🧑⚕️Chapter 83
________
စောစောက ဝမ်ကျွင်း သစ်ပင်အိုကြီးအား ပြသသည့်အခါ သူက မြေပုံကိုသာထောက်ပြခဲ့သည်။ ယခု သူတို့အုပ်စုလိုက် ဆရာ့နောက်သို့လိုက်ကာ သစ်ပင်အိုဆီသို့သွားကြသည့်အခါမှ ကျန်းရွှိမှာ သူတို့အတန်းက သင်ကြားမှုအဆောက်အဦးနောက်တွင်ရှိသော ခေါင်ရမ်းပင်အား ရွေးချယ်ထားကြောင်း သိလိုက်ရလေသည်။
ပြင်းထန်သည့်ဆောင်းအချိန်၌ ၊ ထိုခေါင်ရမ်းပင်မှာ သစ်ကိုင်းခြောက်များသာရှိနေပြီး အနည်းငယ် အထီးကျန်ဆန်နေသည်ဟု မြင်ရလေသည်။
"အစကတော့၊ ကျောင်းနဲ့တိုင်ပင်ပြီး ထာဝရကို ပုံဆောင်တဲ့ ထင်းရှူးပင်ကိုရွေးချင်ခဲ့တာ..." ကောချန်းက သူ၏နှာခေါင်းကိုပွတ်သပ်လိုက်၏။ "ဒါပေမယ့် ကံမကောင်းစွာနဲ့၊ နွေရာသီပိတ်ရက်တုန်းက သူတို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို သေချာမလုပ်ခဲ့ကြဘူးလေ။ ခန္ဓာဗေဒအဆောက်အဦးအတွက် ဖော်မလင်ကန်ကို ပြန်ပြင်ဆောက်တုန်းက ကျောင်းပေါက်ဝက ထင်းရှုးပင်တော်တော်များများ ဖော်မလက်ဓာတ်ငွေ့ကြောင့် အပင်သေသွားတယ်။ တခြားအပင်တွေကလည်း အရင်အရှေ့ကအတန်းတွေက ယူပြီးသားဖြစ်နေတယ်..."
"ထပ်ခါထပ်ခါစဉ်းစားပြီးတော့မှ စာသင်ဆောင်နားက ပန်းပင်ကိုရွေးလိုက်တာ။ ငါတို့အတန်းဖော်တွေတော်တော်များများက အသင်းဝင်ဆေးရုံတွေမှာရှိနေကြပြီးတော့ အနာဂတ်မှာ စာသင်ဖို့သူတို့လာတဲ့အခါကျ တစ်ချက်လောက်ကြည့်လို့ရတာပေါ့..."
"သစ်ပင်က လှပနေတုန်းပါပဲ..." ကောချန်းက ခြောက်သွေ့နေသည့်သစ်ကိုင်းများနှင့် မလိုက်ဖက်သော"လှပသည်" ဟူသည့်စကားလုံးအား သုံးလာလေသည်။ သူက ထပ်ပြောလိုက်သေးသည်။
"နွေဦးကာလ ပန်းတွေပွင့်လာရင်တော့ လှလာမှာပါ..."
