🧑⚕️Chapter 82
ရက်များစွာကြာသည့်တိုင်အောင် ရှန့်ဖန်းယွိသည် ကျန်းရွှိအား သူပြောခဲ့သည့်အတိုင်း တစ်ရက်မှမပျက်စေပဲ အလုပ်သို့အကြိုအပို့လုပ်ပေးခဲ့သည်။ ညဆိုင်းအနည်းငယ်ဆင်းပြီးသည့်နောက်၊ ကျန်းရွှိ၏ စိတ်အခြေအနေမှာ သိသိသာသာကိုပင် တိုးတက်လာသည်။ ရှန့်ဖန်းယွိကြောင့်ဖြစ်ပေါ်လာရသည့် သူ၏ညအိပ်မပျော်သည့်ရောဂါသည်လည်း ပျောက်ဆုံးသွားခဲ့လေပြီ။
တစ်ချိန်တည်း၌ပင် ကျန်းရွှိမှာ သူရင်ဆိုင်ရမည့် ကံတရားအား တဖြည်းဖြည်းနှင့်လက်ခံနိုင်လာသည်။ အဖြစ်များသည့် ကိုယ်ဝန်ဆောင်များ၏နာကျင်ကိုက်ခဲမှုများဖြစ်သည့် ခါးရိုး၊မြှီးညောင်းရိုးနှင့် တင်ပါးဆုံရိုးတို့မှ ဝေဒနာသည် သူဖယ်ရှား၍မရနိုင်အောင် ကပ်နေသည့် ပီကေကဲ့သို့ပင်။
ဤကဲ့သို့ နာကျင်မှုဝေဒနာက ကုသ၍မရသည်ကို သူသိသည်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကဲ့သို့ပင်၊ ရံဖန်ရံခါ ကောင်းမွန်စွာအနားယူခြင်းဖြင့် ဝေဒနာအား ရက်အတန်ကြာပျောက်ကင်းစေသော်လည်း နောက်ထပ်တစ်ခေါက် ပြန်လည်ဖြစ်ပေါ်လာနိုင်သည်။
သူ၏လူနာများအား အလားတူရောဂါလက္ခဏာများအား သူရှာဖွေကုသပေးခဲ့ဖူးသော်လည်း ဤထုံကျင်မှုဝေဒနာမှာ အဖြစ်များလှပြီး အသက်အန္တရာယ်လည်း မစိုးရိမ်ရသည့်အတွက်၊ အနည်းငယ်သောဆရာဝန်များက အလေးအနက်မမှတ်ယူကြပေ။ များသောအားဖြင့် သူတို့က သူတို့၏လူနာများအား "ကောင်းကောင်းအနားယူ"ရန်သာ ချော့မော့ပြောလေသည်။
သို့သော် ဤအရာများနှင့် ကျန်းရွှိရင်ဆိုင်ရသည့်အချိန်တွင်၊ ဆရာဝန်များအတွက် တွေ့ဖန်များသော အဆိုပါဆက်တိုက်ဆိုသလို နာကျင်ကိုက်ခဲနေသည့်ဝေဒနာမှာ သူစိတ်ကူးထားသည်ထက် ပို၍သည်းခံရန်ခက်ခဲလေ၏။
ထို့ပြင် မှော်ဆန်သည့်အရာမှာ၊ ရှန့်ဖန်းယွိက သူ့အားတိတ်တဆိတ်အဖော်ပြုသေးသည့်အခါ၊ ထိုနာကျင်မှုက အနည်းငယ်သက်သာလေသည်။
ထိုနေ့က သူတို့ဟော့ပေါ့စားပြီးနောက်၊ ရှန့်ဖန်းယွိက သူတို့၏ယခင်ကဆက်ဆံရေးအကြောင်းအား အစမဖော်တော့သလို ကျန်းရွှိအာ လက်ခံရန်မေးမြန်းခြင်းလည်းမရှိပေ။ များသောအားဖြင့် သူက အန္တရာယ်ကင်းသည့် ချစ်စကားအနည်းငယ်ကိုသာ ပြောလေသည်။ ကြည့်ရသည်မှာ သူ့အနေနှင့်အမှန်ပင် စိတ်တည်ငြိမ်သွားပုံရသည့်အတွက် ကျန်းရွှိမှာ စိတ်သက်သာရာရစွာ သက်ပြင်းချမိလေသည်။
သို့သော် သူသက်ပြင်းမချမီ၊ ရံဖန်ရံခါတွင် တစ်စုံတစ်ခုအားဆုံးရှုံးလိုက်ရသလို မသိမသာခံစားမိလေသည်။
ဥပမာအားဖြင့်၊ ယခုအချိန်တွင် ရှန့်ဖန်းယွိသည် ကားကို ဆေးတက္ကသိုလ် A ၏ထောင့်တစ်နေရာတွင်ရပ်ထားကာ သူ့အားပြောလာလေသည်။
"မင်းအရင်ဝင်သွားလိုက်။ ဆယ်မိနစ်လောက်နေမှ ငါလိုက်လာခဲ့မယ်။ ငါတို့အတန်းဖော်တွေကို ငါတို့အတူတူလာကြောင်းပေးမသိစေချင်ဘူး။သူတို့ တမျိုးထင်သွားကြလိမ့်မယ်.."
