Ch 20
Viewers 1k

20



အကယ်၍ သူနှင့်ဟော်ဝမ်တို့အိမ်တွင် မရှိချိန် တစ်စုံတစ်ခုလိုအပ်ပါက ဦးလေးတို့မှ ကူညီပေးနိုင်ပေလိမ့်မည်။ ဟော်ချန်နင် အကြောင်းကိုကြားသောအခါ ဟော်ချင်းပြုံးလိုက်ရင်း ပြောလိုက်၏။





"ချန်နင်က သွက်လက်ချက်ချာပြီး စိတ်ထားလည်း တော်တော်ကောင်းတယ်၊ သူကဒီရွာအကြောင်းကိုလည်း အကုန်သိတာပဲ၊ အိမ်မှာပျင်းနေရင် သူ့ကိုခေါ်ပြီး စကားပြောလို့ရပါတယ်"





"ဟုတ်ကဲ့ ကျွန်တော်သိပါပြီ" 




ကျန်းယွင်လင် ခေါင်းညိတ်လိုက်ရာ သူ့မျက်လုံးလေးများမှာ လခြမ်းကွေးလေးများအလား ကွေးညွှတ်သွား၏။ သူသည်လည်း ဟော်ချန်နင်၏ပွင့်လင်းရွှင်လန်းပြီး တက်ကြွလှသည့်စရိုက်ကို သဘောကျမိသည်။ အရေးကြီးသည့်ကိစ္စများ ပြောဆိုပြီးနောက် ဟော်ချင်းသည် လက်ထဲမှပန်းကန်လုံးကို လှည်းပေါ်တွင်တင်လိုက်ပြီး ဂွမ်းနှင့်ပိတ်စများပါသည့် အိတ်များကိုမယူကာ ကြိုးများကို ဖြေလိုက်သည်။ ဟော်ချင်း ကျန်းယွင်လင်ကိုကြည့်ကာပြောလိုက်၏။





"အိမ်အလုပ်တွေက သိပ်မလောပါဘူး၊ ကိုယ်ဒီနေ့ မြို့ထဲကနေ ဂွမ်းနဲ့ပိတ်စတွေ ဝယ်လာခဲ့တယ်၊ အရမ်းမအေးခင် မင်းအတွက် အင်္ကျီအသစ်တစ်ထည်လောက် အမြန်ချုပ်ထားလိုက်ဦး"





ဂွမ်းအင်္ကျီချုပ်ရသည့်အလုပ်မှာ ပင်ပန်းလှသဖြင့် ကျန်းယွင်လင် တစ်ယောက်တည်း မလုပ်နိုင်မည်ကို စိုးရိမ်သဖြင့် သူထပ်မေးလိုက်သည်။





"မင်းအပ်ချုပ်တတ်လား၊ တစ်ကယ်လို့မတတ်ရင် အဒေါ့်ကိုဖြစ်ဖြစ် မရီးကိုဖြစ်ဖြစ်ချုပ်ပေးဖို့ အကူအညီတောင်းပေးမယ်လေ"





ထိုစကားကိုကြားသောအခါ ကျန်းယွင်လင် အလွန်တရာအံ့အားသင့်သွားရသည်။ ထိုအိတ်ကြီးထဲတွင် ဂွမ်းများ ပါလာမည်ဟု သူလုံးဝမထင်ထားခဲ့သကဲ့သို့ ထိုဂွမ်းများမှာ သူ့အတွက် အင်္ကျီချုပ်ရန်ဖြစ်နေသည်ကိုလည်း မမျှော်လင့်ထားခဲ့ပေ။ ရာသီဥတုအေးနေပြီ ဖြစ်သဖြင့်ဂွမ်းဈေးမှာ အလွန်တရာခေါင်ခိုက်နေပေလိမ့်မည်။ အနည်းဆုံး တစ်ကျင်းလျှင် ကြေးပြားခုနစ်ဆယ်ခန့်ရှိနိုင်ပြီး ဤအိတ်ထဲရှိ ဂွမ်းများမှာ လေးကျင်း ငါးကျင်းခန့်ရှိပုံရသည်။ အိတ်ထဲရှိဂွမ်းများမှာ ဖြူဖွေးနူးညံ့နေသည်။ ကျန်းယွင်လင် ဟော်ချင်းကို အားနာဟန်ဖြင့်ကြည့်လိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်၏။ 




