🧑⚕️Chapter 81
- စိတ်ငြိမ်သွားရင် ငါ့ကိုနမ်းမှာလား
တုံ့ပြန်မှုတစုံတခုအား စောင့်ဆိုင်းနေသည့် ရှန့်ဖန်းယွိက အမြန်ပင် စကားစဖြတ်လိုက်သည်။
"နေပါဦး ကျန်းရွှိ.."
သူက အာလူးအားလွှတ်ချလိုက်ကာ လက်ထဲမှဇွန်းကိုလည်း အောက်ချလိုက်သည်။
"မင်းငါ့ကို လူကောင်းလို့သဘောထားသေးတယ်ဆိုရင် ဘာမှဆက်မပြောပါနဲ့တော့..."
သူ့စကားများကြားသည့်အခါ ကျန်းရွှိတိတ်တဆိတ်ဖြင့် ကောက်ညှင်းကိတ်မုန့်ကိုသာ နောက်ထပ်တစ်ကိုက် ထပ်ကိုက်လိုက်သည်။
"မဖြစ်နိုင်လိုက်တာ.." ရှန့်ဖန်းယွိ၏အမူအရာမှာ အနည်းငယ်နူးညံ့ကာ မယုံကြည်နိုင်ဖြစ်ဟန်ပေါ်သည်။
"မင်း ဘာမှမပြောတော့ဘူးလား..."
ထိုသို့ မေးလိုက်သည့်တိုင် ကျန်းရွှိက စကားတစ်ခွန်းမှ ပြန်ပြောမလာပေ။
ရှန့်ဖန်းယွိက သူ့ဖုန်းကိုထုတ်ကာနှိပ်လိုက်ပြီး ခဏကြာသည့်အခါ ဖုန်းကိုပြန်ချထားလိုက်သည်။ ထို့နောက် ရေကိုနှစ်ငုံမျှသောက်လိုက်ပြီး သက်ပြင်းအားဖြည်းညှင်းစွာချကာ ကျန်းရွိအားပြောလေသည်။
"ငါမင်းကို တကယ်သဘောကျတာပါ..."
ကျန်းရွိက "ငါသိတယ်"ဟု ပြောလာသည်။
"ငါ မင်းနဲ့အတူတူနေချင်တယ်..."
ကျန်းရွှိက ဇွန်းတစ်ချောင်းကိုယူကာ ဖန်သားကဲ့သို့ကြည်လင်နေသည့်ခေါက်ဆွဲများကိုထိုးမွှေနေရင်း "အင်း" ဟု အသံပြုသည်။
ရှန့်ဖန်းယွိမှာ ဤလက်သည်းပျော့လေးက သူ့အားပြန်လမ်းမဲ့သည်အထိ တွန်းထုတ်နေသည့်အတွက် မနေနိုင်စွာပင် မေးမိသည်။
"ကျန်းရွှိ၊ မင်းရော ငါ့ကိုသဘောကျလား..."
ယခုကဲ့သို့အခြေအနေမျိုးတွင် ဤမေးခွန်းအားမေးရသည်မှာ အနည်းငယ် ရှက်ဖွယ်ကောင်းလှသည်။
ထင်ထားသလိုပင်၊ ဤတစ်ကြိမ်တွင်တော့ ကျန်းရွှိမှာ "အင်း" ဟုပင် ပြန်မပြောတော့ပေ။
အတန်ကြာအောင်တိတ်ဆိတ်သွားပြီးနောက်၊ ရှန့်ဖန်းယွိက သက်ပြင်းချလိုက်ကာ မေးသည်။
"ဒါဆို၊ မင်း ... ဘယ်လိုမြင်လဲ.."
