အခန်း ၂၇ ဂျင်းက ရင့်လေ
ပိုစပ်လေပဲ ( အပိုင်း ၁)
အမှန်တကယ်တွင် ဝူရှီက သူမ၏လင်ညီမ
ဖြစ်သော ကျူးရှီကို
အထင်သေးရုံသာမက
ယောက္ခမကိုလည်း
သဘောမကျသူ
ဖြစ်သည်။
ယောက္ခမဖြစ်သူ ကောင်းရှီက သူတပါးအပေါ် အခွင့်ကောင်းယူလိုသူ
ဖြစ်သည်ဟု သူမ တွေးထားခဲ့သည်။
သူမ၏ယောက္ခမက မိမိ၏ခြေဖဝါးအောက်ခြေကိုသာ အမြဲ ကြည့်နေတတ်ပြီး ရှေ့မှ ခြေသုံးလှမ်းကိုပင်
ကြိုမမြင်နိုင်သူ ဖြစ်သည်။ သူမ၏
သမီးနှစ်ယောက်စလုံးကလည်း မိခင်နှင့် တူလွန်းလှပြီး မိဘအိမ်သို့ လာလျှင် တစ်ခါမှ
လက်ဗလာဖြင့် မပြန်တတ်ကြပေ။ ဖရုံစေ့တစ်ဆုပ်ဖြစ်စေ၊ အပ်ချည်မျှင်အနည်းငယ်ဖြစ်စေ
ရသမျှကို ယူသွားရမှ ကျေနပ်ကြသူများ ဖြစ်သည်။
လင်ညီမဖြစ်သည့်
ကျူးရှီတွင်လည်း သားနှစ်ယောက်နှင့်
သမီးသုံးယောက်
ရှိပြီး ယခု
သားအကြီးဆုံးနှင့်
သမီးသုံးယောက်စလုံးက အိမ်ထောင်ကျသွားပြီ ဖြစ်သည်။ အငယ်ဆုံးသားက စုန့်ကျောင်းရှင်းနှင့် အသက်အရွယ်တူခန့်
ဖြစ်သော်လည်း အစားမက်ပြီး
အမြဲအိပ်နေတတ်သည့် လူပျင်းလေးတစ်ယောက် ဖြစ်သည်။
ဝူရှီထံတွင်
သားလေးယောက်နှင့်
သမီးတစ်ယောက်ရှိသည်။ အကြီးဆုံးသားနှင့် ဒုတိယသားတို့က အိမ်ထောင်ကျသွားပြီး မြေးလေးယောက်ပင် ရနေပြီ
ဖြစ်သည်။
သူမ၏တစ်ဦးတည်းသောသမီးက ဟင်းချက်ခြင်းနှင့်
ပန်းထိုးခြင်းတို့တွင် ထူးချွန်သောကြောင့် သူမက မိမိကိုယ်ကို
အလွန်ဂုဏ်ယူနေခဲ့ပြီး သူမက ကျူးရှီထက် နှာတဖျားသာနေဟု ထင်နေခဲ့သည်။
သို့သော်
ကျူးရှီ၏သမီး
စုန့်ထောင်ဟုန်က
စုန့်တင်းရှန်း၏ ခင်ပွန်းလောင်းကို အကြောင်းပြချက်တစ်ခုဖြင့်
လုယူလိုက်သည်။ ယခု သူတို့နှစ်ဦး လက်ထပ်ပြီးသွားကြပြီ ဖြစ်ရာ စုန့်ထောင်ဟုန်က
စာသင်သား၏ဇနီး ဖြစ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမ၏ဘဝက လယ်ထဲတွင် ပင်ပင်ပန်းပန်း
လုပ်ကိုင်နေရသူများထက် ပို၍ ဂုဏ်ရှိသွားပြီ ဖြစ်သည်။
ထိုအရာက
ဝူရှီကို အလွန်အမင်း မကျေမနပ်ဖြစ်စေသည်။
သူမက ခင်ပွန်းဖြစ်သူ၏ ပေါ့ပေါ့ပါးပါးနေတတ်သော ပုံစံကို ကြည့်ရင်း သူမ၏ အသည်း၊ နှလုံး၊ သရက်ရွက်၊
အဆုတ်နှင့် ကျောက်ကပ်များ နာကျင်သည်အထိ
ဒေါသထွက်နေလေသည်။
ဝူရှီက
အငွေ့တစ်ထောင်းထောင်း ထနေသည့် ဟင်းရည်ကို အိုးထဲသို့ ဂရုတစိုက် လောင်းထည့်ရင်း
အေးစက်စက် လေသံဖြင့် ထပ်မေးလိုက်သည်။
"နင့်အဘွားက
ထောင်ဟုန် အကြောင်း ဘာတွေပြောသွားသေးလဲ?"
