🧑⚕️Chapter 78
မမျှော်လင့်ထားစွာပင်၊ ရှန့်ဖန်းယွိက သူ့အား ရွာလူကြီး၏အိမ်သို့ တန်းတန်းမတ်မတ်ခေါ်ဆောင်သွားခဲ့သည်။ သူ၏တုံ့ပြန်ချက်ကိုပင် မစောင့်တော့ဘဲတိုက်ပွဲတစ်ခုအား စတင်ဖြစ်ပွားစေခဲ့သည်။
တိုက်ပွဲအတွင်းသို့ အတင်းအကြပ်ပို့ဆောင်ခံလိုက်ရသည့် ကျန်းရွှိမှာ ချက်ချင်းပင် ရွာလူကြီးဆင့်ခေါ်လိုက်သည့် ပင့်ကူဝိဉာဉ်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ အဆုံးတွင် ထိုနေ့က တာဝန်ခန်းထဲတွင် ရှန့်ဖန်းယွိ လျင်မြန်စွာသေဆုံးသွားရသည့်အကြောင်းအား သူနားလည်လိုက်ပြီဖြစ်သည်။
သူက အမူအရာမဲ့စွာပင် ရှန့်ဖန်းယွိအား ပုတ်လိုက်ကာ ဆိုသည်။
"သူ့ရဲ့ level ကိုကြည့်၊ ပြီးတော့ ငါတို့ရဲ့ level ကို ပြန်ကြည့်လိုက်။"
ရက်ပေါင်းများစွာ ကစားပြီးသည့်တိုင် ရှန့်ဖန်းယွိ ရွာလူကြီးအား မချနိုင်သည်မှာ မဆန်းပေ။ သူက ဂိမ်းမကစားသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သည့်အတွက် ရှေးဦးစွာ level တိုးမြှင့်ရမည်ဟူသည့်အသိလေးပင်မရှိ၍ဖြစ်သည်။
"မွန်းစတားတွေကို သတ်ဖြတ်ပြီး level မြှင့်ပေးလို့ ငါမမှတ်မိဘူး။" ရှန့်ဖန်းယွိ အူကြောင်ကြောင်ဖြစ်သွားရှာသည်။
အချိန်များစီးဆင်းသွားသည်က မြန်ဆန်လွန်းလှပြီး လူတစ်ယောက်၏မှတ်ဉာဏ်မှာ အကန့်အသတ်ရှိသည်။ အချိန်နှင့်အမျှ လူတစ်ယောက်သည် မသိစိတ်မှ ချို့ချို့တဲ့တဲ့နေခဲ့ရသည့်အတိတ်များအား မေ့လျော့ကာ အသုံးအဆောင်ပစ္စည်းများနှင့် level များ မြင့်တက်သွားသည့်အခါက သတ်ဖြတ်ခြင်း၏ပျော်ရွှင်မှုကိုသာ မှတ်မိထားတော့သည်။
သို့သော် level ကမြင့်နေခဲ့ပြီး လုပ်ဆောင်ချက်များကလည်း ကောင်းနေလျှင်သော်မှ လူသစ်ကျေးရွာသို့ ပြန်သွားသည့်အခါ၊ သင့်အနေနှင့် ယုန်များကို တိုက်ခိုက်၍ ပြန်လည်စတင်ရမည်ဖြစ်သည်။
ရွာထဲတွင် ယုန်များအား နာရီဝက်ကျော်မျှ တိုက်ခိုက်ပြီးသည့်နောက်၊ ကျန်းရွှိ အိပ်ချင်လွန်းလှသဖြင့် သမ်းဝေလိုက်မိသည်။ နောက်ဆုံးတွင်တော့ သူတို့နှစ်ဦးစလုံး၌ ရွာလူကြီးအား ချရန် အတွေ့အကြုံရမှတ်အလုံအလောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် သူတို့၏ စုတ်ပြဲနေသည့် အဝတ်စုတ်များကိုလည်း ခန္ဓာကိုယ်အား လုံခြုံစွာဖုံးအုပ်ထားနိုင်သည့် သန့်ရှင်းသော လူသစ်အဝတ်အစားများဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
