အပိုင်း ၈၀
Viewers 12k

🧑‍⚕️Chapter 80
သူနည်နည်း စိတ်လှုပ်ရှားနေတယ် 



ကိုယ်ဝန်ကြောင့်ဖြစ်ပေါ်လာသည့် သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကျဆင်းလာမှုကြောင့် သူ၏ခွဲစိတ်ရန်အလုပ်များအား လျှော့ချထားခဲ့သည်။ သို့သော် သူအနားယူတော့မည့်အချိန်၌ မွေးခန်းထဲတွင် အချင်းပြတ်တောက်သွားသည့်လူနာတစ်ဦးပေါ်လာလေသည်။ 

အချင်းပြတ်တောက်ခြင်းမှာ အတိမ်းအစောင်းဖြစ်၍မရသည့်အပြင် အလျင်အမြန်ကုသမှုဆောင်ရွက်ရန်လိုအပ်ပေသည်။ အမှားလေးတစ်ခုကပင် သွေးထွက်လွန်ကာ သန္ဓသေားကိုလည်းထိခိုက်စေနိုင်ပြီး တစ်ပြိုင်နက်တည်း မိခင်‌ရောကလေးပါ သေဆုံးမှုအားဖြစ်စေနိုင်လေသည်။ 

ကျန်းရွှိမှာ ခွဲခန်းထဲသို့ အလျင်အမြန်ပြန်မလာခင် ရေသောက်ရန် အချိန်လေးပင် မရှိခဲ့ပေ။ 

ကံကောင်းထောက်မစွာနှင့်ပင်၊ မွေးခန်းထဲရှိအခြေအနေမှာ အလွန်စိုးရိမ်ရခြင်းမရှိပေ။ သန္ဓေသားအား အခက်အခဲမရှိမွေးထုတ်နိုင်ခဲ့ပြီး မွေးလူနာ၏အခြေအနေသည်လည်း ဖြည်းဖြည်းချင်းတည်ငြိမ်လာလေသည်။ 

ခွဲစိတ်ရာအား ပြန်မချုပ်မီ ကျန်းရွှိသည်လူနာ၏သားဥအိမ်နှစ်ခုစလုံးအား ပုံမှန်အတိုင်းစစ်ဆေးခဲ့သည်။ ဗိုက်ခွဲထားသည့်နေရာမှာ သန္ဓေသားအား မွေးထုတ်ရန် ခွဲထားခြင်းဖြစ်သော်လည်း ခွဲစိတ်မှုမှာ open laparotomy ဖြင့်ခွဲစိတ်ရန်လိုအပ်သည့်အတွက် လူနာအား စစ်ဆေးကြည့်နိုင်သည်မှာ ရှားပါးအခွင့်အ‌ရေးဖြစ်သည်။ ဆရာဝန်၏ မြင်တွေ့နိုင်သော မြင်ကွင်းမှာလည်းပို၍ပင် ကျယ်ပြန့်လေသည်။ 

ထိုကြောင့် ဆရာဝန်များသည် လူနာ၏သားအိမ်နှင့် သားဥအိမ်၊သားဥပြွန်တို့အား ဗိုက်ခွဲမွေးသည့်လူနာများအား ပုံမှန်အားဖြင့် စစ်ဆေးလေ့ရှိသည်။ ဤသည်က vitro စစ်ဆေးမှုတွင်အလွယ်တကူမမြင်ရနိုင်သည့် ဒဏ်ရာများအား စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်ရန်ဖြစ်သည်။ 

အများအားဖြင့် ထိုကဲ့သို့စစ်‌ဆေးမှုများသည် မည်သည်ကိုမျှမတွေ့ရှိရသည့်အပြင် ဗိုက်ခွဲမွေးကြသည့် လူနာအများစုမှာလည်း ကျန်းမာရေးကောင်းကြသည်။ သို့သော် သင့်အနေဖြင့် တစ်စုံတစ်ခုအားကြောက်ရွံ့လေလေ၊ ထိုအရာ၏ဖြစ်လာနိုင်ချေများလေလေပင်။ ကျန်းရွှိမှာ ကံဆိုးစွာနှင့် လူနာ၏ သားဥအိမ်၌ အရည်အိတ်များနှင့်တူသော အရာကိုတွေ့လိုက်ရသည်။ 

