🧑⚕️Chapter 79
သူက လူကောင်းပဲ။
အဆုံးတွင် ရှန့်ဖန်းယွိအား အဝေးသို့တွန်းလွှတ်လိုက်သူမှာ ကျန်းရွှိပင်။
လူနှစ်ဦး၏မျက်နှာပြင်ပေါ်ဝယ် ခံစားချက်များက ရစ်သီနေဆဲ၊ လူသစ်ရွာ၏ ရွာလူကြီးမှာသူ၏တည်ရှိမှုအား ပြသရန် နောက်ခံသီချင်းအားဖွင့်ထားဆဲပင်။
လည်ပင်းကိုတောင့်ထားကာကျန်းရွှိ ရှန့်ဖန်းယွိအား ကြည့်လိုက်သည်၊ သူ၏ အင်္ကျီကော်လာအောက်မှာလည်း ပူလောင်နေသည်မှာ သူ၏ မျက်နှာတစ်ခုလုံးနှင့်လည်ပင်းသည်ပင် နီရဲနေသည်။
"မင်းဘာလုပ်နေတာလဲ...."
ကျန်းရွှိ စကားပြောနေရင်းအနည်းငယ် မောဟိုက်နေလေသည်။
ရှန့်ဖန်းယွိသည် စိတ်လွတ်နေပုံရပြီး ကျန်းရွှိ၏မေးခွန်းအား ရင်ဆိုင်ရသည့်အခါမှ အသိစိတ်ပြန်ဝင်လာသော်လည်းအပြည့်အဝ သတိမရှိသေးပေ။
"ငါတောင်းပန်ပါတယ်၊ ကျန်းရွှိ.."
သူ၏စိတ်ကရှုပ်ထွေးနေပြီး သူ၏ အကျိုးအကြောင်းမသင့်သော အပြုအမူအတွက် ဆီလျော်သည့် အကြောင်းပြချက်အား ရှာဖွေနေမိသည်။ သို့သော်၊ သူ၏ဦးနှောက်မှာ စွမ်းဆောင်နိုင်စွမ်းအား ဆုံးရှုံးသွားပြီး စကားလုံးများအားညစ်ထုတ်နေရသည်။
"အကယ်၍ မင်းရဲ့နှုတ်ခမ်းပေါ်မှာ တစ်ခုခုကပ်နေတာတွေ့လိုက်လို့ ငါကမင်းအစားဖယ်ပေးဖို့လုပ်နေတာလို့ပြောရင် မင်းငါ့ကို ယုံမှာလား။"
ကျန်းရွှိ: "......"
ကျဉ်းကျုတ်ကျုတ်နေရာလေး၌ တိတ်ဆိတ်မှုကကြီးစိုးသွားပြီး ရုတ်တရက် ကျန်းရွှိ အသက်ရှူမဝတော့သလို ခံစားလိုက်ရသည်။ သူ၏ပေါင်ပေါ်တွင်တင်ထားသော တက်ဘလက်အားဘေးသို့ချကာ အလျင်အမြန်ပင်ထရပ်လိုက်ပြီး
"ငါ အိမ်သာသွားဦးမယ်။" ဟု ဆိုကာ နောက်သို့လှည့်မကြည့်ပဲ ထွက်ပြေးသွားလေသည်။
ဘေစင်ရှေ့တွင်ရပ်ကာ သူ၏မျက်နှာအား ရေအေးအေးဖြင့် ကမန်းကတန်းသစ်လိုက်သည်။ သို့သော် တဒိန်းဒိန်းခုန်နေသည့်သူ၏နှလုံးသားမှာ မသက်သာသေးပေ။
ရွာလူကြီးအားအနိုင်ယူပြီးသည့်အချိန်ကတည်းက သူ၏နှလုံးခုန်သံမှာ အတန်ငယ်မြန်နေပြီးသားဖြစ်ကာ၊ ရှန့်ဖန်းယွိသူ့အား နမ်းရှိုက်လာသည့်အချိန်တွင်တော့ နှလုံးခုန်နှုန်းမှာ နောက်ထပ်မော်တာသုံးလုံးမျှတပ်ထားသည့်အလား၊ သူ၏လည်မျိုမှတစ်ဆင့် ထွက်ကျတော့မည်အလား အင်မတန် မြန်ဆန်လွန်းလှသဖြင့် သူ၏ရင်ဘတ်တစ်ခုလုံးပင် နာကျင်လာရသည်။
