အပိုင်း ၇၇
Viewers 11k

🧑‍⚕️Chapter 77
ပူလောင်နေတယ်၊ သူ့နှလုံးသားရောပဲ



မနက် သုံးနာရီလေးဆယ့်ငါးမိနစ်အချိန် ကျန်းရွှိ၏အိပ်ခန်းတွင်။

ရှန့်ဖန်းယွိသည် သူ၏ မျက်လုံးများကို မှိတ်ကာ အိပ်ရာ၀င်ရန် ပြင်ဆင်ပြီးသည့်အချိန်တွင် လေးနာရီခွဲခန့် ရှိနေပြီဖြစ်သည်။

သူ အတန်ငယ် စိတ်ဓာတ်ကျဆင်းနေ၏။

စောင်၏အောက်တွင် ကျန်းရွှိမှာ သူ့အားနောက်ကျောပေးလျက် ပန်းနုရောင်ယုန်လေးကို ပွေ့ဖက်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ ရှန့်ဖန်းယွိ သူ့နောက်ကျောတပြင်လုံး စပ်ဖျဉ်းဖျဉ်း ခံစားနေရသည်။ 

သူ မျက်လုံးဖွင့်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ လမင်းအား ငေးကြည့်ရင်း အသက်ရှုရှိုက်လိုက်သည်။

အိပ်ရာထဲ၌သာနေခြင်းကို ရှောင်ရှားရန်အတွက်၊ ကျန်းရွှိသည် ပိတ်ရက်များတွင် လိုက်ကာများအား ကာထားလေ့မရှိပေ။ သူ၏အိမ်မှာ မြင်ကွင်းကောင်းကာ ရှန့်ဖန်းယွိသည်လည်း အိပ်ခန်းကြမ်းပြင်ပေါ်တွင်ထိုင်ကာ ရှုခင်းကြည့်ရသည်အား နှစ်သက်လေသည်။ 

သို့သော် တစ်မိနစ်မျှသာ ကြည့်ရသေးသော်လည်း အလွန်တရာမှ ခံစားမှုကင်းမဲ့သော တိမ်တိုက်တစ်ခုက မျောလွင့်လာကာ လ၀န်းအား ဖြည်းညှင်းစွာ လွှမ်းခြုံသွားလေသည်။ 

ရှန့်ဖန်းယွိ: "..."

ဘယ်လောက်တောင် သဘောထားသေးသိမ်လိုက်သလဲ။

တိမ်စိုင်များအားကျိန်ဆဲပြီးသည့်သကာလ ရှန့်ဖန်းယွိမတတ်နိုင်စွာပင် တစ်ဖက်လှည့်ကာ ကျန်းရွှိ၏နောက်ကျောအား ကြည့်လိုက်သည်။ 

ကျန်းရွှိမှာသူ၏ကိုယ်အား ကွေး၍ ဦးခေါင်းအား‌ စောင်အောက်သို့ နစ်မြှုပ်ထားကာ အိပ်စက်ရသည်ကို သဘောကျသည်။ ရှန့်ဖန်းယွိက ထိုကဲ့သို့အိပ်စက်ခြင်းက တစ်နေ့တွင် အသက်ရှုကြပ်၍ သေသွားနိုင်သည့်အတွက် မိမိကိုယ်ကိုသတ်သေသည့် အိပ်စက်ခြင်းနည်းလမ်းဟု မကြာခဏပြောလေ့ရှိသည်။ 

ထင်ထားသကဲ့သို့ပင် ကျန်းရွှိ၏ဦးခေါင်းမှာ စောင်နှင့် ရစ်ထွေးလျက်။ 

ရှန့်ဖန်းယွိက ကျန်းရွှိ၏ဦးခေါင်းအား စောင်ထဲမှ ‌ဆွဲထုတ်ကြည့်လိုက်သည်။ သို့သော် လှုပ်ရှားမှုများကြောင့် ကျန်းရွှိ စိတ်မရှည်စွာဖြင့် စကားအနည်းငယ်အား ဗလုံးဗထွေး‌ပြောကာ သူ၏လက်အား ဖတ်ခနဲရိုက်၍ တစ်ဖက်သို့ လှည့်သွားလေသည်။ 