စုန့်ကျောင်းရှင်းက သူမ၏နှုတ်ခမ်းကို
တင်းတင်းစေ့လိုက်ပြီးမှ စိတ်ပျက်လက်ပျက်ဖြစ်နေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မ ကြားတာတော့ အစ်မ နေမကောင်းဘူးတဲ့၊ သူ့ဗိုက်က
ဘာဖြစ်လို့ဆိုလား၊ အဲဒီသတင်းကို ကြားတာနဲ့ အဖွားက ဘာမှမစဉ်းစားတော့ဘဲ
ကြက်ဥခြင်းတောင်း တစ်ဝက်လောက် ဆွဲယူပြီး အလောတကြီး ထွက်သွားတော့တာပဲ”
“ဘာ... ကြက်ဥ တောင်းတစ်ဝက် ဟုတ်လား”
ခြင်းတောင်းတစ်ဝက်စာ
ကြက်ဥဆိုသည်မှာ နည်းသည့် ပမာဏမဟုတ်ပေ။ နွေဦးပေါက် ကြက်မများ စဥတည်းက သူတို့
ထိုကြက်ဥများကို မစားရက်ဘဲ ချွေချွေတာတာ စုဆောင်းထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်
ယခုတော့ ထိုကြက်ဥများအားလုံးကို စကားတစ်ခွန်းမှ မပြောဘဲ သူတပါးအိမ်သို့
ပေးပစ်လိုက်ပြီဖြစ်သည်။
‘ဒီကြက်ဥတွေက
မိသားစုတစ်ခုလုံးနဲ့ သက်ဆိုင်တာ မဟုတ်ဘူးလား’
ဝူရှီက
ထိုအကြောင်းအရာကိုလည်း
ထည့်တွေးနေသေးသည်။ သူမတို့ မိသားစုများက မိသားစု
ခွဲခွာပြီးပြီ ဖြစ်သော်လည်း မိသားစု၏ကြက်များကိုမူ အတူတကွ မွေးမြူထားကြခြင်းပင်။ ကောင်းရှီ၏
အပြောအရာ အလုပ်များသည့် နေ့များတွင် ကြက်စာမကျွေးနိုင်သောကြောင့် အတူတူ ကြက်မွေးကာ ကြက်ဥများ
ရလာမှ မိသားစုများအကြား ညီတူညီမျှ ခွဲဝေရမည် ဖြစ်သည်။ ကြက်များကို အစာကျွေးရန်အတွက်
မိသားစုတိုင်းမှ
ကလေးများ ခွဲဝေ တာဝန်ယူကြရသည်။
သို့သော်
ယခုတွင်မူ အားလုံး သိမ်းယူခံလိုက်ရပြီး ပြန်ရရန် မျှော်လင့်ချက်မရှိတော့ပေ။
ဝူရှီက
သမီးဖြစ်သူ စုန့်ကျောင်းရှင်း ပြုလုပ်ထားသော မုန့်ပြားများနှင့်
ဂေါ်ဖီချဉ်ဟင်းရည်တို့ကို ထုပ်ပိုးပြီးနောက် သမီးဖြစ်သူကို အိမ်တွင် နေခိုင်းကာ
စားစရာများကို သူမကိုယ်တိုင် သယ်ဆောင်ပြီး လယ်ထဲသို့ ထွက်လာခဲ့သည်။
စိတ်ရှည်သည်းခံနိုင်စွမ်း
ကုန်ဆုံးနေပြီဖြစ်သည့် စုန့်ရှင်းရန်က သူမ အဝေးကြီးကတည်းက ဒေါသတကြီး
လှမ်းအော်နေသည်။
"ဘာတွေဖြစ်နေတာလဲ၊
ဘာလို့
ဒီလောက်တောင် နောက်ကျနေကြတာလဲကွ၊ နင်တို့တွေ
အလုပ်မလုပ်ချင်တော့ဘူးလား"
ဝူရှီက
တင်းမာနေသော လေထုကို ခံစားမိသောကြောင့် သူမ၏စိတ်ကို ပြန်ထိန်းချုပ်ထားလိုက်သည်။
သူမ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း သူမ၏မျက်နှာကမူ ဘာမှ
မသိသလိုဟန်မျိုး ဖြစ်နေပြီး လေပြေအေးလေးဖြင့် ပြန်ဖြေလိုက်သည်။
"အဖေ၊
ဒေါသကို
လျှော့ပါဦး၊
ကျွန်မတို့ အိမ်ပြန်ရောက်တော့ ကျောင်းရှင်းတစ်ယောက်တည်း ချက်ပြုတ်နေတာကို
တွေ့ခဲ့ရတယ်။
အမေကတော့