ပင့်ကူဝိဉာဉ်များက သူတို့၏ မရေမတွက်နိုင်သည့်ခြေထောက်များအား ဝေ့ယမ်းကာ ရွာလူကြီးဆီသို့ပြန်ရောက်လာသည့် လူနှစ်ယောက်အား ပြုံးပြလိုက်သည်။ ကျန်းရွိတွင် ယုံကြည်ချက်အပြည့်ရှိနေပြီး သူအင်မတန်ရင်းနှီးကျွမ်းဝင်နေသည့် စွမ်းရည်အား ပစ်ထုတ်လိုက်သည်။ ထို့နောက် မျှော်လင့်တကြီးဖြင့် ပင့်ကူဝိဉာဉ်၏ သွေးဘားတန်းအား ကြည့်လိုက်သည်။ သို့သော် ပင့်ကူဝိဉာဉ်မှာ စက္ကန့်ပိုင်းမျှသာ ရပ်တန့်သွားပြီး ရုတ်ခြည်းပင် သူတို့ဆီသို့ ခုန်ပေါက်၍ ပြေးလာလေသည်။
နံဘေးတွင် သတ်ဖြတ်မှု၏အသီးအပွင့်အား ရိတ်သိမ်းရန် စောင့်ဆိုင်းနေသည့် ရှန့်ဖန်းယွိမှာလည်း အငိုက်မိသွားရသည်။ သူက အင်မတန်ပင် ကြောင်အနေသည့်အတွက် ကျန်းရွိက သူ့အား ဖြန်းခနဲချကာ "ပြေး" ဟု မပြောခင်အထိ စွမ်းရည်တစ်ခုနှင့် ပစ်ခတ်ရန်မေ့လျော့နေခဲ့သည်။ ထိုအချိန်မှသာ ရှန့်ဖန်းယွိက အလန့်တကြားတုံ့ပြန်ကာ သူ၏ ကာရိုက်တာအား ကျွမ်းကျင်စွာလှုပ်ရှား၍ ပင့်ကူဝိဉာဉ်၏လက်တွင်းမှ လွတ်မြောက်စေခဲ့သည်။
အချိန်များက ပြောင်းလဲသွားခဲ့ပြီ။
သူတို့နှစ်ဦးမှာ ကြီးမားသည့် ပင့်ကူဝိဉာဉ်၏ လိုက်လံသတ်ဖြတ်ခြင်းခံနေရစဉ်၊ အတိတ်သည် အတိတ်တွင်ပင် ကျန်ခဲ့ပြီဖြစ်ကြောင်း၊ SSS level boss အား စုဆောင်းသူအဆင့် မှော်လက်နက်၏ စွမ်းရည် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မှာ သမိုင်းတစ်ခုသာ ဖြစ်ကြောင်း သဘောပေါက်လာရသည်။
ပင့်ကူဝိဉာဉ်မှ သူ၏ခြေထောက်ကိုမြှောက်၍ လျှပ်စီးတိုက်ခိုက်မှုအား ပစ်လွှတ်လိုက်သည်။ သူတို့၏ သွေးဘားသည်လည်း လုံးဝကုန်ဆုံးသွားရန်အစွန်နား တဲတဲလေးသာ လိုတော့ပြီး ကြိုတင်ဝယ်ယူထားခဲ့သည့် သွေးဖြည့်ဆေးများသည်လည်း တစ်ဝက်မျှ သုံးစွဲပြီးပြီဖြစ်သည်။
ရှန့်ဖန်းယွိ ဂူနံရံတွင် ကပ်ကာ ကျန်းရွှိထံ ကြိုးတစ်ချောင်းပစ်ပေးလိုက်သည်။ ကျန်းရွှိက ကြိုးကို သုံးကာ ပင့်ကူဝိဉာဉ်၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ထိုအချိန်တွင်းမှာပင် ပင့်ကူဝိဉာဉ်၏ခေါင်းအား ဓားနှင့်ထိုးလိုက်သည်။
ပင့်ကူဝိဉာဉ် : -၁ HP.
ကျန်းရွှိ၊ ရှန့်ဖန်းယွိ : "..."