ကျန်းရွှိမှာ ထိုစကားကိုကြားသည့်အခါ ရှန့်ဖန်းယွိအား မသိလိုက်ဘာသာဖြင့် လှမ်းကြည့်မိသည်။
ကောချန်းပြောတာ မှားနေသည်။ ခေါင်ရမ်းပင်သည် နွေဦးတွင်ပန်းပွင့်မည်မဟုတ်ပေ၊ ဆောင်းဦးကာလအစောပိုင်းတွင်သာ ပန်းပွင့်ပေလိမ့်မည်။
အမှန်ဆိုလျှင် သူ့အနေဖြင့် ရုက္ခဗေဒအား တစ်ခါမျှမသင်ကြားဖူးသလို မည်သည့်ရာသီတွင်မည်သည့်ပန်းပွင့်သည်ကိုလည်း သူမမှတ်မိပါချေ။ အတွေ့ရများသည့်အပင်တချို့တလေကိုသာသိသည်။
သို့သော် ခေါင်ရမ်းပင်က ဆောင်းဦးတွင်ပန်းပွင့်သည်ကို သူမှတ်မိနေရသည့်အကြောင်းမှာ သူ ကောလိပ်သို့ ဝင်ခွင့်ရခါစအချိန်၊ ဝင်ခွင့်စာရင်းသွင်းပြီးသောအခါ သင်ကြားရေးအဆောက်အဦးနောက်ရှိ ပွင့်လန်းနေသော ခေါင်ရမ်းပန်းပွင့်များအတန်းလိုက်၏ ဆွဲဆောင်ခြင်းကို ခံရဖူးသောကြောင့်။
ကျောင်းဖွင့်ခါစအချိန်တွင် သင်ခန်းစာများမှာ များများစားစားမရှိသေးချေ။ ဖတ်မှတ်စရာစာအုပ်များလည်းမရှ်ိသေး။ ထို့ကြောင့် အထက်တန်းပြီးဆုံးကာစ ကျောင်းသားများက စွမ်းအင်များပြည့်ဝနေကာ အရာအားလုံးအား မြင်ချင်စိတ်ရှိနေလေသည်။
ကျန်းရွှိမှာ ဓာတ်ပုံပညာအား သဘောကျလေသည်။ လှပသည့်ခေါင်ရမ်းပန်းပင်ကို သူမြင်လိုက်သည့်အခါ အလိုလို ဓာတ်ပုံရိုက်ချင်လာမိသည်။ သို့သော် သူထောင့်များရွေးချယ်ပြီးသောအခါ အရပ်ရှည်ရှည်နှင့်ပုံရိပ်တစ်ခုက သူ၏မြင်ကွင်းထဲပေါ်လာလေသည်။
ခေါင်ရမ်းပန်းများက မီးကဲ့သို့ အနီရောင်အဆင်းနှင့် ဆေးတက္ကသို့လ် A အား မီးလောင်တိုက်သွင်းတော့မည်အလား အရောင်အသွေးတောက်ပလွန်းလှသည်။
လူငယ်လေးမှာ သွယ်လျသောအချိုးအစားရှိပြီး ခေါင်ရမ်းပင်အောက်၌ရပ်နေလေသည်။ သူက ကြည့်ကောင်းကာ မျက်စိပသာဒဖြစ်စေသည်၊ ပန်းပွင့်များ၏အရောင်အဆင်းနှင့်ယှဉ်သော်ငြား မလျော့ကျပေ။
ထို့နောက် လူငယ်လေးက ခေါင်းအားလှည့်လာကာ ကျန်းရွှိ၏ကင်မရာနှင့် မျက်နှာချင်းဆိုင်လာလေသည်။
"ကျန်းရွှိ.."
ထိုသူက ချက်ချင်းပင် သူ့အားမှတ်မိသွားတော့သည်။
ကျန်းရွှိလည်း အချိန်ခဏမျှကြောင်အသွားရပြီးမှ နာမည်တစ်ခုအား ဖြည်းညှင်းစွာရေရွတ်လိုက်မိသည်။ " ရှန့်ဖန်းယွိ..."
ရန်သူများတွေ့ဆုံသည့်အခါ သူတို့၏မျက်ဝန်းများက အမုန်းတရားတို့ဖြင့် နီရဲသွားရသည်။ ခေါင်ရမ်းပန်းပင်များက ဖန်ဆင်းထားသည့် အနုပညာလက်ရာမှာ ရုတ်ချည်းပင် ပျက်စီးသွားခဲ့သည်။ ကျန်းရွှိက သူ့ဖုန်းအား သိမ်းလိုက်ကာ ရှန့်ဖန်းယွိထံသို့လျှောက်လာခဲ့သည်။ သူ့အရှေ့ရှိလူက အင်တာနက်ကဖေး၌သူတွေ့ဆုံခဲ့ရသည့်လူဖြစ်ကြောင်း အထပ်ထပ်အခါခါအတည်ပြုပြီးသည့်အခါမှ သူက "မင်းဒီကို ဘာလာလုပ်တာလဲ..." ဟု ပြောချလိုက်သည်။
ရှန့်ဖန်းယွိမှာလည်း သိသိသာသာကိုပင် အကျောမခံနိုင်ပဲ ပြန်လည်အော်ဟစ်လိုက်လေသည်။
"ဘာလို့ငါက ဒီမှာ မရှိရမှာလဲ။ မင်းက ဘာတွေရိုက်နေတာတုန်း..."
သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်နေကြကာ ပြီးခဲ့သည့်နွေရာသီမှ ရန်ငြိုးရန်စများအား ပြန်လည်အမှတ်ရလာပြီး သစ်ပင်အောက်တွင် ရန်ဖြစ်ဖို့ကလွဲ မည်သည်ကိုမှ မလိုလားတော့ပေ။
"မင်း ဘယ်ဘာသာရပ်ကို ယူထားတာလဲ..."
ကျန်းရွှိမေးလိုက်သည်။
ရှန့်ဖန်းယွိက ခပ်တည်တည်ဖြင့် အမှုမထားစွာဖြေလာလေသည်။
"ဆေးဘက်ဆိုင်ရာပညာ၊ ရှစ်နှစ်..."
ဆေးဘက်ဆိုင်ရာဘာသာရပ်၊ ရှစ်နှစ်ကြာပရိုဂရမ်သည် ဆေးတက္ကသိုလ် A ၌ ဝင်ခွင့်အမြင့်ဆုံးသော ဘာသာရပ်တစ်ခုဖြစ်သည်။ ရှန့်ဖန်းယွိက ဤကျောင်းအားရွေးချယ်လိုက်သည့်အတွက် သူထိုဘာသာရပ်အားလျှောက်ထားသည်မှာ မဆန်းပေ။
ထိုအချိန်တွင် ကျန်းရွှိ သူ့ကိုယ်သူပြန်တွေးနေမိသည်။ 'သူက တကယ်ကြီး ဆေးပညာကိုလေ့လာတော့မလို့လား..."
တစ်ပြိုင်တည်းလိုလိုပင်၊ ရှန့်ဖန်းယွိစဉ်းစားနေသည့်အရာမှာ 'နွေရာသီတစ်ခုလုံးစောင့်ပြီး နောက်ဆုံးတော့ ငါက ပထမပဲဆိုတာ သူ့ကိုပြောနိုင်ခဲ့ပြီ..." ဟူ၍ဖြစ်သည်။
စဉ်းစားနေခြင်းက စကားပြောသည်ထက်ပို၍ ရှည်ကြာလေသည်။ အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် ကျန်းရွှိမှာ သွက်လက်လှကာ ရှန့်ဖန်းယွိ၏စကားလုံးများကိုကြားသည့်အခါ အထင်သေးသလို အရိပ်အယောင်များ ပေါ်လာလေသည်။
"ကောင်းပြီလေ၊ ရှန့်ဖန်းယွိ။ အခု ငါတို့က ဘာသာရပ်တူသွားပြီဆိုတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲက မင်းပထမရတဲ့ နောက်ဆုံးအကြိမ်ဖြစ်လာလိမ့်မယ်.." သူက အေးစက်စွာပင် ကြေငြာလိုက်သည်။
"ဘယ်သူ့က ဘယ်သူ့ကိုကြောက်နေလို့လဲ..." ရှန့်ဖန်းယွိကလည်း ပြန်ပက်လေသည်။ "တစ်ယောက်ယောက်က စာမေးပွဲမှာ ငါ့ထက်ညံ့ခဲ့လို့ သူ့မျက်နှာသူရိုက်မိပြီး ငိုနေရင်လည်း ငါဂရုမစိုက်ဘူးနော်..."
တစ်ယောက်နှင့်တစ်ယောက် သည်းမခံနိုင်သည့် ပြိုင်ဘက်နှစ်ဦးမှာ လမ်းခွဲလိုက်ကြလေသည်။ ဝမ်းဗိုက်အပြည့်ဒေါသများနှင့် တိုက်ခိုက်လိုစိတ်များနှင့် နှစ်ဦးစလုံး စာကြည့်တိုက်သို့ ချီတက်သွားခဲ့ကြလေသည်။
Dr Jiang - 65.2
ထိုနှစ်က သူတို့၏ ငယ်ငယ်ရွယ်ရွယ်တက်ကြွမှုအား သွေးနီရောင် ခေါင်ရမ်းပန်းပင်ကသာ မျက်မြင်တွေ့ခဲ့သည်။
ဆယ်နှစ်ကျော်ကြာသည့်အခါ ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ ဤသစ်ပင်အိုကြီးရှေ့၌ နောက်တကြိမ်ရပ်နေကြပြန်သည်။ သူတို့၏ ငယ်ရွယ်စဉ် မောက်မာမှုများနှင့် အကန့်အသတ်မဲ့မာနတရားတို့က အလွယ်တကူဖြတ်၍၊ ဖြေလွှတ်၍မရနိုင်သည့် နှောင်ကြိုးအား ချန်ထားခဲ့လေသည်။
အချိန်များကုန်ဆုံးသွားခြင်းက အင်မတန်လွမ်းဆွတ်စရာကောင်းသည့် ခံစားချက်တစ်မျိုးပင်။
ထင်ထားသလိုပင်၊ ကျန်းရွှိလှမ်းကြည့်လိုက်သည့်အခါ ရှန့်ဖန်းယွိက သစ်ပင်အောက်မှသူတို့၏တွေ့ဆုံမှုအား ထုတ်ပြောလာခဲ့သည်။
"အဲ့ဒီအချိန်တုန်းက ငါတို့ ဒီသစ်ပင်အောက်မှာ တွေ့ခဲ့ကြတာလေ.."
