်းအဖျင်းများလည်း တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

 

နွေဦးရာသီထွန်ယက်ခြင်းက လယ်သမားများအတွက် ဦးစားပေးဖြစ်သည်။ စုန့်တင်းရှန်း တင်တောင်းလက်ဆောင်အဖြစ် ရရှိခဲ့သောမြေ ငါးမှုကို ထည့်မတွက်လျှင်ပင် စုန့်ရှင်းယိ၏မိသားစု၌ စုစုပေါင်း မြေမူ ၃၀ ကျော် (၃၈ မှုခန့်) ရှိသည်။ ယခု မိသားစုအတွင်းမှ အမျိုးသမီးနှစ်ယောက် ကိုယ်ဝန်ရှိနေပြီး လုပ်သားအင်အား လျော့ကျသွားသောကြောင့် ယခုတစ်ကြိမ်တွင် ဖန့်ရှီ၏ သားနှစ်ယောက်စလုံး လယ်ထဲဆင်းကာ ကူညီလုပ်ကိုင်ပေးရမည် ဖြစ်သည်။


ကံကောင်း
ထောက်မစွာဖြင့် သူတို့အိမ်တွင် နွားတစ်ကောင်ရှိနေသေးသည်။ ထိုသို့ မဟုတ်လျှင် မည်မျှပင်ပန်းမည်ကို တွေးပင်တွေးနိုင်တော့မည် မဟုတ်ပေ


စုန့်တင်းရှန်းက သူမ၏ဦးခေါင်းကို ပုဝါတစ်ထည်ဖြင့် ဖုံးအုပ်ချည်နှောင်ကာ နှင်းများအရည်ပျော်သွား၍ စိုစွတ်နေသော မြေပြင်ပေါ်သို့ နင်းဖြတ်ရင်း မိသားစုပိုင် လယ်မြေများဆီသို့ လျှောက်လာခဲ့သည်။ စုန့်ရှင်းယိက သူမမြေငါးမူကို အခြားသူအား အငှားချပေးထားသောကြောင့် ယခု သူမ မိသားစုပိုင်လယ်ကွင်းတွင်သာ ကူညီလုပ်ကိုင်ပေးနေရသည်

စုန့်ရှင်းယိက ရှေ့မှ နွားကို ဆွဲနေပြီး စုန့်ကျစ်ချန်းက နောက်မှ ထွန်ကို ထိန်းကိုင်ရင်း မြေလှန်နေကြသည်မြေစာများ လန်တက်လာချိန်တွင် လတ်ဆတ်သော မြေသင်းရနံ့များ  ပျံ့လွင့်လာသည်။ စုန့်ကျစ်ယွမ်က ကျန်နေသည့် ကလေးများနှင့် အမျိုးသမီးများကို ဦးခေါ်ကာ မြေကြီးများကို ပေါက်ပြားများဖြင့် တူးဆွနေကြသည်

 

ယခုထွန်ယက်နေသော မြေကွက်က စပါးစိုက်ရန် ဖြစ်ပြီး အနီးအနားရှိ မြေကွက်ကျယ်ကြီးတွင်မူ ဆောင်းဂျုံများ စိုက်ပျိုးထားသည်။ အရည်ပျော်နေသော နှင်းများအကြားမှ ထွက်ပေါ်လာသည့် အစိမ်းရောင် အညှောက်အသစ်လေးများကို မြင်နေရခြင်းက လယ်သမားတို့၏ ရင်ထဲသို့ ကြည်နူးမှုများ တိုးဝင်လာစေသည်။

 

ထို့ကြောင့်လည်း “ပထမနဲ့ ဒုတိယ ကိုးရက်တာရက်သတ္တပတ်အတွင်းမှာ မင်းရဲ့လက်တွေကို အိတ်ကပ်ထဲကနေ မထုတ်နဲ့၊ တတိယနဲ့ စတုတ္ထ ကိုးရက်တာရက်သတ္တပတ်မှာ ရေခဲပေါ် နင်းလျှောက်နိုင်လိမ့်မယ်၊ ပဉ္စမနဲ့ ဆဋ္ဌမ ကိုးရက်တာရက်သတ္တပတ်မှာ မြစ်တစ်ဖက်ကမ်းက မိုးမခပင်တွေကို မြင်နိုင်လိမ့်မယ်၊  သတ္တမ ကိုးရက်တာရက်သတ္တပတ်မှာတော့ မြစ်က အရည်ပျော်ပြီး ပျံလွှားငှက်တွေ ပြန်လာကြလိမ့်မယ်၊ ကိုးရက်တာရက်သတ္တပတ်နဲ့ နောက်ထပ်ရက်သတ္တပတ်အတွင်း  လယ်ကွင်းတွေရဲ့ နေရာတိုင်းမှာ နွားတွေ ရှိနေလိမ့်မယ်” ဟူသော ဆိုရိုးတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းပင်။