ယခုအကြိမ်တွင်ကား ကျန်းရွှိ နှာခေါင်းနှင့်ပါးစပ်အား စောင်ဖြင့် ဖုံးမနေတော့ပေ။ သူ၏အသက်ရှုသံက သူ့လက်နှင့် နီးကပ်နေပေသည်။ ထိုအသက်ရှုထုတ်လိုက်သည့်လေက ပူနွေးစိုစွတ်နေပြီး ရှန့်ဖန်းယွိ၏ မေးရိုးပေါ်သို့ ပျံ့လွင့်လာကာ သူ၏နှလုံးသားအား ပူလောင်စေလေသည်။ 

အပြစ်ရှိသည့်စိတ်ဖြင့် ရှန့်ဖန်းယွိက ကျန်းရွှိအား ကျောပေးကာ ရှောင်ရန်ကြိုးပမ်းလိုက်သော်လည်း သူ၏နှလုံးခုန်နှုန်းမှာ မြန်သည်ထက်မြန်လာတော့သည်။ မတတ်နိုင်စွာပင် ရှန့်ဖန်းယွိက သူ၏လက်များဖြင့် နားရွက်အား ဖုံးအုပ်ထားမိသည်။ 

သူကြားနေရသည့်အသံမှာ အရိုးများကြားမှာ ထွက်လာသည့်အသံဖြစ်သော်လည်း သူ၏နားများအား ပိတ်ဆို့ထားခြင်းက အနည်းငယ်မျှ အကူအညီဖြစ်သည်။ သို့သော်လည်း အနည်းငယ်သက်သာရရုံသာ။ 

မမျှော်လင့်စွာပင်၊ ရှန့်ဖန်းယွိအနေနှင့် စိတ်ငြိမ်သက်ရာရတော့မည့် အခိုက်အတန့်တွင် မကောင်းဆိုးရွားများက ခြေကုန်လက်ပန်းကျစေရန် ပြုလုပ်လေသည်။ ကျန်းရွိက ရုတ်တရက်ဆိုသလို ကြိုတင်ခန့်မှန်းထားသည့်အတိုင်း သူ၏လက်ကိုမြှောက်ကာ သူ့အား အနောက်မှသိုင်းဖက်လာလေသည်။ 

တစ်ချက်မျှ တုန်ယင်သွားပြီး ရှန့်ဖန်းယွိ၏ ချုပ်နှောင်ခံထားရသော လက်များကတောင့်တင်းသွားတော့သည်။ 

သူ မလှုပ်နိုင်တော့ပေ။

ကျောချင်းကပ်ကာ အိပ်စက်သည့်နည်းလမ်းနှင့် မတူညီစွာ၊ အနောက်မှသိုင်းဖက်ခံထားရသည့်အချိန်တွင် ရှန့်ဖန်းယွိ၏ နောက်ကျောတပြင်လုံးမှာ ကျန်းရွှိ၏ရင်ခွင်ထဲ နစ်မြှုပ်နေကာ နွေးထွေးသည့်နူးညံ့မှုအား ခံစားရလေသည်။ 

သူက သူ၏နောက်ကျောရှိ တစ်စုံတစ်ခုကိုပင် ခံစားမိလေသည်။ 

ကျန်းရွှိ၏ စူထွက်နေသည့် ဝမ်းဗိုက်လေး...သူတို့၏ ရင်သွေးလေးပင်။

သဘောပေါက်သွားသည့်အခါ ရှန့်ဖန်းယွိက မသိမသာ တံတွေးမြိုချမိသည်။ သူ၏ဦးနှောက်မှာ အဖျားတက်နေလေပြီ။