"မင်းက အရိုက်ခံရဖို့တန်တယ်..."
ကျန်းရွှိက တိုတိုတုတ်တုတ်ပင် မှတ်ချက်ချသည်။
ရှန့်ဖန်းယွိက "ဘယ်လိုဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ငါတို့ဒီသစ်ပင်အောက်မှာ ရန်ပွဲမဖြစ်ခဲ့ရတာလဲ..."
သူတို့၏ စကားပြောဆိုမှုက ကောချန်း၏နှလုံးခုန်နှုန်းအား ကမောက်ကမဖြစ်သွားစေသည်။ ကင်မရာမှာ ရိုက်ကူးလျက်ရှိနေရာ သူတို့နှစ်ယောက် ရန်ထဖြစ်၍မရပေ။ ကောချန်းမှာ အခမ်းအနားအားစီစဉ်သည့် ကျောင်းမှဝန်ထမ်းတစ်ယောက်လည်းဖြစ်နေရာ၊ ဤပြန်လည်တွေ့ဆုံပွဲ၌ သူတို့သာ ပြဿနာဖြစ်စေခဲ့ပါက သူအလုပ်ဖြုတ်ခံရမည်ပင်။
သို့နှင့် သူက ကျောက်ပြား၏ဗဟိုချက်အား တစ်စင်တီမီတာသော်မျှ မတိမ်းစောင်းစေရပဲ သူတို့နှစ်ဦး၏ခန္ဓာကိုယ်ကြား ချိန်ညှိကာ အလျင်အမြန်ပင် ပြင်ဆင်ထားသည့်ကျောက်ပြားအား သူတို့နှစ်ဦးထံသို့ ကမ်းပေးလိုက်သည်။
အခမ်းအနားအားရိုက်ကူးရန် အဆင်သင့်ဖြစ်နေသည့်ကျောင်းသားများက သူတို့၏ကင်မရာများအား ချိန်ညှိလိုက်ကြသည်။ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့ အကြည့်ချင်းဖလှယ်လိုက်ကာ သူတို့၏ ဘာသာရပ်နှင့် ဘွဲ့ယူသည့်ခုနှစ်အားရေးထွင်းထားသည့် အနီရောင်တောက်ပနေသည့်ကျောက်ပြားအား ခေါင်ရမ်းပင်၏အကိုင်းအခက်များထံ ချိတ်ဆွဲလိုက်လေသည်။ လွန်ခဲ့သည့်နှစ်များက ဘွဲ့ရသွားခဲ့သည့်ကျောင်းသားများ ပြန်လည်စုစည်းနေကြသဖြင့် မိုးခြိမ်းသံကဲ့သို့လက်ခုပ်တီးသံများ လေထဲတွင်ပျံ့နှံ့သွားလေသည်။ အများစုမှာ သူတို့၏မအာင်မြင်မှုများအား "အိမ်" သို့ပြန်လည်ယူဆောင်လာနိုင်သဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ခံစားကြရသည်။
ကောချန်း၏လက်ခုပ်သံမှာ နှစ်ထောင်းအားရပင်ရှိလှသည်။ အကြောင်းမှာ သူတို့နှစ်ယောက်က ယခုထိ စတင်ရန်မဖြစ်သေး၍ပင်။
ထို့အတွက်ကြောင့် ကျောက်ပြားချိတ်ဆွဲခြင်းအခမ်းအနားပြီးဆုံးသွားသည်နှင့် သူက အလျင်အမြန်ပင် ထိုသူနှစ်ယောက်အား ခွဲခွာလိုက်ကြသည်။