ကျန်းရွှိက သူ့အားတစ်ချက်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲသွားသည်။
'သူတော်တော် စိတ်လှုပ်ရှားနေတာပဲ။'ဟု ကျန်းရွှိတွေးမိသည်။
ယခုအချိန်ရှိ ရှန့်ဖန်းယွိမှာ dopamine နှင့် serotonin တို့၏ အပြည့်အဝလွှမ်းမိုးထားခြင်းကိုခံနေရသည်။ သူတို့က နေ့ရောညရော အတူတကွဖြတ်သန်းခဲ့ကြသည်၊ အချင်းချင်း ရိုးရိုးသားသားဆက်ဆံခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက်လည်းထိတွေ့မှုများစွာလည်း ပြုလုပ်ခဲ့ကြသည်။ ထို့အတွက်ကြောင့် သူတို့မှာ မပြတ်မသားနှင့် ကြည်နူးစရာအခိုက်အတန့်များဖြစ်သည့် ရုတ်ချည်းဖြစ်ပေါ်လာသည့် စိတ်ဆန္ဒများအား ခံနိုင်ရည်မရှိပေ။
ထိုလျှို့ ဝှက်ဆန်းကြယ်သည့်ဟော်မုန်းများက လူတို့၏စိတ်ကို အထိန်းအကွပ်မဲ့စေသည်။
သို့သော် ကျန်းရွှိမှာ သူ့ကိုယ်သူ စိတ်လွတ်၍မရဟု သတိသွင်းထားခဲ့သည်။
သူ၏ဗိုက်ထဲတွင် မကြာမီမွေးဖွားလာတော့မည့် ကလေးလေးရှိနေသည်။ ထို့ကြောင့် ရှန့်ဖန်းယွိအား သူတကယ်ကြိုက်၊မကြိုက် စဉ်းစားနေရန်ထက်၊ သူစဉ်းစားမိသည့် ပထမဆုံးအရာမှာ တာဝန်ဝတ္တရားနှင့် ဤဆက်ဆံရေးအားအစပြုရန် ရွေးချယ်ပါက ကြုံရမည့်ပြဿနာများပင်။
မနေ့ညကတစ်ညလုံး သူစဉ်းစားနေခဲ့ပြီးမှ ရှန့်ဖန်းယွိမှာ ဤအကြောင်းအားတွေးမိမည်မဟုတ်ဟု ကောက်ချက်ချလိုက်နိုင်သည်။
ခဏတာစိတ်လှုပ်ရှားမှုက အချစ်မဟုတ်ပေ။ ခဏတာနှစ်သက်သဘောကျမှုက ခိုင်မာသည့်အချစ်စစ်သို့ ပြောင်းလဲမသွားနိုင်ပေ။
တကယ်တော့၊ ထိုနူးညံ့သည့်အမြတ်တနိုးအနမ်း၌သူမွေ့လျော်ခဲ့စဉ်က သူစိတ်ယိုင်သွားမိကာ ရှန့်ဖန်းယွိအား "ငါတို့ စမ်းတွဲကြည့်ကြမလား" ဟု မေးမိတော့မလို့ပင်။
သို့သော် ယခုသူလက်ခံလိုက်ပါက နောက်ပိုင်း၌ ဘာဆက်ဖြစ်လာနိုင်မည်နည်း။
သူတို့မှာ ဟော်မုန်းမှာတိုးထွက်လာစဉ်အချိန်ခဏအတွင်းဆက်ဆံရေးတစ်ခုအားအစပြုနိုင်သည့်၊ အကျိုးအမြတ်နှင့် ဆုံးရှုံးနစ်နာနိုင်မှုများအား ထည့်သွင်းစဉ်းစားရန်မလိုသည့် ဆယ်ကျော်သက်လေးများမဟုတ်တော့။
လုပ်ငန်းခွင်တွင် သူတို့က လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး လက်တွေ့ဘဝ၌ သူတို့မှာ ကလေးလေးတစ်ယောက်ရှိသည်။
အချိန်မရွေးပြိုကွဲသွားနိုင်သည့်ဆက်ဆံရေးတစ်ခုမှာ မတည်ငြိမ်ဆုံးသောအခြေခံသဘောတရားဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိပေ။
လောင်းကြေးမှာ အင်မတန်မှကြီးမားလှသည်။ အထူးသဖြင့် တစ်နေ့တွင် တစ်ဦးကနိုးထလာပြီး အချစ်မရှိတော့ဟုဆိုကာ ဆက်ဆံရေးပြိုကွဲသွားနိုင်သည့်အချိန်မျိုးပင်။