သူ မလှုပ်မယှက် ကုတင်ပေါ်တွင် လှဲနေသည်မှာ ခြောက်သွေ့သွားသည်မှာ ကြာမြင့်လှပြီဖြစ်သည့် ရုပ်တုတစ်ရုပ်ကဲ့သို့ပင်။ သူ၏ကိုယ်ထဲရှိ အာရုံကြောများအားလုံးသည် နောက်ကျောပြင်ထံသို့စုစည်းသွားသကဲ့သို့ အလွန်တရာမှ ခံစားမှုလွန်ကဲလွန်းနေသည်။ အသေးငယ်ဆုံးသော လှုပ်ရှားမှုလေးတစ်ခုသည်ပင် သူ၏ဦးရေပြားအား ပေါက်ကွဲမတတ်ဖြစ်စေပြီး အတွေးများသည်လည်း မယုံနိုင်လောက်အောင် ရှည်လျားစေပေသည်။ 

အချိန်များစွာ ကြာမြင့်ပြီးသည်နောက်၊ လမင်းအားဖုံးအုပ်ထားသည့် တိမ်စိုင်များလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် ကျန်းရွှိသည် သူ့အား မလွှတ်ပေးသေးချေ။ 

သူ၏ကိုယ်သည်လည်း တောင့်တင်းကာ ကိုက်ခဲနေပေသည်။ နှလုံးသားသည်လည်း ရူးသွပ်သွားသကဲ့သို့ တုန်လှုပ်နေ‌သည်မှာ ကျန်းရွှိကသာ လက်မလွှတ်ပေးပါက သူ့အနေနှင့် အရေးပေါ်ဖုန်း ၁၂၀ အားခေါ်ကာ လူနာတင်ယာဉ်ခေါ်ရတော့မည်ဟုရှန့်ဖန်းယွိ သံသယဝင်လာရသည်။ 

မမျှော်လင့်ထားသည်မှာ၊ မရေမတွက်နိုင်သည့် နာရီများစွာနှင့် စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုများအပြီး၊ ကျန်းရွှိအား တွန်းထုတ်တော့မည့်ဆဲဆဲတွင် သူ၏ကိုယ်ပေါ်ရှိ ကျန်းရွှိ၏ လက်များက လှုပ်ရှားသွားလေသည်။ 

စိတ်သက်သာရာရစွာဖြင့် ရှန့်ဖန်းယွိသက်ပြင်းချလိုက်မိသည်။ သို့သော် သက်ပြင်းချ၍မှ မဆုံးသေးပေ၊ ကျန်းရွှိ၏လက်က သူ၏လက်မောင်းအား ဖိကပ်လာလေသည်။

ထိုလက်မှာ သူ၏လက်မောင်းအား အပေါ်အောက် စုန်ချည်ဆန်ချည်ပွတ်သပ်နေသည်မှာ တစ်စုံတစ်ရာအား ရှာဖွေနေသကဲ့သို့ပင်။ နောက်ဆုံးတွင် ရှန့်ဖန်းယွိ၏ နားရွက်များထံ၌ရပ်တန့်သွားပြီး အားဖြင့် ဆောင့်ဆွဲလိုက်လေသည်။ 

ရှန့်ဖန်းယွိ ကြောင်အသွားရသည်။
"ဘာလို့ နားရွက်တွေက တိုနေတာလဲ။" 
နောက်ဆုံးတော့ ကျန်းရွှိက သူ့ကိုဖက်ထားကာ အဘယ်ကြောင့် မလွှတ်ပေးသနည်းဟု သူသဘောပေါက်သွားရသည်။

ကျန်းရွှိက သူ့အား ပန်းနုရောင်ယုန်ရုပ်ဖြင့် မှားနေ‌ခြင်းပင်။

မဖြစ်နိုင်လိုက်တာ။

ရှန့်ဖန်းယွိသည် ကျန်းရွှိအား တွန်းထုတ်ကာ တစ်ဖက်သို့လှည့်၍ သူစဉ်းစားနေသည့် ပန်းနုရောင်ယုန်ရုပ်မှာ သူ၏နောက်ကျောတွင် ‌သနားစဖွယ် အေးစက်စွာဖြင့် လဲလျောင်းနေရပြီး သူ၏ပွေ့ဖက်မှုအား လိုအပ်လျက်ရှိသည်ဟု ပြောလိုက်ချင်သည်။ 

