18
ယခုအခါ ကလေးမှာကြီးထွားလာချိန် ဖြစ်ရာ အရိုးကြီးများကို
ဟင်းရည်ချက်တိုက်ပြီး အရိုးတွင်းခြင်ဆီများကို စားစေလျှင် အရပ်ရှည်စေသည်ဟု သူတစ်ပါးထံမှ
ကြားထားသည်။ ထို့ကြောင့် သူမသည် ရက်အနည်းငယ်ခြားတစ်ခါ အရိုးလာဝယ်လေ့ရှိပြီး တစ်ခါတစ်ရံမှသာ
နံရိုး သို့မဟုတ် သုံးထပ်သားကိုဝယ်ယူတတ်သည်။ အရိုးကြီးများမှာ ဝက်တစ်ကောင်လုံးတွင်
အမြတ်အနည်းဆုံးအစိတ်အပိုင်း ဖြစ်သည်။ အသားများအားလုံး ဖယ်ထုတ်ထားပြီးဖြစ်ရာ အရိုးတစ်ချောင်းလျှင်
ကြေးပြားနှစ်ပြား၊ သုံးပြားသာရရှိ၏။
သားသတ်သမားအများစုမှာ သူမအရိုးသာလိုချင်သည်ဟုပြောလျှင်
စိတ်မရှည်ဖြစ်တတ်ကြသည်။ ဟော်ချင်း တစ်ဦးတည်းသာလျှင် သူမအရိုးနှစ်ချောင်းလိုချင်သည်ဟုပြောလျှင်
မည်သို့မှမညည်းညူဘဲ ရောင်းပေးတတ်၏။ သူမအတွက် အတုံးသေးသေးလေးဖြစ်အောင် လှီးပေးရမလားဟုပင်
သူကကြိုတင်မေးမြန်းပေးတတ်၏။ ထိုအချိန်မှစ၍ အဒေါ်လီသည် အသားဝယ်လိုလျှင် ဟော်ချင်း၏ဆိုင်သို့သာ
အမြဲလာတော့သည်။ ဟော်ချင်းမှ အဒေါ်လီ ယနေ့လည်း အရိုးလာဝယ်သည်ဟု ထင်လိုက်သော်လည်း သူမမှပြုံးပျော်ကာ
အားတက်သရောပြောလိုက်၏။
"ဝယ်မယ်လေ၊ ဒါတွေအပြင် မိုးခိုသားနှစ်ကျင်းလောက်လည်း
ပေးပါဦး"
ယင်းကထူးဆန်းလှသည်။ သူမသည် ဤမျှရက်ရက်ရောရော ဝယ်လေ့မရှိပေ။
ဟော်ချင်းမမေးမီမှာပင် အဒေါ်လီမှပြုံးကာ ရှင်းပြလိုက်၏။ သူမ၏ချွေးမဖြစ်သူမှာ နောက်ထပ်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း
သိလိုက်ရခြင်းကြောင့်ဖြစ်သည်။ မိသားစုဝင်တိုးလာမည့်အတွက် အဒေါ်လီပျော်ရွှင်နေသော်လည်း
သူမချွေးမမှာ ကိုယ်ဝန်ဆောင်အော့အန်ခြင်းဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရသည်။ အဆီပါသောအသားများကိုမြင်လျှင်ပင်
မအီမသာဖြစ်ကာအန်ချင်နေတတ်၏။
ယခုကိုယ်ဝန်ရှိနေချိန်တွင် မည်သည်ကိုမှမစားဘဲနေ၍မရသဖြင့်
အဒေါ်လီမှ နူးညံ့သည့် မိုးခိုသားနှစ်ကျင်းကိုလာဝယ်ခြင်းဖြစ်သည်။ ဤအသားဆိုလျှင် ချွေးမဖြစ်သူစားနိုင်လိမ့်မည်ဟု
သူမထင်ထားသည်။
"အိုး ဒါတကယ့် သတင်းကောင်းပဲ"
ထိုစကားကိုကြားသောအခါ ဟော်ချင်း ပြုံးကာ အဒေါ်လီကိုဂုဏ်ပြုလိုက်သည်။
သူမိုးခိုသားတစ်တုံးကို လှီးဖြတ်ကာ ကောက်ရိုးကြိုးဖြင့် သီပေးလိုက်ပြီးနောက်ပြောလိုက်၏။
"ဒီလိုဆိုရင်တော့ ဒီအရိုးနှစ်ချောင်းကို လက်ဆောင်အဖြစ်ပေးပါ့မယ်၊
အဒေါ်တို့မိသားစုရဲ့ မင်္ဂလာသတင်းအတွက် ဂုဏ်ပြုတာလို့ပဲ သဘောထားပေးပါ"
အရိုးနှစ်ချောင်းမှာ ငွေအများကြီးမတန်သော်လည်း အလကားရရှိသဖြင့်
အဒေါ်လီ အလွန်တရာဝမ်းသာသွား၏။ သူမ ငွေချေပြီးနောက် အသားနှင့်အရိုးများကို ပျော်ရွှင်စွာသယ်ဆောင်သွားတော့သည်။
အဒေါ်လီမှာလည်း အရိုးများကို အလကားယူသွားသည်တော့ မဟုတ်ပေ။ အိမ်ပြန်ရောက်သောအခါ အိမ်နီးနားချင်းအားလုံးကို