ထောင်ဟုန်ရဲ့ယောက္ခမအိမ်ကို သွားနေတယ်တဲ့၊ ထောင်ဟုန်
နေမကောင်းဘူးဆိုလို့
ကြက်ဥတွေ
အကုန်လုံးတောင်
ယူသွားသေးတယ်၊ ကျွန်မကတော့
ဒီဟင်းရည်ထဲကို ကြက်ဥနှစ်လုံးလောက်
ဖောက်ထည့်ဖို့ တွေးထားခဲ့တာ”
စုန့်လောင်စန်း၏မိသားစုက
အမြဲတစေ စည်းလုံးညီညွတ်နေကြသူများ မဟုတ်သော်လည်း အလုပ်လုပ်ချိန်နှင့်
စားသောက်ချိန်များတွင်မူ တစ်ဦးနှင့်တစ်ဦး ပတ်သတ်နေကြရဆဲ ဖြစ်သည်။ စုန့်ရှင်းရန်က
များသောအားဖြင့် သူ၏သားများကို ပင်ပင်ပန်းပန်း လုပ်ကိုင်ခိုင်းလေ့ရှိပြီး
သူတို့တစ်ဦးနှင့်တစ်ဦး မည်မျှပင် မကြည့်ချင်စေကာမူ လယ်ကွင်း၌ အတူတူ
အလုပ်လုပ်ကြရသည်။ အလုပ်က ပင်ပန်းလွန်းလျှင်ပင် သူတို့ ပျင်းရိနေ၍ မရပေ။ အကယ်၍
သူတို့ ဝိုင်းကူမလုပ်ပါက သူတို့အားလုံး
ဆာလောင်ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်ရမည်ကို သူတို့ ကောင်းစွာ နားလည်ထားကြသည်။
"ဘာ...
ထောင်ဟုန် နေမကောင်းဘူးလား?"
ဝူရှီ၏စကားကို
ကြားလိုက်ချိန်တွင် ကျူးရှီက ထိတ်လန့်သွားပုံရပြီး သူမ ကိုင်ထားသည့် ပေါက်ပြားကို
ပစ်ချကာ ခြေမကိုင်မိလက်မကိုင် ဖြစ်သွားပြန်သည်။
"အဖေ၊
ကျွန်မလည်း သွားကြည့်လိုက်ဦးမယ်"
စုန့်ရှင်းရန်က
သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း အော်ငေါက်လိုက်သည်။
“ဘာကို သွားကြည့်မှာတုန်း၊ နင့်အမေ သွားကြည့်နေပြီ
မဟုတ်ဘူးလား၊ နင့်ကိုယ်နင် နင့်အမေထက် ပိုတော်တယ်လို့ ထင်နေတာလား”
စုန့်ရှင်းရန်၏မျက်လုံးများက
စုန့်ရှင်းယိတို့၏မိသားစုဘက်သို့ ဝေ့ကြည့်လိုက်ပြန်သည်။ ထိုမိသားစုမှ
လူများအားလုံး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေကြပြီး
သူတို့နှင့် နှိုင်းယှဉ်မိလိုက်တိုင်း သူ ပို၍ ပို၍ စိတ်တိုလာရသည်။
မိမိ၏ကိုယ်ပိုင်မိသားစုကို ပြန်ကြည့်မိချိန်တွင်တော့ သည်းမခံနိုင်လောက်သည့်
ခါးသီးမှုကိုစာ ခံစားနေရသည်။
သူက
အတွေးများပြီး ယောက်ယက်ခတ်နေသော ချွေးမဘက်သို့ လှည့်ကာ ပြတ်ပြတ်သားသား
ထပ်ပြောလိုက်သည်။
"ညနေအလုပ်ပြီးလို့
နင့်အမေ ပြန်မလာသေးရင်
နင်လိုက်သွားပြီး
သွားကြည့်လိုက်၊
အခုတော့ အလုပ်လုပ်မှ ဖြစ်မယ်”
ကျူးရှီလည်း
ဘာမှမတတ်နိုင်ဘဲ မကျေမနပ် သဘောတူလိုက်ရသည်။ သူမက ဟင်းရည်တစ်ပန်းကန်ကို ကိုင်ကာ
မုန့်ပြားများကို စားနေရင်း စတုတ္ထဦးလေး၏မိသားစုဝင်များ စားနေကြသည့်
ဂေါ်ဖီချဉ်အသားဟင်းဆီသို့ မက်မက်မောမော လှမ်းမျှော်ကြည့်နေမိသည်။ အသားဟင်းနံ့က
သူမ၏နှာခေါင်းထဲသို့ တိုးဝင်နေသော်လည်း ဝမ်းနည်းစရာကောင်းသည်က တစ်လုပ်မျှပင်
