Ch 19
Viewers 1k

19



ဗိုက်ဖြည့်ပြီးနောက် ဟော်ချင်းလှည်းကိုတွန်းကာ ဈေး၏အခြားတစ်ဖက်သို့ ထွက်လာခဲ့၏။ အိမ်တွင်လူတစ်ယောက် ထပ်တိုးလာပြီဖြစ်ရာ ဝယ်ရန် ပစ္စည်းများစွာရှိနေပေသည်။ အခြားအရာများကို ဖြည်းဖြည်းချင်းဝယ်၍ရသော်လည်း အရေးအကြီးဆုံးမှာ ဂွမ်းထည့်ထားသည့် ဆောင်းတွင်းဝတ် အင်္ကျီများပင်ဖြစ်သည်။





မနက်စောစောနိုးချိန်၌ သူသတိထားမိလိုက်သည်။ အအေးပိုသည့်ဆောင်းဦးကာလသို့ပင်မရောက်သေးသော်လည်း ကျန်းယွင်လင်မှာမူ အပေါ်အင်္ကျီထူထူကို ဝတ်ဆင်နေရပြီဖြစ်သည်။ အချိန်ထပ်ကြာ၍ပိုအေးလာပါက ထိုကောလေးမှာ အအေးဒဏ်ကိုမခံနိုင်ဘဲရှိ‌နေလိမ့်မည်။ ကျန်းယွင်လင်တွင် ဆောင်းတွင်းဝတ်အင်္ကျီများပါမပါ သူ မသိသော်လည်း ကျားလင်ဒေသမှ အင်္ကျီများမှာ ဖျင်ယောင်စီရင်စု၏ပြင်းထန်လှသော အအေးဒဏ်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရာသီဥတုအလွန်မအေးမီ ဂွမ်းအင်္ကျီအထူတစ်ထည်ကို ကြိုတင် ပြုလုပ်ပေးရပေမည်။





ဟော်ချင်း ဆိပ်ကမ်းဘက်သို့သွားကာ ဂွမ်းများကို ဦးစွာဝယ်ယူလိုက်သည်။ ရာသီဥတုအေးစပြုလာပြီဖြစ်၍ ဂွမ်းဈေးမှာလည်း တက်နေ၏။ ဆောင်းဦးအစ၌ ဂွမ်းတစ်ကျင်းလျှင်ကြေးပြား ခြောက်ဆယ့်ငါးပြားသာရှိသော်လည်း ယခုအခါ ခုနစ်ဆယ်ထိဈေးတက်နေပြီ ဖြစ်သည်။ သူနှင့်ဟော်ဝမ်မှာမူ မနှစ်ကမှ အင်္ကျီအသစ်ပြုလုပ်ထားသဖြင့် ယခုနှစ်အတွက်မလိုအပ်သေးပေ။ ကျန်းယွင်လင် တစ်ယောက်တည်းအတွက်ဆိုလျှင် ဂွမ်းလေးကျင်းမှာလုံလောက်ပေလိမ့်မည်။





ဟော်ချင်းဝယ်ယူသည့် ပမာဏမှာနည်းပါးသဖြင့် ဆိုင်ရှင်နှင့်အတော်ကြာ ဈေးဆစ်ပြီးမှ တစ်ကျင်းလျှင်ကြေးပြားခြောက်ဆယ့်ရှစ်ပြားဖြင့် သဘောတူညီမှုရခဲ့သည်။ ထို့ကြောင့် ဂွမ်းလေးကျင်းအတွက် စုစုပေါင်း ကြေးပြားနှစ်ရာ့ခုနစ်ဆယ့်နှစ်ပြားကျသင့်၏။ ဂွမ်းဝယ်ပြီးနောက် ပိတ်စများကို ဆက်လက်ဝယ်ယူရ၏။ ပိတ်စ ရွေးချယ်ရာတွင် ဟော်ချင်းသည် ဆိုင်ထဲရှိအကောင်းဆုံးအထည်များကို မရွေးချယ်ဘဲ ကျန်းယွင်လင်အတွက် အဆင်ပြေမည့် ချည်သားပိတ်စကိုသာ ရွေးချယ်လိုက်၏။ 