"အစ်ကိုဟော် ကျွန်တော်....ကျွန်တော့်မှာ အင်္ကျီတွေပါလာပါတယ်"





သို့သော် ဟော်ချင်းမှာ ခေါင်းခါလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။





"ဖျင်ယောင်စီရင်စုရဲ့ ရာသီဥတုက ကျားလင်နဲ့ မတူဘူး၊ အခုက စက်တင်ဘာလကုန်ပဲရှိသေးလို့ သိပ်မအေးသေးဘူးထင်ရပေမယ့် ဒီမနက် မင်း အင်္ကျီအထူဝတ်ထားတာ ကိုယ်တွေ့လိုက်တယ်၊ တကယ်သာအေးလာပြီး နှင်းတွေကျလာရင် မင်းပါလာတဲ့အင်္ကျီနဲ့ လုံးဝမလုံလောက်ဘူး၊ အဲ့ဒီအချိန်မှချုပ်မယ်ဆိုရင် နောက်ကျသွားလိမ့်မယ်"





ဟော်ချင်း ကျန်းယွင်လင်မှာ အသစ် ရောက်လာသူဖြစ်သည့်အပြင် မနေ့က အဒေါ်ဖြစ်သူပြောခဲ့သည့် စကားများကို ပြန်လည်စဉ်းစားမိသဖြင့် ကောလေးသည် အိမ်ရှိငွေကြေးကိစ္စကို စိုးရိမ်နေမည်အား သိရှိထား၏။ ထို့ကြောင့် ဟော်ချင်းလေသံကို လျှော့ကာဆက်ပြောလိုက်သည်။





"အိမ်ကငွေကိစ္စအတွက် စိတ်မပူပါနဲ့၊ မနေ့ကမင်းဆီကနေ ငွေယူထားတယ်မလား၊ အဲ့ဒီငွေနဲ့ပဲ ဒီဂွမ်းတွေကိုဝယ်ခဲ့တာပါ၊ ဖျင်ယောင်ရဲ့အအေးဒဏ်က ပြင်းထန်လွန်းတယ်၊ အအေးမိပြီး ဆေးခန်းပြတာတို့ ဆေးသောက်ရတာတို့လုပ်မယ်ဆိုရင် ငွေကပိုကုန်ဦးမယ်၊ ဒါကြောင့် ဒီအင်္ကျီကမရှိမဖြစ်လိုအပ်တယ်"





ထိုစကားကိုကြားသောအခါမှ ကျန်းယွင်လင် စိတ်အေးသွားရသည်။ မိမိငွေနှင့် ဝယ်ခြင်းဖြစ်သော်လည်း ဟော်ချင်းသည် မိမိအအေးဒဏ်ကိုကြောက်တတ်သည်အား သတိထားမိပြီး ဂရုတစိုက်ဝယ်ယူပေးခဲ့သည့်အတွက် ကျန်းယွင်လင် ရင်ထဲတွင် ဂွမ်းများကဲ့သို့ပင် နူးညံ့နွေးထွေးသွားရ၏။ ဂွမ်းများမှာ ဝယ်ပြီးသားဖြစ်သဖြင့် ကျန်းယွင်လင် ထပ်မံငြင်းဆန်ခြင်းမပြုတော့ပေ။ သူ ဟော်ချင်းကိုကျေးဇူးတင်စကားပြောပြီးနောက် ဂွမ်းနှင့်ပိတ်စများကို သူ့အခန်းထဲသို့သယ်သွားလိုက်သည်။ အပ်ချုပ်ခြင်းအလုပ်ကိုမူ ကျန်းယွင်လင် ကောင်းစွာတတ်မြောက်ထားသဖြင့် လီရှီထံအားနာသမှုဖြင့် အကူအညီတောင်းရန် မလိုတော့ပေ။





ကျန်းယွင်လင် အင်္ကျီချုပ်ရန် အခန်းထဲသို့ဝင်သွားစဉ် ဟော်ချင်းမှာမူ ဧည့်ခန်းအဝင်ရှိ ကျောက်ဖျာပေါ်တွင်ထိုင်ကာ ခေတ္တအနားယူနေ၏။ အားအင် ပြည့်ဝသွားသောအခါမှ အိမ်အလုပ်များ သူလုပ်ရန်ပြင်ဆင်လိုက်သည်။ သို့သော် အိမ်အနှံ့လိုက်ကြည့်သောအခါ လုပ်စရာအလုပ်ဟူ၍ မရှိသလောက်ပင်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ရေအိုးနှစ်လုံးမှာ မနက်ကပင်အပြည့်ဖြည့်ထားပြီးဖြစ်ရာ ယခုထိပြည့်နေဆဲဖြစ်သည်။ ခြံဝင်းမှာလည်း လှည်းကျင်းထားသဖြင့် ပြောင်စင်နေပြီး အချို့သောထောင့်စွန်းနေရာများမှာပင် ယခင်ကထက်ပိုမို သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။