ကျန်းရွှိ ကားထဲမှထွက်ကာ သူ၏ပြောင်းလဲလာသောခန္ဓာကိုယ်အား ကုတ်အင်္ကျီနှင့်ဖုံးလွှမ်းလိုက်သည်။ ရှန့်ဖန်းယွိမှာ သူ၏စိတ်ပိုင်းဆိုင်ရာခံစားချက်များအား ထည့်သွင်းစဉ်းစားပေးနေမှန်းသူသိသည်။ သို့သော် သူ့အနေနှင့် အတန်းဖော်များထံ သူနှင့်ရှန့်ဖန်းယွိ၏ဆက်ဆံရေးအား မဖုံးကွယ်ထားချင်တော့ပေ။ ယခင်ကနှင့်ယှဉ်လျှင် သူတို့၏ဆက်ဆံရေးမှာ များစွာတိုးတက်လာပြီဖြစ်သည်။
ကျောင်းမှ ချိတ်ဆွဲထားသည့် အနီရောင်ခေါင်းစီးစာတန်းများမှာ အပြာရောင်ကောင်းကင်အောက်၌ ဝံ့ကြွားစွာတည်ရှိနေသည်။
ခန်းမအတွင်းသို့ သူလျှောက်လာသည့်အခါ ထန်ခယ်မှာ ကျန်းရွှိအား တစ်ချက်တည်းနှင့်ပင် တွေ့ရှိသွားပြီး သူ၏အနောက်အား လှမ်းကြည့်ကာ တအံ့တဩ တီးတိုးမေးလာလေသည်။
"ရှန့်ဖန်းယွိ မလာဘူးလား။"
"ငါတို့အကိုရွှိ ဒီကိုရောက်နေမှတော့၊ သူဘယ်လာရဲတော့မလဲ.." ဆံပင်တိုတိုညှပ်ထားသည့် လူတစ်ယောက်က ပြောပြောဆိုဆိုဖြင့် ထန်ခယ်၏နောက်ကျောအားရိုက်ကာ၊ ကျန်းရွှိကိုလည်း လှမ်းရိုက်ရန် လက်လှမ်းလာလေသည်။ သို့သော် ကျန်းရွှိက ရှောင်လိုက်ရာ သူက သူ့လက်အားအချိန်မီမရပ်နိုင်လိုက်ပဲ သူ့ပေါင်သူပြန်ရိုက်မိသွားလေသည်။
"မင်းဘာလို့ တခြားသူတွေစကားပြောနေတာကို ခိုးနားထောင်နေရတာလဲ ဝမ်ကျွင်း..." ထန်ခယ်က မကျေမနပ်ဖြင့် ပြောလေသည်။
ဝမ်ကျွင်းက မယုတ်မလွန်ပြန်ဖြေလေသည်။
"ငါတို့က အခန်းဖော်တွေလေ၊ အရင်ကလည်း ငါတို့အချင်းချင်း သူများအကြောင်းပြောခဲ့ကြတာပဲ။ ဘာလဲ။ အခုမင်းက ကျန်းရွှိနဲ့ အတင်းပြောနေတာ၊ ငါနားထောင်လို့မရဘူးလား.."
