Ch 13
Viewers 1k

13



မြစ်တစ်စင်းသာခြားသော်လည်း ဖျင်ယောင်စီရင်စုနှင့် ကျားလင်စီရင်စုတို့၏စားသောက်မှု ဓလေ့စရိုက်မှာမူ များစွာ ကွာခြားလှပေသည်။ ဖျင်ယောင်စီရင်စုသို့ ရောက်ရှိနေသည့် နှစ်ရက်အတွင်း ဤဒေသရှိလူများသည် ပေါက်စီ၊ ကိတ်မုန့်ပြားနှင့် ခေါက်ဆွဲကဲ့သို့သော ဂျုံဖြင့်ပြုလုပ်သည့် အစားအစာများကို အဓိကစားသုံးကြသည်ကို ကျန်းယွင်လင်သတိပြုမိ၏။ 




ဆန့်ကျင်ဘက်အနေဖြင့် ကျားလင်စီရင်စုမှ လူများမှာမူ ဆန်ထမင်းနှင့် ဝမ်တန်တို့ကိုသာ ပို၍နှစ်သက်ကြသည်။ ကံကောင်းသည်မှာ ကျန်းယွင်လင်သည် ဟင်းချက်ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ မိဘများအိမ်တွင်ရှိစဉ်ကတည်းမှ သူသည် ဟင်းလျာအမျိုးမျိုးကို စမ်းသပ်ချက်ပြုတ်လေ့ရှိသဖြင့် ထမင်း၊ ခေါက်ဆွဲနှင့် ကိတ်မုန့်ပြားများကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်သည်။ 





ပေါက်စီနှင့် ဖက်ထုပ်များကို ယခင်က အကြိမ်ကြိမ်မလုပ်ဖူးသော်လည်း ၎င်းတို့မှာ ပြုလုပ်ရန်မခက်ခဲလှပေ။  အနည်းငယ် လေ့ကျင့်လိုက်ရုံဖြင့် သူ တတ်မြောက်နိုင်မည်ဖြစ်သည်။ မီးဖိုချောင်ထဲတွင် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များစွာ မကျန်တော့ပေ။ ဟင်းရွက်တောင်းထဲ၌ ဟင်းနုနွယ် တစ်စည်း၊ ပဲသီး တစ်စည်း၊ ခရမ်းသီး အနည်းငယ်၊ ငရုတ်သီးနှင့် အာလူး အနည်းငယ်သာ ရှိတော့၏။





ထောင့်တစ်နေရာတွင်မူ ဖရုံသီးအကျန် အနည်းငယ်ရှိနေကာ ၎င်းတို့ထဲမှ တစ်လုံးမှာ လေးပုံတစ်ပုံခန့်လှီးဖြတ်ထားပြီးဖြစ်သည်။ ထိုဖရုံသီးမှာ သူတို့ နေ့လယ်စာအဖြစ်စားခဲ့သည့် အလုံးပင် ဖြစ်ရ‌ပေမည်။ ဂျုံမှုန့်အိုး၏ဘေးတွင်မူ ဂုံလျှော်အိတ်ကြီးအချို့ကို ချထားသည်။ ကျန်းယွင်လင် အိတ်တစ်အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဟင်းရွက်ခြောက်များကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ညီအစ်ကိုနှစ်ယောက် ဆောင်းတွင်းအတွက် စုဆောင်းထားသည့် ရိက္ခာများဖြစ်ပုံရ၏။




ထိုပစ္စည်းများအပြင် ကြက်ဥနှစ်လုံးနှင့် ဝက်သားတစ်ဖဲ့ကိုလည်း တွေ့ရသည်။ ကျန်းယွင်လင်း ထိုကြက်ဥများကိုမထိခဲ့ပေ။ ၎င်းတို့ကို မြို့ထဲတွင်ပြန်ရောင်းရန်လား သို့မဟုတ် ကိုယ်တိုင်စားရန်လားဆိုသည်ကို သူမသေချာသောကြောင့်ပင်။ ဝက်သားကိုမူ သူ ပို၍ပင်မထိချင်ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းယွင်လင် ညစာအတွက် ကြက်သွန်မြိတ်ဆီမွှေးခေါက်ဆွဲ၊ အာလူးကြော်တစ်ပွဲနှင့် ဟင်းနုနွယ်ဟင်းချိုတို့ကို ပြင်ဆင်ရန်ဆုံးဖြတ်လိုက်သည်။ ဤမျှဆိုလျှင် သူတို့ သုံးယောက်အတွက် လုံလောက်ပေမည်။