ကျန်းရွှိ ရှန့်ဖန်းယွိ၏စကားလုံးများအား လုံးဝကိုပင် မယုံကြည်ပေ။
တစ်ခါမှသမီးရည်းစားဆက်ဆံရေးမရှိဖူးသော်လည်း လူနှစ်ဦးကြားမှအနမ်း၏အဓိပ္ပာယ်အား သူမသိဘူးဟု မဆိုလိုပေ၊ ထို့ပြင် ဤသည်က ဖြည်းညှင်းကြာရှည်သောအနမ်းတစ်ခုပင်။
ရှန့်ဖန်းယွိမှာ အရက်မသောက်ထားပေ၊ သူသည် အသိစိတ်ရှိနေသည်။
ရှန့်ဖန်းယွိက သူ့အား သဘောကျနေသည်။
သူက အတိအကျပင် ပြန်လည်တုံ့ပြန်ခဲ့သည်။
သူ၏အတွေးများက ရောထွေးနေကာ အေးစက်သည့်နံရံအားမှီထားသော်လည်း ရင်ထဲ၌မီးမြှိုက်ထားသကဲ့သို့ခံစားနေရသည်။ မည်သည့်နည်းနှင့်မျှ သူ့စိတ်အား တည်ငြိမ်အောင် မပြုလုပ်နိုင်ပေ။
သူ့ကိုယ်သူပင် မည်သည်အားတွေးတောနေမှန်းမသိတော့၊ ပျော်ရွှင်မှုတစ်ခုတည်းကိုသာ ခံစားမိနေသည်။
သူ၏ယခင်ကပြိုင်ဘက်မှာ သူ့အားသဘောကျနေကြောင်း သိရှိလိုက်ရသည့် ပျော်ရွှင်မှုတစ်ခုတည်းသာမဟုတ်၊ အခြားခံစားချက်တစ်မျိုးမှာလည်း ရောယှက်ပါဝင်နေပေသည်။
သူ၏နှလုံးသားမှာ ပူလောင်လာပြီး၊ နှုတ်ခမ်းလွှာသည်လည်း စပ်ဖျဉ်းဖျဉ်းခံစားနေရသည်။ သူ၏ဦးနှောက်အာရုံကြောများက တစ်ပြိုင်နက်တော်လှန်ပုန်ကန်နေကြသလို အရှုပ်အထွေးအစုလိုက်သာ ချန်ထားရစ်လေသည်။
ကျန်းရွှိ မသိစိတ်မှတဆင့် စိတ်ခံစားမှုများကိုဖွင့်ထုတ်ရန်ကြိုးပမ်းခဲ့သည်။ သူ့ဖုန်းကိုထုတ်ကာ ထန်ခယ်ဆီသို့ ဖုန်းခေါ်ဆိုလိုက်သည်။ သူ့နှုတ်ခမ်းအားဖွင့်လိုက်သည့်အခါမှသာ သူ၏အာခံတွင်းက ပူလောင်နေကြောင်းသိရှိလိုက်ရသည်၊ အပူချိန်မှာမြင့်မားလွန်းလှသဖြင့် သူပါပေါက်ကွဲသွားနိုင်လေသည်။
"ထန်ခယ်..." သူက ချီတုံချတုံဖြင့် ပြောလိုက်၏။ "ငါ့ကို သဘောကျနေတဲ့သူရှိတယ်..."
ထန်ခယ်မှာ သူ၏ရုတ်တရက်ပြောဆိုမှုကြောင့် ဦးနှောက်ခြောက်သွားရသည်။
"ဟမ်.."
"အဲ့ဒီလူက ယောက်ျားလေး..."