ဂိမ်းဆော့နေစဉ်တောက်လျှောက် သူတို့နှစ်ဦးမှာ နောက်ကအလိုက်ခံရပြီး ချနှက်ခံနေရသည်ချည်းသာလျှင်။ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမှာ အနည်းအကျည်းမျှသာ။ မြို့တွင်းပျောက်ကြားတိုက်ပွဲလိုပင်၊ မင်း တစ်ချက်ခုတ်၊ ငါတစ်ချက်ခုတ်မယ်ဟူသည့်သဘောနှင့်မနားပဲ တောက်လျှောက်ထွက်ပြေးလာကြရသည်။ သူတို့သည် ပင့်ကူဝိဉာဉ်၏ကျန်နေသေးသည့် သွေးဘားကိုပင် မကြည့်နိုင်တော့ပေ။
ကျန်းရွှိမှာ သူ၏ဘဝတွင် ဂိမ်းဆော့ခြင်းနှင့်ပတ်သက်၍ ဤမျှလောက် အရှက်မရဖူးပေ။ ဂိမ်းပြီးဆုံးသွားသည့်အခါတွင်တော့ သူ့လက်များက နာကျင်ကိုက်ခဲနေပြီဖြစ်သည်။
သူသည် ဂိတ်ဆုံးထိရောက်အောင် အာရုံစိုက်ခဲ့သည့်အတွက် ပြောရလျှင် ပင်မတန်မှလည်း စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည်။
နောက်တစ်ကြိမ်၊ ပင့်ကူဝိဉာဉ်က အော်ဟစ်မာန်ဖီလိုက်ပြီး သေးငယ်လှသည့် ပင့်ကူအမြောက်အများက သူ၏မျက်နှာပေါ်သို့ ခုန်တက်လာကာ ပေါက်ကွဲတော့မည့်အလားပင်။
ပင့်ကူလေးများက ကျန်းရွှိအား ပတ်လည်ဝိုင်းထားကာ သူ၏တိုက်ခိုက်မှုလမ်းကြောင်းအား ပိတ်ဆို့ထားလိုက်သည်။ ရှန့်ဖန်းယွိ တပတ်လှည့်ကာ အင်မတန် တိုတောင်းသော စွမ်းရည်အား ပစ်လွှတ်လိုက်ပြီး ပင့်ကူ၏ပိတ်ဆို့ထားမှုကို ချိုးဖျက်လိုက်သည်။ ကျန်းရွှိက ရှေ့သို့တက်လာကာ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
'ဖွတ်' ခနဲအသံဖြင့် လူသစ်အဆင့်အကြမ်းထည်ဓားသည် အကာအကွယ်အား ချိုးဖျက်သွားပြီး ပင့်ကူဝိဉာဉ်၏ နှလုံးအား တိကျစွာ ထိုးစိုက်လိုက်လေသည်။
တုန်လှုပ်ခြောက်ခြားစရာ အော်ဟစ်သံကြီးဖြင့် ပင့်ကူဝိဉာဉ်သည် မြေပေါ်သို့ လဲကျသွားတော့သည်။ သူ၏ ပင့်ကူငယ်လေးများကို ပြန်လည်ရုတ်သိမ်းကာ မဆုံးနိုင်တော့ဟု ထင်ရသည့် ရုန်းကန်လှုပ်ရှားမှုအား အဆုံးသတ်ခဲ့သည်။
ရွာလူကြီး ဖြည်းဖြည်းချင်း လျှောက်လာသည့်အခါ ချောမွေ့သော နောက်ခံတီးလုံးက ထွက်ပေါ်လာပြီး screen ပေါ်ရှိ လူသေးသေးလေးနှစ်ယောက်မှာ ရွှေရောင်တိမ်တိုက်များဖြင့် ရစ်ပတ်ခံလိုက်ရသည်။ ကျန်းရွှိက "ငါတို့ နိုင်သွားပြီလား..." ဟု ရုတ်တရက် ခွန်းတုံ့ပြန်မိသည်။
ရှန့်ဖန်းယွိမှာလည်း သိသိသာသာကိုပင် သူ့ထက် အခြေအနေကောင်းမနေပေ။ သူက စိတ်လွတ်စွာဖြင့် "ငါ ထင်တာပဲ.." ဟု ပြန်ဖြေလာသည်။
များမကြာမီပင် ရွာလူကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောလာပြီး သူတို့၏ သံသယများကို အတည်ပြုပေးလိုက်သည်။
"လူသစ်နယ်မြေကို ထိုးဖောက်နိုင်သွားတဲ့ သူရဲကောင်းငယ်နှစ်ယောက်ကို ဂုဏ်ပြုပါတယ်..."