မြည်းစမ်းနိုင်ခွင့် မရှိခြင်းပင်။
ဖန့်ရှီက
လယ်ထဲတွင် အခြားသူများနှင့် အတူမစားဘဲ အိမ်ကျမှသာ စားရန် ပြင်ဆင်ထားပုံရသည်။
"ဒီကိုလာတဲ့လမ်းမှာ
ဂျုံခင်းတွေ တော်တော်ဖြစ်ထွန်းနေကို တွေ့ခဲ့တယ်"
ဖန့်ရှီကလည်း
အလွန်တော်သော
လယ်သူမတစ်ဦး ဖြစ်သည်။
ကျေးလက်ဒေသတွင်
မြို့ပေါ်ကဲ့သို့ အမျိုးသမီးများကို အိမ်ထဲ၌ ပိတ်လှောင်ထားသည့် စည်းကမ်းမျိုး
မရှိပေ။ အလုပ်များသည့် ရာသီတွင် ယောကျ်ား၊ မိန်းမ မရွေး
ဝိုင်းဝန်းကူညီလုပ်ကိုင်ကြရပြီး မိန်းမများက ပို၍ပင် အလုပ်လုပ်ရသေးသည်။ ထို့ကြောင့် အမျိုးသမီးများ၏ လက်များက
အမျိုးသားများ၏လက်များကဲ့သို့ ကြမ်းတမ်းနေပြီး သူမတို့၏ စိတ်ဓာတ်ကလည်း
ခိုင်မာလှသည်။
“ဟုတ်တယ်”
ကောက်ပဲသီးနှံများ
အကြောင်းပြောလာချိန်တွင်
စုန့်ရှင်းယိက
အပြုံးဝေဆာနေသည့်
မျက်နှာကြီးဖြင့်
ပြန်ပြောလိုက်သည်။
“ပြီးခဲ့တဲ့နှစ်မှာ
နှင်းတွေ အရမ်းကျခဲ့တာက ဒီနှစ်အတွက် အရမ်းကောင်းတယ်၊ နှင်းတွေက လယ်ကွင်းထဲက
ပိုးမွှားတွေ သေတဲ့အထိ အေးခဲသွားစေပြီး ရေလည်း လုံလုံလောက်လောက် ရခဲ့တယ်။ ဒီနှစ်တော့ ဂျုံအထွက်နှုန်းကောင်းမှာ
သေချာတယ်"
စုန့်တင်းရှန်းက
သူမ ငယ်ငယ်လေူကတည်းက အခက်အခဲများနှင့် ကြုံခဲ့ရပြီး
ညီငယ် ညီမငယ်များကို ကောလိပ်ကျောင်းသားဖြစ်အောင်
ပြုစုပျိုးထောင်ပေးခဲ့ရသည်။ သို့သော်လည်း လယ်ယာလုပ်ငန်းကိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ မည်သို့ပင်ဖြစ်စေ
သူမ လယ်ယာလုပ်ငန်းကို
တစ်ခါမျှ မလုပ်ဖူးလျှင်ပင်
စိုက်ပျိုးရေးကိုတော့ လုံးဝ လျစ်လျူရှုထားခဲ့ခြင်းမျိုးတော့
မဟုတ်ပြန်ပေ။ နောက်ပိုင်း သူမတို့၏ဘဝ ပိုကောင်းမွန်လာပြီး မိသားစုအတွက်
ခြံဝင်းကျယ်ကျယ်နှင့် အိမ်တစ်လုံး ဝယ်နိုင်လာချိန်တွင် ဟင်းသီးဟင်းရွက်များနှင့်
သစ်သီးစားပင်များ စိုက်ပျိုးခဲ့ဖူးသည်။
“ကောင်းမြတ်သောနှင်းက သီးနှံအထွက်ကောင်းစေသည်” ဟူသော စကားက လုံးဝမှန်ကန်ပေသည်။ ဆောင်းရာသီတွင် နှင်းမကျဘဲ
စိုစွတ်မှုနည်းကာ လယ်ယာများ ခြောက်သွေ့နေခြင်းက လယ်သမားအိုကြီးများအတွက်
အလွန်စိတ်ဆင်းရဲစရာဖြစ်လာတတ်သည်။ ကံကောင်းထောက်မစွာဖြင့်
မိုးနတ်မင်းက လယ်သမားများအပေါ် ငဲ့ညှာပေးခဲ့ပြီး ယခုနှစ်အနည်းငယ်အတွင်း ရာသီဥတု
ကောင်းမွန်နေခဲ့သည်။
အားလုံး
နေ့လယ်စာ စားပြီးချိန်တွင် ဖန့်ရှီက ပန်းကန်အလွတ်များနှင့် တူများအားလုံးကို ပြန်သိမ်းရင်း သူမ၏အတင်းပြောချင်စိတ်ကို
မထိန်းထားနိုင်တော့ဟန်ဖြင့် ဖွင့်ဟလာသည်။
"ဪ၊ ဒါနဲ့...