လက်ကို စင်ကြယ်အောင်ဆေးပြီးနောက် ဂျုံမှုန့်နယ်တော့သည်။ ဂျုံသား နှပ်နေစဉ်အတွင်း သူသည် နောက်ဖေးခြံသို့သွားကာ ကြက်သွန်မြိတ်အချို့ကို ခူးယူပြီးဆေးကြောကာ အပိုင်းလေးများလှီးဖြတ်ထားလိုက်၏။ ထို့နောက် အာလူးများကို အခွံနွှာကာ အမျှင်လေးများလှီးပြီး ကျန်ရှိသည့်ရေဖြင့် ဟင်းနုနွယ်များကို ဆေးကြောလိုက်သည်။





ဤအလုပ်များ ပြီးစီးသွားချိန်တွင် ဂျုံသားမှာလည်း အနေတော်ဖြစ်သွားပြီပင်။ ဂျုံသားကို အလွှာပါးပါးလေးဖြစ်အောင် လှိမ့်ပြီးနောက် အမြှောင်းလေးများ လှီးဖြတ်လိုက်သည်။ ထို့နောက် လက်ဖြင့် ဆွဲဆန့်ကာ ရှည်လျားသေးသွယ်သည့် ခေါက်ဆွဲသားလေးများပြုလုပ်လိုက်၏။ ကျန်းယွင်လင် လက်လုပ်ခေါက်ဆွဲများကို ဆူပွက်နေသည့် ရေနွေးအိုးထဲသို့ ထည့်လိုက်ပြီး ခေါက်ဆွဲများ တစ်ခုနှင့်တစ်ခုကပ်မသွားစေရန် တူဖြင့် အသာအယာမွှေပေးနေသည်။





ခေါက်ဆွဲများ ကျက်သွားသောအခါဆယ်ယူပြီး ရေအေးဖြင့်ဆေးကာ ပန်းကန်လုံးထဲသို့ ထည့်ထားလိုက်၏။  တစ်ဖက်တွင်လည်း အခြားအိုးတစ်လုံးဖြင့် ကြက်သွန်မြိတ်ဆီမွှေးကြော်ရန် ပြင်ဆင်လိုက်သည်။ ကြက်သွန်မြိတ်ဆီမွှေးခေါက်ဆွဲ ပြုလုပ်ရာတွင် ကြက်သွန်မြိတ်များကို ဆီဖြင့်အရင်ဆုံးကြော်ပေးရန် လိုအပ်သည်။ သို့မှသာ ပိုမွှေးကြိုင်သောအရသာကို ရရှိမည် ဖြစ်သည်။





ထို့ကြောင့် ဆီအနည်းငယ် ပိုသုံးရသော်လည်း ကံကောင်းသည်မှာ အိမ်တွင် ဆီများစွာရှိနေခြင်းပင်။ အစောက မီးဖိုချောင် သန့်ရှင်းရေးလုပ်စဉ်တွင် ကျန်းယွင်လင် မီးဖိုအပေါ်ရှိ သစ်သားဗီဒိုထဲ၌ ဝက်ဆီအိုးအနည်းငယ်ရှိနေသည်ကို သတိထားမိခဲ့သည်။ မီးဖို၌မီးမွှေးပြီးနောက် သစ်သားယောင်းမကိုအသုံးပြုကာ ဝက်ဆီတစ်ဇွန်းကို အိုးဘေးပတ်ပတ်လည်တွင် သုတ်လိုက်၏။ ဝက်ဆီများ အရည်ပျော်သွားသောအခါ အိုးတစ်ခုလုံးမှာဆီများဖြင့် ဝင်းလက်လာတော့သည်။ ထို့နောက် လှီးဖြတ်ထားသည့် ကြက်သွန်မြိတ်များကို ထည့်လိုက်၏။





ဖြူဖြူစိမ်းစိမ်းကြက်သွန်မြိတ်လေးများမှာ အပူရှိန်ပြင်းပြင်းအောက်တွင် လျင်မြန်စွာပင် ရွှေအိုရောင်အဖြစ်ပြောင်းသွားပြီး မွှေးကြိုင်သည့်ရနံ့များ ထွက်ပေါ်လာတော့သည်။ ကျန်းယွင်လင် ကြော်ထားသည့်ကြက်သွန်မြိတ်များကိုဆယ်ယူပြီး ခေါက်ဆွဲပေါ်တွင် တင်လိုက်၏။ အိုးထဲတွင် ကျန်ရှိသည့် ဆီအချို့ကို ခပ်ထုတ်ပြီးနောက် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည် အနောက်နှင့် သကြားအနည်းငယ် ထည့်ကာ ဆူပွက်လာသည်ထိ အပူပေးလိုက်သည်။