သူအင်္ကျီအတွက် အပြာရင့်ရောင် ပိတ်စတစ်စနှင့် ပုံမှန်လီနင်ပိတ်စတစ်လိပ်ကို စုစုပေါင်းကြေးပြားတစ်ရာ့ခြောက်ဆယ်ပေးကာ ဝယ်ယူလိုက်သည်။ ကျန်းယွင်လင်ပေးထားသည့် ငွေသုံးတုံးကိုမထိဘဲ ဖယ်ထားလိုက်လျှင် လက်ရှိတွင် သူ့ထံ၌ငွေကိုးတုံးခွဲခန့်ရှိနေပေသည်။ ကြည့်ရသည်မှာ များပြားသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် အိမ်တွင်အသုံးပြုရမည့် နေရာများမှာ အလွန်များပြား၏။ နှစ်ကုန်ပိုင်းရောက်တော့မည်ဖြစ်ရာ အစိုးရသို့ အခွန်ဆက်ရမည့်အချိန်လည်း ဖြစ်သည်။ ယခုနှစ်တွင် အိမ်၌လူတစ်ယောက်တိုးလာသဖြင့် လူသုံးယောက်စာအတွက် အခွန်ငွေကြေးပြားသုံးရာ ပေးဆောင်ရမည်ဖြစ်သည်။ ရှောင်ဝမ်၏ဆေးဖိုးမှာလည်း ခုနစ်ရက်တစ်ခါလိုအပ်နေပြီး တစ်ရက်လျှင် ကြေးပြားငါးဆယ်ခန့်ကုန်ကျရာ တစ်လလျှင် ငွေတစ်လျန်ခွဲခန့်ရှိပေသည်။ ဆရာကျိုးအားပေးရမည့် သင်တန်းကြေးမှာလည်း တစ်နှစ်လျှင်သုံးလျန်ပေးရသည်။





ဤကုန်ကျစရိတ်များတင် တစ်နှစ်လျှင်ငါးလျန်ခန့်ရှိနေပြီဖြစ်သည်။ ကျန်ရှိသည့်လေးလျန်ခွဲထဲမှ နှစ်ရက် သုံးရက်တစ်ခါ ရွာများ၌လှည့်ကာ ဝက်ဝယ်ယူရန်အတွက် အရင်းအနှီးကိုလည်း ဖယ်ထားရသေး၏။ ဝက်တစ်ကောင်မှာ ပေါင် ၁၄၀ မှ ၁၈၀ခန့်ထိ အလေးချိန်ရှိတတ်ပြီး အသားထွက်နှုန်းမှာ ၇၀ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းထိရှိပေသည်။ ဝက်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းမှာ ကြေးပြား ၁၂ ပြားမှ ၁၄ ပြားထိ ကွာခြားတတ်သည်။





ထို့ကြောင့် ဝက်ဝယ်ရန်အတွက် အနည်းဆုံးနှစ်လျန်ခွဲခန့်ကို အမြဲ အဆင်သင့်ထားရှိရမည်ဖြစ်သည်။  ဤသို့ တွက်ချက်ကြည့်လျှင် တစ်နှစ်ပတ်လုံးအပိုသုံးရန်အတွက် နှစ်လျန်ခန့်သာကျန်ရှိသဖြင့် သုံးစွဲမှုတိုင်းကို ဂရုစိုက်နေရခြင်းဖြစ်၏။ သို့သော်လည်း ငွေကြေးအနည်းငယ် ကျပ်တည်းနေသော်လည်း ဟော်ချင်းမှာ အလွန်အမင်းစိုးရိမ်ပူပန်ခြင်းမရှိပေ။