"ကျန်းရွှိ.." ရှန့်ဖန်းယွိ သူ၏ တက်ဘလက်အား ဘေးသို့ လွင့်ပစ်လိုက်ကာ သူ့ထံသို့ လက်ဝါးခြင်းရိုက်ရန် လှမ်းလာသည်။ သူ၏အသံအားမြှင့်၍ "ငါတို့ တကယ်ကြီး နိုင်သွားပြီ။ ငါတို့ အရမ်းတော်တာပဲ။" ဟု ဆိုလာသည်။
ကျန်းရွှိလည်း စိတ်လှုပ်ရှားနေခဲ့သည်။ သူလည်း မသိလိုက်ဘာသာဖြင့် ရှန့်ဖန်းယွိဘက်သို့ လှည့်ကာ လက်ဝါးချင်းရိုက်လိုက်လေသည်။
ဂိမ်းတစ်ခုကို အောင်မြင်သွားသည့်အတွက် ယခုကဲ့သို့ ဖြူစင်သည့် ပျော်ရွှင်မှုမျိုးအား ခံစားခဲ့ရသည်မှာ အလွန်ကြာမြင့်လှပြီဖြစ်သည်။ သူတို့၏ လူကြီးဖြစ်လာသည့်ဘဝမှာ အင်မတန်မှ အလုပ်များလွန်းပြီး ဘဝ၏ဖိအားများမှာလည်း သူတို့ပခုံးပေါ်တွင် တောင်ကဲ့သို့လေးလံလွန်းလှသည်။
ကျန်းရွှိမှာ သူ့အနေနှင့် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ထိုညသို့ ရုတ်ခြည်းပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့် ရှန့်ဖန်းယွိတို့ ကြိုးကြိုးစားစားဖြင့် အတူတူ အခက်အခဲငါးမျိုးအားဖြတ်ကျော်ကာ ဗိုလ်ချုပ်ကြီးခြောက်ယောက်အား သတ်ဖြတ်ခဲ့ကြသည်။ အင်မတန်ကောင်းလှလေသည်။
ထိုအချိန်လေးအတွင်းတွင် ကျန်းရွှိ၏စိတ်ထဲ အတွေးယာဉ်ကြောလေးတစ်ခု ဖြတ်သားရသည်။သူတို့သာ ရလဒ်ထွက်ပြီးနောက်ပိုင်း တစ်ယောက်နှင့်တစ်ယောက် သတ်မနေခဲ့ကြလျှင် သူတို့အနေဖြင့် ဆက်သွယ်ရမည့်အချက်အလက်တို့အား အပြန်အလှန် လဲလှယ်ကာ သူငယ်ချင်းကောင်းများဖြစ်လာနိုင်ပေသည်။
ဆိုးရွားသောအခြေအနေမှ ရှင်သန်ရန် တစ်စုံတစ်ဦးနှင့် လက်တွဲဆောင်ရွက်၍ အောင်မြင်သွားသော ခံစားချက်မှာ အင်မတန်မှ ကောင်းလှပေသည်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် နီရဲကာ သူ၏နှလုံးသည်လည်း လျင်မြန်စွာခုန်နေတော့သည်။
ဤအချိန်တွင်းတွင် သာမာန်လက်ဝါးချင်းရိုက်သည်က ကျန်းရွှိ၏ အတွင်းစိတ်လှုပ်ရှားမှုအား မဖော်ပြနိုင်ပေ။ သို့နှင့် သူကိုယ်တိုင်မသိလိုက်ပဲ သူ၏လက်မောင်းများအား မြှောက်ကာ ရှန့်ဖန်းယွိအား ဖက်လိုက်ပြီး သူ့နောက်ကျောအား ပုတ်ပေးလိုက်တော့သည်။
သူဆယ်ကျော်သက်အရွယ်တုန်းက ပထမဆုံးအကြိမ် သူ့သူငယ်ချင်းများနှင့်အတူ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် အနိုင်ရခဲ့စဉ် ၊ ပထမဆုံးအကြိမ် သူနှင့် သူ့ သူငယ်ချင်းတို့ ညလုံးဖောက် ဂိမ်းဆော့ခဲ့စဉ်၊ ပထမဆုံးအကြိမ် သူ ဘက်စကတ်ဘောဂိမ်းအား အနိုင်ရခဲ့စဉ်တုန်းကလိုပင်..... သူအင်မတန် စိတ်လှုပ်ရှားနေသည့်အတွက် သူ့ကိုယ်သူမထိန်းထားနိုင်တော့ပေ။