ပြောရဦးမယ်၊ မနက်က ကျွန်မ ခြံထဲမှာ ဖိနပ်အောက်ခံတွေ
လုပ်နေတုန်း တတိယဦးလေးရဲ့မိန်းမ
မြစ်အောက်ပိုင်းရွာဘက်ကို အလောတကြီး ထွက်သွားတာ တွေ့လိုက်တယ်”
ဤနေရာတွင်
ရွာများကို ရိုးရိုးရှင်းရှင်း အမည်ပေးထားသည်။ မြစ်တစ်စင်းကို အမှီပြုကာ မြစ်လက်တက်အလိုက်
မြစ်အပေါ်ပိုင်းရွာ၊ မြစ်အောက်ပိုင်းရွာ၊ အရှေ့ဘက်ကမ်းရွာ၊ အနောက်ဘက်ကမ်းရွာ၊
တောင်ဘက်ရွာ၊ မြောက်ဘက်ရွာ စသည်ဖြင့်ခေါ်ဝေါ်ကြသည်။
ရွာတစ်ရွာတွင်
အိမ်ထောင်စု ရာဂဏန်းမျှသာရှိတတ်ကြသည်။
မြစ်အောက်ပိုင်းရွာတွင်မူ “ရှ”
မျိူးရိုးရှိသည့် မိသားစုများစွာ နေထိုင်ကြပြီး ကြီးမားသောမိသားစုဟု
ယူဆနိုင်ပေသည်။
ဤဒေသတွင်လည်း
စုန့်မိသားစုကို
ကြီးမားသောမိသားစုအဖြစ် သတ်မှတ်ကြသည်။ ထို့အပြင် လီနှင့် ကျိုး ဟူသည့်
မျိုးနွယ်များလည်း ရှိနေသေးသည်။ အခြားမတူညီသော
မျိူးရိုး ရှိသည့်လူများကတော့ နောက်ပိုင်းမှ ရောက်လာသူများ
ဖြစ်ပြီး အခြေခိုင်မာမှု မရှိသေးသလို ဆင်းရဲမွဲတေပြီး မဖွံ့ဖြိုးကြသေးပေ။
အကယ်၍
စုန့်လောင်စန်း၏ဇနီး မြစ်အောက်ပိုင်းရွာသို့ သွားပါက သူမ သွားစရာ နေရာတစ်ခုသာ
ရှိပြီး ထိုနေရာမှာ ရှမိသားစု၏အိမ် ဖြစ်သည်။
စုန့်ရှင်းယိကတော့
ထိုကဲ့သို့အတင်းအဖျင်းများကို မပါဝင်ချင်သောကြောင့် သူ့၏သားနှင့် မြေးများကို
အလုပ်မြန်မြန်ပြီးအောင်
ဆက်လုပ်စေပြီး အမျိုးသမီးများကို အနားယူစေခဲ့သည်။
ထိုအချိန်တွင်
ဖန့်ရှီတစ်ယောက် အခြားသူများနှင့် တိုးတိုးတိတ်တိတ် စကားလက်ဆုံ ကျနေသော်လည်း သူမ
အားရအောင် မပြောရသေးခင် သူမ၏ယောင်းမ၊ ချွေးမနှင့် သမီးဖြစ်သူတို့က အလုပ်လုပ်ရန်
လယ်ကွင်းထဲသို့ ပြန်သွားကြသည်။ ဖန့်ရှိက မဖြစ်မနေ ဆက်ပြောချင်ပုံဖြင့်
လယ်ကွင်းထဲသို့ လိုက်လာပြန်သည်။
ကျန်းရှီက မြက်ခြောက်လက်တစ်ဆုပ်စာကို
ဆွဲနှုတ်ပြီး သူမ၏မြက်ဖိနပ်ကို ပြန်ဆင်နေရင်းမှ ဖန့်ရှီကို လှမ်းကြည့်ကာ
စပ်စုလိုသော လေသံဖြင့် ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ထောင်ဟုန် တစ်ခုခုဖြစ်နေလို့လား?"