ဟော်မုန်းများထုတ်လွှတ်နေသည်ကို ရပ်တန့်လိုက်သည့်နေ့၊ ခံစားချက်များမှေးမှိန်လာနိုင်သည်။ မဟုတ်ပါက ရှန့်ဖန်းယွိမှာတစ်စုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သွားပြီး သူတို့လမ်းခွဲလိုက်ကြတာမျိုး၊ သူတို့ဘယ်လိုမျိုး ဆက်သွားကြမှာလဲ။
အဆက်အသွယ်လုပ်ရန်စဉ်းစားသည်ကပင် ခက်ခဲနေလိမ့်မည်။
တစ်ဖက်တွင် ဆက်ဆံရေးတစ်ခုပြတ်စဲသွားသည့်အတွက်၊ အလုပ်မှထွက်ရန်နှင့် နှစ်ပေါင်းများစွာလေ့လာခဲ့ရသည်အား လက်လွတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ အခြားတစ်ဖက်တွင်လည်း သူတို့သည်ကလေးလေးအား အတူတကွပြုစုစောင့်ရှောက်ရန် သဘောတူထားကြသည့်ပါတနာများဖြစ်ပြီး သူတို့လမ်းခွဲသည့်အချိန်.. ရှောင်ရှောင်းကရော။
သူမလေး ဝမ်းနည်းနေလိမ့်မည်။
ထို့အပြင်၊ အကယ်၍ ခွဲစိတ်မှုမအောင်မြင်ခဲ့လျှင်ရော...။
သူက ရှန့်ဖန်းယွိအား "ငါတို့စမ်းကြည့်ကြတာပေါ့" ဟုအဖြေပေးကာ၊ တိုတောင်းချိုမြိန်သောအခိုက်အတန့်များကို ခံစားပြီးနောက် သူ့အား ချစ်ရသူတစ်ဦးအားဆုံးရှုံးလိုက်ရသည့် ဝေဒနာအားမပေးလိုပေ။
သင်ကြိုက်နှစ်သက်ပါသော်လည်း မရရှိနိုင်သည့်လူတစ်ယောက်အားဆုံးရှုံးရခြင်းနှင့် သင်ကြိုက်နှစ်သက်၍ဆက်ဆံရေးတစ်ခုလည်းရှိနေသည့်တစ်စုံတစ်ယောက်အား ဆုံးရှုံးရသည်မှာ မတူညီပေ။
ရှန့်ဖန်းယွိက ဤအချင်းအရာအား တွေးတောမိနိုင်မလား။ သူတကယ်ကော သေသေချာချာစဉ်းစားပြီးပြီလား။
"ဒီတော့..." ရှန့်ဖန်းယွိကမေးလာသည်။
"ငါတို့မှာ ကလေးရှိနေပြီး လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်နေတာမို့၊ ငါတို့က မသင့်တော်ဘူးလို့မင်းထင်တယ်ပေါ့.."
ကျန်းရွှိက မငြင်းပေ။
ရှန့်ဖန်းယွိက ခေါင်းတဆတ်ဆတ်ညိတ်ကာ၊ အချိန်အတန်ကြာပြီးနောက် မနေနိုင်စွာမေးလိုက်သည်။
"ကျုံးလန်ကလည်း မင်းနဲ့တစ်ရုံးတည်းပဲလေ၊ မင်းသူ့ကိုလိုက်တုန်းက ဘာလို့ဒီလိုမျိုးမတွေးမိတာလဲ..."
ကျန်းရွှိ၏လက်များ ရပ်တန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော်၊ သာမန်လူများက အစဉ်လိုက်အတိုင်း ဝန်ခံစကားများ၊ အနမ်းများပြီးမှ အိပ်ရာထဲတွင်လူးလိမ့်၍ မပြေလည်မှုများအား ပြေပျောက်စေသည့်အဆင့်သို့ တစ်ဆင့်ချင်းစီသွားကြသည်။
သို့သော်သူတို့ကတော့ ဆန့်ကျင်ဖက်ပင်။
ကလေးရှိသည်နှင့် မရှိသည်က မတူညီပေ။
ထို့အပြင်၊ သူက ကျုံးလန်ထက်ကိုပို၍ ရှန့်ဖန်းယွိအား အမှုထားလေသည်။ ပို၍ဂရုတစိုက်ရှိလေ၊ သူ့ထံ၌စိုးရိမ်ပူပန်မှုများပိုများလေဖြစ်မည်မှာ မလွဲပေ။
"အတွဲတိုင်းက ဒီလိုပဲကျော်ဖြတ်ရတာပဲလေ။ မင်း အတွေးလွန်နေတယ်လို့ မထင်ဘူးလား။" ရှန့်ဖန်းယွိကမေးလာသည်။
"ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ကာလမို့ ဟော်မုန်းတွေ မတည်မငြိမ်ဖြစ်နေတာကြောင့် မင်းနည်းနည်းအကဲဆတ်နေတာလား.."
