14
ဟော်ဝမ်သည်လည်း ထိုနည်းတူပင်။ သူသည်ငယ်သေးသဖြင့် ခံစားချက်ကို ဖုံးကွယ်ရာတွင် အစ်ကိုဖြစ်သူကဲ့သို့ မကျွမ်းကျင်ပေ။ ပူနွေးနေသည့် အစားအစာများကို မြင်သောအခါ သူ့မျက်လုံးများမှာ ဝိုင်းစက်သွားသော်လည်း ယဉ်ကျေးရည်မွန်ရမည်ဟူသော ဆရာဖြစ်သူ၏အဆုံးအမကို သတိရနေဆဲဖြစ်သည်။ ပန်းကန်ကို လှမ်းယူပြီးနောက် ကျန်းယွင်လင်ကို ကျေးဇူးတင်စကားပြောကာ ခေါက်ဆွဲတစ်လုပ်ကို မြိန်ယှက်စွာစားလိုက်၏။
ဝက်ဆီဖြင့်နယ်ထားသည့် ခေါက်ဆွဲများသည် ဆီများဖြင့်ဝင်းလက်နေပြီး တောက်ပသည့် အဝါရောင်ရှိနေ၏။ တူဖြင့်ခပ်လိုက်သောအခါ တူတွင်ပင် ဆီအလွှာလေး တစ်ထပ်စွဲကျန်ရစ်သည်။ ကြော်ထားသည့် ကြက်သွန်မြိတ်များမှာ မွှေးကြိုင်ကြွပ်ဆတ်နေကာ ခေါက်ဆွဲသားမှာလည်း အိစက်ညက်ညောလှသည်။ တစ်လုပ်စားလိုက်တိုင်း ကြက်သွန်မြိတ်နံ့နှင့် ဝက်ဆီနံ့တို့မှာ ပါးစပ်ထဲတွင် ပြည့်နှက်သွား၏။
အသားမပါသောခေါက်ဆွဲသည် ဤမျှ အရသာရှိနိုင်သည်ကို ဟော်ချင်းနှင့် ဟော်ဝမ်တို့ ပထမဆုံးအကြိမ်သိရှိလိုက်ရခြင်းပင်။ ၎င်းမှာအသားထက်ပင် အရသာပ်ိုရှိနေသည်။ ညီအစ်ကိုနှစ်ယောက် ပထမတစ်လုတ်စားပြီးနောက် ခေတ္တမျှမှင်တက်သွားပြီး အရှိန်ပိုမြှင့်ကာစားကြတော့သည်။ အခန်းထဲတွင် ခေါက်ဆွဲစားနေသည့် အသံများသာ ဖုံးလွှမ်းနေ၏။
ကျန်သည့် ဟင်းလျာများမှာလည်း အရသာရှိလှသည်။ အာလူးကြော်ထဲသို့ ရှာလကာရည် အနည်းငယ်ထည့်ထားသဖြင့် ချဉ်တင်တင်လေးနှင့် လတ်ဆတ်ကာသောက်ကောင်းလှသည်။ ထို့ပြင် ဟင်းနုနွယ်ဟင်းချိုလည်းရှိသေး၏။ အသားမပါသော်လည်း ဝက်ဆီဖြင့်ဆီသတ်ထားသဖြင့် အသားအရသာအနည်းငယ် ပါဝင်နေသည်။ နီညိုရောင်ဟင်းရည်ပေါ်တွင် ဆီစက်လေးများဝိုင်းနေ၏။ ခေါက်ဆွဲစားပြီးနောက် ဤဟင်းရည် တစ်ခွက်ကို သောက်လိုက်ရသည်မှာ လန်းဆန်းသွားစေသည်။
ဟော်ချင်းနှင့် ဟော်ဝမ်တို့မှာ ဤကဲ့သို့ ကောင်းမွန်သည့် အစားအစာကို မစားရသည်မှာ ကြာပြီဖြစ်သဖြင့် ခေါင်းမဖော်တမ်းစားနေကြ၏။ အထူးသဖြင့် ဟော်ဝမ်သည် ကိုယ်လုံးသေးပြီး အစာများများမစားတတ်သော်လည်း ယခုမူ ခေါက်ဆွဲတစ်ပန်းကန်လုံးကုန်အောင် စားသည့်အပြင် ဟင်းနုနွယ်ဟင်းချိုကိုလည်း အကုန်သောက်လိုက်၏။
ပန်းကန်ကိုချလိုက်သောအခါ ဟော်ဝမ် မနေနိုင်ဘဲ လေတက်သံထွက်သွားတော့၏။