ဖန့်ရှီက
နှာခေါင်းတစ်ချက် ရှုံ့ကာ ရယ်သံသဲ့သဲ့ဖြင့် ပြန်ပြောလိုက်သည်။
"ဘယ်သူ
သိနိုင်မှာလဲ၊
သတင်းလာပို့တာက ရှမိသားစုက အငယ်ဆုံးသား
ထင်တယ်၊ ဆယ်ကျော်သက်ကောင်လေးက လူကိုတွေ့တာနဲ့ စကားမပြောတတ်တော့ဘူး၊ သူတို့တွေ
ကလေးတွေကို ဘယ်လိုများ သင်ကြားပေးနေလဲ မသိပါဘူးအေ"
စုန့်တင်းရှန်းကတော့
ရယ်ချင်စိတ်ကို အောင့်အီးသည်းခံနေရသည်။ သူမ ရှမိသားစုနှင့် စေ့စပ်ပြီးချိန်တွင်
ဖန့်ရှီ ပြောခဲ့သည်က
ထိုသို့ မဟုတ်ချေ။ သူမက ရှချမ်း၏ညီငယ်လေးကို ချီးမွမ်းခဲ့ခြင်းပင်။
‘လူငယ်လေးက
ငယ်ရွယ်ပေမယ့် တည်ငြိမ်ပုံရတယ်၊ လူအေးလေးနော်’
"အမေ၊ တကယ်တော့ သူတို့မိသားစုမှာ
ဘာပဲဖြစ်ဖြစ် ကျွန်မတို့နဲ့ ဘာမှမဆိုင်တော့ဘူး၊ အမေ အခု အိမ်ပြန်သင့်နေပြီ၊
ထူတန်တို့လည်း ဗိုက်ဆာနေလောက်ပြီ"
စုန့်တင်းရှန်းက
စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။ သူမက ဖန့်ရှီတစ်ယောက် လယ်ကွင်းထဲ၌
မသင့်တော်သောစကားများ ပြောမိမည်ကို စိုးရိမ်နေပြီး မိခင်ဖြစ်သူကို
အိမ်မြန်မြန်ပြန်ရန် တိုက်တွန်းလိုက်ခြင်းပင်။
‘ချစ်ရတဲ့အမေရယ်...
အိမ်ကို မြန်မြန်ပြန်ပါတော့နော်’
ကျန်းရှီကလည်း
အခြေအနေကို ရိပ်မိသွားပြီး ချက်ချင်း ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ နင် မြန်မြန် ပြန်တော့၊
နင့်မှာ ဗိုက်ကြီးတကားကားဖြစ်နေတာတောင်
နင်က ဒီလို လျှောက်သွားနေရဲသေးတယ်ပေါ့လေ”
"ငါက နင့်တို့အတွက်
စေတနာထားပြီး
စားစရာ
လာယူတာပါအေ၊ ဒါနဲ့...
ပြောြစရာရှိသေးတယ်၊ ငါတို့ ချောင်းအာနဲ့ ထောင်ဟုန်က အတူတူလောက်
မီးဖွားကြမှာ မဟုတ်ဘူးလား"
ဖန့်ရှီက
မပြန်ချင်သေးပုံဖြင့် အတင်းအဖျင်း ဆက်ပြောရန် ကြိုးစားနေဆဲပင်။
ကျန်းရှီက
စိတ်ထဲမှ တွက်ကြည့်လိုက်ပြီး ဖန့်ရှိ၏စကားကို ပြန်ထောက်ခံပေးလိုက်သည်။
"ဟုတ်သားပဲ၊ ချောင်းအာက နောက်နှစ်လနေရင် မွေးမယ်၊
နောက်သုံးလဆို ထောင်ဟုန်လည်း ကလေးမွေးလိမ့်မယ်၊ အချိန်က သိပ်မကွာဘူးပဲ"
"စေ့စပ်ပြီးကတည်းက ကလေးရတယ်လို့
ပြောမယ်ဆိုရင်တောင် သုံးလဆိုတဲ့အချိန် ကွာခြားချက်က နည်းတာမဟုတ်ဘူး၊
အဲဒီအချိန်ကျရင် သူရဲ့ဗိုက်က ဘယ်လောက်တောင် လုံးထွက်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့၊
ဟွန့်"
ဖန့်ရှီက လှောင်ပြုံးတစ်ချက် ပြုံးရင်း
မကျေမနပ် နှာမှုတ်ကာ လှောင်ပြောင်လိုက်ပြန်သည်။
ထို့နောက်
ထောင်ဟုန် ကလေးမွေးပြီးလျှင် ကလေးအတွက် လက်ဆောင်ပေးသင့်
မမေးသင့်ကို နှစ်ယောက်သား
တိုင်ပင်နေကြသေးသည်။