ဟော်ချင်း၏ အသားဆိုင်အကြောင်း လိုက်လံပြောပြပေးခဲ့၏။ တစ်ဖက်တွင်လည်း ဟော်ချင်းမှာ ငွေများရရှိသဖြင့်
ပျော်ရွှင်နေသည်။
အဆီနည်းအသားမှာ တစ်ကျင်းလျှင်ကြေးပြားနှစ်ဆယ်သာရှိသော်လည်း
မိုးခိုသားမှာပို၍ဈေးကြီးရာ တစ်ကျင်းလျှင် နှစ်ဆယ့်ရှစ်ပြားကျသင့်သည်။ ဝက်ဆီမှအပ ပေါင်သားမှာဝက်တစ်ကောင်လုံးတွင်
ဈေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည်။ သူသည် အဒေါ်လီကို နှစ်ကျင်းရောင်းလိုက်ရသဖြင့် တစ်ကြိမ်တည်းနှင့်
ကြေးပြားငါးဆယ့်ခြောက်ပြားရရှိခဲ့၏။ ဟော်ချင်းရလာသည့်ငွေများကို သေသေချာချာ သိမ်းဆည်းပြီးနောက်
ဆက်လက်ရောင်းချနေတော့သည်။
မနက်ခင်းအချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ယနေ့မနက်တွင်
ဖောက်သည်အဟောင်းရော အသစ်ပါ လာရောက်ဝယ်ယူကြသည်။ နေမြင့်လာသည်နှင့်အမျှ လူရှင်းသွားပြီဖြစ်သည်။ များသောအားဖြင့် လူများသည် မနက်ပိုင်းတွင်သာလာတတ်ကြပြီး
နေ့လည်ကျော်လျှင် ဝယ်သူအလွန်နည်းပါးသွားလေ့ရှိသည်။ ဟော်ချင်းသည် ဆိုင်ပေါ်ရှိ အသားများကိုကြည့်လိုက်၏။
ဝက်တစ်ကောင်လုံး၏အများစုမှာ ရောင်းထွက်သွားပြီဖြစ်ရာ
ပုံမှန်အတိုင်းပင်ဖြစ်သည်။ ကျန်ရှိသည့် အသားများကိုမူ နောက်တစ်ရက်တွင် အကုန် ရောင်းထွက်နိုင်ပေမည်။
အိမ်တွင် တစ်ယောက်တည်းကျန်ခဲ့သည့် ကောလေးကိုသတိရမိပြီး သူမည်သို့နေထိုင်နေမည်နည်းဟု
တွေးမိသောကြောင့် ဟော်ချင်းမှာ အကြာကြီးမနေရန် ဆုံးဖြတ်လိုက်၏။
သူဆိုင်ကို သိမ်းဆည်းကာ ဗိုက်ဖြည့်ရန် မုန့်အချို့နှင့်
အိမ်အတွက်လိုအပ်သည့် ပစ္စည်းအချို့ဝယ်ယူပြီးမှ အိမ်သို့ပြန်ရန် ပြင်ဆင်လိုက်သည်။ မနက်ကဗိုက်ဝအောင်စားလာခဲ့သဖြင့်
တစ်မနက်ခင်းလုံးအလုပ်လုပ်ခဲ့သော်လည်း ဗိုက်မဆာသေးပေ။ ထို့ကြောင့် အနီးရှိဆိုင်တစ်ဆိုင်မှပေါက်စီပူပူတစ်လုံးဝယ်လိုက်၏။
ပေါက်စီချည်းစားရသည်မှာ အနည်းငယ်ခြောက်ကပ်ကပ်နိုင်သည့်အပြင် တစ်မနက်လုံးအော်ရောင်းထားရသဖြင့်
လည်ချောင်းမှာလည်း ခြောက်သွေ့နေ၏။
ထို့ကြောင့် ဟော်ချင်းသူ့အဝတ်အိတ်ထဲမှရေဘူးကိုထုတ်ရန်
လက်နှိုက်လိုက်သည်။ သို့သော် ရေဘူးကိုထိမိချိန်တွင် တစ်စုံတစ်ခုထူးခြားနေသည်ကို သူ
ခံစားလိုက်ရ၏။ ဟော်ချင်း အံ့အားသင့်သွားပြီး အိတ်ထဲမှထိုအရာကို ထုတ်ကြည့်လိုက်ရာ ၎င်းမှာကြက်ဥပြုတ်တစ်လုံးဖြစ်နေသည်ကို
တွေ့လိုက်ရ၏။
ယနေ့မနက် ဟော်ဝမ်အတွက် ကျန်းယွင်လင်ပေးလိုက်သည့်
ကြက်ဥကို သတိရလိုက်သောအခါ သူအားလုံးကို နားလည်သွားတော့သည်။ ကြက်ဥမှာ အိတ်ထဲတွင် ကြာမြင့်စွာရှိနေသဖြင့်
အေးစက်နေပြီဖြစ်သော်လည်း ဟော်ချင်းလက်ထဲတွင်မူ ပူနွေးနေဆဲကဲ့သို့ ခံစားနေရ၏။ တစ်စုံတစ်ဦး၏
သတိတရဂရုစိုက်မှုကိုခံရခြင်းမှာ အမှန်တကယ်ပင် ခံစားချက်ထူးခြားလှပေသည်။ ဟော်ချင်း ခေတ္တမျှမှင်တက်သွားပြီး
ကြက်ဥခွံကိုခွာကာ ဖြည်းဖြည်းချင်းအားပါးတရစားလိုက်တော့သည်။