ထိုအခါမှ သူမယဉ်ကျေးရာရောက်သွားသည်ကို သတိရသွားပြီး သူ့ဗိုက်ကိုသူ ပြန်ကိုင်ကာ ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ ဘေးမှ ကြည့်နေသည့် ကျန်းယွင်လင်မှာမူ မျက်ဝန်းလေးများဝိုင်းသွားသည်ထိ ပြုံးမိသွား၏။ သူသည် ဟင်းချက်ကျွမ်းကျင်သည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော်လည်း ဤညီအစ်ကိုနှစ်ယောက်၏ အကြိုက်နှင့် ကိုက်ညီပါ့မလားဟု စိုးရိမ်နေခဲ့သည်။ ယခုသူတို့ မြိန်ယှက်စွာစားနေကြသည်ကိုမြင်မှ စိတ်အေးသွားရတော့သည်။ နေ့လယ်စာ၏အရသာကို ပြန်စဉ်းစားကြည့်လျှင် ဟော်ချင်းသည် ဟင်းချက်ပါရမီမပါသည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် ကျန်းယွင်လင် တူကိုချလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုဟော် နောက်ဆိုရင် အိမ်မှာ ထမင်းချက်တဲ့အလုပ်ကို ကျွန်တော့်ကိုပဲပေးလုပ်ပါလား"
ဟော်ချင်း ယခင်ကကျန်းယွင်လင်ကို အလုပ်ခိုင်းရန် ဝန်လေးနေခဲ့သော်လည်း ယခု ဤဟင်းလျာများကိုစားပြီး နောက်ပိုင်းတွင်မူ ငြင်းဆန်ရန်ခဲယဉ်းသွားပြီပင်။ အရသာမှာ အလွန်ပင် ကောင်းမွန်လှရာ ဤဟင်းလျာကိုစားပြီးနောက် သူကိုယ်တိုင်ချက်သည့် ဟင်းကိုပြန်စားနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဟော်ချင်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းယွင်လင်ကိုကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် မင်းကိုပဲ အားကိုးရတော့မယ်၊ မင်းရဲ့လက်ရာက တကယ်ကောင်းလွန်းတယ်"
သူ့လက်ရာမှာတော့ တကယ်ကိုညံ့လွန်းလှသည်ပင်။ ထိုစကားကို ကြားသောအခါ ကျန်းယွင်လင်ခေါင်းခါပြလိုက်ပြီး ကြည်လင်နေသော သူ့မျက်ဝန်းလေးများတွင် နူးညံ့သည့် အပြုံးလေးတစ်ခု ပေါ်လာ၏။ ထိုကိစ္စ ပြီးစီးသွားသောအခါ ကျန်းယွင်လင် အသားနှင့်ကြက်ဥများအတွက် စီစဉ်ထားမှုကို မေးမြန်းလိုက်သည်။ ဟော်ချင်း ပြောလိုက်၏။
"အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ စားချင်သလိုချက်စားလို့ ရတယ်၊ ကြက်ဥတွေကို မရောင်းတော့ဘူး၊ ကိုယ်တို့ပဲ စားကြမယ်၊ အသားကိုတော့ ရက်အနည်းငယ်ခြားတစ်ခါ အိမ်အတွက် ချန်ထားပေးပါ့မယ်၊ မင်း စိတ်ကြိုက်ချက်ရုံပဲ၊ အလောတကြီး လုပ်စရာမလိုပါဘူး"