"ရှဲ" ခနဲအသံနှင့်အတူ ပူနွေးနေသည့် ဆီမွှေးများကို ကြက်သွန်မြိတ်နှင့် ခေါက်ဆွဲပေါ်သို့ လောင်းချလိုက်ရာ ကြက်သွန်မြိတ်ဆီမွှေးနံ့မှာ မီးဖိုချောင်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။ ထို့နောက် အပူပေးထားသည့်ဆော့စ်နှင့် ခေါက်ဆွဲကို သမအောင်နယ်လိုက်သောအခါ မွှေးကြိုင်လွန်းသည့် ကြက်သွန်မြိတ်ဆီမွှေး ခေါက်ဆွဲတစ်ပွဲ အဆင်သင့် ဖြစ်သွားပြီပင်။





ဟော်ချင်းနှင့် ဟော်ဝမ်တို့အိမ်သို့ အချိန်မရှေးမနှောင်းပင် ပြန်ရောက်လာကြရာ ဟော်ချင်းမှာ အနည်းငယ်ပိုစော၏။ လှည်းပေါ်တွင် ဝက်တစ်ကောင်ပါလာသဖြင့် မနက်ကထက် ပို၍တွန်းရခက်ခဲနေသည်။ ဟော်ချင်း နဖူးမှချွေးများကို သုတ်လိုက်ရင်း အချိန်နှောင်းနေပြီဖြစ်သဖြင့် အိမ်ပြန်ရောက်လျှင် မီးမွှေးကာ ထမင်းချက်ရဦးမည်ကိုတွေးမိသည်။ ဆီမီးခွက် အလင်းရောင်ဖြင့်သာ ထမင်းစားရတော့မည်ဟု သူထင်နေမိ၏။





သို့သော် သူမော့ကြည့်လိုက်သောအခါ အဝေးရှိ သူ့အိမ်ခေါင်မိုးမှ မီးခိုးငွေ့လေးများ ထွက်ပေါ်နေသည်ကိုမြင်လိုက်ရ၏။ ထိုမီးခိုးငွေ့များမှာ လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားကြသည်။ ဟော်ချင်း ခေတ္တမျှမှင်တက်သွားပြီးမှ လှည်းကိုအိမ်သို့အမြန်တွန်းသွားလိုက်၏။ အိမ်နှင့် နီးလာလေလေ အိမ်ထဲမှ ထွက်ပေါ်လာသည့် မွှေးကြိုင်သောဟင်းနံ့မှာ ပို၍ပြင်းထန်လာလေ လေဖြစ်သည်။





သူ့အဒေါ်သည် နေ့လယ်ကမှလာသွားခဲ့သဖြင့် ညနေပိုင်းတွင် ထပ်လာမည် မဟုတ်ပေ။ ထို့ကြောင့် အိမ်တွင်ရှိနေသည့် ကျန်းယွင်လင်သာလျှင် ထမင်းချက်နေသူ ဖြစ်ရပေမည်။ ထိုအနံ့ကို ရသောအခါ ဟော်ချင်းမှာ အလိုလိုတံတွေးမျိုချမိသွားတော့သည်။ သူလှည်းကို ရပ်လိုက်ရုံရှိသေးချိန်၌ ဟော်ဝမ်လည်းအိမ်ပြန်ရောက်လာ၏။ အိမ်ထဲသို့ ဝင်ဝင်ချင်း မွှေးကြိုင်သည့်အနံ့ကို ရသောအခါ ဟော်ဝမ်တစ်ယောက် သူ့အဒေါ်ဟင်းလာချက်ပေးသည်ဟု ထင်လိုက်ပြီးသူ့အစ်ကိုအား လှမ်းခေါ်ကာမေးလိုက်သည်။





"အဒေါ်က ဒီနေ့ညနေလည်း လာချက်ပေးတာလား"





ဟော်ချင်းခေါင်းခါပြကာ မီးဖိုချောင်ဘက်သို့မေးငေါ့ပြရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။





"ဒါက လင်ကောအာလုပ်နေတာဖြစ်ရမယ်"




ထိုစကားကြောင့် ဟော်ဝမ်လည်း အံ့အားသင့်သွားရ၏။ ညီအစ်ကို နှစ်ယောက်သည် ခြံထဲတွင် ခေတ္တမျှစကားပြောနေကြ၏။ ဟော်ဝမ် အထဲသို့ဝင်ကာ ကျောင်းလွယ်အိတ်ကို သွားထားပြီး ဟော်ချင်းမှာမူ ခြံထဲရှိရေအိုးမှ ရေကိုခပ်၍ လက်ဆေးကာ မီးဖိုချောင်ဘက်သို့သွားလိုက်သည်။ မှန်းထားသည့်အတိုင်းပင် ကျန်းယွင်လင်တစ်ယောက် မီးဖိုရှေ့တွင် အလုပ်ရှုပ်နေသည်ကို သူမြင်လိုက်ရ၏။ မကြာမီမှာပင် ဟော်ဝမ်လည်း ရောက်လာခဲ့သည်။ မီးဖိုချောင်မှာ ရှေ့ခြံနှင့် အနည်းငယ်ဝေးသဖြင့် ကျန်းယွင်လင်မှာ ထိုညီအစ်ကိုနှစ်ယောက် ပြန်ရောက်လာသည်ကိုမကြားလိုက်မိပေ။ 





