🧑⚕️Chapter 84
ဘမ်းခနဲအသံနှင့်အတူ ဟွမ်းပင်း သူ၏ခုံမှ ကြမ်းပေါ်သို့ တင်ပါးနှင့် ပြုတ်ကျသွားခဲ့ရာ စိတ်ဝင်တစားကြည့်ရှုနေကြသူများမှာ မအောင့်နိုင်ဘဲ အော်ရယ်မိကြသည်။
" ချီးပဲ…" ဟွမ်းပင်း သူ၏မျက်နှာကိုသုတ်ကာ ထရပ်လိုက်ပြီးနောက် ကျန်းရွှိ၏နှာခေါင်းကို ဒေါသတကြီးလက်ညှိုးထိုးကာ " မင်းဘာလိုချင်နေတာလဲ…"
ကျန်းရွှိ သူ၏လှုပ်ရှားမှုကြောင့် အနည်းငယ်နေရာရွေ့သွားသည့် သူ၏ကုတ်အင်္ကျီကို ပြန်လည်ပြင်ဆင်ကာ ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်ပြီး ဟွမ်းပင်း၏အကြည့်နှင့်ရင်ဆိုင်လိုက်သည်။
" မင်းလုပ်ခဲ့သမျှအားလုံးကို ပြောပြစေချင်တယ်ဆိုတာ သေချာရဲ့လား…"
ကျယ်ဝန်းပြီး ဆူညံနေသည့် ခန်းမကြီးထဲတွင် စကားသံများ လျင်မြန်စွာ ပျံ့နှံ့သွားကာ အထုပ်ဖြေနေသည်ကို ကြည့်ရှုနေသည့်သူများက ပို၍များပြားလာခဲ့သည်။
စကားပြောနေသည့်လူအုပ်ကြီးမှာ ရုတ်တရက်တိတ်ဆိတ်သွားသောကြောင့် ကောချန်း အလျင်အမြန်ပြေးလာစုံစမ်းရသည်။
" ဒီမှာဘာတွေဖြစ်နေတာလဲ… ခုနကဆူဆူညံညံအသံကကော ဘာဖြစ်တာလဲ…"
မျက်လုံးများသူ့ထံသို့ကျရောက်လာသောကြောင့် ဟွမ်းပင်းစတင်၍ ပုတ်ခတ်ရန်ပြင်ဆင်လိုက်သော်လည်း သူ၏ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ရုတ်တရက်တစုံတယောက်မှ သူ၏ပုခုံးကိုပုတ်လာသည်။
" သူမင်းကိုကန်လိုက်တာလား…" ရှန့်ဖန်းယွိ ကျန်းရွှိကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
ဟွမ်းပင်း ရှန့်ဖန်းယွိ၏ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် ထိတ်လန့်သွားမိသော်လည်း လျင်မြန်စွာဖြင့် ရှန့်ဖန်းယွိနှင့်ကျန်းရွှိတို့မှာ ခါးသီးသောရန်ဘက်များဖြစ်ကြောင်းကို အမှတ်ရသွားသည်။ ဒီလိုဆို ရှန့်ဖန်းယွိက သူ့ကိုလာကူတာများလား….
ရှန့်ဖန်းယွိမှာ ယန်ရွေ့နှင့်ပတ်သက်၍ သူ့ကိုကြိမ်းမောင်းခဲ့ဖူးသော်လည်း ရန်သူ၏ရန်သူမှာ သူငယ်ချင်းသာဖြစ်ကာ ရှန့်ဖန်းယွိထံတွင် သူမ၏အဆက်အသွယ်လည်းမရှိသောကြောင့် ယန်ရွေ့၏နှလုံးသားပြောင်းလဲသွားရခြင်းမှာ ရှန့်ဖန်းယွိကြောင့် မဖြစ်နိုင်ပေ။ ဤသည်ကို သဘောပေါက်သွားသောကြောင့် ဟွမ်းပင်း၏အပြုံးမှာပို၍ကျယ်ပြန့်လာခဲ့သည်။
" ဖန်းယွိ မင်းကဒီကိုတရားမျှတယူပေးဖို့ရောက်နေတာမလား…ငါပြောပြမယ် ကျန်းရွှိကမကောင်းတဲ့ကောင်ပဲ…သူကငါ့ကောင်မလေးကို ငါနဲ့လမ်းခွဲစေချင်နေတာ…"
ရှန့်ဖန်းယွိမှ အိုး ခနဲအသံပေးလိုက်ပြီးနောက် ပြောလာခဲ့သည်။