သူက စကားဝိုင်းအား ကျန်းရွှိဘက်သို့ လှည့်လိုက်သည်။ "အကိုရွှိ၊ မတွေ့ရတာတောင် တော်တော်ကြာပြီ။ ပိုပြီးတောင် ပိန်သွားသလိုပဲ။ ရှန့်ဖန်းယွိက မင်းကိုစိတ်ဆိုးအောင် လုပ်နေလို့လား.."
ထို့နောက် ထပ်မံ၍ စနောက်ချင်သောပုံဖြင့် "အဲ့ဒီတော့၊ နှစ်တွေတော်တော်ကြာသွားတာတောင်၊ မင်းတို့နှစ်ယောက်က မကျေလည်သေးဘူးပေါ့.."
ဘေးနားမှ နားထောင်နေသော ထန်ခယ်မှာ လျင်မြန်စွာဖြင့် ခေါင်းစဉ်ပြောင်းလိုက်လေတော့သည်။ "နောက်ဆုံးတော့ ငါတို့အားလုံးပြန်လည်တွေ့ဆုံပွဲကိုလာကြတာပဲလေ၊ မင်းကဘာလို့ ရှန့်ဖန်းယွ်ိအကြောင်းပဲ ပြောနေရတာလဲ..."
တက္ကသိုလ်မှ အတန်းဖော်များဆုံစည်းကြသည့်အခါတိုင်း အတိတ်က ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့၏ ယှဉ်ပြိုင်မှုအကြောင်းအား အမြဲလိုလိုပင် ပြန်လည်ပြောဆိုလိမ့်မည်ဖြစ်ကြောင်း သူသိရှိထားလေသည်။ သို့သော် ယခုအချိန်တွင် အတိတ်နှင့်မတူ၊ပြောင်းလဲသွားပြီဖြစ်သည်။ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့ထံ ရိုးရှင်းသော ပြိုင်ဆိုင်မှုသာ ရှိသည်မဟုတ်တော့၊ သူတို့မှာ ပို၍ အထိန်းအကွပ်မဲ့သောအခြေအနေတွင် ရှိနေကြပြီဖြစ်သည်။
ပထမဦးဆုံးအနေဖြင့်၊ သူတို့နှစ်ဦး အတူတူရသည့် ကလေးတစ်ယောက် ရှိလာသည်။ ထို့နောက် ရှန့်ဖန်းယွိက သူ့အား အာဏာပြသည့်အနေဖြင့် အနီရောင်စာအိတ်အကြီးကြီးအား ပေးလာခဲ့သည်။ သူတို့က အတူတူနေထိုင်ကြသည်။ မည်သို့ပင်ဆိုစေ၊ ယခုတွင် ကျန်းရွှိထံ၌ကလေးရှိနေပြီး တစ်ဖက်လူအတွက် ခံစားချက်များလည်း ရှိလာဟန်ပင်။
ထို့အပြင်၊ ထိုညက အချိန်မတော်ဖုန်းခေါ်ဆိုမှုပြီးနောက် ကျန်းရွှိအား ထန်ခယ်မည်မျှပင် မေးခွန်းထုတ်ပါလေစေ၊ သူက တိတ်ဆိတ်လျက်သာ။
လူတစ်ဦး၏လောကသို့အခြားသူတစ်စုံတစ်ယောက်က ရောနှောဝင်ရောက်လာသည့်အခါ၊ အရာအားလုံးတွင် ပေးဆပ်ရမည့်တန်ကြေးဟူ၍ရှိသည်ဟု ပြောနိုင်ပေသည်။ ကျောင်းတက်စဉ်အချိန်က ရှင်းလင်းနေခဲ့သော ကျန်းရွှိ၏ ကိုယ်ရေးသမိုင်းကြောင်းမှာ ယခုအခါ လုံးဝပင်ရှုပ်ထွေးသွားခဲ့လေပြီ။ ထန်ခယ်၏မျက်လုံးထဲတွင်တော့ ယခုကျန်းရွှိမှာ သေစေနိုင်လောက်အောင်ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးတစ်ဦးလိုပင် ။
"ဒါက စပ်စုချင်ရုံပါ..."