ကျန်းရွှိက အောက်သို့သာငုံ့ကြည့်နေလိုက်သည်။ ရှန့်ဖန်းယွိ၏မှတ်ချက်ကြောင့် သူ၏မြှီးညှောင့်ရိုးပင် ရုတ်တရက်ကိုက်ခဲလာသလိုပင်။
"ကျန်းရွှိ မင်းလည်း ငါ့ကို သဘောကျတယ်။ မင်းမှာ ခံစားချက်မရှိတာမဟုတ်ပဲ မင်းစိတ်ထဲမှာ ငါကနည်းနည်းထူးခြားနေတာကြောင့်မို့။ ဟုတ်တယ်မို့လား..." ဟု ရှန့်ဖန်းယွိက မေးလာသည်။
ကျန်းရွှိက ဝန်ခံလိုက်သည်။ "ဟုတ်တယ်..."
ရှန့်ဖန်းယွိ၏မျက်လုံးများ အရောင်လက်သွားကာ "မင်း ငါနဲ့အတူရှေ့ဆက်မသွားချင်တာက၊ ဖြစ်လာနိုင်ချေရှိတဲ့ လမ်းခွဲမှုနဲ့ပတ်သက်ပြီး အရဲမစွန့်ချင်လို့ပေါ့..."
ကျန်းရွှိက ခဏရပ်လိုက်သည်။ အတောမသတ်သည့်နာကျင်မှုက သူ့အားအနားမပေးသဖြင့် သူ့လေသံက ရုတ်ချည်းပင် တင်းမာလာလေသည်။
"ဟုတ်တော့ ဘာဖြစ်လဲ..."
"ကျုံးလန်ရဲ့ကောင်မလေး ပြောတာက ... မင်းတစ်ယောက်ယောက်ကို သဘောကျရင်၊ သူနဲ့အတူရှိချင်လိမ့်မယ်တဲ့..."ရှန့်ဖန်းယွိက မှတ်ချက်ချလေ၏။
"သူမှန်တယ်လို့ ငါထင်တယ်..."
"ဒီတော့၊ မင်းအနေနဲ့ ငါ့ကို ဒီလောက်အထိ သဘောမကျသေးတာ၊ ဒါမှမဟုတ် ငါ့ကိုအခုအချိန်မှာ မယုံကြည်နိုင်သေးတာ ဖြစ်နိုင်တယ်.."
သူက ပြောနေရင်း ခဏရပ်ကာ သူ့အမူအရာအားပြင်လိုက်သည်။
"ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ မင်းမှာ ငါ့အတွက်ခံစားချက်ရှိနေသရွေ့၊ ငါ့မှာ မျှော်လင့်ချက်ရှိနေသေးတယ်၊၊ အနည်းဆုံးတော့ ငါ့မှာကြိုးစားဖို့အခွင့်အရေးရှိသေးတယ်လေ.."
ကျန်းရွှိမှာ အင်မတန်မှ နာကျင်နေပြီဖြစ်ပြီး ထိုနာကျင်မှုအား သူ့မျက်နှာတွင်မပေါ်ရန် ထိန်းချုပ်ထားလေသည်။ သူက အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှရှန့်ဖန်းယွိအား "အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားကြတာပေါ့၊၊"
ရှန့်ဖန်းယွိကမေးလာသည်။ "ငါ စိတ်တည်ငြိမ်နေတယ်လို့ မင်းမထင်ဘူးလား။"
"မင်း စိတ်ငြိမ်ငြိမ်ထားပြီးရင် ငါ့ကိုနမ်းမှာလား.."
ရှန့်ဖန်းယွိ၏အကြည့်များက ပွက်ပွက်ဆူနေသည့် ဟော့ပေါ့အိုးထက် ခဏရပ်တန့်သွားလေသည်။ ကျန်းရွှိ၏စကားကြောင့် သူ့မျက်တောင်များက ဆတ်ခနဲလှုပ်ရှားသွားရပြီးနောက် မျက်လုံးကိုပင့်ကာ ကျန်းရွှိနှင့် အကြည့်ချင်း ဆုံစေလိုက်သည်။
"ဘာလို့ အခုပဲ ငါတို့မစမ်းကြည့်တာလဲ.."