" ဒီလိုအသေးအဖွဲ့လေးအတွက် စိတ်တိုနေစရာမလိုပါဘူး… မင်းအခြေအနေကို နောက်မှကိုင်တွယ်လိုက်ပေါ့…ဒါရိုက်တာလျို့နဲ့ငါက ဆေးအသစ်အကြောင်းဆွေးနွေးနေတာကွာ…" ပြောရင်းမှ အနီးနားရှိစတိုခန်းသို့ ညွှန်ပြလိုက်ပြီး " လာပါ ငါနဲ့လိုက်ပြီး ဟိုမှာဆက်ပြောပါလား…"
အလုပ်ကိစ္စအကြောင်းကြားလိုက်ရချိန်၌ ဟွမ်းပင်း၏မျက်လုံးများတောက်ပလာခဲ့သည်။ သို့သော်လည်း ကျန်းရွှိကိုစိတ်တိုနေဆဲဖြစ်သည်ကို သတိရမိသွားသောကြောင့် ရပ်တန့်သွားခဲ့သည်။ သူတုန့်ဆိုင်းနေချိန်တွင် ရှန့်ဖန်းယွိမှ သူ၏လည်ပင်းကိုသိုင်းဖက်ကာ လက်ရှိရောက်နေရာမှအဝေးသို့ခေါ်သွားခဲ့သည်။
အချို့သောသူများမှာ စိတ်သက်သာရာရသွားပြီး အချို့မှာ မကျေမနပ်ဖြစ်နေရကာ အချို့မှာမူ ကျန်းရွှိထံမှ ပို၍သိချင်နေကြသည်။
မည်သို့ပင်ဖြစ်စေ ကျန်းရွှိမှာမူ ရှန့်ဖန်းယွိ ပေါ်လာစဉ်ကတည်းက ဟွမ်းပင်းကို တစ်ချက်ပင်မကြည့်တော့ဘဲ ခေါင်းကိုငုံ့၍အစားသာစားနေခဲ့သည်။
ထို့ကြောင့် လူအုပ်ကြီးသည်လည်း သူတို့၏သိချင်စိတ်များကို လျော့ချလိုက်ရကာ တီးတိုးသာပြောလိုက်ကြသည်။
" ဟွမ်းပင်းပြောတာတော့ ကျန်းရွှိကသူ့ကောင်မလေးကိုခိုးချင်တာတဲ့…မဖြစ်နိုင်တာကြီးနော်…"
တစ်စုံတစ်ယောက်မှလည်း မှတ်ချက်ဝင်ပေးလာသည်။ " ရှန့်ဖန်းယွိနဲ့ကျန်းရွှိတို့က နှစ်ပေါင်းများစွာကြာအောင် ဆိုးရွားတဲ့ဆက်ဆံရေးရှိခဲ့ကြတာ…အခုဟွမ်းပင်းနဲ့ကျန်းရွှိစကားများနေတဲ့အချိန်ကြီးကို သူကစီးပွားရေးအကြောင်းထပြောလာတယ်ဆိုတော့ အခုလုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားကြပြီဆိုတော့ သူတို့လည်းစစ်ပြေငြိမ်းသွားပြီထင်တယ်နော်…."
" ဟေး သူတို့ကကျောင်းစတက်တည်းက ဆိုးရွားတဲ့ဆက်ဆံရေးရှိခဲ့ကြတာကို အခုမှလာပြီးအဆင်ပြေသွားကြမယ်လို့ မင်းမျှော်လင့်နေတာလား…သူတို့တစ်ယောက်ကို တစ်ယောက်ဆွဲဖြဲနေမှသာ ပုံမှန်ဖြစ်တာဟ…"
" ကျန်းချန်လည်း ကျီဟွားရဲ့သားဖွားမီးယပ်ဌာနကို ဝင်ခဲ့တာပဲလေ…" တီးမိခေါက်မိရှိသူတစ်ဦးမှထပြောလာသည်။ " ငါကြားခဲ့တာတော့ သူတို့ကြားထဲက ကတောက်တဆက အလုပ်မဝင်ခင်အချိန်တုန်းကထက်တောင် ပိုပြီးနက်ရှိုင်းလာခဲ့တာတဲ့…သူတို့ကောင်မလေးတစ်ယောက်အတွက်နဲ့တောင် ရန်ဖြစ်ခဲ့ကြသေးတယ်…ဖြစ်နိုင်တာတော့ သူတို့တစ်ယောက်ကိုတစ်ယောက်မုန်းနေကြသေးပေမဲ့ ဒါရိုက်တာကထိန်းချုပ်ထားတာကြောင့်သာ အပေါ်ယံငြိမ်းချမ်းရေးယူထားတာနေမှာ…"