 

စုန့်တင်းရှန်းက သူမ၏ နာကျင်နေသော ခါးကို နှိပ်နယ်ရင်း လယ်ထွန်နေသည့် နွားများနှင့် လယ်သမားများ ပြည့်နှက်နေသော လယ်ကွင်းပြင်ကျယ်ကြီးကို ငေးကြည့်နေလေသည်။

 

ယခုခေတ်ကာလတွင် မိသားစုနွားတစ်ကောင်ပိုင်ဆိုင်ပါက ချမ်းသာသောမိသားစုဟု အဓိပ္ပာယ်ရသည်။ စုန့်ရှင်းယိတွင် ညီအစ်ကိုခြောက်ယောက်ရှိပြီး အကြီးဆုံးအဘိုး၏မိသားစုတွင်သာ လယ်ထွန်နွားတစ်ကောင် ရှိသည်။ စုန့်လောင်ဝူ(ပဉ္စမအဘိုး) နှင့် စုန့်လောင်လျှို့(ဆဋ္ဌမအဘိုး) တို့၏ မိသားစုများကတော့ သူတို့၏ လယ်မြေအများစုကို အငှားချထားပြီး သူတို့ စားရန်နိုင်အတွက် မြေငါးမူလောက်ကိုသာ သူတို့ကိုယ်တိုင် စိုက်ပျိုးကြသည်။


စုန့်လောင်စန်း(တတိယအဘိုး)နှင့် စုန့်လောင်အာ့(ဒုတိယအဘိုး)တို့၏ မိသားစုအသီးသီးတွင် မိသားစုဝင် များပြားလှသောကြောင့် သူတို့အားလုံး ဝလင်အောင်  စားနိုင်ရန် အတောအတွင်း သူတို့ကိုယ်သူတို့ လယ်ကွင်းများထဲ၌သာ မြှုပ်နှံထားကြရမည် ဖြစ်သည်။ မိသားစု ခွဲဝေပြီးချိန်တွင် လူတိုင်းက ကိုယ့်မိသားစုအတွက် ကိုယ်တာဝန်ယူရပြီး တစ်မိသားစုလုံး စုပေါင်းလုပ်ကိုင်နေကြသည့်တိုင် စုန့်ရှင်းယိ၏မိသားစုကဲ့သို့ တိုးတက်လာခြင်း မရှိကြပေ။


မွန်းတည့်ချိန်သို့ ရောက်လာချိန်တွင် ဗိုက်ကြီးတကားကားဖြစ်နေသည့် ကိုယ်ဝန်ဆောင်သည် ဖန့်ရှီက ကလေးသုံးယောက်နှင့်အတူ ထမင်းထုတ်များ သယ်ဆောင်လာသည်။ နှစ်သစ်ကူးပြီးနောက် ခုနစ်နှစ်ပြည့်သွားသည့် ထူတန်၊ အသက်လေးနှစ်အရွယ် ဟေးတန်နှင့် ကုံးတန်တို့က အစာခြောက်များ အပြည့်ပါသည့် ခြင်းတောင်းကြီးများကို ထမ်းလာကြသည်။ သူတို့က နွားပေါက်ကလေးများကဲ့သို့ ခုန်ပေါက်ရင်း တက်ကြွနေဆဲပင်။