သူက ပြောလာသည်။
"ငါ အခု တည်တည်ငြိမ်ငြိမ်ပါပဲ။ ပြီးတော့ မင်းလိုချင်ရင် အခုဒီနေရာမှာပဲ မင်းကိုနမ်းလို့ရတယ်.."
ကျန်းရွှိ၏နှလုံးမှာ တင်းကျပ်သွားရပြီး ရှန့်ဖန်းယွိအား ငေးကြည့်လိုက်မိသည်။
ရှန့်ဖန်းယွိ၏မျက်နှာမှ အမူအရာအား သူသိပ်မဖတ်နိုင်ပေ။ ထို့အပြင် သူ ဝမ်းနည်းနေသည်လား၊ သို့မဟုတ် အခြားအရာတစ်ခုခုအား စဉ်းစားနေသည်လား သူမသေချာပေ။ သို့သော် သူက ပေါ့ပေါ့ပါးပါးမှတ်ချက်တစ်ခုပေးလိုက်သလိုဟန်နှင့်ပင်။
သို့သော် ကျန်းရွှိမှာ ဘာဖြစ်နေမှန်းသေချာမစူးစမ်းရသေးခင် ရှန့်ဖန်းယွိက မျက်နှာလွှဲလိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ကျန်းရွှိ သူ့လည်ပင်းအား ပူပန်နေစဉ် ရှန့်ဖန်းယွိက သူ့အားပြန်လှည့်ကြည့်လာကာ၊ မေးခွန်းထုတ်၍မရသော စကားလုံးများဖြင့် ခွန့်တုံ့ပြန်လာခဲ့သည်။
“ကျန်းရွှိ၊ ငါ စိတ်ကိုငြိမ်ငြိမ်ထားထားရင်တောင်မှ မင်းကိုသဘောကျနေတုန်းပဲ..”
“နောင်တရစရာမရှိသလို ပြောင်းလဲသွားမှာလည်းမဟုတ်ဘူး.."
စကားဆုံးသည့်နောက် သူက ဇွန်းအားနောက်တစ်ခေါက်လှမ်းယူကာ လောကဓံတရားအားခံစားလိုက်ရသည့် အာလူးအားကောက်ယူ၍ ကျန်းရွှိ၏ပန်းကန်လုံးထဲသို့ လှမ်းထည့်ပေးလိုက်လေသည်။
သူ အခုလေးတင် ဝန်ခံချက်ကြီးကြီးမားမားအား ပြောလိုက်မိသည်ကို သတိမထားမိခြင်းဖြစ်နိုင်သလို၊ အဓိကအကြောင်းအရာအား ပြောပြီးပြီဖြစ်သည့်အတွက် ၎င်းထက်ပိုပြောနေပါလျှင် စိတ်အနှောင့်အယှက်ဖြစ်စေတော့မည်ဟု ခံစားရ၍လည်းဖြစ်နိုင်သည်။ ထို့ကြောင့် သူက စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒီနေ့ကစပြီး ငါမင်းကို အလုပ်အသွားအပြန် အကြိုအပို့လုပ်ပေးမယ်။ ပြီးတော့မင်း ညဆိုင်းတွေဆင်းနေစရာမလိုတော့ဘူး။ ငါမင်းအစား ဆင်းပေးမယ်..."
“မလိုပါဘူး.."
“လူစွမ်းကောင်း လုပ်ချင်မနေစမ်းပါနဲ့.." ရှန့်ဖန်းယွိက သူ့အားနောက်တစ်ခေါက် ငဲ့ကြည့်လိုက်ကာ၊ “ငါအိမ်လခပေးတယ်ပဲ သဘောထားလိုက်လေ။ ဟုတ်ပြီလား။ မဟုတ်ရင်တော့ ငါမင်းကို မနက်ဖြန် အိမ်ထဲမှာပဲပိတ်ထားပြီး အလုပ်သွားခွင့်ပေးမှာမဟုတ်ဘူး။ အရင်က ငါဝယ်ထားတဲ့ လက်ထိပ်တွေကလည်း နှစ်ခါပြန်သုံးလို့ရသွားတာပေါ့.."