ကျန်းရွှိ ထပ်မံဖြည့်ပြောလိုက်သည်။
"ဒါဆို မင်းသူ့ကို ငြင်းသင့်တာပေါ့။ မင်းကျောင်းတက်နေတုန်းကလည်း မင်းကိုချစ်ကြောင်းဖွင့်ပြောကြတဲ့ ယောက်ျားလေးတွေအများကြီးပဲလေ၊ ပြီးတော့ မင်းက သူတို့အကုန်လုံးကိုငြင်းခဲ့တာပဲ။ အဲ့ဒါကိုဘာလို့ ငါ့ဆီဖုန်းခေါ်တာလဲ..." ထန်ခယ်က ပြောသည်။
ကျန်းရွှိ သက်ပြင်းချကာ ထန်ခယ်နှင့် ကျိုးကြောင်းသင့်စွာမဆက်သွယ်နိုင်သည်ကို သဘောပေါက်လိုက်လေသည်။ သူဖုန်းချရန်ပြင်စဉ် ထန်ခယ်က တုံ့ပြန်လာလေသည်။
"နေပါဦး.." ထန်ခယ်က ဆက်ပြောသည်. "အရင်က မင်းရဲ့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာတွေကို ပြန်စဉ်းစားရရင် မင်း ချက်ချင်းငြင်းလိုက်မှာပဲ။ ဒါပေမယ့် မင်းက ငါ့ကို ဖုန်းခေါ်လာတယ်ပေါ့။ မင်းပျက်စီးသွားပြီလား၊ကျန်းရွှိ...။ ချီး.."
သူက ကုတင်ပေါ်မှ ဝုန်းခနဲထထိုင်လိုက်ကာမေးလာသည်။ "ဒီမသေမျိုး၊ မင်းသေမျိုးလောကကို ဆင်းတော့မလို့လား.... "
သူက ဆက်တိုက်ပင် မေးခွန်းများမေးလာသည်။ "မင်း သူ့ကို သဘောကျနေတာမလို့လား။ မင်းကိုတောင် စိုးမိုးနိုင်တာ တကယ်ကြီးဘယ်သူများလဲ.... "
ကျန်းရွှိအားသိကျွမ်းခဲ့သည့်ကာလပတ်လုံး ထိုသူမှာ မည်သည့်ဆက်ဆံရေးအတွက်အကြံဉာဏ်ကို လက်မခံခဲ့ပေ။ ထို့ပြင် ကျန်းရွှိမှာချစ်မိသွားလျှင်သော်မှ သူ၏ခံစားချက်များအား ကျိုးကြောင်းသင့်တင့်စွာ ခွဲခြားနိုင်ကာ သူ၏ကိစ္စများအား စီမံဆောင်ရွက်နိုင်လိမ့်မည်ဟု ထန်ခယ်က ယုံကြည်ထားခဲ့သည်။
အခု အခြေအနေက ဘယ်လိုကြီးလဲ။
သူက အထိတ်တလန့်ဖြစ်နေသည်လား။ ဆက်ဆံရေးကိစ္စအား မေးမြန်းရန် သူကတကယ်ကြီး ရောက်လာခဲ့သည်။
ထိတ်လန့်စရာအကောင်းဆုံဖြစ်ရပ်မှာ သူ့အနေနှင့် မေးခွန်းများ မြောက်များစွာမေးမြန်းပြီးသည့်တိုင် ကျန်းရွှိက နှုတ်ဆိတ်နေခြင်းပင်။ သူက တကယ်ကြီး တိတ်ဆိတ်နေခဲ့သည်။
ပုံမှန်အတိုင်းဆိုလျှင် ကျန်းရွှိမှာ ဖုန်းချလျှင်ချ၊ မချလျှင် သူ့အား သရော်ပေလိမ့်မည်။ သို့သော် ယနေ့ ကျန်းရွှိသည် နှုတ်ဆိတ်လျက်ရှိသည်။
"မင်းချစ်မိသွားတာနဲ့ ဦးနှောက်ပျက်သွားပြီလား။ ဟမ်.." ထန်ခယ်သည် တစ်ချိန်တည်းမှာပင် အံ့အားသင့်ကာ နှစ်ထောင်းအားရလည်းဖြစ်နေမိသည်။
"ကျန်းရွှိ၊ မင်းသဘောကျတဲ့သူကိုတွေ့တဲ့အခါ မင်းဘာလုပ်ရမယ်မှန်းမသိ၊ထိတ်ထိတ်ပျာပျာဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ အရမ်းအားရစရာပဲ..."