 သူက ယခုလေးပင် လူနာအားသတိပြန်လည်လာအောင် ကုသပေးခဲ့ပြီး သူ၏နှဖူးမှာလည်း ချွေးများရွဲနစ်နေသဖြင့် အနည်းငယ်ပင် အေးလာလေသည်။ ခွဲစိတ်ကုသမှုဆိုင်ရာဇီဝဗေဒရလဒ်များအား ခဏတွင်းတွင် အစီရင်ခံကာ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေများလေသည်။ 

သူက လူနာကို တစ်ချက်ကြည့်လိုက်ပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။ 

လူတစ်သောင်းတွင်တစ်‌ယောက်သာ ယခုကဲ့သို့ အခြေအနေမျိုးကြုံတွေ့ရတတ်သည်လေ။ 

နံဘေးတွင်ရှိသော ယွီစန်းက "အကိုရွှိ၊ ကျွန်တော်လူနာရဲ့မိသားစုဆီသွားပြီး ခွဲစိတ်ဖို့အကြောင်းကြားပြီး ပြင်ဆင်ထားလိုက်မယ်။ adnexal resection and debridementအတွက် ပြင်ထားလိုက်ရတော့မလား။ " 

Open laparotomy ၏ခွဲစိတ်ထားသည့်နေရာမှာ ကြီးမားကျယ်ပြန့်သည့်အတွက် သူတို့အနေဖြင့် အခြားနေရာ၌ ထပ်မံခွဲစိတ်ရန်မလိုအပ်ပေ။ 

ကျန်းရွှိက သက်ပြင်းမောတစ်ချက်ချကာ "ဘယ်အချိန်ရှိနေပြီလဲ" ဟု ယွီစန်းအားမေးလိုက်သည်။ 

"ငါးနာရီခွဲ။" ယွီစန်းက သူ့အားလှမ်းကြည့်လိုက်သည့်အခါ ကျန်းရွှိ၏နဖူးတွင်ချွေးများစို့နေသည်ကို မြင်လိုက်ရသည်။ 
"ဘာဖြစ်လို့လဲ၊ အကိုရွှိ.." 

မနေ့ညက သူတစ်ရေးမှမအိပ်ရသေးပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်က မခံနိုင်တော့ဟု ခံစားရသည်။ သူ၏ဝမ်းဗိုက်ထဲရှိကလေးမှာ သာမာန်အချိန်များတွင် တည်ရှိနေကြောင်းသိပ်မသိသာသော်လည်း ယခုအချိန်တွင်တော့ အင်မတန်လေးလံလာလေသည်။ သူ၏တင်ပါးဆုံရိုးမှာလည်း နာကျင်လွန်း၍ ခြေထောက်များပင်ယိုင်နဲ့လာရသည်။ 

ငါးနာရီခွဲတွင် ရှန့်ဖန်းယွိမှာ လူနာကြည့်ပေးခြင်းအား ပြီးဆုံးလောက်ပြီဖြစ်သည်။ 

ကျန်းရွှိ ခေတ္တမျှနားကာ တာဝန်လှည့်နေသည့်သူနာပြုတစ်ဦးအား " ရှန့်ဖန်းယွိကိုခေါ်ပြီးတော့ ဒီကို ဆယ်မိနစ်အတွင်းအရောက်လာခဲ့လို့ပြောလိုက်။" ဟု မှာလိုက်သည်။ 

ယခုကဲ့သို့အခြေအနေတွင် သူလက်မလျော့လိုပေ။ သူတို့နှစ်ဦးကြားအနေရခက်နေသည့် အခြေအနေမျိုးတွင်၊ ဤကဲ့သို့ မယုံနိုင်‌လောက်အောင် အထိမခံသည့်အချိန်မျိုးတွင် ရှန့်ဖန်းယွိအားအကူအညီတောင်းဖို့ခေါ်ရန် ပို၍ပင်မလိုလားသေးသည်။

သို့သော်လည်း လူနာမှာ ကုတင်ပါ်၌သာ လဲလျောင်းလျက် ကုသမှုခံယူရန်စောင့်ဆိုင်းနေလေသည်။ ထို့ပြင် သားဥအိမ်ကင်ဆာအတွက် ခွဲစိတ်မှုမှာ မှားယွင်း၍မရသည့် အထိမခံသောခွဲစိတ်မှုဖြစ်သည်။ 

