အပိုင်း (၃၀၁)
Viewers 35k

Chapter 301 


ဝမ်လေး၏မူကြိုက ဆောင်းရာသီအာလပ်ရက် စလေပြီ။ 


အိမ်အကူအန်တီမရှိ၍ ယွမ်ရှက အတော်လေး အလုပ်ရှုပ်နေလေသည်။ သူမက ဝမ်လေးကိုစောင့်ရှောင့်ရသလို တစ်နေ့သုံးနပ်ပြင်ဆင်ရသေးသည်။ အချိန်အများစုတွင် သူမက အိမ်ရှင်းရန် နာရီပိုင်းအလုပ်သမားကို ငှားမည်ဖြစ်သည်။ တစ်ခါတစ်ရံ သူမဘာသာ သန့်ရှင်းရေးလုပ်လေသည်။ စုန့်ထင်ရှန်းလို သူမလည်း နေ့တိုင်း အလုပ်များနေရသည်။ ညပိုင်းတွင် ရေမိုးချိုးပြီး၍ ခေါင်းဦးပေါ်ခေါင်းချလိုက်သည်နှင့် ဝမ်လေးထက်အရင် အိပ်ပျော်သွားတတ်သည်။


ယွမ်ရှက အတော်လေးကျေနပ်နေသည်။ ကံကောင်းစွာဖြင့် အိမ်တွင် ပန်းကန်ဆေးစက်ရှိနေ၍ သူမပန်းကန်ဆေးရန် မလိုအပ်ပေ။ မဟုတ်ပါက သူမတောင့်ခံနိုင်ပါ့မလားပင် မသိတော့ချေ။ အိမ်ထောင်ရှင်မတစ်ယောက် လုပ်ရသည်မှာ မလွယ်လှချေ။ အလုပ်လုပ်ရသည်ထက်ပင် ခက်ခဲနေသေးသည်။


ဝမ်လေးက လိမ္မာသောကလေးတစ်ယောက်ဖြစ်သည်။ သူ့မာမားက အလုပ်ကြိုးစားနေကြောင်းတွေ့၍ သူမအတွက်ရေခပ်ပေးကာ သူ့အရုပ်များသူသိမ်းပေးလေသည်။ သူမကို ဝန်ပေါ့စေမည့်အရာများကို ကြိုးကြိုးစားစားလုပ်ပေးပြီး ကိစ္စသေးသေးလေးများဆိုလျှင် သူ့ဘာသာလုပ်လေသည်။ ကလေးများအတွက် သူတို့၏မိခင်များအတွက် စိတ်မကောင်းဖြစ်ခြင်းမှာ ပုံမှန်သာဖြစ်သည်။ သူ၏ ရှုထောင့်အရ သူ့ပါပါးမှာ သူဘယ်လောက်ပြေးလိုက်လိုက် လိုက်မမီသောလူဖြစ်နေသည်။


ယနေ့ညတွင် စုန့်ထင်ရှန်းက သာမန်ထက်အလုပ်စောစောဆင်းလေသည်။ ယွမ်ရှ ရေချိုးနေချိန်တွင် ဝမ်လေးက စုန့်ထင်ရှန်း၏ စာကြည့်ခန်းထဲပြေးဝင်ကာ လေးနက်နေသော မျက်နှာလေးဖြင့်မေးလေသည်။


"ပါပါး.... သားတို့စကားပြောလို့ရမလား...."


စုန့်ထင်ရှန်းက စာဖိုင်အပုံလိုက်ကြားမှ ခေါင်းထွက်လာပြီး ချော့ပြောလိုက်သည်။


"ပါပါးအခုအလုပ်များနေလို့နေည်...ခဏနေမှပြောရအောင် ရတယ်မလား...."


"မရဘူး...."


ဝမ်လေးက ခေါင်းခါလိုက်သည်။

"သိပ်မကြာပါဘူး.. သားက ပါပါးကို အခုပဲပြောချင်တာ...."


၎င်းက ဤကလေးအလွန်အမင်းလေးနက်နေသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ စုန့်ထင်ရှန်းက ခေါင်းသာငြိမ့်နိုင်သည်။ သူက ဝမ်လေးကို လက်ခါပြလိုက်သည်။


"ဒါဆိုလည်းရတယ်လေ... သားကပါပါးကို ဘာများပြောချင်လို့လဲ...."


ဝမ်လေးက စုန့်ထင်ရှန်းနားလမ်းလျှောက်သွားသော်လည်း သူ့ပေါင်ပေါ်မထိုင်ခဲ့ပေ။ ယင်းအစား ဘေးတွင်ရပ်နေလေသည်။ အလွန်ဘေးနက်ကာ ပြင်းထန်လှသော အမူအယာဖြင့် ပြောလာသည်။


"ပါပါး...သားမှာ အကြံပေးစရာရှိတယ်...ပါပါးက နေ့တိုင်း အရမ်းနောက်ကျမှပြန်လာတယ်... မာမားက ပါပါးကြောင့်အလုပ်အရမ်းကြိုးစားနေရတယ်... မာမားက နေ့တိုင်းဈေးသွားပြီး ချက်ပြုတ်ပေးရတယ်... အဝတ်လျှော်စက်ထဲက အဝတ်တွေထုတ်ပြီး လှမ်းရသေးတယ်... နေ့တိုင်းအလုပ်များနေတာ..."


စုန့်ထင်ရှန်း အံ့ဩလွန်း၍တောင့်ခဲသွားသည်။

"မာမားက အရမ်းအလုပ်ကြိုးစားနေလို့လား..."


ဤကာလတွင် သူက အိမ်မှစောစောထွက်ပြီး နောက်ကျမှပြန်လာရသည်။ အလုပ်တွင်လည်း ရေပင်မသောက်နိုင်အောင် အလုပ်ရှုပ်ရ၍ အိမ်ကိစ္စကိုခေါင်းထဲပင် မထည့်နိုင်ပေ။


သူပင် သတိမပြုမိဘဲ သူ့သားက သူ့ကို အပြစ်တင်နေပြီဖြစ်သည်။


ဝမ်လေးက ခေါင်းငြိမ့်ပြလိုက်သည်။


"သူက နေ့တိုင်းအလုပ်များနေတာ... တစ်ခါတစ်လေဆို အိမ်ကိုသန့်ရှင်းရေးလုပ်ရသေးတယ်.. ပါပါး ဒါက အဆင်ပြေမနေဘူးနော်...မာမားကို ကူချင်ပေမဲ့ သားက အခုမှငယ်ငယ်လေးရှိသေးတာ... အများကြီးမကူနိုင်ဘူး... ပါပါးအိမ်ကိုစောစောပြန်လာပြီး မာမားကိုကူညီဖို့ မျှော်လင့်မိတယ်...သူက အရမ်းအလုပ်ကြိုးစားနေတာ...သားက မာမားကို အရမ်းအလုပ်မလုပ်စေချင်ဘူး... ပါပါးပဲ မာမားက အိမ်မှာရှိတဲ့ တစ်ဦးတည်းသောမိန်းကလေးလို့ မပြောခဲ့ဘူးလား....သားတို့သူ့ကို ကာကွယ်စောင့်ရှော​က် ပေးရမှာလေ...အခုတော့သားရောပါပါးက ဘာမှမစောင့်ရှောက်ပေးနိုင်ဘူး...."


xxxxxx