ကျန်းရွှိမှာ စိတ်တိုတိုနှင့်ရယ်လိုက်ပြီး စကားပြောမည်အပြုတွင် ရှန့်ဖန်းယွိက ဦးစွာပြောလာလေသည်။
“မင်းငါ့ကို ဘာလို့ထောင်စောင့်ပဲမလုပ်တာလဲလို့ နောက်တစ်ခေါက် ထပ်မေးတော့မှာမလား.."
သူ၏စကားများအား ဓားပြတိုက်ခံလိုက်ရသည့် ကျန်းရွှိ: “….”
“နေ့တိုင်း ငါနဲ့သင့်တော်မယ့်အလုပ်တွေကူရှာပေးနေတာကို ရပ်လိုက်ပါတော့လား။ ငါ ထောင်စောင့်မဖြစ်ချင်ပါဘူး..." စက္ကူပြတင်းပေါက်အား ထိုးဖောက်ပြီးသည်မို့လည်း ဖြစ်နိုင်သည်။ ပြောခဲ့ပြီးသည့်စကားလုံးများသည်လည်း ထွက်သွားခဲ့ပြီဖြစ်သည့်အတွက် ရှန့်ဖန်းယွိမှာ ပို၍ပင်ရဲတင်းလာကာ ထိန်းချုပ်မထားတော့ပေ။
“ငါမင်းနဲ့အတူတူရှိချင်ရုံလေးပါ။ မင်းကို နေ့တိုင်း မြင်ချင်တာ.."
“…..”
ရှန့်ဖန်းယွိက သူဆိုလိုသည့်အဓိပ္ပာယ်အား နားမလည်ဟု ကျန်းရွှိခံစားရသည်။
သူက ရှန့်ဖန်းယွိကို စိတ်ငြိမ်ငြိမ်ထားဖို့ပြောတာ။ အရမ်းကြီး စိတ်အေးလက်အေးနေဖို့ ပြောတာမဟုတ်ဘူးလေ။
“ဒီတော့ သဘောတူညီမှုရပြီပေါ့...” သူဘာမှဆက်မပြောသည်ကို မြင်သည့်အခါ၊ ရှန့်ဖန်းယွိက ချက်ချင်းရမ်းသန်းကောက်ချက်ချလိုက်လေသည်။
ကျန်းရွှိ အကြည့်လွှဲကာ နာကျင်မှုအားဖိနှိပ်နိုင်ရန် အသက်ပြင်းပြင်းရှုလိုက်ပြီး ပြောလိုက်သည်။
ရှန့်ဖန်းယွိက တွေးတောလိုက်ကာ ဆက်ပြောလာလေသည်။ “ဒါနဲ့၊ ဒီအပတ်ပိတ်ရက်က ဆေးတက္ကသိုလ် A ရဲ့ နှစ်ပတ်လည်လို့ ဆရာမချွေ့ မင်းကိုပြောထားလား။ ငါတို့ကို အချိန်ရရင် သွားလိုက်ဦးလို့ ပြောတယ်။ ပြီးတော့ ငါတို့ ကျောင်းကို ပြန်သွားရမယ့်အချိန်ပဲလေ..."
ဆေးတက္ကသိုလ် A ၏ ရှစ်နှစ်ကြာ ဆေးပညာပရိုဂရမ်တွင် ထုံးတမ်းစဉ်လာတစ်ခုရှိသည်။ မည်သည့်အတန်းကပင်ဖြစ်စေ၊ ဘွဲ့ရပြီးသွားသည့်အခါ သူတို့အားလုံးကျောင်းသို့ပြန်လာ၍ ဆေးတက္ကသိုလ်A ၏ သစ်ပင်အိုကြီးတစ်ပင်အား အတန်းနံပါတ်နှင့် ရွေးချယ်ရမည်ဖြစ်သည်။ ဆယ်နှစ်သက်တမ်းရှိသစ်ပင်များ၊ နှစ်တစ်ရာသက်တမ်းရှိသစ်ပင်များ၊ အားလုံးမှာ ကျောင်းမှ တန်ဖိုးထားရသည့် အမွေအနှစ်တစ်ခုပင်ဖြစ်သည်။
“သူငါ့ကို ပြောပါတယ်.."