စားသောက်ပွဲမှာ နေ့လည်ရောက်သည့်အခါမှ စတင်သည့်အတွက် ကျန်းရွှိ သည် သူ့သူငယ်ချင်းများ၏ စကားဝိုင်းလေးထဲမှ ခဏထွက်လာကာ ရှန့်ဖန်းယွိအား လှမ်းကြည့်လိုက်သည်။ ရှန့်ဖန်းယွိမှာ အစားအသောက်ပုံထဲတွင် ခေါင်းငုံ့ကာစားသောက်နေသည့်အုပ်စုမှ ကွဲထွက်နေလေသည်။ ထိုအစား၊ သူက ခေါင်းဆောင်များနှင့် ယုံကြည်ချက်ရှိရှိရောနှောကာ သူ၏ အဝတ်အစားနှင့်ဆံပင်တို့မှလည်း ကြည်နူးဖွယ်ရနံ့ သင်းသင်းက မွှေးပျံ့နေလေသည်။ ရှန့်ဖန်းယွိမှာ မျက်နှာတွင် အင်မတန်မှ သင့်လျော်လှသည့်အပြုံးတစ်ခုအားချိတ်ဆွဲထားကာ
ဝိုင်တစ်ခွက်အားကိုင်ထားလေသည်။
အချို့လူများက ရှန့်ဖန်းယွိအား မြှောက်ပင့်နေကြပြီး အချို့လူများက အာဏာရှိသည့်သူများအား မြှောက်ပင့်နေကြသည်။ စားသောက်ခန်းမတစ်ခုလုံးမှာ ချီးမွမ်းစကားများနှင့် ဟန်ဆောင်ရယ်မောသံများ ပြည့်နှက်နေကာ အတော်လှမ်းလှမ်းရှိစားပွဲများကပင် အတိုင်းသားကြားနေရသည်။ အကြောင်းပြချက်အချို့ကြောင့် ကျန်းရွိမှာ ငြီးငွေ့ဖွယ်ကောင်းလှသည်ဟု ခံစားရသည်။
ကျန်းရွှိ၏ သူငယ်ချင်းကောင်းအများစုက သူ၏စားပွဲတွင် ထိုင်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောနေကြသည်။ များသောအားဖြင့် ဆေးရုံမှ လူနာများအကြောင်းပင်။ အစပိုင်းတွင် သူတို့က ဟွမ်းပင်းလာမထိုင်ခင် အချိန်အထိ သူတို့ဘာသာပျော်မွေ့နေကြသည်။ ထိုသူ၏တည်ရှိမှုက စားပွဲမှ သဟဇာတဖြစ်နေမှုအား ရုတ်ချည်းလျော့ကျသွားစေသည်။ ရှန့်ဖန်းယွိနှင့်ဟွမ်းပင်းတို့နှစ်ယောက်လုံး အဆက်အသွယ်များပြားစေရန် ပြုလုပ်နေကြသော်လည်း ရှန့်ဖန်းယွိ၏စားပွဲဝိုင်းမှာ စကားပြောဆိုမှုများ၊ ရယ်မောသံများနှင့် ပြည့်နှက်နေလေသည်။ ဟွမ်းပင်းမှာတော့ ကြိုဆိုမခံရသည့်ပုံပေါက်သည့်အပြင် သူ့ပါးစပ်အားဖွင့်လိုက်သည်နှင့် သူ့ကုမ္ပဏီမှ ဆေးဝါးများကိုသာ ကြော်ငြာတော့၏။
ကျန်းရွှိက ဟွန်းပင်းထံမှ အကြည့်လွှဲကာ တခြားနေရာသို့ ကြည့်လိုက်သည်။ တစ်ဖက်တွင် ယခုကဲ့သို့အခြေအနေမျိုးအား သူသဘောမကျ၍ဖြစ်ပြီး အခြားတစ်ဖက်တွင် ဟွမ်းပင်းနှင့် စကားများများစားစားမပြောချင်၍ဖြစ်သည်။ ယန်ရွေ့၏ခန္ဓာကိုယ်မှာ ကြီးကြီးမားမားထိခိုက်သွားခြင်းမရှိသော်ငြား ဟွမ်းပင်းက သူမ၏ခံစားချက်များအား လှည့်ဖြားခဲ့သည်။