ကျန်းယွင်လင် အားလုံးကိုမှတ်သားထားလိုက်သည်။ ညစာစားပြီးနောက် ကျန်းယွင်လင်သည် ပန်းကန်များကို မီးဖိုချောင်သို့ယူသွားကာ ဆေးကြောလိုက်၏။ ဟော်ချင်း မိုးမချုပ်မီ ခြံထဲတွင် ဝက်ကိုသန့်ရှင်းရေးလုပ်နေပြီး ဟော်ဝမ်မှာမူ ဆေးအိုးကိုယူကာ ဆေးကျိုနေတော့သည်။ မကြာမီမှာပင် နေလုံးကြီး လုံးဝကွယ်ပျောက်သွားပြီး သုံးယောက်သား ခြံထဲတွင် ကိုယ်လက်သန့်စင်ကာ အသီးသီးအခန်းထဲသို့ ပြန်သွားကြတော့၏။
အရှေ့ဘက်ခြံဝင်းအတွင်း ဟော်ချင်း သူ့အခန်းထဲအိပ်ရာပြင်နေစဉ် ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရ၏။ အသံမှာတိုးသော်လည်း တိတ်ဆိတ်သည့် ညအချိန်တွင် အတိုင်းသားကြားနေရသည်။ ဟော်ချင်း အလုပ်ကိုခေတ္တရပ်ကာ ဆီမီးခွက်အားကိုင်၍ တံခါးသွားဖွင့်လိုက်သည်။ တံခါးဝတွင် တစ်စုံတစ်ခုကိုကိုင်ထားသည့် ကျန်းယွင်လင်ကို မြင်လိုက်ရ၏။
"လင်ကောအာ ဘာကိစ္စရှိလို့လဲ"
ဟော်ချင်း ဆီမီးခွက်ကိုမြှောက်ကာ ကျန်းယွင်လင်ကိုကြည့်ပြီး မေးလိုက်သည်။
"အခန်းထဲမှာ တစ်ခုခုလိုနေလို့လား"
ကျန်းယွင်လင်သည် လူပျိုလူလွတ် အမျိုးသားတစ်ဦး၏တံခါးကို ညဘက်တွင်လာခေါက်ရသဖြင့် အနည်းငယ် ရှက်နေမိ၏။ သို့သော် ဟော်ချင်းမှာ တစ်နေ့ကုန်အပြင်ထွက်နေသဖြင့် သူ ပြောရန်အခွင့်အရေးမရခဲ့ပေ။ သူတံခါးဖွင့်ပေးသည်ကိုမြင်သောအခါ ကျန်းယွင်လင်နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်ထဲမှပစ္စည်းကို ကမ်းပေးရင်း ပြောလိုက်သည်။
"အစ်ကိုဟော် ဒါကအစ်ကို့အတွက်ပါ"
ကျန်းယွင်လင်၏လက်ထဲတွင် အဝတ်အိတ်လေးတစ်ခုရှိနေပြီး ၎င်းမှာပိုက်ဆံအိတ်နှင့် တူလှသည်။ ဟော်ချင်း လှမ်းမယူသေးဘဲ ကျန်းယွင်လင်းကိုကြည့်လိုက်၏။
"လင်ကောအာ ဒါကဘာသဘောလဲ"
သူ့အကြည့်အောက်တွင် ကျန်းယွင်လင်၏နားရွက်လေးများ နီမြန်းသွားသော်လည်း ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"အစ်ကိုဟော် ကျွန်တော့်ကိုလက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အခု အိမ်မှာ အခြေအနေကြပ်တည်းနေတာကိုလည်း ကျွန်တော်သိပါတယ်၊ ဒီထဲမှာ ငွေအချို့ရှိတယ်၊ အများကြီးမဟုတ်ပေမဲ့ လက်ခံပေးပါ၊ ဒါကို ကျွန်တော့်ရဲ့ စားစရိတ်နဲ့ နေစရိတ်အဖြစ် သဘောထားပေးပါ"
နေ့လယ်ပိုင်း၌ လီရှီ နှင့်ဟော်ချင်းတို့ အိမ်ထဲတွင် စကားပြောနေသည်ကို သူ မတော်တဆကြားခဲ့ရ၏။ ဟော်ချင်းသည် မိသားစုကို ထောက်ပံ့ရန်စုထားသည့်ငွေများကို သုံးစွဲနေရသည်ဟု ကြားသောအခါ ကျန်းယွင်လင်မှာ ကျေးဇူးတင်သကဲ့သို့ စိတ်မကောင်းလည်းဖြစ်မိသည်။ သူသည် ဟော်ချင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေသည်မှာ အမှန်ပင်။ ထို့ကြောင့် အိမ်ပြန်ရောက်ပြီးနောက် ကျန်းယွင်လင် ဆီမီးခွက်ထွန်းကာ သူ့တွင်ပါလာသည့် ငွေများကို သေသေချာချာရေတွက်ခဲ့၏။