သူသည် ဟင်းရွက်သွားယူရန်လှည့်လိုက်မှသာ မီးဖိုချောင်တံခါးဝတွင် သူ့ထံမျှော်လင့်တကြီးဖြင့်ကြည့်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရ၏။





"အစ်ကိုဟော် ရှောင်ဝမ် ပြန်လာကြပြီလား" 




ကျန်းယွင်လင် သစ်သားဇွန်းကိုခပ်တင်းတင်း ဆုပ်ထားမိပြီးမှ သူတို့ထံပြုံးပြကာ နှုတ်ဆက်လိုက်သည်။ 




"ကျွန်တော် ဟင်းချက်နေတာ မကြာခင်ပြီးတော့မှာ"





"အင်း" 




ဟော်ချင်း ပြန်‌ပြောလိုက်သည်။ မီးဖိုပေါ်ရှိ ကျက်ပြီးသားဟင်းလျာများကိုမြင်သောအခါ ညီအစ်ကိုနှစ်ယောက်သည် ဟင်းပန်းကန်တစ်ချပ်စီကိုင်၍ ဧည့်ခန်းသို့ယူသွားကြ၏။ ပုံမှန်အားဖြင့် မိသားစုရှိအမျိုးသားများသည် ထမင်းမချက်ကြသော်လည်း သူတို့မိဘများ ကွယ်လွန်သွားပြီးနောက်ပိုင်း ဤညီအစ်ကိုနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦးမှီခိုခဲ့ကြရသည်။ သူတို့ ကိုယ်တိုင်မချက်ပြုတ်လျှင် ငတ်ရုံသာ ရှိတော့သဖြင့် ဟင်းပန်းကန်များသယ်ဆောင်ပေးရုံမျှဖြင့် သူတို့စိတ်ရှိနေမည်မဟုတ်ပေ။





မီးဖိုချောင်ထဲတွင်မူ ကျန်းယွင်လင် ဟင်းနုနွယ်ဟင်းချိုတစ်အိုးသာ ချက်ရန် ကျန်တော့သည်။ ဤဟင်းမှာ လုပ်ရသည်မှာ လျင်မြန်လှသည်။ ဝက်ဆီသုတ်ထားသည့် အိုးထဲသို့ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ကာ မွှေးလာသည်ထိ ဆီသတ်လိုက်၏။ ထို့နောက် ဟင်းနုနွယ်များကိုထည့်ကာ ဆီဖြင့်ခေတ္တမျှကြော်လိုက်သည်။ ရေနွေးတစ်ဇွန်း ထည့်လိုက်ပြီးနောက် ဆူပွက်လာသောအခါ ဆားအနည်းငယ် ခတ်ကာဆယ်ယူလိုက်သည်။





ညစာကို ဧည့်ခန်းတွင်စားကြပြီး ယခင်က ဟော်ဝမ်နှင့် ဟော်ချင်းတို့နှစ်ယောက်တည်းရှိစဉ်ကမူ မီးဖိုချောင်ထဲ၌ပင် အဆင်ပြေသလိုစားလေ့ရှိကြသည်။ ယခုအခါ အိမ်တွင်လူတစ်ယောက်တိုးလာပြီး ကျန်းယွင်လင်မှလည်း ဟင်းလျာများကို သေသေချာချာ ပြင်ဆင်ထားသဖြင့် ညစာအား ဧည့်ခန်းရှိစားပွဲတွင် ပြောင်းရွှေ့စားသောက်ကြမည်ပင်။





ဟော်ချင်းနှင့် ဟော်ဝမ်တို့မှာ တစ်နေ့ကုန် အလုပ်လုပ်ထားသဖြင့် ဗိုက်ဆာနေမည်ကိုသိသောကြောင့် ကျန်းယွင်လင်သည် ခေါက်ဆွဲများကိုနယ်ပြီးနောက် ဟော်ချင်းကို အရင်ဆုံးတစ်ပန်းကန်ခပ်ပေးကာ ဟော်ဝမ်ကိုလည်း တစ်ပန်းကန် ပေးလိုက်၏။ သူတို့သည် ခြံထဲရှိနေစဉ်ကတည်း၌ပင် မီးဖိုချောင်မှလွင့်ပျံ့လာသည့်အနံ့ကြောင့် ဗိုက်ဆာနေကြပြီဖြစ်သည်။ ဟော်ချင်း ကျန်းယွင်လင်ထံမှ ခေါက်ဆွဲပန်းကန်ကိုယူကာ ပြောလိုက်၏။




"ကျေးဇူးပဲ" 



ထို့နောက် တူကိုကိုင်ကာ အားရပါးရ စားတော့သည်။