သူသည် အကောင်းမြင်တတ်သူ ဖြစ်သည်။ အိမ်စရိတ်များမှာ များပြားသော်လည်း ငွေကိုမြန်မြန်ရှာနိုင်စွမ်း ရှိ၏။ ဝက်တစ်ကောင်ရောင်းရလျှင် ကြေးပြား ၁၅၀ မှ ၁၈၀ကြား အမြတ်ရရှိတတ်ပြီး သူကိုယ်တိုင်မှာလည်း အလွန်သန်မာသော လူပျိုဖြစ်ရာ အလုပ်ကို ပိုကြိုးစားလုပ်ကိုင်နိုင်ပေသည်။ ထို့ပြင် ဆောင်းရာသီနီးကပ်လာပြီဖြစ်၍ နောက်တစ်လခန့်ကြာလျှင် လူများစွာသည် အသားခြောက်ပြုလုပ်ရန်အတွက် အသားများကို အမြောက်အမြားလာရောက်ဝယ်ယူကြပေလိမ့်မည်။ ထိုအခါ အသားများမှာ ယခုထက် ပို၍ရောင်းကောင်းလာမည် ဖြစ်သည်။



 



နှစ်သစ်ကူးကာလများတွင်လည်း ကျေးရွာများ၌ ဝက်ပေါ်သည့် အလုပ်များ, များပြားလာမည်ဖြစ်ရာ သူ ရွာများသို့လှည့်၍ အသားများကို စုဆောင်းနိုင်၏။ ဝက်ပေါ်ပေးခြင်းနှင့် သင်းပေးခြင်းလုပ်ငန်းမှာ အသားရောင်းရသလောက် အမြတ်မများသော်လည်း အသားအမြောက်အမြားကို စုဆောင်းနိုင်သဖြင့် ငွေကို အတော်အတန်စုမိနိုင်ပေသည်။ အရင်နှစ်များမှ သူဟော်ဝမ်ကို တစ်ကိုယ်တည်း ကျွေးမွေး စောင့်ရှောက်လာခဲ့ပြီး အခက်ခဲဆုံး အချိန်များကိုပင် ကျော်ဖြတ်နိုင်ခဲ့၏။




မိသားစုတစ်ခုအတွက် အရေးကြီးဆုံးမှာ စည်းလုံးညီညွတ်မှုသာဖြစ်ပြီး နောက်အနည်းငယ်ကြာလျှင် အခြေအနေများမှာ ယခုထက်ပို၍ ကောင်းမွန်လာမည်ဟု သူယုံကြည်ထားသည်။ ဂွမ်းနှင့် ပိတ်စများဝယ်ယူပြီးနောက် ဟော်ချင်းသည် အိမ်သုံးပစ္စည်းများဖြစ်သည့် ဆား၊ သကြားနှင့် ပဲငံပြာရည်တစ်အိုးတို့ကို ဝယ်ယူကာ အိမ်သို့ပြန်လာခဲ့သည်။ လှည်းပေါ်ရှိ ပစ္စည်းအပုံလိုက်ကိုကြည့်ရင်း ဟော်ချင်း တွေးလိုက်မိ၏။ 





ယနေ့ငွေအတော်များများ ကုန်ကျသွားသော်လည်း ဤအရာများမှာမရှိမဖြစ် လိုအပ်သည့် ပစ္စည်းများသာဖြစ်သည်။ ယခုတစ်ကြိမ်ဝယ်ထားလိုက်လျှင် နောက်ပိုင်းတွင် ထပ်မံဝယ်ယူရန်မလိုတော့သဖြင့် တန်ဖိုးရှိ‌လေသည်။ ဆိုင်သိမ်းပြီးနောက်ပစ္စည်းများ ထပ်မံ ဝယ်ယူခဲ့ရသဖြင့် ဟော်ချင်းအိမ်သို့ ပြန်ရောက်ချိန်တွင် ပုံမှန်ထက်နောက်ကျကာ ညနေစောင်းနေပြီဖြစ်သည်။ ဟော်ချန်နင်သည် နေ့လည်စာစားပြီးနောက် ကျန်းယွင်လင်ကို ဝက်စာချက်နည်း သင်ပေးပြီးမှ အိမ်ပြန်သွားခဲ့၏။ နေ့လည်ခင်းနေရောင်ခြည်မှာ သာယာနေဆဲဖြစ်သဖြင့် ကျန်းယွင်လင် မီးဖိုချောင်ရှိ ဟင်းသီးဟင်းရွက် ခြောက်များကိုထုတ်ယူကာ ခြံထဲရှိဝါးစင်များပေါ်တွင် နေလှန်းထားလိုက်၏။