သူက လက်ကို မြှောက်လိုက်သော်လည်း လှုပ်ရှားရန် တုံ့ဆိုင်းနေသည်။

ရှန့်ဖန်းယွိမှာ သူ၏မိုဘိုင်းဖုန်းအား လှမ်းယူကာ မည်သည့်အချိန်ရှိနေပြီနည်းဟု စစ်ဆေးချင်ခဲ့သည်။ သို့သော်လည်း အချိန်က သူ့အား ပို၍ပင် စိတ်ကယောက်ကယက်ဖြစ်စေမည်ကိုလည်း စိုးရိမ်နေသည်။သူ ရုန်းကန်နေစဉ်တွင် ကျန်းရွိက ရုတ်တရက် သူ့အား လွှတ်ပေးလိုက်သည်။

"ရှန့်ဖန်းယွိ.."

ကျန်းရွှိ၏ အိပ်မက်ထဲ၌ သူ့နာမည် ပေါ်လာပုံပင်။ ရှန့်ဖန်းယွိမှာ မျက်ရည်များပင် ကျတော့မတတ်အင်မတန်ပင် ခံစားသွားရသည်။

နောက်ဆုံးတွက်‌တော့ ကျန်းရွှိမှာ သူလူမှားဖက်ထားကြောင်း သဘောပေါက်သွားလေပြီ။

ထင်ထားသကဲ့သို့ပင်၊ ကျန်းရွှိမှာ ယခုအချိန်တွင် အေးစက်နေပြီဖြစ်သော ပန်းနုရောင်ယုန်ရုပ်လေးအား ဆွဲယူကာ သူ၏လက်မောင်းများကြား သိမ်းဖက်ထားလေသည်။

ရှန့်ဖန်းယွိသည် သူ၏ကြွက်သားများနှင့် အရိုးအဆစ်တို့အား ညင်ညင်သာသာပင် ဖြေလျော့လိုက်‌လေသည်။ ပက်လက်လှန်၍ လဲလျောင်းကာ သူ၏ ခြေထောက်များအား ဆန့်ထုတ်လိုက်သည်။ မျက်လုံးအစုံအား မှိတ်ကာ အလျင်အမြန် အိပ်ပျော်သွားရန် ကြံရွယ်လိုက်စဉ်တွင် ကျန်းရွှိကရုတ်ချည်းဆိုသလိုရေရွတ်လာလေသည်။

"ရှန့်ဖန်းယွိ၊ မင်း မလုပ်နိုင်ဘူးလား..."

ရှန့်ဖန်းယွိ :"..."

သူ့အားအိပ်နေရင်းပင်ကျိန်ဆဲတတ်သည့် ကျန်းရွှိ၏ ပြဿနာမှာ မည်သည့်အချိန်မှ ပြန်လည်ကောင်းမွန်နိုင်မည်နည်း။ 

ကျန်းရွှိအား ဆေးရုံသို့ခေါ်သွားကာ ကုသမှုပေးရန်ပင် စဉ်းစားမိသည်။ မကြာမကြာ အိပ်နေရင်းဖြင့် စကားပြောသည်က အဆင်မပြေပေ။ 

ထို့နောက် ကျန်းရွှိက သူနှင့် ရန်ဖြစ်နေသကဲ့သို့ပင် ဆက်ပြောလာသည်။ 

" မင်းမှာအရည်အချင်းရှိနေရင် နောက်တစ်ခေါက်ထပ်လုပ်လိုက်လေ..."