ဝမ်ကျွင်းက သူတို့အားခန်းမထဲသို့ခေါ်ဆောင်သွားကာ၊ အစားအစာများပေး၍ သူတို့အတန်းမှရွေးချယ်ရန်ဆုံးဖြတ်ထားသည့် အပင်အကြောင်းပြောပြလာ၏။
သူတို့အတန်းအား သင်ကြားပေးခဲ့သော ဆရာများသည်လည်း ရောက်ရှိနေကြသည်။ ယခုအချိန်တွင် အမျိုးမျိုးသော ဆေးရုံကြီးများ၌ ကျွမ်းကျင်ပညာရှင်များအဖြစ် အောင်မြင်စွာလုပ်ကိုင်နေကြပြီဖြစ်သော အတန်းဖော်ဟောင်းများလည်း ရှိနေလေသည်။ သူတို့က နှစ်ယောက်စီ၊သုံးယောက်စီရပ်နေကြကာ၊ A မြို့၏လစာဝင်ငွေအကြောင်းနှင့် သူတို့ပညာရပ်၏အနာဂတ်အကြောင်းအား လေးနက်သည့်သဘောဖြင့် အေးအေးဆေးဆေးဆွေးနွေးနေကြသည်။ မျှော်လင့်ထားသကဲ့သို့၊ သူတို့၏အတိတ်အကြောင်းအား ပြောဆိုမှုအား မရှောင်လွှဲနိုင်ခဲ့ပေ။ အတိတ်အားပြန်လည်တွေးတောမိသည့်အခါ၊ သူတို့မှာ အလိုလိုပင် သဘာဝ၏ရန်သူများဖြစ်ကြသည့် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့အား စနောက်မိကြလေသည်။
ပြောဆိုနေကြရင်းပင် တစ်စုံတစ်ဦးမှ M နိုင်ငံမှ အမျိုးသားကိုယ်ဝန်ဆောင်အကြောင်းအား စကားစလာလေသည်။ အစင်းလိုင်းများဖြင့်အင်္ကျီအားဝတ်ထားသော အတန်းဖော်တစ်ယောက်က အတန်းထဲရှိ ထိပ်ဆုံးကျောင်းသားဖြစ်သည့် ရှန့်ဖန်းယွိအားမေးလာသည်။ "မင်းတို့ သားဖွားမီးယပ်ဌာနမှာရော ဒီလိုပုံစံမျိုး တွေ့ဖူးကြလား..." အခြားသောအတန်းဖော်များကလည်း သိချင်စိတ်ဖြင့် သူ့အဖြေအားကြားရန် သူ့အားလှည့်ကြည့်လာလေသည်။
ဤကဲ့သို့အခြေအနေမျိုးအား ကျန်းရွှိသဘောမကျပေ။ အမှန်ဆိုလျှင်၊ အတန်းဖော်တွေ့ဆုံပွဲအား သူတက်မည်ဟု ရှန့်ဖန်းယွိအားပြောလိုက်စဉ်က သူ့ကိုယ်သူပင် အံ့ဩသွားရသည်။ သူက သူ့ကိုယ်သူ စိတ်ကိုငြိမ်ငြိမ်ထားရန် ပြောနေသော်လည်း၊ အချိန်နှင့်အမျှ စိတ်မြန်လက်မြန်ဖြင့်ပြောကာ၊ စိတ်အလိုရှိရာ လုပ်မိဆဲပင်။
ထန်ခယ်က ကျန်းရွှိ၏အမူအရာအားကြည့်ကာ ကြားဖြတ်ပြောလိုက်သည်။ "ရှိတယ်ဆိုရင်တောင် အဲ့ဒါက လျှို့ဝှက်ထားရမယ့်အကြောင်းအရာလေ။ ဆောင်းပါးမထုတ်ဝေခင် မင်းတို့ကိုဘယ်လိုပြောပြလို့ရမှာလဲ.."