ဆယ်မိနစ်အကြာတွင် ရှန့်ဖန်းယွိမှာခွဲစိတ်ခန်းဝင်သည့်အတွင်းဝတ်စုံဖြင့်လျှောက်လာလေသည်။ သူ၏နဖူးပေါ်တွင်လည်း ချွေးအနည်းငယ်စို့နေလေသည်။ 

သူ၏မျက်လုံးများကတစ်စုံတစ်ယောက်အား ရှာဖွေနေသကဲ့သို့ ခွဲစိတ်ခန်းထဲတွင် လှည့်လည်ရှာဖွေနေပြီး ကျန်းရွှိအားမြင်လိုက်သည့်အခါမှ ရှာဖွေနေသည်ကို ရပ်တန့်လိုက်လေသည်။ 

ကျန်းရွှိက သူ့အား ခေါင်းတစ်ချက်ညိတ်ပြီးနောက် ခွဲစိတ်မှုဆိုင်ရာအခြေအနေများကို အကြမ်းဖျင်းရှင်းပြလေသည်။ 

ထိုအချိန်၌ ယွီစန်းက လူနာ၏ခွဲစိတ်ရန်သဘောတူညီချက်စာချုပ်အား ယူလာလေသည်။ ကျန်းရွှိ အဓိကခွဲစိတ်သူနေရာမှထွက်သွားပြီး ရှန့်ဖန်းယွိအနောက်သို့ သူနာပြုတစ်ဦးရောက်လာကာ ခွဲစိတ်သည့်ဝတ်ရုံအား ဝတ်ပေးလိုက်သည်အား အူကြောင်ကြောင်ဖြင့် ကြည့်နေခဲ့သည်။ 

"‌ဒေါက်တာရှန့်နဲ့ ခွဲစိတ်မှုကိုဆက်လုပ်ဖို့ ပူးပေါင်းလိုက်..."
ကျန်းရွှိ ရှင်းပြပြီးသည်နောက် ခွဲခန်းထဲရှိထိုင်ခုံတစ်လုံးအားရှာဖွေကာ ထိုင်လိုက်သည်။ 

ဆရာဝန်များနှင့် သူနာပြုများ၏ရှေ့တွင် ရှန့်ဖန်းယွိမှာ စကားဆက်မပြောတော့ပဲခေါင်းကိုစောင်းကာ သူနာပြုအား ဂလူးကို့စ်တစ်ပုလင်းယူလာရန် ညွှန်ကြားလိုက်လေသည်။ 

ဂလူးကိုစ့်ပုလင်းအား ခွဲစိတ်သည့်နေရာနှင့် ခပ်လှမ်းလှမ်းရှိထောင့်လေးတွင်ထိုင်နေသော ကျန်းရွှိထံသို့လှမ်းပေးလိုက်သည်။ သူ့ခေါင်းမှာနံရံအားမှီထားကာ၊ အင်မတန်ပင် မောပန်းနွမ်းနယ်နေဟန်ပေါ်သည်။ ဂလူးကိုစ့်ပုလင်းအားကိုင်ထားသည့်လက်များပင် အားမရှိတော့ပေ။ 

အလေးချိန်တိုးလာသည့်ကလေးသည် သူ၏ ခါးရိုးနှင့်မြီးညှောင့်ရိုးအား ဖိထားသဖြင့် နာကျင်မှုမှာ သူ၏အသားအားဓားတုံးတုံးတစ်လက်ဖြင့် လှီးဖြတ်နေသကဲ့သို့၊ မခံမရပ်နိုင်သည်အထိမဟုတ်သော်လည်း အမြဲတစေခံစားနေရသည်။ 

ကျန်းရွှိ က သူ၏မျက်နှာကာအားချွတ်ကာ ဂလူးကိုစ့်ပုလင်းအား ဖြည်းဖြည်းချင်းသောက်လိုက်ပြီးသည့်နောက် အင်အားအနည်းငယ်ပြန်ရလာလေသည်။ သူက ပုလင်းအား ကြမ်းပြင်ပေါ်တွင်ချထားလိုက်ပြီး ခေါင်းထောင်၍ ရှန့်ဖန်းယွိအားကြည့်၍ အာရုံလွှဲလိုက်သည်။ 