သူက မိန်းမောနေကာ၊ စကားများသည်လည်း မရှင်းမလင်းဖြစ်နေသော်လည်း ရှန့်ဖန်းယွိ ကြားလိုက်ရသည်။ 

ထို့နောက် သူ၏နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်သွားရသည်။

ရှန့်ဖန်းယွိသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများက သူ၏ဦးနှောက်ဆီသို့ တစ်ရှိန်ထိုးဆောင့်တက်နေသလို ခံစားလိုက်ရသည်။ သူ့အား ရူးသွပ်သွားတော့မတတ် လောင်ကျွမ်းစေလေသည်။

(ရှန့်ဖန်းယွိ၊ မင်းမလုပ်နိုင်ဘူးလား။ မင်းမှာအရည်အချင်းရှိနေရင် နောက်တစ်ခေါက်ထပ်လုပ်လိုက်လေ..)

ထိုစကားများက သူ၏နွေဦးအိပ်မက်များထဲတွင် ပေါ်လာတတ်သည့် စကားများပင်။

အိပ်မက်ထဲတွင် ကျန်းရွှိမှာ အလွန်ပင် မူးယစ်နေပြီး စိတ်အားထက်သန်လွန်းလှသည်။ သို့သော် ထိုအရာက သူ့အား ရှန့်ဖန်းယွိအား ရန်စခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

ရှန့်ဖန်းယွိအပါအဝင် မည်သည့်ယောက်ျားမှ သူတို့အား အိပ်ရာထဲတွင် မစွမ်းနိုင်ဟု အပြောခံရခြင်းအား လက်မခံနိုင်ပေ။ ထို့အတွက်ကြောင့် အိပ်မက်၏နောက်ဆက်တွဲအပိုင်းများသည် သဘာဝကျကျပင် အရောင်အသွေးစုံလင်ကာ၊ အတက်အကျများဖြင့် ပြည့်နှက်နေပြီး အကြိမ်ပေါင်းပင် မရေမတွက်နိုင်တော့ပေ။

ရှန့်ဖန်းယွိ၏ အိပ်ချင်စိတ်မှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားတော့သည်။ သူက အလွန်တက်ကြွနိုးကြားနေသည်မှာ ဆရာဝန်တစ်ဦးအဖြစ် အရည်အချင်းပြည့်မှီရန် နောက်ထပ် စာမေးပွဲပေါင်း ၈၀၀ လောက်အား ဖြေဆိုနိုင်လိမ့်မည်ဟု ခံစားနေရသည်။

သူ၏အိပ်မက်များက မည်သည်က အစစ်အမှန်၊ မည်သည်က အာရုံကြောများ ရှုပ်ထွေးနေခြင်းဆိုသည်ကို သူ့အနေနှင့် ဘယ်သောအခါကမျှ မခွဲခြားနိုင်ခဲ့ပေ။ သို့သော် ထိုအိပ်မက်အပိုင်း‌အစလေးမှာ အမှန်တကယ်ဖြစ်ခဲ့သည်ဟု သူဘယ်တုန်းကမှ မထင်ထားမိပေ။

သို့သော် ယခု ကျန်းရွှိက ထိုစကားများအား အိပ်မက်ထဲတွင် ပြောနေလေရာ၊ ထိုစကားပြောခန်းများက အမှန်တကယ်တွင်ဖြစ်ပျက်ခဲ့သည်ဆိုသည့် အဓိပ္ပာယ်လေလား။ 

အကယ်၍ အစစ်အမှန်သာဖြစ်ခဲ့ပါက ၊ ထိုအဖြစ်အပျက်မှာ ကြာမြင့်လှပြီဖြစ်သည်။ ကျန်းရွှိမှာ အဘယ်ကြောင့် ထိုနေ့ညအကြောင်း အိပ်မက်မက်နေသေးရသနည်း။

ရှန့်ဖန်းယွိမှာ သူ့အနေဖြင့် ခုန်ထကာ သုံးကီလိုမီတာလောက် ထပြေးလျှင်ပင်စိတ်မငြိမ်နိုင်တော့ဟုခံစားရသည်။