သူတို့၏ပြိုင်ဆိုင်ချင်စိတ်ကြောင့် လွှမ်းမိုးခံလိုက်ရသည့်တတိယလူမှာ လက်လျော့သွားပြီး သူတို့နှစ်ဖွဲ့တွင်းပြိုင်ဆိုင်မှုပြေလည်သွားရန်ပင် ဆန္ဒပြုမိကာ တိတ်တဆိတ်မှတ်ချက်ချမိခဲ့သည်။ " သူတို့နှစ်ယောက်လုံးက အနိုင်လိုချင်စိတ်တွေများလွန်းလို့ သူတို့ကိုယ်သူတို့ကလွဲရင် တခြားသူတွေကို မမြင်နိုင်ကြတာ မယုံနိုင်စရာပဲ…"
ကျန်းရွှိစကားလုံးတိုင်းကို နားထောင်နေပြီး သူ၏ပါးစပ်ကိုတစ်ရှုးဖြင့်သုတ်၍ ထရပ်ကာ အမူအယာကင်းမဲ့စွာဖြင့် ရှန့်ဖန်းယွိပျောက်ကွယ်သွားသည့်ဘက်သို့ လျှောက်သွားလိုက်သည်။
" စားလို့ပြီးသွားပြီလား…" ဝမ်ကျွင်း ကျန်းရွှိ၏အင်္ကျီလက်ကို ကပျာကယာလှမ်းဆွဲလိုက်ပြီး " ရှန့်ဖန်းယွိနဲ့ဟွမ်းပင်းလိုလူတွေကြောင့် စိတ်မညစ်ပါနဲ့ကွာ… ဘာကအရေးကြီးလို့လဲ..မင်းကိုယ်မင်းဂရုစိုက်ပြီးတော့ ဗိုက်ဝအောင်စားဖို့ကအဓိကပဲ…"
ကျန်းရွှိ လက်ယမ်းပြလိုက်သော်လည်း သူ၏ခြေလှမ်းများမှာ မရပ်သွားခဲ့ပေ။
သူသာမသွားပါက ရှန့်ဖန်းယွိ ဟွမ်းပင်းကိုသတ်ပစ်မိမည်အား သူကြောက်ရွံ့နေမိသည်။
စတိုခန်းထဲတွင် ဟွမ်းပင်းမှာ အကြောသေလုမတတ်ပင်ဖြစ်နေရကာ သူ၏မျက်လုံးထဲတွင် နာကျင်မှုများသာပြည့်နေခဲ့သည်။ သူ၏ပုံစံမှာ သေမလိုဖြစ်နေခဲ့ပြီး အသက်ကိုခက်ခက်ခဲခဲရှုနေရကာ " ချီးလိုပဲ မင်း… ငါရဲခေါ်လိုက်မှာ မကြောက်ဘူးလား…"
" ရဲခေါ်မှာလား…" ရှန့်ဖန်းယွိ ပြတင်းပေါက်နားတွင် ပြုံးလျက်ရပ်နေပြီး " ငါမင်းကိုရိုက်ဖို့ ဘယ်သူနဲ့မှ အဖွဲ့မလုပ်ထားဘူးလေ…ပြီးရင် အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တာလည်းမဟုတ်… နောက်ပြီး မင်းကမသန်မစွမ်းမို့လား… ကိုယ်ဝန်သည်လား…ဆယ့်လေးနှစ်အောက်မလို့လား…"
" ရှန့်ဖန်းယွိ.." ဟွမ်းပင်းခေါင်းမာစွာ ပြောလိုက်သည်။
" ရန်ဖြစ်တာနဲ့ အသေးစားထိခိုက်မှုတွေကလည်း အချုပ်ကျနိုင်တယ်ဆိုတာ မမေ့လိုက်နဲ့…"
" မင်းလည်းဆေးကျောင်းသားပဲလေ… ဘယ်နားကိုထိုးရင် အနာကျင်ဆုံးနဲ့ ထိခိုက်မှုမရဆုံးဆိုတာ သိနေတာပဲဟာ…" ရှန့်ဖန်းယွိ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည် " ဒါပေမယ့်ကြည့်ရတာ မင်းသေချာမတွေးနိုင်ပုံပဲ… ခန္ဓာဗေဒအတန်းတုန်းက ကောင်းကောင်းစာလိုက်မလုပ်ခဲ့ဘူးထင်တယ်နော်…"
ရှန့်ဖန်းယွိ သူ၏နာရီကို ပြန်လည်ဝတ်ဆင်လိုက်ပြီး " မင်းဒုက္ခရောက်မှာမကြောက်ရင် အသေးစားထိခိုက်မှုတွေအတွက် သွားတိုင်ပြီး စစ်ဆေးကြည့်လိုက်လေ…မင်းသာတကယ်ရှာတွေ့နိုင်မယ်ဆိုရင် ငါ့ဆေးကုသခွင့်လိုင်စင်ကိုတောင် ဖြဲပစ်လိုက်ဦးမယ်…"
" မင်း...."