ရှန့်ဖန်းယွိခွဲစိတ်နေသည်ကို ကျန်းရွှိ ကြည့်သည်မှာ ဤသည်က ပထမဆုံးအကြိမ်မဟုတ်ပေ။ သူတို့နှစ်ဦးမှာကျောင်းတစ်ကျောင်းတည်းမှဆင်းကာ၊ လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ခဲ့ကြသည်။ ထို့အတွက် သူတို့မှာအချင်းချင်းမသင့်မြတ်သော်ငြား တစ်‌ယောက်ထံမှတစ်ယောက်သင်ယူလေ့လာမှုအား အထိအခိုက်မရှိပေ။ 

သို့နှင့် ရှန့်ဖန်းယွိ၏ခွဲစိတ်မှုများအား ကိုယ်တိုင်ကိုယ်ကျခွဲစိတ်သည်ဖြစ်စေ၊ ခွဲစိတ်မှုဗီဒီယိုများအားကြည့်၍ဖြစ်စေ၊ အကြိမ်ပေါင်းမ‌ရေမတွက်နိုင်အောင် ခရေစေ့တွင်းကျကြည့်ရှုလေ့လာခဲ့လေသည်။ ထို့ကြောင့် အပ်ချည်ကြိုးထုံးသည့်နည်းလမ်းနှင့် ခွဲစိတ်မှုဆိုင်ရာအလေ့အကျင့်များအပါအဝင် သူ၏ ခွဲစိတ်မှုပုံစံများအား ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။

သို့သော်ငြား သူ၏အာရုံစူးစိုက်မှုမှာ ခွဲစိတ်မှုပေါ်တွင်မဟုတ်ပဲ ခွဲစိတ်မှုအားဦးဆောင်နေသည့် ရှန့်ဖန်းယွိအပေါ်တွင်‌ ရောက်နေသည်မှာတော့ ယခုကပထမဆုံးအကြိမ်ပင်။ 

အမှန်အတိုင်းပြောရလျှင် ခွဲစိတ်မှုအသေးစိတ်အားမြင်နိုင်ရန် ဝေးလွန်းနေသည့်အကြောင်းကြောင့်ဖြစ်နိုင်သည်။ ခံစားချက်အရပြောရမည်ဆိုလျှင်တော့ ဤသည်မှာ ယခုအချိန်လေးအတွင်းသူ၏ရည်ရွယ်ချက် အစစ်အမှန်ပင်ဖြစ်နိုင်လေသည်။ 

ခွဲခန်းမှာတိတ်ဆိတ်လျက်ရှိကာ စက်ပစ္စည်းများ၏ လုပ်ဆောင်သံကိုသာကြား‌နေရသည်။ 

ဒေါက်တာရှန့်၏ မျက်နှာအောက်ပိုင်းအား အပြာဖျော့ဖျော့မျက်နှာကာက ဖုံးအုပ်ထားသဖြင့် အဖြူနှင့်အမည်းမျက်ဝန်းတစ်စုံကိုသာ မြင်နိုင်လေသည်။ ထိုမျက်ဝန်းများက ပုံမှန်အချိန်များကဲ့သို့ ခွဲစိတ်စားပွဲအား တောက်ပခြင်း၊ပြုံးယောင်သန်းနေသည့် အကြည့်များ မရှိပဲ ချွန်မြနေသည့် ငွေရောင်ခွဲစိတ်ခန်းသုံးဓားအားကိုင်ကာ အာရုံစူးစိုက်မှုအပြည့်ဖြင့် အေးအေးဆေးဆေးခွဲစိတ်နေလေသည်။ 

ရုတ်တရက်ပင်၊ ရှန့်ဖန်းယွိမှာ အင်မတန်မှ ခန့်ညားလှသည်ကို သူသိလိုက်ရသည်။ 

သူ၏ခြေတံများက ရှည်လျားပြီး နှာတံမြင့်လေသည်။ သူ၏ မျက်ခုံး၊မျက်လုံးတို့မှာ ကြည့်ကောင်းသည်။ မျက်နှာကာဖြင့်ပင် သူ၏ထင်ရှားသည့် မေးရိုးနှင့် မျက်နှာကောက်ကြောင်းအားမြင်နိုင်လေသည်။ 

ရှန့်ဖန်းယွိနှင့်မတည့်၍ဖြစ်နိုင်သလို သူက မျက်နှာမကြည့်တတ်ကြောင့်လည်းဖြစ်နိုင်သည်။ ရှန့်ဖန်းယွိအားမဆိုနှင့်၊ အခြားမည်သူတစ်ဦးတစ်ယောက်၏မျက်နှာကို သူသေသေချာချာ အာရုံစိုက်၍ မကြည့်ဖူးချေ။ 