အိပ်ပျော်ခြင်း၏နိယာမအရ တစ်စုံတစ်ယောက်မှာ အိပ်မက်မက်နေစဉ်အတွင်း အနှောင့်အယှက်ခံခဲ့ရမှသာလျှင် မှတ်ဉာဏ်များက ကျန်နေပေလိမ့်မည်ဟု သူသိရှိထားသည်။ အကယ်၍ ကျန်းရွှိမှာ မနက်ရောက်သည့်အခါ သဘာဝကျကျပင် နိုးထလာပါက သူ့အနေနှင့် အိပ်မက်အား မှတ်မိနိုင်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် သူသည် ကျန်းရွှိအား လှုပ်နိုးကာ သူမည်သည့်အိပ်မက်များမက်နေသနည်းဟု အတည်ပြုချင်သော်ငြား၊ အချိန်ခဏမျှ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီးသည့်နောက် သူ၏လက်များအား သတိကြီးစွာဖြင့် ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူက သူ့အသက်လေးကို ချစ်မြတ်နိုးဆဲပင်။

အကယ်၍ ကျန်းရွှိသာ သိရှိသွားပါက ရှန့်ဖန်းယွိအနေဖြင့် သူ့အား မည်ကဲ့သို့ လိုက်ပိုးရမည်နည်းဟု စဉ်းစားရန်ပင် မလိုတော့လောက်ပေ။ (ရှန့်ဖန်းယွိ) သူ့အနေဖြင့် အုတ်ဂူထဲသို့ ရောက်နေတော့မည်။

သို့သော် အိပ်မောကျနေသည့် ကျန်းရွှိအား ငေးကြည့်ကာ မတတ်နိုင်စွာပင် မဝံ့မရဲမျှော်လင့်ချက်အနည်းငယ်ဖြင့် မေးခွန်းထုတ်မိသည်။ 

" တကယ်တော့၊ အဲ့ဒီညက...... အဲ့လောက်လည်း မဆိုးပါဘူး။ဟုတ်တယ်မလား..."

ကျန်းရွှိက နောက်တစ်ခေါက် ထပ်လုပ်ချင်နေသေးသည်ဆိုပါက သူ၏စွမ်းဆောင်ရည်မှာ မဆိုးလောက်ပေ။

ရှန့်ဖန်းယွိ တွေးရင်းဖြင့် သူ၏မျက်နှာကို ပွတ်သပ်လိုက်သည်။

'သွားပြီ၊ ငါတော့ ဒီတစ်ခေါက် အိပ်မပျော်တော့ဘူး။' 
____



မနက်ခင်း ကျန်းရွှိနိုးလာသည့်အချိန်တွင် ရှန့်ဖန်းယွိ၏မျက်လုံးအောက်၌ အမဲရောင်စက်ဝိုင်းကြီးနှစ်ခုအား မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားရသည်။ 

"မင်း ကောင်းကောင်း အိပ်မပျော်ဘူးလား.."

တစ်ညလုံး နိုးနေသည့် ရှန့်ဖန်းယွိက အသက်မဲ့စွာ ပြန်ဖြေလေသည်။ 

"မင်းကျေးဇူးကြောင့်နဲ့ ငါ သေချာလေး အိပ်‌ပျော်သွားရတယ်.." 

ကျန်းရွှိက သူ၏အဖြေအား စိတ်တိုင်းကျစွာဖြင့် "တွေ့လား၊ ငါမင်းကို စောစောက ရွှေ့လာခဲ့လို့ ပြောကတည်းက မင်းနားထောင်ခဲ့ရမှာ..."