ထို့နောက်မှာသာ ဖန့်ရှီတစ်ယောက် မပြန်ချင်ဘဲ ပြန်သွားရတော့သည်။
ပင်ပန်းလွန်းသည့်
လယ်ထဲမှ အလုပ်များကို တစ်နေ့တာ လုပ်ပြီးနောက် စုန့်တင်းရှန်း၏ ကိုယ်ခန္ဓာက တစ်ဆစ်ဆစ်
နာကျင်နေပြီ ဖြစ်သည်။ သူမတို့ အိမ်ပြန်ရောက်ချိန်တွင် လီရှီက အရာအားလုံးကို
အဆင်သင့် ပြင်ထားပေးပြီးသား ဖြစ်သည်။
လူတိုင်း
မျက်နှာသစ်နှင့် ခြေထောက်များ ဆေးကြောရန်
ရေနွေးအိုးကြီးတစ်လုံး
တည်ထားပြီးဖြစ်ကာ စားစရာများကိုလည်း အဆင့်သင့်ချက်ပြုတ်ထားပြီး ဖြစ်သည်။
ဤသည်မှာ
အတွေ့အကြုံရှိသော အဘွားအိုတစ်ယောက်၏ ဂရုစိုက်ပေးနိုင်မှု ဖြစ်သည်။ ခြေထောက်ကို
ရေနွေးစိမ်ပေးခြင်းဖြင့် အအေးဓာတ် အရိုးထဲသို့ စိမ့်ဝင်ခြင်းအား
ကာကွယ်ပေးနိုင်သောကြောင့် အသက်ကြီးလာလျှင် ခံစားရတတ်သည့် အဆစ်အမြစ်
ကိုက်ခဲခြင်းကို လျော့ကျစေနိုင်သည်။
ညစာက
ရိုးရှင်းသော်လည်း ခံတွင်းတွေ့အောင် ချက်ပြုတ်ပေးထားသည်။ ဝက်ဆီနံ့ မွှေးပျံ့နေသည့်
ဟင်းသီးဟင်းရွက်အစာသွပ် ပေါက်စီများ၊ အရသာရှိလှသော ဆားဘဲဥများနှင့် ကန်စွန်းဥ
ခပ်ကြီးကြီးများ ထည့်ချက်ထားသည့် ဆန်ပြုတ်ပျစ်ပျစ်တို့ ဖြစ်သည်။ ကန်စွန်းဥ၏
အချိုနှင့် ဆားဘဲဥ၏ အငန်ဓာတ်က အလွန်လိုက်ဖက်နေပြီး ဤသည်က သာမန်အစားအစာသက်သက်
မဟုတ်ဘဲ အိမ်၏ နွေးထွေးမှုသင်္ကေတ ဖြစ်နေလေသည်။
လယ်ကွင်းထဲသို့
မလိုက်ဘဲ အိမ်တွင်ကျန်နေခဲ့သည့် လီရှီနှင့် အခြားအမျိုးသမီးများကလည်း
အနားမယူနိုင်ခဲ့ကြပေ။ ယခုအချိန်က စပါး၊ ဂျုံနှင့် ပြောင်းအပြင်
အခြားအလွန်အရေးကြီးသော သီးနှံတမျိူးဖြစ်သည့် ကန်စွန်းဥ စိုက်ပျိုးရမည့်အချိန်လည်း
ဖြစ်သည်။ ကန်စွန်းဥက အထွက်နှုန်း မြင့်မားပြီး
ကျေးလက်လယ်သမားများအတွက် အသက်သွေးကြော ဖြစ်နေပြန်သည်။ ကန်စွန်းနွယ်များကို လူများ
ကြော်ချက်စားသုံးနိုင်သလို ဝက်များအတွက်အစာအဖြစ်လည်း အသုံးပြုနိုင်သည်။ ကန်စွန်းဥခြောက်ကလည်း
အဆာပြေစားစရာတမျိုး ဖြစ်နိုင်သေးသည်။ အရေးကြီးဆုံးက အခြားသီးနှံများ
ထွက်နှုန်းလျော့ကျပြီး စားနပ်ရိက္ခာရှားပါးသည့်နှစ်များတွင်
အသက်ဆက်ပေးမည့်ရိက္ခာတမျိုး ဖြစ်နေခြင်းပင်။
ရိတ်သိမ်းမှု
ကောင်းသည့် နှစ်များတွင်ပင် လယ်သမားတိုင်း ကန်စွန်းဥကို အလျှံအပယ်
စိုက်ပျိုးကြသည်။ ၎င်းမှာ မမျှော်လင့်ဘဲ ကြုံလာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက်
ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပြီး ဤသည်မှာ ရှေးဘိုးဘွားများ
လက်ဆင့်ကမ်းခဲ့သည့်အတွေ့အကြုံဗဟုသုတ ဖြစ်သည်။ သဘာဝဘေး သို့မဟုတ် လူတို့ဖန်တီးသော