အပြာရောင်အစင်းလိုင်းရှပ်အင်္ကျီကိုဝတ်ဆင်ထားသည့် ကောချန်းဟူသည့်တစ်ယောက်က ပြောလာလေသည်။ "ဘာလို့ ညီအကိုရွှိက ကိစ္စတွေကိုငါတို့ဆီက ဖုံးကွယ်ထားနေသေးတာလဲ။ ငါတို့က ရှန့်ဖန်းယွိနဲ့မတူသလို မင်းရဲ့စာတမ်းကိုလည်း ခိုးမှာမှမဟုတ်တာ..."
ထိုအခိုက် ရှန့်ဖန်းယွိကရောက်လာပြီး နောက်မှလိုက်ကာစနောက်၍ပြောသည်။
"ဘာလို့ငါက စာတမ်းကိုခိုးရမှာလဲ.."
ကောချန်းက ရှင်းပြလေ၏။
"ငါတို့က ကျန်းရွှိကို M နိုင်ငံက ကလေးမွေးနိုင်တဲ့အမျိုးသားအကြောင်းမေးနေတာ။ ဒါပေမယ့် ဒီပညာရေး လူမိုက်က မေးခွန်းကိုရှောင်နေတယ်လေ။ မတွေ့ရတာကြာပြီ၊ ရှန့်ဖန်းယွိ..."
"မတွေ့တာကြာပြီ.." ရှန့်ဖန်းယွိက အကျင့်ပါနေသည့်အပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်သော်လည်း စကားလမ်းကြောင်းလွဲလိုက်လေသည်။
" မင်း တက္ကသိုလ်မှာ ခေါင်းဆောင်အဖြစ်နေခဲ့တယ်လို့ကြားတယ်။ ဂုဏ်ပြုပါတယ်။ ငါအခုထိ ပြောဖို့အခွင့်မကြုံသေးလို့..."
ကောလိပ်တက်နေစဉ်အချိန်အတွင်း ကောချန်းမှာ ဆေးရုံဆေးခန်းအလုပ်အား သိပ်မနှစ်သက်ခဲ့ပဲ၊ အဖွဲ့လိုက်လုပ်ဆောင်ရမည့်လှုပ်ရှားမှုများ၌သာ အာရုံစိုက်ထားခဲ့သည်။ ဘွဲ့ရပြီးသည့်အခါ အစိုးရစာမေးပွဲအတွက် နှစ်များစွာအချိန်ပေးပြင်ဆင်ခဲ့ပြီး ယခုတွင်တော့ သူက ဆေးတက္ကသိုလ် A ၌ တရားဝင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
"ဘာကိုခေါင်းဆောင်ကြီးလဲ။ ငါက ဒီတိုင်း ကျောင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကြီးကြပ်ရပြီး တခြားလူတွေမလုပ်ချင်တဲ့ စီမံခန့်ခွဲတဲ့ကိစ္စလေးတွေ တခါတလေလုပ်ရရုံလေးပါ။ ငါ့အောက်မှာ ပါဝါထက် ပစ္စည်းတွေက ပိုများတယ်..."
ကောချန်းမှာ ရှန့်ဖန်းယွိကသူ့အား ချီးမွမ်းနေခြင်းအား သိရှိလေသည်။ ထို့ကြောင့် သူက ဦးစွာ သူ့ကိုယ်သူစကားအနည်းငယ်ဖြင့် နှိမ့်ချလိုက်သည်။ ထို့နောက်သူ့မျက်နှာတွင် ပျော်ရွှင်နေသောအပြုံးအား ပြသထားလေသည်။ သူက ယခုလေးပင် သူဘာပြောခဲ့သည်ကို မေ့သွားခဲ့လေပြီ။
ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့ အချင်းချင်းအဆင်မပြေသည်ကို သိထားကြသောအခြားသူများမှာ ရှန့်ဖန်းယွိရောက်လာသည်ကို မြင်သည့်အခါ၊ ကျန်းရွှိ၏သူငယ်ချင်းများက သူ့အားဝန်းရံကာ ခန်းမ၏အဝေးရှိထောင့်တစ်နေရာသို့ ရှန့်ဖန်းယွိအား တိမ်းရှောင်ရန်ခေါ်ဆောင်သွားလေသည်။
တစ်ယောက်က ဘေးနားတွင် တီးတိုးပင်ပြောလာသေးသည်။ "ဒီနေ့က ငါတို့ကျောင်းရဲ့ ပွဲတော်နေ့ပဲ။ ရန်ဖြစ်တာက မင်္ဂလာမရှိဘူး။ မင်းဒီမှာ ရှန့်ဖန်းယွိနဲ့ ရန်ဖြစ်လို့မရဘူးနော်..."