ပုံမှန်အချိန်များ၌ စေ့စပ်ချွေတာတတ်သော မိသားစုများပင် နွေဦးရာသီစိုက်ပျိုးချိန်၌  မချွေတာကြဘဲ အလုပ်သမားများအတွက် လောက်လောက်ငှငှ ချက်ပြုတ်လေ့ရှိကြသည်။ ဖန့်ရှီ ယူဆောင်လာသော အစားအစာများက ဂေါ်ဖီချဉ်ဖြင့် ရောချက်ထားသည့် အသားဟင်းနှင့် မုန့်ပေါင်းကြီးများ ဖြစ်သည်။ သူမ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့လှသော အနံ့က အနီးနားမှ စုန့်လောင်ဆန်းတို့ မိသားစုဆီသို့ပင် ပျံ့လွင့်သွားရာ သူတို့ လှမ်းမျှော်ကြည့်နေကြသည်။

 

စုန့်ရှင်းရန်က တံတွေးကို မျိုချလိုက်ပြီး ကောင်းကင်မှ နေမင်းကြီးကို မော့ကြည့်ကာ သူ့အကြီးဆုံးသားကို လှမ်းမေးလိုက်သည်။

 

"အိမ်ပြန်ပြီး ဘာတွေဖြစ်နေလဲ သွားကြည့်စမ်း၊ ထမင်းက ဘာလို့ ခုထိ လာမပို့သေးတာတုန်း၊ အချိန်တောင် တော်တော်နှောင်းနေပြီ၊ ငါတို့ကို နေ့လယ်စာ မကျွေးဘဲ ညနေအထိ အလုပ်လုပ်ခိုင်းချင်နေကြတာလား"


စုန့်ကျစ်ရှန်းက ဖခင်ဖြစ်သူ၏ အသံကြောင့် ပုခုံးတွန့်သွားကာ ချက်ချင်း အိမ်ဘက်သို့ လှည့်ပြေးသွားသည်။ သူ အိမ်သို့ ရောက်သွားချိန်တွင် မီးဖိုချောင်၌ မုန့်ပြားများကို ကျွမ်းကျင်စွာ လှန်နေသော သမီးဖြစ်သူ စုန့်ကျောင်းရှင်းကိုသာ တွေ့လိုက်ရသည်။ စုန့်ကျစ်ရှန်းက  မျက်မှောင်ကြုံ့ကာ သမီးဖြစ်သူကို လှမ်းမေးလိုက်သည်။

 

“နင်က ဘာလို့ ဒီမှာ ချက်ပြုတ်နေရတာလဲ၊ နင့်အဘွားက ဘယ်သွားနေလို့လဲ"


သူ့နောက်မှ လိုက်ဝင်လာသော သူ့၏ဇနီးဖြစ်သူ ဝူရှီက အိမ်ထဲသို့ ဝေ့ကြည့်လိုက်သော်လည်း တတိယအဖွားကို မတွေ့ရပေ


စုန့်ကျောင်းရှင်းက နှာမှုတ်ရင်း ပြန်ဖြေလာသည်။

 

"အဖေတို့ ထွက်သွားပြီးတာနဲ့ အဖွားလည်း ထွက်သွားတာပဲ၊ အစ်မ နေမကောင်းလို့ သွားကြည့်ပါဆိုပြီး တစ်ယောက်ယောက်လာပြောမယ် ထင်တယ်၊ ပြီးတော့ အဖွားက ဘာမှ မပြောဘဲ ထွက်သွားတယ်၊ ကျွန်မလည်း စောင့်ရင်းစောင့်ရင်းနဲ့ မွန်းတည့်လာပြီ၊ အဖွားက ပြန်မလာသေးဘူး၊ အခု အဖေတို့ စားစရာမရှိမှာ စိုးရိမ်လို့ ထချက်နေရတာ"


ဝူ
ရှီက သူမ၏နှုတ်ခမ်းကို တွန့်ကွေးပြီး ခပ်ရွဲ့ရွဲ့ ဝင်မေးလိုက်သည်။

 

နင့်ရဲ့အစ်က ဘာထပ်ဖြစ်ပြန်ပြီလဲ”

 

‘အဲ့ဒိစုန့်ထောင်ဟုန်က သူမ လက်ထပ်ပြီးကတည်းက အရမ်းဇီဇာကြောင်လာပြီး သူမကိုယ်သူမ ရတနာတစ်ပါးလို့ ထင်မှတ်နေတာလေ၊ သူမ တစ်ချက်အတွန့်တက်လိုက်တိုင်း တခြားလူတွေက အပြေးအလွှား လုပ်ကိုင်ပေးနေရတာ မဟုတ်ဘူးလား’

 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