"ငါမဟုတ်...." ကျန်းရွှိမှာ ယုံကြည်မှုရှိသည့်ပုံမပေါ်ပေ။
"မင်း ဘာမဟုတ်တာလဲ.."
ထန်ခယ်က စပ်စပ်စုစုနိုင်စွာပြုံးလိုက်ပြီး မေးလာသည်။
" မင်းလုပ်နေတာ လုံးဝ ပုံမှန်မဟုတ်ဘူးနော်။ အဲ့ဒါတောင် မင်းကသူ့ကို သဘောမကျနေပါဘူးလို့ ငြင်းချင်နေသေးတယ်ပေါ့လေ။ ငါ သူဘယ်သူလဲသိချင်တယ်..."
သူက ပြောနေရင်း အခြားအရာတစ်ခုအား စိုးရိမ်စပြုလာသည်။
"အဲ့ဒီလူ ကလေးအကြောင်းကို သိလား။"
ထို့နောက် သူ့ကိုယ်သူ ပြန်ဖြေလာလေသည်။
"ဒါပေမယ့်လည်း စိတ်ပူမနေနဲ့ကျန်းရွှိ။ အကယ်၍ ငါသာ ယောက်ျားလေးတွေကို သဘောကျရင်၊ မင်းမှာကလေးရှိတာသိရင်တောင် မင်းနဲ့လက်တွဲရတာကို ပျော်နေမှာ။ ငါ့ရဲ့ကျန်းရွှိက လူအများစုရဲ့ အမျိးသားနတ်ဘုရားပဲလေ။ ငါသာ မင်းငါ့ကို ကြိုက်လာနိုင်အောင် လုပ်နိုင်လို့ကတော့ ကလေးကိုပြုစုပေးဖို့ကို အသာထား၊ မင်းရဲ့ကလေးကိုတောင် မွေးပေးနိုင်တယ်..."
ထန်ခယ်၏ ပုံစံခွက်အပြင်သို့ တိုးထွက်နေသည့် အတွေးအခေါ်တို့ကြောင့် သူ ဒေါသထွက်လာရသည်။ သို့သော် သူ့ထံ၌ စိတ်ပိုင်းဆိုင်ရာဝန်လေးမှုဖြစ်နေမည်ကိုစိုးရိမ်သဖြင့် သူ့အားနှစ်သိမ့်ပေးရန် ထန်ခယ်မှာ ဤသို့ရောက်တတ်ရာရာပြောနေကြောင်း သူနားလည်လေသည်။
သို့သော်လည်း .....
သူ ရှန့်ဖန်းယွိအား သဘောကျသလား..။
မျက်လုံးကိုမှိတ်ကာ နှာခေါင်းအစပ်နားရှိ မျက်ခုံးနှစ်ခုကြားနေရာအား လက်ဖြင့်ဖိနှိပ်ထားမိသည်။ သူ၏ လက်ရှိခံစားချက်များအား အမည်မဖော်နိုင်သေးပေ။
"ဟေး..ဒါနဲ့ မင်း ရှန့်ဖန်းယွိနဲ့ ပြောပြီးပြီလား..."
ခပ်ကြီးကြီးစာအိတ်အနီ၏မျက်နှာဖြင့် ထန်ခယ်မှာ ယခုဆိုလျှင် ရှန့်ဖန်းယွိအား အမှတ်တရရှိနေပြီဖြစ်သည်။
" မင်း သူနဲ့ ဒီအကြောင်းဆွေးနွေးသင့်တယ်။ မင်းသဘောကျတဲ့လူရှိလာရင်တောင် မင်းတို့နှစ်ယောက်က ကလေးရနေပြီလေ..."
ကျန်းရွှိ နှုတ်ဆိတ်လျက်နေသည်။ ယခုအချိန်တွင် ထန်ခယ်အား ဘာပြောရမှန်းမသိတော့ပေ။
"မင်းဘာမှမပြောရသေးတာ ငါနားလည်ပါတယ်..."