သူနောက်ဖေးခြံရှိ တိရစ္ဆာန်များကို အစာကျွေးရန်သွားသော်လည်း ကြက်နှင့် ဝက်များမှာ အစာကျွေးပြီးသား ဖြစ်နေသည့်အပြင် ၎င်းတို့၏ခြံများမှာလည်း စင်ကြယ်နေသည်ကိုတွေ့ရ၏။ ဟော်ချင်းမှာ လုပ်စရာအလုပ်မရှိသဖြင့် အသားမကျဖြစ်နေမိသည်။ သူ့လက်များကိုပွတ်သပ်ရင်း နောက်ဆုံးတွင် ဓားနှင့်ကြိုးကိုယူကာ တောင်ပေါ်သို့ထင်းခွေရန် ထွက်လာခဲ့သည်။ ဆောင်းရာသီတွင် ထင်းမှာမရှိမဖြစ် လိုအပ်လှသည်။ ထို့ပြင် ဟော်ဝမ်မှာ ကျန်းမာရေးမကောင်းသဖြင့် အအေးဒဏ်ကိုမခံနိုင်ရာ အုတ်ခုတင်ကိုစောစောစီးစီးအပူပေးထားရမည် ဖြစ်သည်။ 





ယခုနှစ်တွင် လူတစ်ယောက်ပါထပ်တိုးရောက်နေသဖြင့် ထင်းပို၍လိုအပ်ပေမည်။ အားလပ်သည့် အချိန်ကိုအသုံးပြုကာ ထင်းများကို အမြောက်အမြားခုတ်ပြီး ထင်းဂိုဒေါင်ထဲတွင် သိုလှောင်ထားလိုက်သည်။ အကယ်၍ပိုလျှံပါက မြို့ပေါ်တွင် သွားရောက်ရောင်းချနိုင်ပြီး ၎င်းမှာလည်း ဝင်ငွေတစ်ခုဖြစ်ပေသည်။ ဆောင်းရာသီတွင် ထင်းဈေးမှာ ကြီးမြင့်လှရာ ထင်းတစ်လှည်းလျှင် ကြေးပြားလေးဆယ်၊ ငါးဆယ်ခန့်ထိ ရရှိနိုင်၏။





နေဝင်ချိန်ထိ လူငယ်နှစ်ယောက်စလုံးမှာ ကိုယ့်အလုပ်နှင့်ကိုယ်အလုပ်ရှုပ်နေကြသည်။ ကျန်းယွင်လင်သည် အချိန်တန်ပြီဖြစ်ကြောင်းသိသဖြင့် အင်္ကျီချုပ်ခြင်းကို ရပ်နားကာ မီးဖိုချောင်သို့သွား၍ ထမင်းဟင်း ပြင်ဆင်တော့သည်။ သူစုံစမ်းထားသည့်သတင်းအရ ချွီဝမ်ရွာမှာယန်ရှီးရွာနှင့်မဝေးလှပေ။ ဟော်ဝမ် ကျောင်းဆင်းလျှင် နွားလှည်းစီးကာ ဆယ့်ငါးမိနစ်ခန့်ဖြင့်အိမ်သို့ ပြန်ရောက်နိုင်ပေသည်။ ကျန်းယွင်လင်ထင်ထားသည့်အတိုင်းပင် နေဝင်ပြီးမကြာမီမှာပင် ဟော်ဝမ် ပြန်ရောက်လာ၏။ 