သူ့မိသားစုခြံဝင်းကိုရောင်းပြီး ပြန်ရလာသည့် ငွေများအပါအဝင် သူ့တွင် ငွေဆယ်လျန်ခန့်ရှိနေသည်။ ဆယ်လျန်ဆိုသည်မှာ အများကြီးမဟုတ်သော်လည်း ကျေးလက်တွင်ချွေတာသုံးစွဲလျှင် မိသားစုတစ်ခု၏နှစ်နှစ်၊ သုံးနှစ်စာ ကုန်ကျစရိတ်အတွက် လုံလောက်၏။ သူသည် ဤကမ္ဘာတွင် တစ်ကိုယ်တည်းဖြစ်သဖြင့် ဤငွေကို မိမိကိုယ်ကိုကာကွယ်ဖို့ သိမ်းထားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဟော်ချင်းမှာ သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံသဖြင့် သူလည်း ပြန်လည်ပေးဆပ်သင့်သည်ဟု ခံစားရ၏။ သူသည် မိမိအတွက် အရေးပေါ်သုံးရန် လေးလျန်ကိုချန်ထားပြီး ကျန်ခြောက်လျန်ကို ဟော်ချင်းအား ပေးလိုက်ခြင်းပင်။ ကျန်းယွင်လင် သေသေချာချာ စဉ်းစားပြီးဖြစ်သည်။ ဟော်မိသားစုတွင် နေထိုင်သည့်စရိတ်အဖြစ်ဖြစ်စေ သူ့ကိုလက်ခံပေးသည့်အတွက် ကျေးဇူးတင်သည့် အနေဖြင့်ဖြစ်စေ သို့မဟုတ် မိသားစုအတွက် ထည့်ဝင်ခြင်းဖြစ်စေ ဟော်ချင်း လက်ခံမှသာ သူစိတ်အေးရမည်ပင်။
ဟော်ချင်း ခေတ္တမျှတိတ်ဆိတ်သွားရာ ကျန်းယွင်လင်မှာ ပိုက်ဆံအိတ်ကိုပို၍ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။ သူ တစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပင် ဟော်ချင်း ပိုက်ဆံအိတ်ကို ရုတ်တရက်လှမ်းယူလိုက်၏။ ကျန်းယွင်လင် စိတ်သက်သာရာရသွားသော်လည်း ဟော်ချင်းမှအိတ်ကို ဖွင့်ကာ သုံးလျန်သာထုတ်ယူပြီး ကျန်ငွေများကို သူ့ထံပြန်ပေးလိုက်သည်အား မြင်လိုက်ရသည်။
"အစ်ကိုဟော်"
ကျန်းယွင်လင် နားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်၏။ ဟော်ချင်း ပြောလိုက်သည်။
"မင်းက ဒီလောက်စေတနာရှိနေမှတော့ ငါ လက်ခံပါ့မယ်၊ ဒါပေမဲ့ ဒါကနေ့စဉ် စားစရိတ်နဲ့ နေစရိတ်အတွက်ပဲဆိုတော့ ဒီလောက်အများကြီးမလိုပါဘူး၊ သုံးလျန်ဆိုရင်တောင် အများကြီးပိုနေပါပြီ၊ ကျန်တာကို မင်းဘာသာသိမ်းထားလိုက်ပါ၊ မင်းလိုကောလေးတစ်ယောက်အတွက် လက်ထဲမှာငွေရှိနေတာက ပိုကောင်းတယ်"