သူ၏ လက်ဖဝါးများနီရဲလာသည့်အခါမှ ကျန်းရွှိသည် သူ ရှန့်ဖန်းယွိအား ဖက်ထားကာ ကျောပြင်အား ပုတ်ပေးနေမိကြောင်း သတိထားမိသွားရသည်။ သူက အသံလည်းမပြု၊ စိတ်လှုပ်ရှားစွာဖြင့် မပျော်ရွှင်နေ၊ လက်ခုပ်လည်းမတီးပဲ သူ့အားလည်း ပြန်၍ မပုတ်ပေးပေ။
သူက ရုတ်တရက်ပင် ငြိမ်ကျသွားကာ အနည်းငယ် ကသိကအောက်ဖြစ်သွားသည်။
ရှန့်ဖန်းယွိက သူ၏အောင်မြင်မှုအား ဤနည်းလမ်းဖြင့်ဆင်နွှဲတတ်သည့် ယခင်ကအတန်းဖော်လည်းမဟုတ်သလို သူငယ်ချင်းလည်းမဟုတ်ပေ။
အမှန်ဆိုလျှင် သူ့အနေဖြင့် ဤမျှလောက် မပျော်ရွှင်ရသည်မှာ အတော်လေး ကြာမြင့်လှပြီဖြစ်သည်။
ဤအပြုအမူမှာ လွန်စွာ အထက်တန်းမဆန်လှသည့်အပြင် ကျန်းရွှိစတိုင်လုံးဝမဟုတ်ပေ။
ရှန့်ဖန်းယွိ၏ ရံဖန်ရံခါအပြုအမူကဲ့သို့ အင်မတန်မှ ကလေးဆန်လွန်းလှသည်။
လူများသည် သူတို့၏အနီးနားရှိလူများ၏ လွှမ်းမိုးခြင်းအား ခံရလေ့ရှိသည်။ အထူးသဖြင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အချိန်ကာလကြာမြင့်စွာ သိရှိနေသည့်အချိန်မျိုးပင်။ မကြာသေးမီကပင် လျန်းမြောင်က လျန်းဟန်အား ပို၍တက်ကြွသည့်မိန်းကလေးဖြစ်လာစေရန် လွှမ်းမိုးခဲ့သည့်အတွက် သူက ညည်းညူနေခဲ့သေးသည်။ ယခုကဲ့သို့ ရှန့်ဖန်းယွိရှေ့တွင် သူ၏မတူညီသည့်တစ်ဖက်ခြမ်းအား ထုတ်ဖော်ပြသမိရန် မရည်ရွယ်ခဲ့ပေ။
ထိုနားလည်သဘောပေါက်မှုက ကျန်းရွှိ၏မျက်ဝန်းများထဲ ရှက်ရွံ့မှုအား ဖျတ်ခနဲ ပေါ်ပေါက်လာစေသည်။
မထင်ထားပဲ ၊ဤမမျှော်လင့်ထားသည့် ပွေ့ဖက်မှုအား အရှက်မရပဲ မည်ကဲ့သို့အဆုံးသတ်ရမည်နည်းဟု သူစဉ်းစားနေစဉ်တွင် သူ၏နောက်ကျောမှ လက်က ရုတ်တရက် အနည်းငယ်တင်းကြပ်လာသည်။
ကျန်းရွှိ မသိလိုက်ဘာသာ မော့ကြည့်မိသည့်အခါ၊ ရှန့်ဖန်းယွိ၏လက်က သူ၏ဦးခေါင်းနောက်သို့ နူးညံ့စွာ ကျရောက်လာပြီး သူ့အား သူ၏လက်မောင်းများအတွင်းသို့ ပို၍နီးကပ်စေရန် ဆွဲယူလိုက်လေသည်။
သူတို့၏ လည်ပင်းဘေးသားများက အင်မတန်ပင် ရင်းနှီးကျွမ်းဝင်နေဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ထိကပ်နေကြသည်မှာ အချင်းချင်း ပွတ်သပ်နေသည်ဟုပင် ထင်မှတ်မှားလောက်သည်။