ပြတင်းပေါက်အပြင်ကိုကြည့်နေရင်း ကျန်းရွှိမှာ အေးစက်စက်လေများကြား ခေါင်ရမ်းပင်မှာ ယိမ်းထိုးနေပြီး အနီရောင်ကျောက်ပြားမှာလည်း လေနှင့်အတူ ယိမ်းနေကြောင်းတွေ့လိုက်ရသည်။
သူ၏စိတ်မပျော်ရွှင်နေသည်ကို ရိပ်မိသွား၍ထင်၊ ရှောင်ရှောင်းက ရုတ်တရက်လှုပ်ရှားလာပြီး ကျန်းရွှိက မသိလိုက်ပါပဲ အောက်သို့ငုံ့ကြည့်လိုက်မိသည်။
ထိုအပြုအမူအား ဝမ်းကျွင်းကတွေ့ရှိသွားကာ သူကစနောက်လာလေသည်။
"မင်းကရော ဝလာတာလားလို့ ကိုယ့်ဘာသာကိုယ်ပြန်ဆန်းစစ်နေတာလား။"
သူတို့မှာ သူတို့အုပ်စုရှိဆရာဝန်အတော်များများက သူတို့၏ပုံမှန်မဟုတ်သည့်အချိန်ဇယားနှင့် အစာစားချိန်အားကျော်သွားလေ့ရှိသည့်အတွက် မည်ကဲ့သို့ "တိုးမြင့်မှုသုံးခု" (သွေးတိုး၊ သွေးတွင်းသကြားဓာတ်တိုး၊ သွေးတိုးအဆီတိုး) အား ကြုံတွေ့နေရကြောင်း ဆွေးနွေးနေကြလေသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင်ပင် မသိလိုက်ချိန်၌ သူတို့မှာ ဝိတ်တက်လာပြီ။
"အိုး.. ပြောမနေပါနဲ့။" ဝမ်ကျွင်းက လှမ်းကြည့်လိုက်ကာပြောလာလေသည်။ "မင်းတစ်ကယ်ကြီး ဝိတ်နည်းနည်းတက်လာတာပဲ.."
ဆောင်းရာသီဖြစ်သဖြင့် ကျန်းရွှိမှာ အဝတ်အထပ်ထပ်များဝတ်ဆင်ထားလေသည်။ သူ၏လျော့ရဲကျနေသည့်ကုတ်အင်္ကျီမှာ စူထွက်နေသည့်သူ၏ဗိုက်အား ဖုံးကွယ်ထားပေးသည့်အတွက် သူဝိတ်တက်လာသည်အား သတိမထားမိစေပေ။ သို့သော် အမှန်ကိုပင် သူဝိတ်အနည်းငယ်တက်လာဟန်ပေါ်သည်။
ထန်ခယ်က သူ့အားဖုံးပေးရန်ကြိုးစားလိုက်သော်လည်း ဟွမ်းပင်းက ရုတ်တရက်ပင် လက်သီးပုန်းထိုးသည့်စကားအားပြောလိုက်လေသည်။
"ဘယ်လိုလုပ် ကျန်းရွိက ဝလာရမှာလဲ။ သူက အမြဲတမ်းသူတစ်ပါးရဲ့ကိစ္စထဲဝင်ပါပြီး တခြားလူတွေရဲ့ကောင်မလေးကို ဆွဲဆောင်ဖို့ကြိုးစားနေတာလေ။ ဝလာဖို့ဆိုရင်တော့ သူက တော်တော်လေး အတ္တကြီးတာပဲ..."