ရှန့်ဖန်းယွိက ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်ကာ ကုတင်ပေါ်သူစောစော‌မရွှေ့လိုက်မိတာကောင်းသည်ဟု တွေးနေမိသည်။ မဟုတ်ပါက သူ့အနေနှင့် ညမအိပ်သည့်ရက်ပေါင်းများသဖြင့် အသက်ထွက်သွားရသည်မှာ ကြာလှပြီဖြစ်ပေတော့မည်။

နောက်တစ်နေ့ အိပ်ရာမဝင်ခင်၊ ရှန့်ဖန်းယွိသည် ကျန်းရွှိအား နွားနိုခွက်အား ကမ်းပေးကာ သူကိုယ်တိုင်အတွက်လည်း တစ်ခွက် ငှဲ့လိုက်သည်။

ကျန်းရွှိမှာ အနည်းငယ်အံ့ဩသွားရကာ၊ ရှန့်ဖန်းယွိက တွန့်ဆုတ်စွာဖြင့်"ငါလည်း ကယ်လ်စီယမ်ဖြည့်စွက်ဖို့ လိုနေလို့..." 

" မင်း ဒီည အပြင်ထွက်ပြေးတာကလည်း ကယ်လ်စီယမ် ရဖို့ပဲလား..."

ကျန်းရွှိက အလုပ်ပြီးသည့်နောက် အိမ်သို့ တန်းပြန်လာခဲ့သော်လည်း ရှန့်ဖန်းယွိက အနီးအနားတစ်ဝိုက် အပြေးလေ့ကျင့်ဦးမည်ဟု ငြင်းကာ၊ တစ်နာရီကျော်ကြာပြီးသည့်အခါမှ ချွေးများစိုရွဲကာ ရောက်လာသဖြင့် ကျန်းရွှိမှာ သူ့အား ကန်ထုတ်လုနီးပါးပင်။

"ဒါက ကလေးအတွက် ပြင်ဆင်တဲ့ လေ့ကျင့်ခန်းနည်းနည်းပါ..." 

ရှန့်ဖန်းယွိ ယနေ့ညအတွက် အိပ်မပျော်မှာ စိုးရိမ်နေသည်ဟု မပြောချင်ပေ။

မထင်မှတ်ထားစွာပင်၊ ကျန်းရွှိ၏နံဘေး သူလဲလျောင်းလိုက်သည်နှင့် သူ၏ မောပန်းနေသည့် အသိစိတ်မှာ ချက်ခြင်းပင် ပြန်လည်အသက်ဝင်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်မှာ အပြေးလေ့ကျင့်မှုကြောင့် မောပန်းနွမ်းနယ်နေသော်လည်း ၊ သူ၏ စိတ်ဝိညာဉ်သည်တော့ စိတ်ကြွဆေးများ မှီဝဲထားသကဲ့သို့ပင်။ သူတွေးနေမိသည့် တစ်ခုတည်းသေးအရာမှာ ကျန်းရွှိ၏ စကားများဖြစ်သည့် " မင်းမှာ အရည်အချင်းရှိနေရင် နောက်တစ်ခေါက်ထပ်လုပ်လိုက်လေ" ဟူသည့် စကားများသာ။

သူက အသက်ပြင်းပြင်းရှူကာ၊ tablet အား ကောက်ကိုင်လိုက်ပြီး သူ့အတွေးများ ချာချာမလည်သွားခင် ကျန်းရွှိအား စကားလှမ်းပြောလိုက်သည်။

"ဂိမ်းနည်းနည်းလောက် ဆော့ရအောင်..."

အာရုံနည်းနည်းလောက် ပြောင်းပေးတာက အကြံအစည်ကောင်းတစ်ခုပဲ။

ကျန်းရွှိမှာ ရှန့်ဖန်းယွိက သူ၏ tablet ထဲရှိ တစ်ခုတည်းသော ဂိမ်းအား ဖွင့်လိုက်ကာ၊ ရင်းနှီးနေသည့် အသံနှင့် ပုံရိပ်များပေါ်လာကို တွေ့လိုက်သည့်အတွက် အနည်းငယ် အံ့‌ဩသွားရသည်။

ကျန်းရွှိက မေးလိုက်သည်။
"မင်း ဒီဂိမ်းကို ဘယ်တုန်းက ဝယ်လိုက်တာလဲ..." 
 