သူ့စိတ်ထဲ၌ အဘယ်ကြောင့် ဤထူးဆန်းသောအတွေးပေါ်လာရကြောင်းပင် သူမသိပေ။ 

ဤခံစားချက်မှာနူးညံ့သိမ်မွေ့လှသည်။ ဆယ်နှစ်ကျော်ကြာသည်အထိ ကြုံရာကျပန်းဖွင့်ထားသည့် သီချင်းတစ်ပုဒ်လိုပင်၊ သီချင်းခေါင်းစဉ်ကိုပင်မသိသော်လည်း ရုတ်တရက် တစ်ရက်၌ စိတ်အခြေအနေမှန်သို့ရောက်သည့်အခါ စိတ်ထဲတွင်ပင် ကြားယောင်နေလေသည်။ 

ထို့နောက် ရုတ်ခြည်းဆိုသလို ထိုသီချင်းမှာ ထူးခြားသည်ဟု သဘောပေါက်သွားကာ၊ သင့်အနေနှင့် အတော်လေးကောင်းမွန်သည်ဟုပင် ထင်လာမည်ပင်။ တစ်ချိန်တည်း၌ နူးညံ့သောခံစားချက်တို့ဖြစ်ပေါ်လာရကာ အဘယ်ကြောင့် ယခင်က ဤမျှကောင်းမှန်းမသိခဲ့ရပါနည်းဟု တွေးမိလိမ့်မည်။ 

ရှန့်ဖန်းယွိအားသိလာခဲ့သည့်တစ်လျှောက်လုံး၊ သူ့အနေနှင့် ခွဲစိတ်မှုအားပြုလုပ်နေသည့် ရှန့်ဖန်းယွိမှာ ခန့်ညားသည်ဟုထင်မြင်မိသည်မှာ ယခုကပထမဦးဆုံးအကြိမ်ပင်။ 

ထို့ပြင် ရှန့်ဖန်းယွိ၏ခွဲစိတ်မှုစွမ်းရည်ကသာ အင်မတန်ကောင်းနေခြင်းမဟုတ်ပေ။ သူ၏ လုပ်ဆောင်မှုသည်ကလည်း အင်မတန်မှ ကြည့်ကောင်းလှပေသည်။ သူ၏ အာရုံအား တိတ်တဆိတ်နှင့်နူးညံ့စွာဖမ်းစားနိုင်လေသည်။ 

အနိုင်ယူလိုသောဆန္ဒမှာ အမျိုးသားတို့၏ DNA ၌ရေးထွင်းထားခြင်းဖြစ်နိုင်သည်။ 

ကျွမ်းကျင်သည့်အမျိုးသားခွဲစိတ်ဆရာဝန်တစ်ယောက်သည် အခြားသော အမျိုးသားခွဲစိတ်ဆရာဝန်တစ်ယောက်အား ခွဲစိတ်နေစဉ်အတွင်း ခန့်ညားသည်ဟုအသိအမှတ်ပြုရန်မှာ မလွယ်ကူပေ။ ကျင့်ကြံမှု၏အထွတ်အထိပ်သို့ရောက်ရှိသွားသည့် သိုင်းပညာရှင်တစ်ယောက်က ဓားသိုင်းယှဉ်ပြိုင်ရန် စုဝေးသကဲ့သို့ပင်၊ မည်သူက သူ့ပြိုင်ဖက်၏ ဓားသိုင်းအား ချီးမွမ်းလိုစိတ်ရှိမည်နည်း။

ဘေးမှကြည့်ရှုသူများ၏ ဝိုးခနဲ၊ဝါးခနဲ အားပေးအားမြှောက်ပြုသံများဖြင့် ဖုံးလွှမ်းနေလျှင်ပင် သူတို့၏စိတ်ထဲရှိတစ်ခုတည်းသောအရာမှာ တစ်ဖက်လူအား အနိုင်ယူရန်ပင်။ 

သို့သော် ယခုအချိန်တွင်တော့ ကျန်းရွှိမှာ ထိုကဲ့သို့အတွေးအား မည်သူ့ထံမှ လွှမ်းမိုးခြင်းမခံရပါပဲ တွေးနေမိသည်။ 