“မင်းသွားမှာလား..” ရှန့်ဖန်းယွိက မေးသည်။
ရှန့်ဖန်းယွိ၏အကျင့်စရိုက်အရ သူတို့၏အတန်းဖော်များသည်လည်း ထိုနေရာတွင်ရှိလိမ့်မည်ဖြစ်သည့်အတွက် သူသွားမှာ သေချာသလောက်ရှိသည်ကို ကျန်းရွှိ သိလေသည်။ ထို့အပြင်၊ ခေါင်းဆောင်များနှင့် ဆရာများသည်လည်း ကျောင်း၏အခမ်းအနားအားတက်ရောက်မည်ဖြစ်သည့်အတွက် သူ့အနေဖြင့် အဆက်အသွယ်များရယူရန် အခွင့်အလမ်းကောင်းတစ်ခုပင်။
သူပြန်မဖြေမီ ရှန့်ဖန်းယွိက “မင်းမသွားရင် ငါလည်းမသွားတော့ဘူး..." ဟု ပြောလာသည်။
“မင်းသွားလို့ရပါတယ်..”
“မင်းနဲ့ အတူတူရှိနေချင်တယ်လို့ ငါအခုလေးတင်ပြောခဲ့တာလေ။ နေရာတစ်ခုတည်းမှာရှိနေရလည်း အဆင်ပြေပါတယ်..." ရှန့်ဖန်းယွိက ဆက်ပြောလာသည်။ “တစ်မြို့တည်းနေတာကိုတော့ လုံးဝထည့်မတွက်ဘူးပေါ့။ နည်းနည်းတော့ နီးနေရမယ်.."
ကျန်းရွှိက ခဏတန့်သွားကာ မေးလိုက်သည်။ “မင်း နိုင်ငံခြားကို မသွားဘူးလား..."
“မင်းသိတယ်ပေါ့.." ရှန့်ဖန်းယွိက အံ့ဩသွားကာ နောက်မှ တုံ့ပြန်လာသည်။ “ဆရာမချွေ့ မင်းကိုပြောပြတာလား.."
ထို ရူးသွပ်စရာကောင်းသည့်ညမတိုင်မီက သူနှင့်ကျန်းရွှိမှာ H စီရင်စုရှိ ပညာရပ်ဆိုင်ရာညီလာခံတစ်ခုအားတက်ရောက်ရန် နေရာတစ်နေရာအား ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင်၊ ကျန်းရွှိမှာ အဖွဲ့လိုက်အစည်းအဝေးများ၌ အခြေအနေမဟန်သည့်ပုံပေါ်နေသည့်အပြင်၊ မနှစ်က ကျန်းရွှိအား ဒါရိုက်တာချွေ့က ညီလာခံသို့ခေါ်သွားပြီးဖြစ်ရာ၊ ယခုနှစ်တွင် ဒါရိုက်တာချွေ့က ရှန့်ဖန်းယွိအား ရွေးချယ်လိုက်လေသည်။
စီရင်စု H ၌ ရှန့်ဖန်းယွိတို့အဖွဲ့၏ တင်ဆက်မှုမှာ အင်မတန်မှ ကောင်းမွန်လှသည်အတွက် M နိုင်ငံရှိ ပရော်ဖက်ဆာကြီးတစ်ဦး၏ စိတ်ဝင်စားမှုအား နှိုးဆော်နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ချေ။ ထို့အပြင် တိုက်ဆိုင်စွာဖြင့် မကြာသေးခင်အချိန်က ထိုသူမှာ ပညာရပ်ဆိုင်ရာစာပေဝိုင်းနောက်တစ်ခုအား ထပ်မံကျင်းပရန်စီစဉ်နေလေသည်။ သို့နှင့် သူက ရှန့်ဖန်းယွိမှ တင်ဆက်မှုပေးရန်မျှော်လင့်ချက်ဖြင့် ကျီဟွားဆေးရုံအား ဖိတ်ခေါ်ထားလေသည်။
ကျန်းရွှိ: “သူက မင်းသဘောမတူသေးဘူးလို့ပြောတယ်..”