ဘေးအန္တရာယ်များ ဖြစ်သည့် စစ်ပွဲများကြောင့် အဆမတန် အခွန်ကောက်ခံမှုများ ကြုံလာပါက
ကန်စွန်းဥများကသာ သူတို့၏ဗိုက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့်အစားအစာ
ဖြစ်လာပေလိမ့်မည်။
ထို့အပြင်
ကန်စွန်းဥက မြေမရွေးဘဲ မြေရိုင်းများတွင်ပင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
မြေဆီလွှာ ပျက်စီးနေသည့် မြေတွင် ကန်စွန်းဥများ နှစ်အနည်းငယ် စိုက်ပျိုးလိုက်ပါက
ထိုမြေများ ပြန်လည် ကောင်းမွန်လာပြီး ပဲအမျိုးမျိုး ပြောင်းလဲစိုက်ပျိုးနိုင်မည်
ဖြစ်သည်။
ယခုခေတ်ကာလတွင်
လူဦးရေ နည်းပါးပြီး မြေလွတ်များ များပြားလွန်းသဖြင့် ရုံးတော်က မြေရိုင်းများကို
ရှင်းလင်းပြီး စိုက်ပျိုးရန် တိုက်တွန်းလေ့ရှိသည်။ မြေရိုင်းတွင် စိုက်ပျိုးပါက ၃
နှစ်အထိ အခွန်ကင်းလွတ်ခွင့် ပေးထားသောကြောင့် ထွက်သမျှသီးနှံက မိမိအပိုင်သာ
ဖြစ်သည်။ ဤသည်မှာ ကြိုးစားချင်သူများအတွက် ရွှေရောင်အခွင့်အရေးဖြစ်သည်။
အိမ်တွင်
ကျန်ခဲ့သည့် အမျိုးသမီးများက မြေအောက်ခန်းရှိ
ကန်စွန်းဥများကို ထုတ်ယူကာ
စနစ်တကျ ရွေးချယ်ကြရသည်။ ပုပ်နေသည့်အပိုင်းများကို ဖယ်ထုတ်ပြီး
ကောင်းနေသေးသည့်နေရာကို အဖူးလေးများ ပါအောင် စနစ်တကျ လှီးဖြတ်ကာ ပြန်လည်
စိုက်ပျိုးရန် ပြင်ဆင်ကြရသည်။
စုန့်တင်းရှန်းက
သူမ၏
လက်ချောင်းလေးများကို တချောင်းချင်း
ချိုးကာ ရေတွက်နေပြီး သူမတို့၏ မိသားစုတွင် စိုက်ပျိုးရန်
တော်တော်များသေးကြောင်း
တွေးနေပြန်သည်။ အနောက်ဘက်ရှိ
မြေတစ်မှုခွဲခန့်တွင်လည်း
ပဲပုပ်များ စိုက်ပျိုးရမည်
ဖြစ်ပြီး ထိုမှသာ တစ်မိသားစုလုံး တစ်နှစ်ပတ်လည် စားသုံးရန် ဆီထုတ်နိုင်ပေလိမ့်မည်။
နောက်ထပ် ပဲပုပ်သုံးမှုခန့် စိုက်ပျိုးရန်
လိုအပ်နေပြီး
တချို့ကို တို့ဟူးနှင့်
လဲလှယ်ရမည်ဖြစ်သည်။ အိမ်တွင် နှမ်းစေ့
စားနိုင်ရန်နှင့် နှမ်းဆီလုပ်ရန် နှမ်းတစ်မှုလည်း စိုက်ရပေဦးမည်။ ထို့အပြင် ဆန်၊ ပြောင်း၊
ဂျုံနှင့်
မြေပဲများကလည်း
ငွေရရန် မဖြစ်မနေ စိုက်ပျိုးရသေးသည်။
စုန့်တင်းရှန်းတစ်ယောက်
စာရင်းတွက်ကြည့်ရင်း ရှေ့တွင် လုပ်ရန် ကျန်နေသေးသည့် အလုပ်များကို တွေးကာ
သက်ပြင်းချနေမိသော်လည်း နောက်ဆုတ်ရန်လည်း မဖြစ်နိုင်တော့ပေ။ ထို့ကြောင့်
ရရှိလာမည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ရှေ့ဆက်ရုံသာ ဆုံးဖြတ်လိုက်ရတော့သည်။
🌟🌟🌟🌟🌟 Thank you
for always being my greatest supporter. 🌟🌟🌟🌟🌟