ကျန်းရွှိ: "..."
သူက ရှန့်ဖန်းယွိအား အဝေးမှလှမ်းကြည့်လိုက်သည်။ သူ့နံဘေးတွင် လူများဝိုင်းနေပြီး ကြည့်ရသည်မှာ သူက M နိုင်ငံမှကိစ္စအကြောင်း ပြောပြနေဟန်ပေါ်သည်။ ကျန်းရွှိကအကြည့်လွှဲတော့မည့်အချိန်တွင် ရှန့်ဖန်းယွိက လှည့်ကြည့်လာလေသည်။ သူတို့နှစ်ဦးမှာ လူအုပ်အားဖြတ်ကျော်ကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ အထိန်းအကွပ်မဲ့စွာပင်၊ ကျန်းရွှိ၏ခံစားချက်များက ရုတ်တရက်ရှုပ်ထွေးလာရသည်။
ကောချန်း သူ့ထံလျှောက်လာသည့်အခါမှသာ ကျန်းရွှိက ရှန့်ဖန်းယွိသူ့အားလှမ်းကြည့်လာသည့် အကြောင်းအရင်းအား သိရှိသွားရသည်။
"အခုလေးတင်ပဲ၊ ငါတို့ရဲ့အတန်းခေါင်းဆောင်ဟောင်းက အရေးပေါ်ကိစ္စရှိလို့ မလာနိုင်တော့ဘူးလို့ပြောလာတယ်.." ကောချန်းက သူ့ဖုန်းကိုချကာ ပြောလာသည်။
"အခမ်းအနားကိုဦးဆောင်တဲ့ဆရာက ငါတို့အတန်းရဲ့ ပထမရတဲ့လူက အတန်းခေါင်းဆောင်အစား သစ်ပင်အိုကြီးမှာ မော်ကွန်းထိုးထားတဲ့ကျောက်ပြားကို ချိတ်ပေးလိုက်တဲ့..."
သို့သော် ထိုစကား၌ ဟာကွက်တစ်ခုရှိနေသည်။ ထိုဆရာက သူတို့အတန်း၏ အထူးအခြေအနေအား မသိထားပေ။ သူတို့ထံ ပထမရသည့်လူက နှစ်ယောက်တောင်ရှိလေသည်။
ကျန်းရွှိက "ရှန့်ဖန်းယွိကို သွားခိုင်းလိုက်" ဟုပြောလိုက်သည်။
သူပြောသည်ကိုကြားသည့်အခါ၊ ကောချန်းက တုံ့ဆိုင်းသွားပြီး "ဖန်းယွိက မင်းကိုသွားခိုင်းဖို့ ပြောလာတယ်.."
အနားတွင် နားထောင်နေသည့် ဝမ်ကျွင်းက ပြောလာလေသည်။ "သူတို့ကို အတူတူသွားခိုင်းလိုက်လေ။ ဖန်းယွိက ဘာတွေများဒီလောက် ထူးခြားနေလို့လဲ။ သူက မင်းသဘောတူလာတာကို စောင့်နေတာပဲဖြစ်မှာ။ ကျန်းရွှိ၊ မင်းရဲ့ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ရောက်သွားတာလဲ။ ဒါမင်းအတွက် ဂုဏ်ယူစရာနော်.."
"ဒါပေမယ့် အတူတူသွားတာက..."