သို့သော် ထိုအချိန်တွင် ဟော်ချင်းတွေးနေသည်မှာ နေ့လည်က သူနှင့်အဒေါ်ဖြစ်သူစကားပြောသည်ကို ကျန်းယွင်လင် ကြားသွားခဲ့၍သာ ဤသို့လာပေးခြင်းဖြစ်ရမည်ဟုပင်။ အမှန်စင်စစ် ကျန်းယွင်လင်သည် ကျားလင်မှမိသားစုကိစ္စများကို ဖြေရှင်းပြီးလာခဲ့သူဖြစ်ရာ သူ့တွင်ငွေအချို့ပါလာမည်အား ဟော်ချင်း ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် ထိုငွေများသည် မိဘများချန်ထားရစ်ခဲ့သည့် ငွေများဖြစ်ရာ သူ မည်သို့ အလကားလက်ခံနိုင်ပါမည်နည်း။
သို့သော် သူ လုံးဝလက်မခံလျှင်လည်း ကျန်းယွင်လင်မှာ စိတ်သက်သာရာရမည်မဟုတ်ပေ။ ထို့ကြောင့် အမည်ခံအနေဖြင့်သာ လက်ခံလိုက်ပြီးနောက်မှ သေတ္တာထဲတွင် သိမ်းထားပေးကာ ၎င်းကို သူ့အတွက်စုဆောင်းပေးထားရန် ဆုံးဖြတ်လိုက်၏။ နောင်တွင် ဤကောလေးအိမ်ထောင်ပြုသည့်အခါမှ သူကပါ အနည်းငယ်ဖြည့်စွက်ပေးလိုက်လျှင် ဦးလေးကျန်းနှင့် အဒေါ်ကျီတို့အတွက် ကောလေးကို အိမ်ထောင်ချပေးသည့် တင်တောင်းငွေသဘောမျိုးဖြစ်သွားပေမည်။
မိသားစု၏ငွေကြေးနှင့် အသုံးစရိတ် ကိစ္စများကိုမူ ဟော်ချင်း ကောင်းကောင်းသိသည်။ ကျန်းယွင်လင်ကိုနေခွင့်ပေးခဲ့ကတည်းမှ ကျန်းယွင်လင်နှင့် ဟော်ဝမ်တို့နှစ်ယောက်စလုံးကို သူထောက်ပံ့နိုင်သည်ဟု ယုံကြည်မှုရှိပြီးသားဖြစ်၏။ ဟော်ချင်း၏ ထောက်ထားညှာတာမှုကို သိလိုက်ရသောအခါ ကျန်းယွင်လင်မျက်ဝန်းများတွင် မျက်ရည်များဝဲလာပြီး အလွန်တရာစိတ်လှုပ်ရှားသွားရတော့သည်။
ကျန်းယွင်လင် ကျန်ရှိသည့်ငွေများကို ပြန်ယူလိုက်၏။ သို့သော် ဟော်ချင်းတို့ ညီအစ်ကိုနှင့်အတူ မိသားစုဘဝကို ကောင်းမွန်အောင် တည်ဆောက်ရန် ပို၍ပင်စိတ်ပိုင်းဖြတ်လိုက်မိသည်။ ဖြစ်နိုင်လျှင် သူသည်ငွေများများရှာဖွေကာ အားလုံးကိုသက်တောင့်သက်သာ နေထိုင်စေချင်မိ၏။ ညမှာ ပို၍နက်လာပြီဖြစ်သည်။ ဟော်ချင်း ငွေစကိုလက်ခံလိုက်ပြီး ကျန်းယွင်လင်ကိုအခန်းထဲသို့ အမြန်ပြန်ကာ အနားယူရန်နှင့် မည်သည်ကိုမှ စိတ်မပူရန်ပြောလိုက်သည်။
သူရွှံ့အုတ်ခုတင်ပေါ်တွင် လဲလျောင်းလိုက်သောအခါ လေထုထဲတွင်နေလှန်းထားသည့် စောင်များ၏ခြောက်သွေ့ပြီး နွေးထွေးသည့်ရနံ့လေးကိုရနေ၏။ စိတ်အေးချမ်းသွားရသဖြင့် ကျန်းယွင်လင် တစ်ဖက်သို့လှည့်ကာ မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။ ရှင်းနင်မြို့ရှိ အိမ်လေးမှထွက်ခွာလာပြီးနောက်ပိုင်း ဤညသည် သူ့အတွက်အအေးချမ်းဆုံးသော အိပ်စက်ခြင်းပင်ဖြစ်သည်။