သူကိုယ်တိုင်ပင်သတိမထားမိလိုက်ပဲ သူ့နှလုံးခုန်နှုန်းမှာ ပုံမှန်ထက် အနည်းငယ်ပိုမြန်လာရသည်။။ 

ရှန့်ဖန်းယွိအားမည်မျှကြာကြာစိုက်ကြည့်နေမိမှန်း သူ့ကိုယ်သူပင်မသိတော့သလို နာကျင်မှုသည်လည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်ကို သူသတိမထားမိလိုက်ပေ။ 

ခွဲစိတ်မှုပြီးဆုံးသွားသည့်အခါ ခွဲခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြလေသည်။ ရှန့်ဖန်းယွိလည်း သူ၏ပစ္စည်းများးအားသိမ်းဆည်းကာ သူ့ထံသို့လျှောက်လာလေသည်။ 

"အကြာကြီးစောင့်ခိုင်းလိုက်မိတယ်.."

ကျန်းရွှိ က ခေါင်းကိုခါပြလိုက်သည်။ သူကလည်း စောင့်နေတာမဟုတ်ရပေ၊ သူ၏ခွန်အားအားပြန်ရရန်နေနေခြင်းသာ။ ကျန်းရွှိ ကပြောလိုက်သည်။ 
"ငါမင်းကို ညစာဝယ်ကျွေးမယ်လေ၊ ဒီနေ့မင်းကို ငါနှောင့်ယှက်မိသွားတယ်..." 

"ငါမင်းကို ညစာဝယ်ကျွေးတာက ပိုကောင်းမယ်။ " ယခုအချိန်တွင် မည်သူမျှမရှိတော့ပေ။ ရှန့်ဖန်းယွိ၏မျက်ဝန်းထဲ ပူပန်မှုများထွက်ပေါ်လာကာပြောလာသည်။

  "မင်းမနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးမလား။ မင်းအတွက် ငါလုပ်ပေးသင့်တာပဲလေ..." 

သူက ကျန်းရွှိအားထိုင်ခုံမှထရန် ကူညီလိုက်လေသည်။ ရှန့်ဖန်းယွိ၏လက်များက မြဲမြံစွာကိုင်ထားသော်လည်း လှုပ်ရှားမှုများက ပေါ့ပါးကာ ကျန်းရွှိအားမည်သည့် မသက်မသာမှုမျိုးမှ မခံစားရစေပေ။ သို့သော်သူ့အား ပို၍ သန်မာသည်ဟုခံစားရစေသည်။ 

"ငါရှန်းကျွီမှာမစားချင်ဘူး.." ကျန်းရွှိက ပြောလာသည်။ 

ကြည်လင်နေသောဟင်းရည်နှင့် အာဟာရဖြည့်ဟင်းပွဲများက သူ့အတွက် အရသာလုံးဝမရှိသလောက်ပင်။ 

"ဒါဆိုတခြားတစ်ခုခုစားကြရအောင်.." 

ရှန့်ဖန်းယွိကကြင်နာစွာပြောလိုက်သည်။လမ်းသွယ်များစွာကို ဖြတ်ကာလမ်းကြားလေးတစ်ခု၏အဆုံးတွင်ရှိသော စားသောက်ဆိုင်တစ်ခုရှေ့တွင် ကားရပ်လိုက်ကာ ပြေလာသည်။

"မင်း ဟော့ပေါ့စားချင်လား။ ဒါက ငါခဏခဏလာနေကျနေရာလေ၊ ပိုင်ရှင်က B မြို့ကလာတာ၊ အရသာလည်းစစ်တယ်။ မင်းကြိုက်လောက်ပါတယ်.." 

သူတို့နှစ်ဦး ဟော့ပေါ့ဆိုင်ထဲသို့ဝင်သွားကာ ဆိုင်ရှင်သူဌေးမှာရှန့်ဖန်းယွိအားမြင်လိုက်သည်နှင့် မှတ်မိသွားပြီး မေးလာသည်။ 
"ဒေါက်တာရှန့်။" သူက တရင်းတနှီးဖြင့် မေးလာလေသည်။ "စားနေကျအတိုင်းပဲလား။ ဒါမှမဟုတ် မန်ဒရင်းဘဲသားနဲ့အိုးကို ချပေးရမလား.." 