ပွေ့ဖက်ခြင်းက ဤကမ္ဘာလောကအတွင်း အံ့အားသင့်ဖွယ်အကောင်းဆုံးသော ဖြစ်ရပ်ဟု ဆိုရပေမည်။ ....အင်မတန်သေးငယ်သော ပြောင်းလဲမှုလေးနှင့် စိတ်ခံစားမှုအနည်းငယ်က သူငယ်ချင်းအချင်းချင်းပွေ့ဖက်မှုနှင့် ချစ်သူများအကြားပွေ့ဖက်မှုက အသိပေးခြင်းအလျင်းမရှိ ပြောင်းလဲသွားနိုင်လေသည်။
ရုတ်တရက်ပင် အိပ်ခန်းမှာ တိတ်ဆိတ်လွန်းလှသည်ဟု ကျန်းရွှိ ခံစားလိုက်ရသည်။
အင်မတန်မှ တိတ်ဆိတ်လွန်းသည့်အတွက် နှလုံးခုန်သံများနှင့် ခပ်ပြင်းပြင်းအသက်ရှုသံတို့ကို သူ့အနေနှင့် အတိုင်းသားကြားနေရသည်။
အချိန်ခဏမျှ မည်သည့်နှလုံးခုန်သံက သူ့နှလုံးခုန်သံဖြစ်၍ မည်သည့်နှလုံးခုန်သံက ရှန့်ဖန်းယွိ၏နှလုံးခုန်သံဖြစ်ကြောင်း သူမခွဲခြားနိုင်တော့ပေ။
သူခံစားနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ရင်ဘတ်နှင့်ဖိကပ်နေသော ထိုသူ၏ရင်မှ ပူနွေးမှုက၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာသည့်အလားပင်။
ထိုသိရှိမှုက သူ့အား စိတ်ရှုပ်သွားစေသည်။ သူက နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်ငြား ခန္ဓာကိုယ်နှစ်ခုမှာ ကွာသည်ဆိုရုံလေးသာ၊ ရှန့်ဖန်းယွိ၏ လက်က သူ၏ဦးခေါင်းနောက်မှတစ်ဆင့် သူ၏လည်ပင်းဘေးနားသို့ ညင်သာစွာ ကျဆင်းလာကာ သူ၏လွတ်မြောက်ရန်ကြိုးပမ်းမှုအား ပိတ်ဆို့ထားလေသည်။
ကျန်းရွှိမှာ ဦးရေပြားက စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရပြီး အကြောင်းပြချက်မရှိပါဘဲသူ၏နှလုံးမှာ တုန်လှုပ်သွားရသည်။
သူ၏လည်ပင်းက အထိမခံပေ၊ ထို့ပြင် ရှန့်ဖန်းယွိ၏လက်မှနွေးထွေးမှုက အင်မတန်မှ သိသာလွန်းသဖြင့် သူ့အရေပြားတွင် ကြက်သီးမွှေးညှင်းတို့ထလာကာ သူ့အတွေးများသည်လည်း တောင်စဉ်ရေမရဖြစ်ကုန်သည်။
သူအနောက်သို့ပြန်မဆုတ်တော့သည့်အခါမှ ရှန့်ဖန်းယွိမှာ ကြိုတင်တွက်ချက်ထားသည့်အလား၊ သူတို့ကြားမှ အကွာအဝေးအား နည်းပါးလှစွာ ထားရှိထားသဖြင့် ယခုတွင် သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်လျက်ရှိနေကြောင်း သတိထားမိသွားရသည်။
သူတို့က အင်မတန်မှ နီးကပ်နေသည့်အတွက် ရှန့်ဖန်းယွိ၏ ပူလောင်သည့်အသက်ရှုသံကိုပင် ခံစားနိုင်လေသည်။
အကြောင်းပြချက်တစ်ချို့ကြောင့် ကျန်းရွှိ၏မျက်နှာမှာ ပူလောင်လာရပြီး သတိမဲ့စွာ တွေးမိသည်က ....ဤအနေအထားသည် ယခင်ကတစ်ခုထက် ပို၍မကောင်းလှပေ။