ဟော်ချင်းပြန်ရောက်လာချိန်တွင် ကျန်းယွင်လင်မှာ ခြံထဲ၌ဟင်းရွက်ခြောက်များကို ဟိုဘက်ဒီဘက်လှန်ပေးနေသည်။ အသံကြားသဖြင့် မော့ကြည့်လိုက်သောအခါ ဟော်ချင်းကိုမြင်ရသဖြင့် အမြန်ထရပ်ကာ နှုတ်ဆက်လိုက်သည်။





"အစ်ကိုဟော်  ပြန်လာပြီလား"





လှည်းပေါ်တွင် ပစ္စည်းများအပြည့်ပါလာသည်ကိုမြင်ရသဖြင့် ကျန်းယွင်လင် အနားသို့အပြေးအလွှားသွားကာ ကူညီပေးလိုက်၏။





"အင်း" 





ဟော်ချင်းပြန်ထူးလိုက်ရင်း လှည်းကို ခြံထဲသို့တွန်းသွင်းကာ ရပ်လိုက်သည်။ ထို့နောက် လှည်းပေါ်မှပစ္စည်းများကို တစ်ခုချင်းစီအောက်သို့ချလိုက်ရာ ကျန်းယွင်လင်လည်း ဘေးမှကူညီပေးနေသည်။ ဝက်သားများ၏ဘေးတွင် ကောက်ရိုးကြိုးဖြင့် အသေအချာ ချည်နှောင်ထားသည့် ဂွမ်းအိတ်ကြီးတစ်အိတ်ပါလာသည်ကို ကျန်းယွင်လင် တွေ့လိုက်ရ၏။ ထိုအိတ်ထဲတွင် မည်သည့်အရာပါသည်ကို မသိသဖြင့် သူမကိုင်ရဲဘဲ ဘေးရှိ ဆား၊ သကြားနှင့် ပဲငံပြာရည်အိုးများပါသော ဝါးခြင်းတောင်းကိုသာ မယူလိုက်သည်။ ကျန်းယွင်လင် ဟော်ချင်းကိုပစ္စည်းများအား မီးဖိုချောင်သို့ သွားထားရန်ပြောလိုက်ပြီး ဟော်ချင်းပြန်ထွက်လာသောအခါ သူရေတစ်ခွက်ကိုင်ကာ စောင့်ကြိုနေ၏။





"အစ်ကိုဟော်  ရေလေးသောက်လိုက်ပါဦး" 




လှည်းကို အဝေးကြီးတွန်းလာရသဖြင့် ဟော်ချင်းပင်ပန်းကာ ရေငတ်နေမည်ကိုသိသဖြင့် ကျန်းယွင်လင်မီးဖိုချောင်ရှိ ရေနွေးအိုးထဲမှ ရေကိုခပ်ပေးလိုက်၏။ ဤရေမှာ ကျိုချက်ထားသည့် ရေကျက်အေးဖြစ်သည်။ ကျန်းယွင်လင်မှာ ရေကိုမူလအတိုင်းသောက်သည်ထက် ကျိုချက်သောက်ခြင်းသည် ကျန်းမာရေးအတွက် ပိုကောင်းသည်ဟု ယူဆထားသဖြင့် အိမ်တွင်အမြဲပြုလုပ်လေ့ရှိသည်။ ဟော်ချင်းသည် ခြံထဲ၌ တဘက်ဖြင့်ချွေးသုတ်နေစဉ် ရေကို မြင်သောအခါ နေ့လည်ကစားခဲ့ရသည့် ကြက်ဥပြုတ်လေးကို ချက်ချင်း သတိရသွား၏။