ကျန်းရွှိ သူ့ခေါင်းအားထိန်းကိုင်ထားသည့်လက်အားလွှတ်ကာ ဟွမ်းပင်းအား ပါးနပ်စွာဖြင့် ကြည့်လိုက်သည်။
ဟွမ်းပင်း၏အကျင့်စရိုက်အရ ရှန့်ဖန်းယွိ၏စားပွဲအားမသွားပဲ သူတို့၏စားပွဲသို့လာနေခြင်းကို ကျန်းရွှိ အစပိုင်း၌ အံ့ဩခဲ့မိသေးသည်။ အခုတော့ အကြောင်းပြချက်ကို သူနားလည်လိုက်လေပြီ။
ယန်ရွေ့က သူတို့၏ chat box အား ဖျက်လိုက်ပြီဟု အခိုင်အမာပြောလာသော်လည်း ဟွမ်းပင်းက သူ့အနေနှင့်သူမအား တစ်စုံတစ်ရာပြောလိုက်သည်ဟု သံသယဝင်နေသည်မှာ မထူးဆန်းပေ။
အကယ်၍ ဟွမ်းပင်းသာ ထိုနေ့က အခြားမည်သူ့ကိုမျှထပ်၍မဆက်သွယ်ပါက သူက အဓိကလက်သည်တရားခံပင်ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ သူကသာ ယန်ရွေ့အားဆက်သွယ်ရန်အချက်အလက်များရခဲ့သည့်တစ်ဦးတည်းသောလူဖြစ်သွားခဲ့ခြင်းကြောင့်ပင်။
ထန်ခယ်မှာ နောက်ဆုတ်လိုက်ရသည်။
"မင်းဘာတွေပြောနေတာတုန်း။ ဘယ်က ကောင်မလေးလဲ..."
ဟွမ်းပင်းက လှောင်ရယ်လိုက်သည်။
"သိပ်မကြာခင်တုန်းက၊ ငါ့ကောင်မလေးက အကူအညီနည်းနည်းလိုနေလို့ ငါက ကျန်းရွှိကို လမ်းညွှန်ပေးဖို့ မေးလိုက်တာ။ ငါ သူ့ရဲ့ WeChat ကိုသူ့ကိုပေးလိုက်တာ။ မကြာပါဘူး။ သူက ငါနဲ့လမ်းခွဲဖို့ပြောလာတယ်လေ။ ကျန်းရွှိ ၊ ငါ မင်းဝင်ပြီးမနှောင့်ယှက်ဘူးဆိုတာကို ငါမယုံဘူး။"
သူက စားပွဲ၌ရှိသည့် လူများ၏ အံ့အားသင့်နေသည့်မျက်နှာများကိုကြည့်ကာ ကျန်းရွိဘက်သို့ပြန်လှည့်၍ပြောလာသည်။
"ငါနားမလည်ဘူး ကျန်းရွှိ၊ မင်းရဲ့အခြေအနေနဲ့ ချစ်သူကောင်မလေးရှာဖို့ မခဲယဉ်းပါဘူး။ ဘာဖြစ်လို့ ငါ့ကောင်မလေးကို လာလုရတာလဲ။ ဒါမှမဟုတ် မင်း တခြားလူတွေရဲ့ဆက်ဆံရေးကို လိုက်ပြီးဖျက်စီးရတာကို သဘောကျတာလား။ အဲ့ဒါကြောင့်မင်းမှာအခုထိ တွဲနေတဲ့သူတစ်ယောက်မှမရှိတာလား..."
ထိုမှတ်ချက်ထဲတွင် သတင်းများစွာပါဝင်လွန်းလှသည်။ သို့အတွက် ဘေးမှကြည့်နေသည့်လူများမှာ ရယ်သွမ်းသွေးချင်သည့်ပုံများပေါ်လာကာ အားလုံးကတစ်ညီတည်းပင် ကျန်းရွှိအားလှမ်းကြည့်လိုက်လေသည်။
ကျန်းရွှိ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်ကိုမျှမတွေ့ရပေ။ ဟွမ်းပင်း၏စကားဆုံးသွားသည်အခါ သူက ဂရုမစိုက်စွာပင် သူ့အားကြည့်လိုက်ပြီး သူတို့ကြားထဲတွင်ရှိနေသည့် ထန်ခယ်အား ပြောလိုက်သည်။
"ဒီကိစ္စ ငါ ရှင်းလိုက်မယ်..."
ထန်ခယ်မှာ ဟွမ်းပင်း၏နားလည်ရခက်သည့်စကားများကြောင့် ဒေါသထွက်နေပြီဖြစ်သည်။ ဘာဖြစ်နေသည်ကို နားမလည်သော်လည်း သူမတ်တပ်ထရပ်ပေးလိုက်သည်။
မမျှော်လင့်ထားစွာပင်၊ သူမတ်တပ်ထရပ်လိုက်သည်နှင့် ကျန်းရွှိ သူ့ခုံတွင်ထိုင်ကာဟွမ်းပင်း၏ခုံအား ဆောင့်ကန်လိုက်လေသည်။