" ဟွမ်းပင်း.." ရှန့်ဖန်းယွိ ရုတ်တရက် ငုတ်တုတ်ထိုင်ကာ ဟွမ်းပင်းကို မျက်လုံးချင်းဆုံစေလိုက်သည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသည့်နေရောင်မှာ သူ၏အရိပ်ကို ပို၍ရှည်လျားနေဟန်ပေါ်စေခဲ့ကာ " ဒီနေ့ညမတိုင်ခင် ကျောင်းအဖွဲ့ထဲမှာ မင်းရဲ့ဖြေရှင်းချက်ကို ငါမြင်ချင်တယ်…ပြီးတော့ မင်းသာကျန်းရွှိနဲ့ပတ်သက်ပြီး ကောလဟလတွေထပ်ဖြန့်ရဲလို့ကတော့…ဘာတွေဖြစ်လာမလဲဆိုတာ မင်းသိပြီးသားပါကွာ…"
ရှန့်ဖန်းယွိမှာ ပြုံးနေခဲ့သော်လည်း ဟွမ်းပင်း ရုတ်တရက်မလွယ်ကူသလိုခံစားလိုက်ရသည်။
" မင်းရဲ့ကုမ္ပဏီမှာဆေးဝါးကိုယ်စားလှယ်တွေအများကြီးရှိတာပဲဟာ မင်းတစ်ယောက်ထဲမဟုတ်ပါဘူး…" ရှန့်ဖန်းယွိ ဖြည်းဖြည်းချင်းပြောလိုက်သည်။
" ငါမင်းအလုပ်ဆက်မလုပ်နိုင်တော့တဲ့အထိ မင်းရဲ့ဖောက်သည်တွေကို တစ်ယောက်ချင်းစီဆက်သွယ်ပြမယ်…"
တံခါးမှာ ရုတ်တရက်ပွင့်ဟသွားပြီး ရှန့်ဖန်းယွိ၏နောက်ဆုံးစကားမှာ ဟွမ်းပင်း၏နားထဲဝင်ရောက်သွားသည်။
" ရှန့်ဖန်းယွိ…"
ကျန်းရွှိတင်းမာသောမျက်နှာဖြင့် ရှန့်ဖန်းယွိဆီသို့ လျှောက်သွားကာ သူ၏လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။
ရှန့်ဖန်းယွိ၏ရန်လိုနေမှုမှာ ချက်ချင်းဆိုစလို ပျောက်ကွယ်သွားပြီး အမြန်ထရပ်ကာ စတင်ချော့မော့လိုက်သည်။
" မင်းဘာလို့ဒီရောက်နေတာလဲ… စားလို့ကောပြီးပြီလား…ဟေး ဟေး ဖြည်းဖြည်းလုပ်ပါ ငါ့လက်နာတယ်ဟ…"
ကျန်းရွှိမှာ တိတ်ဆိတ်နေမြဲဖြစ်ကာ ရှန့်ဖန်းယွိ၏လက်ကောက်ဝတ်ကိုကိုင်၍ နေရာမှဆွဲထုတ်သွားခဲ့သည်။ ယခုပင် ဆွေးနွေးကြသောအတန်းဖော်များမှာ တိတ်ဆိတ်သွားရကာ သူတို့နှစ်ဦးကို အံ့ဩတကြီးကြည့်နေကြသည်။
" သူတို့ရန်ဖြစ်ကြတော့မလို့လား…."