"ကျေးဇူးပဲ" 




ဟော်ချင်း ရေကိုလှမ်းယူကာ တစ်ကျိုက်တည်းနှင့်ကုန်အောင် သောက်လိုက်သော်လည်း သူ့စိတ်ထဲတွင်မူ အတွေးများက လျင်မြန်စွာလည်ပတ်နေသည်။ သူသည် အိမ်ရှိ ကြက်မများ၏အခြေအနေကို သိရှိထား၏။  ကြက်မနှစ်ကောင်မှာ အိုမင်းနေပြီ ဖြစ်၍ ဥမဥနိုင်တော့ပေ။ ပုံမှန်အားဖြင့် ကျန်ရှိသည့် ကြက်မသုံးကောင်ကိုသာ အမှီပြုနေရသော်လည်း ရာသီဥတု အေးလာသဖြင့် ဥမဥကြတော့ပေ။ သူနှင့်သူ့ညီမှာ တစ်လုံးစီစားလိုက်ရပြီ ဖြစ်ရာ အိမ်ရှိကောလေးထံ စားစရာ ကြက်ဥကျန်ပါဦးမလားဟု သူစိုးရိမ်မိသွားသည်။ နောက်ထပ်ကြက်ပေါက်စလေးများထပ်ဝယ်ပြီး မွေးမြူရလျှင် ကောင်းမွန်ပေလိမ့်မည်။ ထိုအချိန်တွင် ကျန်းယွင်လင်မှာ ဟော်ချင်းရေသောက်နေစဉ်အတွင်း ယနေ့ အိမ်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြောပြနေ၏။





"ဒီမနက် ချန်နင်လာလည်သွားတယ်၊ ဒါနဲ့ပဲ သူ့ကိုထမင်းစားဖို့ ဖိတ်လိုက်တာ၊ သူကကျွန်တော့်ကို ဝက်စာချက်နည်းတောင် သင်ပေးသွားသေးတယ်၊ ညနေစောင်းမှပဲ သူပြန်သွားတာ၊ ဪ ဒါနဲ့ ချန်နင်ကပြောသွားသေးတယ်၊ ညကျရင် ဦးလေးတို့မိသားစုက ထမင်းလာစားကြမလို့တဲ့၊ အားလုံး ရင်းနှီးသွားအောင်လို့လေ"





ကျန်းယွင်လင်၏မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်ကိုမြင်ရသောအခါမှ ဟော်ချင်းစိတ်အေးသွားရသည်။ ကျန်းယွင်လင်သည် မြို့ပေါ်မှ လာသူဖြစ်သဖြင့် ကျေးလက်ဘဝနှင့် အသားမကျမည်ကို သူစိုးရိမ်ခဲ့သော်လည်း ယခုမူကောလေးမှာအတော်ပင်အဆင်ပြေနေပုံရသည်။ ကျန်းယွင်လင် စကားအဆုံးတွင် ဟော်ချင်း ခေါင်းညိတ်ကာပြောလိုက်၏။





"ကောင်းပြီ ကိုယ်နားလည်ပြီ"





သူ့ဦးလေးမိသားစုနှင့် သူတို့ညီအစ်ကိုမှာ အလွန်တရာရင်းနှီးကြသူများ ဖြစ်သည်။ မိသားစုနှစ်စုမှာ အတူတူ ထမင်းစားလေ့ရှိကြသဖြင့် ၎င်းမှာကိစ္စကြီး တစ်ခုမဟုတ်ပေ။ ထို့ပြင် ကျန်းယွင်လင်အနေဖြင့် ဦးလေးတို့မိသားစုနှင့် ရင်းနှီးထားခြင်းမှာလည်း ကောင်းမွန်ပေသည်။