ကောချန်းက မရေမရာဆိုလာသည်။
အခြားလူများ မော်ကွန်းကျောက်ပြားအား အတူတကွချိတ်ဆွဲသည်က လှပသည့်မြင်ကွင်းလေးဖြစ်သော်လည်း ဤလူနှစ်ယောက်အတွက်တော့ ကိစ္စမှာ မတူညီပေ။ ကောချန်းက အနည်းငယ်မလွယ်ကူဟု ခံစားလိုက်ရသည်။
ရိုးရိုးသားသားဆိုရလျှင် သစ်ပင်အိုအတွက် မော်ကွန်းကျောက်ပြားအား မည်သူချိတ်ဆွဲဖြစ်မည်ကို ကျန်းရွှိအမှန်ပင် ဂရုမထားချေ။ သတ်မှတ်ထားသည့်နေရာတစ်နေရာသို့ရောက်သည့်အခါ ထိုကဲ့သို့ အသေးအမွှားဂုဏ်ယူဖွယ်ကိစ္စများက မက်လောက်ဖွယ်မရှိတော့ပေ။ ရှန့်ဖန်းယွိနှင့် သူယှဉ်ပြိုင်ရလျှင်တောင် သူတို့ပြိုင်ဆိုင်မှု၏ အကဲဖြတ်နှုန်းများမှာ ပညာရှင်ဘွဲ့ထူးများ၊ အပိုဆုငွေများနှင့် ဆောင်းပါးအဆင့်အတန်းများပင်ဖြစ်သည်။
ထို့အပြင်၊ ရှန့်ဖန်းယွိအတွက်သာမဟုတ်ပါက ယနေ့သူဤနေရာတွင် ရှိနေမည်ပင်မဟုတ်ပေ။
သူငြင်းဆန်ရန်ပြင်စဉ် ရှန့်ဖန်းယွိက လျှောက်လာကာ "အတူတူသွားကြရအောင်" ဟု ပြောလာလေသည်။ သူက ကောချန်းအား စကားပြောနေသော်လည်း သူ့အကြည့်များက ကျန်းရွှိထံ၌သာ ကျရောက်နေလေသည်။
ဝမ်ကျွင်းမှာ ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားရသည်။ "ဒါဆို ဒါကဖြေရှင်းပြီးပြီနော်..." သူက ကျန်းရွှိ၏ပခုံးအား ဖြတ်ခနဲရိုက်ကာ ပြောလေ၏။
"နှိမ့်ချမနေနဲ့တော့ ညီအကိုရွှိ၊ ကြည့်ဦး။ ရှန့်ဖန်းယွိက မင်းကို ရန်စနေတာ..."
ကျန်းရွှိ : "....."
ရှန့်ဖန်းယွိက သူ့အားရန်စနေသည်မဟုတ်ကြောင်း သူပြောနိုင်လေသည်။ သို့သော် အတန်းဖော်များ၏သူတို့အပေါ်အမြင်မှာ အင်မတန်ပဲ အရိုးစွဲနေပြီဖြစ်နိုင်သည်။ ယခုတော့ ရှန့်ဖန်းယွိသူ့အားပြောသမျှစကားအားလုံးမှာ ရန်စနေသည်ဟုသာ အထင်ခံနေရလေသည်။
ထိုခံစားချက်က တစ်မျိုးလေးပင်။ သူတို့၏အတန်းဖော်များကပင် သူတို့နှစ်ယောက်အား သဟဇာတမဖြစ်သည့် ရန်သူများဟုတွေးကာ တစ်ဖက်စီခွဲခြားထားကြလေသည်။ ရှန့်ဖန်းယွိ သူ့အားဝန်ခံစကားပြောထားသည်ကိုသော်လည်းကောင်း၊ သူတို့မှာ ကလေးလေးမွေးဖွားလားရန် မျှော်လင့်နေသည်ကိုလည်းကောင်း မည်သူမျှမသိကြချေ။
ကျန်းရွှိက အဝေးသို့ကြည့်နေသည့်အကြည့်များအား ပြန်လည်ရုတ်သိမ်းကာ ဝမ်းကျွင်းအား "ဒါဆိုရင်လည်း အတူတူသွားကြတာပေါ့.." ဟု ပြောလိုက်လေသည်။