ထန်ခယ်မှာ ဤကိစ္စမှာ အနည်းငယ်ခက်ခဲသည်ဟုတွေးမိသည့်အတွက် ကျန်းရွှိအားကူညီရန် အကြံပြုလာသည်။
" မင်းမပြောချင်ရင် .... ငါသူ့ဆီသွားပြောပေးမယ်လေ.."
"မလုပ်..."
ကျန်းရွှိ မရှင်းပြနိုင်မီ၊ ရုတ်တရက် တံခါးခေါက်သံထွက်ပေါ်လာပြီး ရှန့်ဖန်းယွိ၏ အသံအားကြားလိုက်ရသည်။
" ကျန်းရွှိ၊ မင်း...အဆင်ပြေရဲ့လား.."
ကျန်းရွှိ ပြန်မဖြေပေ။ သို့သော် အရင်တစ်ခါကဲ့သို့ တံခါးအားရိုက်ချိုးမည်ဟု ရှန့်ဖန်းယွိက မခြိမ်းခြောက်လာပေ။
သူက ရေချိုးခန်းတံခါးအား ငေးကြည့်ကာ အသံကိုနိမ့်၍ ထန်ခယ်အား "မင်းနဲ့ နောက်မှပြောမယ်။" ဟု လှမ်းပြောလိုက်သည်။ ထို့နောက်သူက ဖုန်းအားအလျင်အမြန်ချလိုက်ပြီး သူ၏မျက်နှာအား ရေဖြင့်ထပ်ပက်လိုက်သည်။
နောက်ဆုံးတစ်ခေါက် သူ၏မျက်နှာကိုသုတ်ကာ၊ ရေချိုးခန်းတံခါးအား တွန်း၍ ထွက်မလာမီ မှန်ထဲတွင် သူ့မျက်နှာ ပုံမှန်အခြေအနေဖြစ်မဖြစ်ကြည့်လိုက်သည်။
ရှန့်ဖန်းယွိမှာ တံခါးဝတွင် ရပ်နေဆဲဖြစ်ကြောင်း အံ့သြစရာတွေ့လိုက်ရသည်။
အသိစိတ်ဝင်လာပြီးနောက် ရှန့်ဖန်းယွိမှာ သူ၏ "တစ်ဆင့်ပြီးတစ်ဆင့်" အချစ်လမ်းညွှန်အားသတိရသွားသည်။ သို့နှင့် ရှက်ရွံ့နေသော တောင်းပန်သည့်မျက်နှာထားသို့ ပြင်လိုက်သည်။ နှုတ်ခမ်းမှာအနည်းငယ်ဆူနေပြီး သူ့အားကြည့်ရသည်မှာ စိတ်ထိခိုက်နေဟန်။
သူ့အားမြင်လိုက်ရသည့်အခါ ကျန်းရွှိမှာ နှလုံးသားထဲရှိမီးတောက်များမှာ သူ၏မျက်နှာအထိ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
"မင်း....ဆိုဖာပေါ်သွားအိပ်..."
ကျန်းရွှိ အနည်းငယ် တွန့်ဆုတ်စွာ ပြောလာလေသည်။
"မင်းညကျ မသက်မသာခံစားရရင်ရော၊ပြီးတော့ ..."
ကျန်းရွှိက သူ့စကားအားဖြတ်ပြောလိုက်သည်။
"ငါဘာမှဖြစ်မှာ မဟုတ်ဘူး.."
ရှန့်ဖန်းယွိ ကြောင်အသွားရကာ၊ ခေါင်းကိုငုံ့၍ တိုးညှင်းစွာ"အင်း.."ဟု ဆိုပြီး အခန်းထဲဝင်ကာ ပြန်ထွက်လာလေသည်။ မွေ့ရာနှင့်ခေါင်းအုံးများအား ဆိုဖာအနီးသို့ရွေ့လာပြီး ကျန်းရွှိအားဆိုသည်။
"ဒါဆို မင်း ကောင်းကောင်းအနားယူလိုက်ပါ..."