“အဲ့ဒါက ရက်တွေအများကြီးကြာမှာ။ ပြီးတော့ မင်းဒီမှာ တစ်ယောက်တည်းကျန်ခဲ့ရမှာကို ငါစိတ်မချဘူး။ ငါ ဆရာမချွေ့ကို မင်းကိုပါခေါ်သွားလို့ရမလားလို့ မေးပြီးပြီ။ ဒါပေမယ့် သူက ငါတို့ကို ခေါ်သွားမယ်လို့ပြောထားတဲ့ ပညာရပ်ဖလှယ်ပွဲကလည်း လာတော့မယ်တဲ့။ ပြီးတော့ ဒီတစ်ခုက ညီလာခံအသေးစားလေးမို့ ဇီဇာကြောင်မနေနဲ့တဲ့။ အဲ့ဒါကြောင့် ငါစဉ်းစားဦးမယ်လို့ သူ့ကိုပြောလိုက်တာ..”
“အဲ့ဒါက ဘယ်လောက်ကြာမှာမလို့လား..."
“အသွားအပြန်ခရီးဆို နှစ်ရက်၊သုံးရက်လောက်တော့ ကြာလိမ့်မယ်။ H စီရင်စုတုန်းကလို ငါသွားပြီးတာနဲ့ နောက်တစ်နေ့ တန်းပြန်လာလို့မရဘူး.." သူက ကျန်းရွှိ အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့သည့်အတွက် အင်မတန်စိုးရိမ်ကာ၊ တင်ဆက်မှုပြီးပြီးချင်း လေဆိပ်သို့ တက္ကစီငှါး၍ ပြန်လာခဲ့ခြင်းဖြစ်သည်။
ကျန်းရွှိမှာ နှုတ်ခမ်းများအား စုလိုက်ပြီး “မင်း သွားသင့်တယ်.."
ရှန့်ဖန်းယွိက ခေတ္တမျှတိတ်ဆိတ်သွားကာ ရုတ်တရက် သဘောပေါက်သွားလေသည်။
“မင်း …. ငါ့ကို ဒီနှစ်ရက်အတွင်း မမြင်ချင်ဘူးပေါ့.."
ကျန်းရွှိ ပြန်မဖြေသည်ကို မြင်သည့်အခါ ရှန့်ဖန်းယွိက ခေါင်းညိတ်ကာ သူ့ကိုယ်သူပြန်ပြောလေသည်။ “နားလည်ပါတယ်။ ဒါဆို ငါ ဆရာမချွေ့ဆီကို မက်ဆေ့ပို့ပြီး အစည်းအဝေးကိုငါသွားမယ့်အကြောင်း ပြောလိုက်မယ်.."
ကျန်းရွှိက ထိုကဲ့သို့မဆ်ိုလိုပေ။
သူက အခွင့်အလမ်းမှာ အင်မတန်ကောင်းမွန်သည့်အတွက် ရှန့်ဖန်းယွိအနေနှင့် သွားသင့်သည်ဟု ခံစားရ၍သာ။
သို့သော် ဤကဲ့သို့စကားအားပြောလိုက်ခြင်းက စိတ်ငြိမ်အောင် ကြိုးစားနေသည့်လူနှစ်ဦးအတွက် အထောက်အကူမဖြစ်စေနိုင်ပေ။
ဟော့ပေါ့အိုးက သူတို့နှစ်ဦးအား တဖြည်းဖြည်းဝေးကွာစေလာသည်။ နောက်ဆုံးတွင် ချွေးစေးများဖြင့်အေးလာသည့် ကျန်းရွှိက မီးဖိုမီးအားပိတ်ကာ ရှန့်ဖန်းယွိအား “ပြန်ကြရအောင်..”ဟု ပြောလာသည်။
သို့သော် ရှန့်ဖန်းယွိက ဝေးကွာရန်ရည်ရွယ်ချက်မရ်ှသည့်ပုံပေါ်သည်။ သူက မီးအားလှမ်းပိတ်နေသည့် ကျန်းရွှိ၏ လက်အား တားလိုက်ကာ ပြောလိုက်သည်။ “ငါပြန်လာတဲ့အချိန်ကျ မင်းငါ့ကို အခုထက်ပိုပြီး နည်းနည်းလေးဖြစ်ဖြစ် သဘောကျနေဖို့ ငါမျှော်လင့်ပါတယ်..”