သူလွယ်အိတ်ကို ချထားပြီးနောက် ကျန်းယွင်လင် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသည်ကိုမြင်သဖြင့် မီးကူမွှေးပေးရန် ဝင်လာခဲ့သည်။ တောင်သူမိသားစုများတွင် ဆယ့်တစ်နှစ်အရွယ်ကလေးမှာ အတော်ပင်ကြီးနေပြီဖြစ်ရာ အချို့သော သန်မာသည့်ကလေးများဆိုလျှင် လယ်ထဲတွင်ပင်ကူညီနေကြပြီဖြစ်သည်။ သို့သော် ဟော်ဝမ်မှာမူ အခြားကလေးများထက် အားပိုနည်းသည်။ သူသည် အစားအသောက်၊ အဝတ်အထည်မဆင်းရဲသော်လည်း ပုံမှန်ဆယ့်တစ်နှစ်အရွယ် ကလေးများထက် ပိုပိန်ချုံးနေကာ မျက်နှာနှင့် နှုတ်ခမ်းများမှာ သွေးမရှိသကဲ့သို့ဖြူဖျော့နေ၏။





ကျန်းယွင်လင်၏မိခင်မှာလည်း ကျန်းမာရေးမကောင်းခဲ့သူဖြစ်ရာ ကျန်းယွင်လင်မှာ ဟော်ဝမ်ကို ဟော်ချင်းထက်ပင်ပို၍ဂရုစိုက်မိနေတတ်သည်။ ထိုကလေးငယ်မှာလည်း ကျန်းယွင်လင်ကဲ့သို့ပင် သူ့အစ်ကိုအပေါ်လေးစားသလို အားလည်းနာတတ်သူဖြစ်သည်။ မိမိကိုယ်ကို မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ယူဆကာ တစ်ခုခုကူညီပေးချင်စိတ် အမြဲရှိနေတတ်၏။ ကျန်းယွင်လင်သည် ဟော်ဝမ်၏ကျန်းမာရေး အခြေအနေကို မေးမြန်းချင်သော်လည်း သူတို့နှစ်ယောက်မှာ အလွန်မရင်းနှီးကြသေးသဖြင့် ခေတ္တမျှဆိုင်းငံ့ထားလိုက်ရသည်။





နေမဝင်မီမှာပင် ဟော်ချင်းတောင်ပေါ်မှ ထင်းထုပ်ကြီးကို ကျောပိုးကာပြန်ရောက်လာသည်။ အားလုံးလက်ဆေးကာ အနားယူပြီးနောက် ကျန်းယွင်လင် ပြင်ဆင်ထားသည့်ညစာကို ဧည့်ခန်းထဲတွင် အတူတကွသုံးဆောင်ကြ၏။ မီးဖိုချောင်ရှိ အသားများမှာ မိသားစုစားရန်အတွက်ဖြစ်ပြီး အကြာကြီး ထားလျှင်ပုပ်သွားနိုင်သဖြင့် ကျန်းယွင်လင် ယနေ့ညတွင် အသားဟင်းချက်ပေးလိုက်သည်။ ယနေ့ ညစာမှာ ဝက်သားပြားနှင့် မျှစ်ခြောက်ကြော်၊ ဝက်ဆီဖြင့် ကြော်ထားသည့် ဂေါ်ဖီထုပ်၊ မြင်းခွာရွက်သုပ်နှင့် ပန်ကိတ်တို့ဖြစ်သည်။





နေလှန်းထားသည့် မျှစ်ခြောက်များမှာ ငန်ကျိကျိအရသာဖြင့် စားကောင်းလှပြီး ဝက်သားမှထွက်လာသည့် အဆီမှာ မျှစ်၏ ခါးသက်သက်အရသာကို ဖုံးလွှမ်းသွားသဖြင့် ဟင်းမှာအလွန်တရာအရသာရှိလှ၏။ ဂေါ်ဖီထုပ်ကြော်တွင် အသားမပါသော်လည်း ဝက်ဆီဖြင့်ကြော်ထားသဖြင့် အရောင်အဆင်းလှပကာ မြင်းခွာရွက်သုပ်မှာလည်း ရိုးရှင်းသော်လည်းမြိန်လှသည်။





ညီအစ်ကိုနှစ်ယောက်အတွက် အိမ်ပြန်ရောက်ချိန်တွင် ထမင်းဟင်းပူပူများကိုစားရခြင်းမှာ အလွန်ပင်ပျော်ရွှင်စရာ ကောင်းသည်။ သူတို့ဟင်းအားလုံးကို တစ်စက်မကျန်ကုန်အောင် စားလိုက်ကြတော့၏။ ညစာစားပြီးနောက် အားလုံးသိမ်းဆည်းကာ လုပ်စရာမရှိတော့သဖြင့် စောစောစီးစီးပင် အိပ်ရာဝင်လိုက်ကြသည်။