" သူတို့ကိုကြည့်ရတာ ရန်ဖြစ်မဲ့ပုံမပေါ်သလိုပဲ…"
" ဒါပေမယ့် ကျန်းရွှိက အရမ်းစိတ်တိုနေပုံပဲနော်…"
" ရှန့်ဖန်းယွိကတော့ ချော့နေရတဲ့ပုံပဲဟ…"
" ချော့ရပုံတင်မဟုတ်ဘူး တကယ်ကြီးချော့နေရတာဟ… သူကျန်းရွှိကိုတောင်းပန်နေတာ ငါကြားခဲ့တယ်…"
" ဘုရားရေ ငါတော့ကန်းသွားပြီပဲ…"
" သောက်ကျိူးနည်း…" ယခုပင် သူတို့အချင်းချင်းမုန်းနေကြမည်ဟု ပြောမိခဲ့သည့်သူမှာ သူ၏မျက်လုံးများကိုပွတ်လိုက်ပြီး " ဘယ်တုန်းကဒီနှစ်ယောက်က လက်ကိုင်ထားကြတဲ့အထိ ဆက်ဆံရေးတိုးတက်သွားတာလဲ…"
ထိုစဉ် အဖြစ်အပျက်ကိုမျက်မြင်တွေ့လိုက်ရသည့်လူများမှာ ရင်ဘတ်ကိုသာကိုင်ထားလိုက်ရပြီး လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ကာ သူတို့၏ရှော့ခ်ရနေမှုများကို ဖြေဖျောက်လိုက်ရသည်။ သူတို့မနေနိုင်ဘဲ သူတို့ကိုယ်တိုင်သာကြားနိုင်သည့်အသံတိုးတိုးဖြင့် ရေရွတ်မိကြသေးသည်။ " ငါအခုပဲ မဖြစ်နိုင်လောက်တဲ့အရာတစ်ခုကို တွေးမိသွားတာ ဒါကြီးက အမှန်မဖြစ်လာပါစေနဲ့လို့ပဲ မျှော်လင့်မိပါတယ်…"
လူတိုင်းမှာ သတိမမူမိအောင် မေးခွန်းထုတ်နေမိကြသော်လည်း ကျန်းရွှိမှာမူ ပေါက်ကွဲလုမတတ်ပင် ဒေါသထွက်နေပြီဖြစ်သည်။
ကျန်းရွှိ အောက်ထပ်မှာကားပါကင်စီသို့ တိုက်ရိုက်လျှောက်သွားကာ ရှန့်ဖန်းယွိကို ကားထဲပစ်ထည့်လိုက်ပြီး တံခါးကိုပိတ်၍ ပေါက်ကွဲပစ်လိုက်သည်။ " ရှန့်ဖန်းယွိ မင်းအလုပ်ကိုလိုချင်သေးရဲ့လား…"
" မင်းတစ်ယောက်ပဲအသံသွင်းတတ်တယ် ထင်နေတာလား…တကယ်လို့သာ ဟွမ်းပင်းကမင်းပြောတာတွေကို အသံသွင်းထားခဲ့ရင် မင်းကို အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်တယ်ဆိုပြီး တရားစွဲလိုက်လို့ရတယ်ကွ…မင်းသိကောသိရဲ့လား…"
" သားဖွားမီးယပ်ဌာနရဲ့ လက်ထောက်ပါရဂူက ဆေးဝါးအဖွဲ့ကိုခြိမ်းခြောက်ပြီး ဈေးကွက်ဖျက်ခဲ့တယ်လို့ သတင်းခေါင်းကြီးပိုင်းမှာ ပါချင်နေတာလား…"
" ကျန်းရွှိ…. စိတ်မတိုပါနဲ့နော်…" ရှန့်ဖန်းယွိ ဂရုတစိုက် ကျန်းရွှိ၏ဆံပင်ကို ပွတ်သပ်လိုက်ကာ " ငါမှားသွားပါတယ်… ကောင်းပြီ ငါထပ်မလုပ်တော့ဘူးနော်…သူ့ရဲ့ပေါက်ကရတွေကြားပြီး ဒေါသထွက်မိသွားလို့ပါ… ငါထပ်ပြီးသည်းမခံနိုင်တော့လို့…"
ကျန်းရွှိ သူ၏မျက်ခုံးကိုနှိပ်ကာ " ငါမင်းကိုစိတ်လျှော့ဖို့ပြောထားတာကစိတ်လျှော့တာလား…"
" ငါတကယ်တောင်းပန်ပါတယ်နော်…ငါ တည်ငြိမ်ခြင်းဆိုတဲ့စကားလုံးကို ပရင့်ထုတ်ပြီး ရုံးမှာကပ်ထားပါ့မယ်… ဟုတ်ပြီလား…မင်းရဲ့မျက်နှာမှာပါကပ်ထားမယ်ကွာ အဆင်ပြေလား…"
ကျန်းရွှိ : "...."
" ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်ကွာ နော် နော်…" ရှန့်ဖန်းယွိ ကျန်းရွှိ၏လက်ကို ညင်ညင်သာသာကိုင်ကာ ဒီလိုကိစ္စအတွက် စိတ်မတိုပါနဲ့…အရမ်းစိတ်လှုပ်ရှားလွယ်တာ မင်းကျန်းမာရေးအတွက်မကောင်းဘူးလေ…"
ကျန်းရွှိ ရှန့်ဖန်းယွိ၏အမူအယာကို ကြည့်ကာ တိတ်ဆိတ်နေပြီးနောက် ခေါင်းကိုလှည့်၍ ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေလိုက်သည်။
" ကျန်းရွှိ…" ရှန့်ဖန်းယွိ သူ့လက်ကိုယူကာ လက်ဖဝါးကိုဖိလိုက်ပြီး တီးတိုးပြောလာသည်။ " စိတ်မတိုပါနဲ့တော့နော်…"
" မေ့လိုက်တော့…"
" ဟမ်… မင်းထပ်ပြီးစိတ်မတိုတော့ဘူးမလား…"
ကျန်းရွှိ မျက်နှာလွှဲကာ " ဟွမ်းပင်းက မင်းလိုမြန်မြန်တွေးနိုင်မဲ့သူလို့တော့ ငါမထင်ဘူး…"
တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ လူတိုင်းမှာအသံဖမ်းထားရန် သတိမရတတ်ကြချေ။ အထူးသဖြင့် ခံစားချက်များမှ ရှေ့တန်းရောက်နေသည့်အချိန်များတွင်ဖြစ်သည်။ ကျန်းရွှိသည် ရှန့်ဖန်းယွိကဲ့သို့ အလွန်လျင်မြန်စွာ တုံ့ပြန်တတ်သည့်သူမျိုး မမြင်ဖူးထားခဲ့ပေ။
ထို့အပြင် သူ ရှန့်ဖန်းယွိကို စောစောစီးစီးကြားဖြတ်ခေါ်လာနိုင်သည့်အတွက် သူတို့ကြားတွင် သိသိသာသာ ထိပ်တိုက်ရင်ဆိုင်မှုမျိုး မရှိခဲ့ဘဲ မရေရာသောအငြင်းအခုန်သာဖြစ်ခဲ့သည်။ အကယ်၍ ဟွမ်းပင်းမှ အသံဖမ်းထားခဲ့လျှင်ပင် သူပြောသကဲ့သို့ ကြီးလေးသည့်နောက်ဆက်တွဲသက်ရောက်မှုမျိုးရှိမည်မဟုတ်ချေ။
သူဒေါသထွက်နေရသည့် တစ်ခုတည်းသောအချက်မှာ ရှန့်ဖန်းယွိသည် စိတ်မြန်လွန်းပြီး သူ၏ဒေါသကိုဖြေဖျောက်ချင်ရုံလေးနှင့်သူ့ကိုယ်သူအန္တရာယ်ရှိသည့်အခြေအနေသို့ ဆွဲသွင်းခဲ့ခြင်းကိုသာဖြစ်သည်။
ရှန့်ဖန်းယွိ သူ၏စကားများကြောင့် ရပ်တန့်သွားပြီးနောက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ " မင်းကငါ့ကို သွယ်ဝိုက်ပြီး ချီးကျူးနေတာလား…"
"..." ကျန်းရွှိ သူ့ကိုစကားဆက်မပြောချင်တော့ပါ။
ရှန့်ဖန်းယွိမှ " ဟေးး ဘာလို့ဒီလိုဖြစ်လာလဲဆိုတာ သိလား…ဟွမ်းပင်းရုတ်တရက်မင်းကိုပြသနာလာရှာတယ်ဆိုတာ အဲဒီအသံသွင်းထားတာကြောင့် ဖြစ်နေမလား…"
ကျန်းရွှိ ခဏကြာတိတ်ဆိတ်သွားပြီးမှ ယန်ရွေ့နှင့်ကောင်းရွှမ်းတို့ပါဝင်နေသည့်ကိစ္စတစ်ခုလုံးကို အစအဆုံးပြောပြလိုက်သည်။
" ဒီလိုဖြစ်သွားတာကိုးး ကမ္ဘာကြီးကျဉ်းသားပဲ…"
ရှန့်ဖန်းယွိ မတုံ့ပြန်နိုင်ခင်အတွေးပါပါဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ " ဒါဆိုရင် မင်း အဲဒီနေ့တုန်းက မစ်ကောင်းတစ်ယောက်တည်းနဲ့ညစာစားခဲ့တာမဟုတ်ဘဲ ယန်ရွေ့လည်းပါခဲ့တာပေါ့… မင်းမစ်ကောင်းကို ပြုံးပြခဲ့တယ်ဆိုတာက ယန်ရွေ့အဆင်ပြေနေလို့ဆိုတာသိလိုက်ရလို့ပေါ့ ဟုတ်တယ်မလား…"
" ငါက မစ်ကောင်းကိုပြုံးပြနေတယ်လား…မင်းဘယ်လိုသိတာလဲ…"
ရှန့်ဖန်းယွိ သူစကားကျွံမိသွားသည်ကို သတိပြုမိလိုက်သည် "...."