"အရင်နေ့၊ တာဝန်ခန်းထဲမှာ မင်းအကောင့်ကို သုံးပြီး၊ ငါ noob တစ်ယောက်လို ကစားမိတုန်းက။ ငါတော်တော်လေး ဒေါသထွက်သွားလို့ ဒေါင်းလုတ်လုပ်ထားလိုက်တာ..." 

"ဒီတော့ ဒီလောက်အချိန်တွေအကြာကြီးကို မင်းအခုထိ ရွာလူကြီးကို မသတ်ရသေးဘူးပေါ့..." 

"..." ရှန့်ဖန်းယွိက "သူက မကောင်းဆိုးဝါးမှော်ကို လေ့ကျင့်တယ်နဲ့တူတယ်..." ဟု ပြောလိုက်သည်။

ဂိမ်းထဲရှိ ပထမဦးဆုံး boss မှာ လူသစ်များစတင်ရာရွာမှ ရွာလူကြီးဖြစ်သည်။ ကွန်ပျူတာဂိမ်းဗားရှင်းတွင် ထိုသူမှာ အရေးမကြီးသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်လေသည်။

ကျန်းရွှိမှာ မိုဘိုင်းလ်ဗားရှင်းမှ ဂိမ်း၏ touchscreen မှ ဂိမ်းခလုတ်များနှင့် မရင်းနှီးပေ။ မွန်းစတားများအား ထပ်ခါတလဲလဲ၊ ပျင်းရိငြီးငွေ့ဖွယ်ရာ သတ်ဖြတ်၍ အတွေ့အကြုံအမှတ်များ စုဆောင်းကာ level တက်ပြီးသည့်အခါတွင်၊ သူက ဂိမ်းအား စိတ်ဝင်စားမှုပျောက်ဆုံးသွားလေသည်။ 

ကျန်းရွှိ ကာရိုက်တာနှစ်ခု၏ စုတ်ပြဲနေသော အဝတ်စုတ်များနှင့် သူတို့လက်ထဲရှိ သံဓားများအားကြည့်လိုက်သည်။ ကွန်ပျုတာဗားရှင်းမှ မိမိုက်တောက်ပြောင်နေသည့် အသုံးအဆောင်ပစ္စည်းများအား ပြန်စဉ်းစားကြည့်ရင်း ပြောင်းလဲသွားရသည့် အချိန်များကြောင့် ဝမ်းနည်းမိသွားသည်။

ခြိုးခြံချွေတာနေရာမှ စည်းစိမ်ခံစားနေရာသို့ ကူးပြောင်းရသည်က လွယ်ကူသော်လည်း စည်းစိမ်ခံစားနေရသည့် ဘဝမှ ခြိုးခြံချွေတာရသည်က ခက်ခဲလှသည်။

သူဟာ မွန်းစတားများအား တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ကာ အတွေ့အကြုံရမှတ်များနှင့် အသုံးအဆောင်ပစ္စည်းများအား ဖြည်းဖြည်းချင်းစုဆောင်းခဲ့ရသည့် သူ၏ဆယ်ကျော်သက်အရွယ်တွင် မည်မျှလောက် စိတ်ရှည်ရှည်ထားနိုင်ခဲ့သည်ကို မေ့လျော့သွားခဲ့လေသည်။

ရှန့်ဖန်းယွိမှာ သူ့ကို အသက်ပင်ရဲရဲမရှုနိုင်ပဲ စိုက်ကြည့်နေခဲ့သည်မှာ သူသာ မကစားပါက အိပ်တော့မည်မဟုတ်သည့်ပုံပင်။

ကောင်းပြီလေ၊ သူနဲ့အတူ ‌ကစားပေးလိုက်တာပေါ့။

ကျန်းရွှိမှာ တွေးကာ ရှန့်ဖန်းယွိ၏သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုချက်အား လက်ခံလိုက်ပြီး အသင်းဖွဲ့ရန်တောင်းဆိုချက်ကိုလည်း လက်ခံလိုက်လေသည်။