*မန်ဒရင်းဘဲသားအိုးမှာ ဟော့ပေါ့အရည်အား အကန့်တစ်ခုဖြင့်ခွဲထားသည့် ဟော့ပေါ့အိုးဖြစ်သည်။ တစ်ဖက်တွင် ဟင်းရည်အစပ်ကိုထည့်ကာ၊ကျန်တစ်ဖက်တွင် အရသာပျော့ပျော့ဟင်းရည်အားထည့်ထားသည်။ 

 B မြို့မှာ အရသာလေးလေးပင်ပင်ရှိသည်၊ မြို့ခံများက အမြဲလိုလိုပင် အင်မတန်စပ်သည့်အစားအစာကိုသာစားလေ့ရှိပြီး အရသာပျော့သည့်ဟော့ပေါ့အရည်မျိုးအား မစားကြချေ။ 

"ဟုတ်။" ရှန့်ဖန်းယွိက ကျန်းရွှိအားတစ်ချက်ကြည့်လိုက်သည်။ အစပ်များများစားသည်က ကိုယ်ဝန်ဆောင်များအတွက်မကောင်းပေ။

ကျန်းရွှိမှာ B မြို့တွင် တစ်ဆယ့်ရှစ်နှစ်တိုင်တိုင်နေထိုင်ခဲ့သည့်အတွက် B မြို့ရှိ အခြားသူများကဲ့သို့ပင် တူညီသောအရသာအားသဘောကျလေသည်။ သူက ရှန့်ဖန်းယွိအား အကြည့်တစ်ချက်ပေးကာ ဆိုင်ရှင်အားကြည့်၍ "မလိုပါဘူး။" ဟုပြောလိုက်သည်။ 

မတူညီသည့်တောင်းဆိုချက်ကိုရသောဆိုင်ရှင်မှာ ခေါင်းကိုကုတ်ကာ ရှန့်ဖန်းယွိအား ကြည့်လိုက်သည်။ သူက ခေါင်းကိုငုံ့ကာပြုံးလျက်ဖြင့် "သူပြောသလိုပါပဲ။" ဟုဆိုလာသည်။ 

အိုးအပြည့်နီရဲနေသော ဆီဝေ့နေသည့်ဟင်းရည်စပ်စပ်တစ်အိုးအား သယ်လာလေသည်။ အနီ‌ရောင်တောက်တောက်ငရုတ်သီးများက မွှန်ထူနေပြီး သင်းပျံ့ပျံ့မွှေးနေသည့်ရွှေရောင်အဆင်းနှင့်ဆီအား အနံ့အရသာဖြင့်ပြည့်စုံသည့် ရှာလကာရည်ဖြင့်‌ရောကာဆော့စ်ပြုလုပ်ထားသည်။ ရှန့်ဖန်းယွိက အမဲအဆီနှင့် အမဲအူကြမ်းအား ဟော့ပေါ့အိုးပူပူထဲနှစ်ကာ ကျန်းရွှိ ၏ပန်းကန်လုံးအတွင်းသို့ တစ်ခုချင်းထည့်ပေးလာသည်။ 

ကျန်းရွှိမှာ ဟော့ပေါ့မစားရသည်မှာ ကြာလှပြီဖြစ်ပြီး ယနေ့အလိုလိုက်ခံရမှုက သူ၏နှုတ်ခမ်းများအား နီရဲကာစပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး စားသောက်ပြီးသည့်အခါ စိတ်ကျေနပ်သွားတော့သည်။ 

"သကြားညိုနဲ့လုပ်ထားတဲ့ကောက်ညှင်းကိတ်မုန့်ရော စားချင်သေးလား.."  
ရှန့်ဖန်းယွိက သူ့အား မုန့်များလှမ်းပေးလာသည်။ 

ကျန်းရွှိက တစ်ကိုက်ကိုက်ကြည့်လိုက်ရာ နူးညံ့သောချိုမြိန်မှုကိုခံစားလိုက်ရသည်။ 

"ဒီဆိုင်က အရသာစစ်တယ်မလား" ရှန့်ဖန်းယွိက အနည်းငယ်ဘဝင်ခိုက်ဟန်ဖြင့်မေးလာသည်။ 

အစပ်အရသာ၊ အချဉ်အရသာ၊ အချိုအရသာ အားလုံးက စစ်မှန်လှသဖြင့် ကျန်းရွှိက ခေါင်းညိတ်ပြလိုက်သည်။ 

ရှန့်ဖန်းယွိက ပြောလေသည်။ 
"မင်းကျေနပ်ရဲ့လား။ ဒီဆိုင်ကိုစစတွေ့တုန်းက ငါလည်း အများကြီးစားခဲ့တာ.." 