ကျန်းရွှိ ချက်ချင်းလိုပင် စားသောက်ဆိုင်မှန်ပြတင်းမှမြင်လိုက်ရသည့်အဝါရောင်ပြိုင်ကားကို မှတ်မိသွားကာ ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။
" မင်းငါဒိတ်လုပ်တဲ့နောက်ကို လိုက်လာတယ်ပေါ့…"
" ငါ.. ငါ.." ရှန့်ဖန်းယွိ ငါ တစ်လုံးတည်းဖြင့်သာ တစ်နေပြီးနောက် ကျန်းရွှိ၏အကြည့်အောက်တွင် အဆုံး၌ ခေါင်းညိတ်ပြလိုက်ရသည်။။
ရှန့်ဖန်းယွိ ထိုနေ့တွင် အလွန်မူးနေခဲ့သည်ကို သတိရသွားသောကြောင့် ကျန်းရွှိ မျက်မှောင်ကြုတ်၍ " မင်းမူးပြီးမောင်းခဲ့တာလား…"
ကျန်းရွှိထပ်မံ၍ဒေါသထွက်လာမည်ကို မြင်လိုက်ရသောကြောင့် ရှန့်ဖန်းယွိ ကပျာကယာရှင်းပြလိုက်ရသည် " ငါအိမ်ရောက်မှသောက်တာပါ…"
ကျန်းရွှ်ိ စိတ်သက်သာရာရသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သို့သော် သူစိတ်ကို့လျှော့ချလိုက်သည်နှင့် ရုတ်တရက်ဆိုသလို ထူးခြားသည့်ကောက်နုတ်ချက်တစ်ခုမှ သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည် : ရှန့်ဖန်းယွိမှာ သူ၏နောက်သို့လိုက်ကာ စားသောက်ဆိုင်ထိရောက်လာပြီးနောက် အိမ်သို့ပြန်၍အရက်သောက်နေခဲ့သည်။
ကျန်းရွှိ၏စိတ်အခြေအနေမှာ စတင်၍ရှုပ်ထွေးသွားရသည်။
ထိုအခါမှသာ သူရုတ်တရက် ထိုနေ့ကရှန့်ဖန်းယွိ၏စိတ်အခြေအနေမှာဆိုးရွားနေခဲ့ပြီး သူ့ကိုပင်စိတ်တိုအောင်လုပ်ခဲ့ရသည့်အကြောင်းကို နားလည်သွားခဲ့သည်။
" ငါ့ကိုအဲဒီလိုမကြည့်နဲ့…" ရှန့်ဖန်းယွိမျက်နှာလွှဲ၍ ရှက်ရွံ့မှုအနည်းငယ်ဖြင့် ဝန်ခံလိုက်သည်။
" ငါတကယ်ကြီးမင်းတို့နှစ်ယောက်အချိန်ကောင်းတစ်ခုပိုင်ဆိုင်ခဲ့ရတယ်ထင်ပြီးတော့ မသက်မသာဖြစ်နေခဲ့ရတာ…"
" ပထမက ယွီရှင်း အခုမစ်ကောင်း… မင်းငါ့ကိုဘယ်လောက်တောင် အထင်လွဲနေဦးမှာလဲ…" ကျန်းရွှိ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် " ဟွမ်းပင်း ငါ့ကိုသူ့ကောင်မလေးခိုးတဲ့သူပါလို့စွပ်စွဲတုန်းကကြ ဘာလို့မယုံခဲ့တာလဲ.."