အနည်းဆုံးတော့ ပွေ့ဖက်ထားစဉ်အခါက သူ့အနေနှင့် ရှန့်ဖန်းယွိ၏ မျက်ဝန်းများထဲ စိုက်ကြည့်နေရန် မလိုပေ။
ထိုအချိန်၌ပင် ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ ပူနွေးသောအကြည့်များက သူ့မျက်နှာအောက်နားသို့ ရောက်ရှိနေမှန်း မြင်လိုက်သည်။
ကျန်းရွှိမှာ ရှန့်ဖန်းယွိက သူ၏နှုတ်ခမ်းများအား ကြည့်နေသည်ဟုပင် ခံစားမိသွားရသည်။
ထိုသံသယက ကျန်းရွှိ၏အတွေးများအား အနည်းငယ်ရှုပ်ထွေးသွားစေပြီး သူ့အနေနှင့် နားမလည်နိုင်ဖြစ်စေသည်။
သို့သော် အကြည့်ချင်းဆုံရာမှ ရှောင်ရန်သူ၏ခေါင်းအား စောင်းလိုက်သည့်အခါ သူ့လည်ပင်းနောက်မှလက်သည် အားအနည်းငယ်ပို၍စိုက်ထုတ်လာခဲ့သည်။
ထိရှလွယ်သည့်နေရာအား အဖန်တလဲလဲထိတွေ့ခံနေရသည့်အတွက် သူ့အနေနှင့် ရေနက်ပိုင်းထဲသို့နစ်မြှုပ်သွားသကဲ့သို့ ခံစားရပြီး သူ၏ဦးနှောက်သည်လည်း ထိန်းချုပ်မရနိုင်စွာ အောက်ဆီဂျင်ပြတ်လတ်မှုအား ခံစားရသည်။
သူက အသေအချာကိုပင် သူ၏လည်ပင်းအားထပ်မထိရန် ရှန့်ဖန်းယွိအား ပြောထားခဲ့သည်။
သို့သော် ကျန်းရွှိ အတွေးထဲနစ်မြှုပ်နေ၍ ဒေါသမထွက်နိုင်ခင်တွင်၊ ရှန့်ဖန်းယွိက သူ့လက်ကိုမြှောက်ကာ သူ၏မျက်မှန်အား ဖြည်းညှင်းစွာ ဆွဲချွတ်လိုက်လေသည်။
မျက်မှန်၏အတားအဆီးမပါပဲ ယောင်္ကျားလေးနှစ်ယောက်၏အကြည့်တို့ဆုံသွားရသည်။ မျက်မှန်မပါသည့်အတွက် သူ့အကြည့်တို့က ဝေဝါးနေစဉ် သူ့အရှေ့မှ ရှန့်ဖန်းယွိသည် ပြတ်သားစွာ မြင်နေရသည်။
သူ၏မျက်တောင်များက ရှည်လျားကာ၊ သူ၏ နူးညံ့သည့်မျက်ဝန်းများထဲ အပြုံးစစလေးရှိနေသည်မှာ ဆောင်းဦးတွင်ပွင့်လန်းနေသည့် ခေါင်ရမ်းပန်းတစ်ပွင့်အလား။
ကျန်းရွှိ ရေဆာလာသလို ခံစားရသဖြင့် မသိစိတ်ဖြင့် သူ၏အောက်နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်မိသည်။
သူ့ဦးနှောက်ထဲမှ အတွေးက ခေတ္တရပ်သွားပြီးနောက် ရှန့်ဖန်းယွိက သူ့အနားတိုးလာသည်ကိုမြင်လိုက်ရသည်။ ထို့နောက် သူ၏နှုတ်ခမ်းများအား ညင်သာစွာ နမ်းရှိုက်လာတော့သည်။
ပူနွေးလှသည်။ သူ့နှလုံးလေးလည်း ထိုအတိုင်းပင် ပူနွေးနေလေသည်။
ကျန်းရွှိမှာပင် အသက်ရှုရန်ပင် မေ့လျော့သွားကာ နေရာမှာပင် အေးခဲနေတော့သည်။