 အိမ်နှင့်ဝေးကွာနေချိန်တွင် မွေးရပ်မြေ၏အရသာစစ်မှန်သော အစားအစာအားစားသုံးရခြင်းထက် ပို၍ကောင်းသည့်အရာမရှိပေ။ ကျန်းရွှိမှာ သိသိသာသာကိုပင် စိတ်ကောင်းဝင်နေလေသည်။ သူက “ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။”ဟုပင် မေးလာလေသည်။ 

စားသောက်ဆိုင်မှာ အတော်လေးကို လျှို့ဝှက်သည့်နေရာတွင်ရှိကာ ကျီဟွားနှင့်သိပ်မဝေးသည့်နေရာတွင်ရှိသော်လည်း ကျန်းရွှိမှာ ယခင်က ဤဆိုင်အား လုံးဝမကြားဖူးပေ။ 

“ငါ့ရဲ့ဘဝကို မြတ်နိုးမှုကြောင့်ပေါ့..” ရှန့်ဖန်းယွိကပြောပြီး နားဆွယ်တော့သည်။

 “ကျီဟွားအနီးတဝိုက်မှာ အစားအစာနဲ့ပတ်သက်လာရင် ငါ့ထက်ဘယ်သူမှ ပိုမသိဘူး။ မင်းလိုမျိုး အရသာတောင်မပြောင်းပဲ ခေါက်ဆွဲချည်းပဲနေ့တိုင်းမစားနိုင်ဘူးလေ။ ငါက ဘဝမှာကောင်းကောင်းနေရဖို့ကို ဂရုတစိုက်ရှိတယ်လေ..." 

စကားအနည်းငယ်မျှဖြင့် စောင်းမြောင်းညွှန်ပြခံလိုက်ရသည့် ကျန်းရွှိ : “…”

ရှန့်ဖန်းယွိက မရည်ရွယ်ထားဟန်ဖြင့် သူ့ထံအကြည့်တစ်ချက်ပစ်ကာ သတိတကြီးဖြင့် ပြောလာသည်က “အကယ်၍ နောက်လည်းငါနဲ့အတူတူစားဖို့ ဆန္ဒရှိတယ်ဆို ….. အဲ့ဒီစားသောက်ဆိုင်တွေအကုန်လုံးအကြောင်း မင်းကို ပြောပြမယ်လေ...“

ထိုစကားများကိုကြားသည့်အခါ ကျန်းရွှိသည် လက်ထဲတွင်ကိုင်ထားသည့်တူအား ဖြည်းဖြည်းချင်း ချလိုက်သည်။ 

စကားများက မရေမရာမပြတ်မသားနှင့်၊ သဘောကျနေသည့်ကောင်မလေးအား ချော့မြူနေသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ ကျန်းရွှိမှာ ရှန့်ဖန်းယွိက သူ၏သဘောထားအားစမ်းသပ်ရန်ကြိုးပမ်းနေကြောင်း ခံစားမိလေသည်။ 

အနမ်းနှင့်ပတ်သက်သည့် သူ့ရဲ့သဘောထားနှင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးအကြောင်း။ 

ကျန်းရွှိမှာ တည်ငြိမ်နေပုံရသည့် ရှန့်ဖန်းယွိအား တစ်ချက်ကြည့်လိုက်လေ၏။ သို့သော် အနည်းငယ် အနီးကပ်ကြည့်မည်ဆိုပါက သူကအိုးထဲမှ တူညီသည့် အာလူးတစ်ပိုင်းအား ကောက်ယူ၍ အိုးထဲသို့ပြန်ပစ်ထည့်နေသည်ကို မြင်နိုင်လေသည်။ 

သူက အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။ 

ကျန်းရွှိသည် သူ၏နှုတ်ခမ်းအား ဆူကာ မနေ့ညမှ သူ၏သုံးသပ်ချက်များအားပြန်လည်ဆန်းစစ်ကာ ထိုအချက်များထဲမှ အရေးကြီးသောအရာများကို ဆွဲထုတ်၍ စကားစလိုက်လေသည်။ 

“မင်းနဲ့တွေ့ရတာ ငါတကယ်ကို ဝမ်းသာပါတယ်...“