ရှန့်ဖန်းယွိ သူ၏စကားအတွင်းမှာ နောက်ပြောင်မှုကို အာရုံမခံမိခဲ့သောကြောင့် ရဲဝံ့စွာပြန်ဖြေခဲ့သည်။ " မင်းမှာငါ့လိုအဖော်ကောင်းတစ်ယောက်ရှိနေတာကို ငါ့အစား ဘာလို့သူ့ကောင်မလေးကိုခိုးယူဖို့လိုမှာလဲ…ငါတော့မယုံပါဘူး…"
ကျန်းရွှိ စိတ်တိုရလွန်းသောကြောင့် ရယ်မိသွားခဲ့သည်။ " မင်းကအတော်လေးယုံကြည်မှုရှိနေတာပဲ…"
မည်သို့ပင်ဖြစ်စေ ရှန့်ဖန်းယွိမှာမူ လိုက်မရယ်ခဲ့ချေ။ ကျန်းရွှိကို ကြည့်၍ လေးလေးနက်နက်ပြောလိုက်လေသည်။ " ငါကမင်းကိုသဘောကျနေတာလေ… သေချာပေါက်… ငါကလွဲရင် မင်းကိုတခြားသူနဲ့ဘယ်လိုလုပ်ပြီး ပိုကောင်းတဲ့ဆက်ဆံရေးရှိစေချင်ရမှာလဲ…" ထို့နောက် ခေါင်းကိုငုံ့ကာ " ငါကမင်းရဲ့အချစ်ရေးအချစ်ရာကို ဝင်စွက်ဖက်တာမဟုတ်ဘူးနော်…"
ကျန်းရွှိ နှုတ်ခမ်းကိုကိုက်၍ အဝေးကိုသာ ငေးကြည့်နေမိသည်။
အချိန်အတော်ကြာပြီးနောက် သူစကားလမ်းကြောင်းကိုပြောင်းကာ "လေယာဉ်အချိန်ကဘယ်တော့လဲ…"
ကျန်းရွှိ၏စကားကြောင့် ရှန့်ဖန်းယွိ၏အကြည့်များ တုန်ယင်သွားခဲ့ကာ သူ၏ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ပြသလိုစိတ်များ လျော့နည်းသွားရသည်။
ကျန်းရွှိမှာ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်သည်ဟုထင်နေသောကြောင့် မြန်မြန်ထွက်သွားစေချင်နေသည်။
သူ၏စိတ်အခြေအနေမှာ ချက်ချင်းပင်ကျဆင်းသွားရကာ ဟန်ပင်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းနေပြီး " သန်ဘက်ခါမှ…"
ကျန်းရွှိမှ " မင်းကိုဆေးရုံကနေလာခေါ်ဖို့ ကားရှိလား…"
အကယ်၍မရှိပါက သူ၏အဆိုင်းကိုပြောင်း၍ ရှန့်ဖန်းယွိကိုလေဆိပ်ခေါ်သွားပေးမည်ပင်။
" အင်း ငါကျန်းချန်နဲ့သွားမှာ…"
ကျန်းရွှိခေါင်းညိတ်လိုက်ပြီး သူထပ်၍ပြောချင်သေးသည်ဟုခံစားနေရသော်လည်း ခဏကြာမျှတိတ်ဆိတ်သွားပြီးနောက် ရှန့်ဖန်းယွိ ထပ်ပြောချင်ပုံမရသည်ကို သတိပြုမိသွားသည်။
သူရပ်တန့်လိုက်ပြီး ဆက်မပြောခင်အထိ တုံ့ဆိုင်းနေမိသည် " စောစောသွားပြီး စောစောပြန်လာခဲ့…"
ထိုစကားများကိုကြားလိုက်ရချိန်တွင် ရှန့်ဖန်းယွိ၏မျက်လုံးများလင်းလက်သွားကာ ကျန်းရွှိကို စိတ်အားထက်သန်စွာကြည့်ပြီး လက်ကိုဆုပ်ကိုင်ထားကာ " မသွားခင် မင်းကိုဖက်ထားလို့ရမလား…"
ကျန်းရွှိ၏စိတ်အခြေအနေကောင်းနေသည်ကို သူသိနေသောကြောင့် ကျန်းရွှိအတည်ပေါက်တွေး၍ သူ့ကိုမငြင်းပယ်နိုင်ခင်မှာပင် ရှန့်ဖန်းယွိ ကျန်းရွှိကို ဖက်ထားလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ကျန်းရွှိသူ့ကိုတွန်းမထုတ်ခဲ့ပေ။
သူတို့နှစ်ဦးလုံးမှာ ထူထဲသောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်ဖြစ်ရာ သူတို့ဖက်ထားကြလျှင်ပင် အဝတ်များထဲမှအခံများကြောင့် အနည်းငယ်ကွာဝေးနေသကဲ့သို့ ဖြစ်နေသည်။
ကျန်းရွှိ၏မျက်လုံးမှာ ရှန့်ဖန်းယွိ၏နောက်ကျောပေါ်သို့ ကျရောက်သွားသည်။ ယနေ့တွင် ဆေးရုံမှကျောင်းသို့တန်းလာခဲ့ရသည်ဖြစ်ရာ မထွက်လာခင် ရှန့်ဖန်းယွိခွဲစိတ်မှုနှစ်ခုလုပ်ဆောင်ခဲ့ရသောကြောင့် ကျန်းရွှိ ခေါင်းကိုငုံ့လိုက်ချိန်တွင် ပိုးသတ်ဆေးနှင့်အရက်ပြန်နံ့ကိုရလိုက်သည်။
ထိုအနံ့များထဲတွင် အီသနော၏အနံ့ပြင်းနှင့်ရောနှောနေသော နူးညံ့သည့်မွှေးရနံ့တစ်ခုမှာ ပုန်းကွယ်နေသယောင်ရှိသော်လည်း တဟုန်ထိုးထိုးထွက်နေသည်။