လက်ဝါးချင်းရိုက်စဉ်တုန်းက ရှန့်ဖန်းယွိ၏ မျက်ဝန်းထဲ မည်သို့သော ခံစားချက်များရှိနေသည်ကို သူမသိသလို၊ ယခုအချိန်အတွင် သူမည်မျှလောက် စိတ်လှုပ်ရှားနေသည့်ပုံပေါက်နေမှန်းလည်း သူမသိပေ။
ဂိမ်း၏လွှမ်းမိုးမှုကြောင့် စိတ်လှုပ်ရှားသွားရသည့် ကျန်းရွှိ၏ပုံမှန်ခံစားချက်နှင့် မတူညီပေ။ သူ၏မျက်ဝန်းများမှာ တောက်ပကာ အကာအကွယ်မဲ့နေပြီး သူ့အားနှစ်သက်နေသည့် အခြားသူတစ်ယောက်၏ ပုံရိပ်အား ရောင်ပြန်ဟပ်နေလေသည်။
ငယ်ရွယ်သည့် ကျန်းရွှိနှင့် အရွယ်ရောက်ပြီးတည်ငြိမ်ရင့်ကျက်သူ ကျန်းရွှိတို့မှာ နှစ်ရှည်လများအကြာတွင် ပြန်လည်ပေါင်းဆုံသွားရသည်။သူ၏မျက်ဝန်းထဲသို့ဖြာကျနေသည့် လိမ္မော်ရောင်ညအိပ်မီးရောင်သည် နဂါးငွေ့တန်းထဲသို့ ကျရောက်နေသည့် လရောင်အလား၊ လူများအား စိတ်လှုပ်ရှားစေရန် ဆွဲဆောင်နေလေသည်။
ရှန့်ဖန်းယွိ၏မျက်လုံးများက ကျန်းရွှိ၏မျက်ဝန်းထဲမှ အလင်းရောင်ကြောင့် မှိတ်ကျသွားပြီး သူ၏နှလုံးသားသည်လည်း ကမောက်ကမဖြစ်သွားရသည်။
ကျန်းရွှိသူ့အား ပွေ့ဖက်လိုက်စဉ်က ရှန့်ဖန်းယွိမှာ သူ၏နှလုံးခုန်သံရပ်တန့်သွားပြီဟုပင် ခံစားခဲ့ရသည်။
တစ်စုံတစ်ယောက်အား တစ်ဆင့်ချင်းမည်ကဲ့သို့လိုက်ပိုးရမည်နည်းဟူသည့် အချစ်လမ်းညွှန်သည်လည်း ရှန့်ဖန်းယွိ၏စိတ်ထဲ အဆီးအတားမရှိ ပျောက်ပျက်သွားရပြီး သူ၏သွေးများသာ ပွက်ပွက်ဆူ၍ကျန်ခဲ့လေသည်။
အနမ်းမပေးမီစက္ကန့်ပိုင်းအလိုက သူ၏တွေးခေါ်နိုင်စွမ်းရှိသည့် ဦးနှောက်တစ်ခြမ်းက ရှန့်ဖန်းယွိအား အသံကျယ်ကျယ်ဖြင့်မေးလာခဲ့သည်။
"မင်း ဘာလုပ်နေတယ်ဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား.."
သို့သော် တွေးခေါ်နိုင်စွမ်းကင်းမဲ့သွားသည့် ဦးနှောက်ဘက်အခြမ်းက ပြန်လည်ချေပရန်ပင် မလိုခဲ့ပေ။ ကြာမြင့်စွာသိမ်းဆည်းထားသည့် ရတနာမြေပုံမှာ ပညာရှိတစ်ဦး၏ ခေါင်းငြိမ့်ပြမှုနှင့်အတူ စစ်သည်တော်ရှေ့မှောက်၌ ဖွင့်ပြခြင်းခံလိုက်ရသကဲ့သို့ပင်။
ထို့နောက် ၊ ခါးသက်နေသောအသံက စစ်သည်တော်အား သွေးဆောင်လာလေသည်။ "ဒါက မင်းလိုချင်တဲ့အရာပဲလေ.."
ထို့အတွက် ရှန့်ဖန်းယွိမှာ သူ၏အချစ်များအား အပြည့်အဝပင် ဖွင့်ထုတ်ပြသကာ ကျန်းရွှိ၏မျက်လုံးရှေ့တွင်ပင် သူ၏တပ်မက်မှုအား ဖြန့်ကျက်ပြသလိုက်လေသည်။
သူက ကြိုတင်အသိပေးခြင်းမရှိပဲ ရေကန်ငယ်လေးအားတိုက်ခိုက်ကာ မြေအားလည်း သိမ်းယူလိုက်လေသည်။