"အင်း.."
ကျန်းရွှိသည်လည်း စိတ်ရှုပ်နေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများတောင့်တင်း၍နေပေသည်။ သူက ချိနဲ့စွာဖြင့် အိပ်ခန်းဆီသို့လျှောက်သွားခဲ့သည်။ စောင်များတွင် ရျန့်ဖန်းယွိ၏ကိုယ်အပူချိန်ကျန်ရစ်နေသေးသည်။ ကုတင်ပေါ်ရျိ အရာနှစ်ခုမှာလည်းသူတို့နှစ်ဦးသား ယခုလေးပင်ထိုင်နေခဲ့ကြောင်း အရိပ်အမြွက်ပြလျက်ရှိသည်။
ကျန်းရွှိသည် စောင်များအားသူ၏လက်ဖြင့် ပွတ်သပ်လိုက်ကာ စောင်အောက်သို့ ဝင်လိုက်သည်။ အချိန်အတန်ကြာသည်အထိလဲလျောင်းနေပြီးနောက်၊ စောင်အောက်မှထွက်လာကာ သူ၏နှုတ်ခမ်းများအားခပ်ဖွဖွ ထိတွေ့နေမိသည်။
အနမ်းနှင့်ပတ်သက်ပါက ရှန့်ဖန်းယွိမှာ သူထင်ထားသည်ထက် ပို၍ ပညာတတ်လေသည်။
သူက နမ်းသည့်နေရာတွင် တော်လွန်းလှသည်။
သူက စိတ်အား လှုံ့ဆော်ရာတွင်လည်း ကျွမ်းကျင်လှသည်။
နမ်းရှိုက်သည့်အခါ ရန်လိုနေခြင်းမရှိ၊ ကိုက်ခဲသည်ကပင် ညင်ညင်သာသာပင်။ သူ့အား တုံ့ပြန်ရန်အခြေအနေများစွာအား ချန်ပေးထားသည်။ သူသည် ဂရုတစိုက်ရှိပြီး တယုတယဖြင့်၊ သူ့ခန္ဓာကိုယ်မှရနံ့သည်လည်း ပျော်ဝင်ရန်အဆင်သင့်ပင်။ နူးညံ့သိမ်မွေ့ကာ မရေမရာဖြစ်စေသည်။
သူက အထက်စီးဆန်ဆန်နှင့် ပိုင်စိုးပိုင်နင်းနိုင်စွာ သင့်အားပိုင်ဆိုင်လိုကြောင်းထုတ်ဖော်မပြောပေ။ သို့သော် သင့်ဘာသာသင် မွေ့လျော်လာရန် ဖြည်းဖြည်းခြင်း လှုံ့ဆော်လေသည်။
အနည်းဆုံးတော့ .... ကျန်းရွှိအတွက် ဤသည်က ပို၍ ဆွဲဆောင်နိုင်လေသည်။
အနမ်းအား တွေးနေမိကြောင်း သူသတိထားမိသည့်အခါ ကျန်းရွှိ၏နှလုံးသားလေး စည်းချက်ပင်မှားသွားရသည်။ အပူလောင်သွားသလိုပင် နှုတ်ခမ်းဆီမှ လက်အား ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
နောက်ဆုံးတော့ "ဖတ်ခနဲ" မီးအားပိတ်ကာ၊ သူ၏သွယ်လျသောလက်များအားနားထင်ဆီသို့ လှမ်းကာ ဖြည်းညှင်းစွာနှိပ်နှယ်ပေးလိုက်သည်။
သူခေါင်းကိုက်နေပြီဖြစ်သည်။
ညတာသည် ရှည်လျားလှပေ၏။
ရှန့်ဖန်းယွိကဲ့သို့ပင် ကျန်းရွှိသည်လည်း ယနေ့ညတော့ အိပ်မရနိုင်ခဲ့ပေ။
မနက်ခင်း သူတို့နှစ်ယောက်အိပ်ရာထပြီး ရေချိုးခန်းထဲ၌ဆုံကြသည့်အခါ၊ အချင်းချင်း၏မျက်လုံးအောက်၌ အမည်းရောင်အကွင်းများကိုမြင်လိုက်ရသည်။
ရှန့်ဖန်းယွိက ဆွံ့အသွားရပြီမေးသည်။ "မင်း.... မနေ့ညက အိပ်မပျော်ဘူးလား.."
"ငါနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်ပါတယ်။"
ကျန်းရွှိက မျက်နှာသေဖြင့် ဘေဇင်ပေါ်ရှိ ရေဖြည့်ထားသောခွက်နှင့် ရှန့်ဖန်းယွိကသူ့အတွက်ညှစ်ထားပေးသည့် သွားတိုက်ဆေးအားကြည့်လိုက်သည်။
"အရင်ဆုံး မနက်စာစားလိုက်ဦး၊ ပြီးတော့ ကားမမောင်းနဲ့။ ငါမင်းကို အလုပ်ကိုခေါ်သွားမယ်..."
ရှန့်ဖန်းယွိက လက်ပိုက်ကာ တံခါးဝတွင်မှီရင်း သူသွားတိုက်နေသည်အား မှန်ထဲမှတစ်ဆင့်ကြည့်နေလေသည်။
"မလိုပါဘူး.."
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တစ်နေရာတည်းကိုသွားကြမှာပဲကို၊ အလကားသက်သက် ဓာတ်ဆီဖြုန်းတီးဖို့ ကားနှစ်စီးကိုမောင်းစရာမလိုပါဘူး.." ရှန့်ဖန်းယွိကပြောသည်။ သူက အင်မတန်မှဖြောင့်မတ်လှသည့်လေသံဖြင့် ဆက်ပြောလိုက်သေးသည်။
"အခုက နိုင်ငံကလည်း စွမ်းအင်ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို ထောက်ခံအားပေးနေတာပဲကို..."
ကျန်းရွှိ သွားတိုက်ဆေးအမြှုပ်များအား ထွေးထုတ်ပစ်ကာ ရေဖြင့်ပလုတ်ကျင်းလိုက်သည်။
ရှန့်ဖန်းယွိက ကျန်းရွှိ၏ဝမ်းဗိုက်အားကြည့်ကာ ဆိုသည်။
"ကလေးကလည်း ပိုလေးလာပြီလေ။ အဲ့ဒီတော့ မင်းလည်း ကားမောင်းရတာ ပင်ပန်းနေမှာပဲ.."
ထိုစကားကိုကြားသည့်အခါ ကျန်းရွှိက ခေါင်းမော့လိုက်ပြီး ရှန့်ဖန်းယွိအား မှန်ထဲမှတစ်ဆင့်ပြန်ကြည့်လိုက်မိသည်။
သူ့နှုတ်ခမ်းတွင် ရေစက်များတင်ကျန်နေသည်။ ရှန့်ဖန်းယွိ၏အကြည့်များက သူ၏နှုတ်ခမ်းပေါ်သို့ကျရောက်လာပြီးမှအမြန်အကြည့်ပြန်လွှဲသွားသည်ကို ကျန်းရွှိ သတိထားလိုက်မိသည်။
နှုတ်ခမ်းကိုဆူလိုက်ကာ တစ်ရှူးဖြင့်သုတ်လိုက်ပြီး ကျန်းရွှိက ရင်ထဲတွင်မီးတောက်လျက်ဖြင့် ထမင်းစားစားပွဲသို့ ဝင်ထိုင်လိုက်လေသည်။
"မင်းကြိုက်တဲ့ ထမင်းကြော်ဝယ်ထားတယ်။ နွားနို့ထဲကိုလည်း ပျားရည်ထည့်ထားပေးတယ်။ သောက်ကြည့်လိုက်ဦး.."
ထမင်းအနည်းငယ်အား ငရုတ်ဆီထဲနှစ်ကာစားလိုက်သော်လည်း ကျန်းရွှိမှာ သူ့လျှာမှာ အလုပ်မလုပ်တော့သလိုပင်။ မည်သည့်အစပ်အရသာကိုမျှ သူမခံစားမိချေ။
အတန်ကြာပြီးနောက် သူ ရှန့်ဖန်းယွိအား "ကျေးဇူးပဲ။" ဟု ပြောလိုက်သည်။
ရှန့်ဖန်းယွိမှာအံ့အားသင့်သွားပြီး သူ့အား ကူညီ၍ ထမင်းအနည်းငယ်အား တူဖြင့်ထိုးဖွပေးလာသည်။
" မင်းငါ့ကို ယဉ်ယဉ်ကျေးကျေး ပြောနေစရာမလိုပါဘူး။"
ကျန်းရွှိက ခေါင်းခါလိုက်ကာလက်ထဲမှတူကို ချလိုက်သည်။
ရှန့်ဖန်းယွိက မေးလာသည်။
"တော်ပြီလား.."
ကျန်းရွှိ စားပွဲပေါ်ရှိ ရွှေရောင်သန်းနေသည့်ထမင်းကြော်အားကြည့်ကာ ဖြေလိုက်သည်။ "ငါဗိုက်မဆာဘူး..."
"ကောင်းပြီလေ... ငါမနေ့က ကုန်တိုက်ကိုသွားပြီး ဘီစကွတ်နဲ့ပေါင်မုန့်နည်းနည်းဝယ်လာတယ်။ မင်းဗိုက်ဆာတဲ့အခါစားဖို့ရုံးကို ယူလာလိုက်မယ်..."
စားသောက်ပြီးသည့်နောက် သူကကျန်းရွှိအားကူ၍ ပန်းကန်များအားသိမ်းဆည်းပေးလေသည်။ ထို့နောက် ကားသော့အား လက်ထဲတွင်လှည့်ကာဆိုသည်။ "သွားကြစို့..."
အဆုံးတွင်တော့ ကျန်းရွှိသည် ဆေးရုံသို့ ရှန့်ဖန်းယွိ၏ကားဖြင့်လိုက်ပါသွားရသည်။
မနေ့ညမှ ရုတ်တရက်ဆန်ကာ ရဲတင်းလှသည့်အနမ်းမှာ တားမြစ်ထားသည်အလား သူတို့နှစ်ဦးစလုံး အစမဖော်ခဲ့ကြပေ။ နူးညံ့သိမ်မွေ့ကာ ထူးဆန်းလှသည့် အငွေ့အသက်များက သူတို့နှစ်ဦးအား လွှမ်းခြုံထားကာ နှစ်ဦးစလုံးမှာထူးထူးဆန်းဆန်းပင် စိတ်ရှုပ်ထွေးနေရလေသည်။
ကျန်းရွှိမှာ အလွန်ကိုမှ စိတ်ရှုပ်ထွေးနေရသည်။ တစ်ညလုံးစဉ်းစားပြီးသည့်တိုင် ထိုအနမ်းအကြောင်းအတွေးများက အဆုံးမသတ်နိုင်သေးပဲ သူ့အတွေးများက ပို၍ပင် ပရမ်းပတာဖြစ်လာနေသည်ကို ခံစားမိသည်။
ရင်ထဲတွင် ရုတ်တရက်ဖြစ်ပေါ်လာသည့်ဆန္ဒနှင့် ဝိုးတဝါးမျှော်လင့်ချက်တစ်ခုအား သူခံစားလိုက်ရသည်။ သို့သော် မရေမတွက်နိုင်လောက်အောင်များပြားသည့် အတားအဆီးများက ဝန်းရံနေသော ည၏အမှောင်ထုထဲ၌ ခံစားချက်များအား ပိတ်လှောင်ထားသကဲ့သို့ပင်။
သက်ပြင်းချလိုက်ကာ သူ့စိတ်သူတည်ငြိမ်အောင် ထိန်းထားရင်း ခွဲခန်းထဲသို့လျှောက်လာလိုက်သည်။
ကံကောင်းစွာနှင့် ရှန့်ဖန်းယွိမှာ ယနေ့တွင် ဆေးခန်းထိုင်နေရပြီး သူကတော့ ခွဲစိတ်ခန်းထဲ၌ ညနေငါးနာရီအထိ အလုပ်များနေမည်ဖြစ်သည့်အတွက် သူနှင့် တွေ့ဆုံရန်မလိုပေ။