🧑⚕️Chapter 85
အနံ့ခံအာရုံမှာ အကြားအာရုံထက် ရုပ်ပုံကားချပ်တစ်ခုကိုဖန်တီးရာတွင် ပို၍ကောင်းမွန်ပြီး တိကျသောအနံ့တစ်ခုကိုရလိုက်ချိန်တွင် စိတ်အစဉ်မှာ အတိတ်မှတစ်စုံတစ်ခုကို သတိပေးလာခဲ့သည်။
ထိုအခိုက်အတန့်အတွင်း မွှေးရနံ့မှာ ကျန်းရွှိ၏မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို သင့်လျော်မှုမရှိဘဲ လှုံ့ဆော်ပေးနေသည်။
ကျန်းရွှိ၏နှလုံးမှာ ရုတ်တရက်ဆိုသလို အနည်းငယ်လျင်မြန်စွာခုန်လာခဲ့သည်။
သူ ရှန့်ဖန်းယွိ၏ပွေ့ဖက်နေမှုအောက်မှ ရုန်းထွက်ကာ ပြတင်းပေါက်ကိုသာတည်ငြိမ်စွာကြည့်နေလိုက်သော်လည်း သူ၏နားရွက်များမှာမူ ပန်းရောင်သန်းနေသည်။
" ဘာဖြစ်လို့လဲ.."
" ကားမူးလို့ နည်းနည်းမသက်မသာဖြစ်တာပါ…"
ရှန့်ဖန်းယွိ အံ့ဩသွားပြီး " ငါတို့လမ်းပေါ်တောင်မရောက်သေးဘူးလေ…"
ကျန်းရွှိ အကြည့်လွှဲလိုက်ပြီး " ကားထဲထိုင်လိုက်တာနဲ့ကို မူးတာ…"
" အိုး ဒါဆိုလည်း ပြန်ကြတာပေါ့…" ပြောနေရင်းမှ ကားစက်နှိုးကာ ခရီးသည်ခုံဘက်မှမှန်ကို အောက်ချပေးလိုက်ပြီး " မင်းလေနည်းနည်းခံလိုက်လေ…"
ကျန်းရွှိ အင်းဟုသာပြန်ဖြေလိုက်ပြီး ခေါင်းကိုပြတင်းပေါက်အပြင်ဘက်ထုတ်ထားခဲ့သည်။ တိုက်ခတ်နေသောလေမှာ သူ၏ပါးပြင်ကို ထိနေပြီး အဆုံး၌ သူ့ကိုစိတ်လွတ်အောင်လုပ်နေသည့်ရနံ့မှာ ပျောက်ကွယ်သွားပုံပင်။
တစ်ခါတရံကျန်းရွှိခံစားမိသည်မှာ ရုတ်တရက်ဆန်သည့်အနမ်းတစ်ခုမှ ပန်ဒိုရာသေတ္တာနှင့်တူသည်ဟုပင်။ ထိုနေ့မှစတင်၍ သူရှန့်ဖန်းယွိနှင့်ပတ်သက်သောအရာတိုင်းကို ပို၍သတိပြုမိလာကာ ယခင်အချိန်များတွင် သူသတိမထားခဲ့မိသော ရှန့်ဖန်းယွိ၏ကိုယ်နံ့၊အသက်ရှုသံ၊ရုပ်ရည်၊အရပ်နှင့် သူအရေးကြီးသည်ဟုမမှတ်ယူထားသည့်အလေ့အကျင့်အသေးအဖွဲ့များအား သတိထားမိလာသည်။
သူရှန့်ဖန်းယွိ ပြောသမျှစကားတိုင်းနှင့်လုပ်သမျှအရာတိုင်းကို မှတ်မိနေခဲ့ကာ သူ၏နှလုံးသားကို ယိမ်းယိုင်လာစေခဲ့သည်။
ထိုဆူညံနေသည့်ခန်းမအတွင်းပင် သူရှန့်ဖန်းယွိ၏အသံကိုခွဲခြားသိနေပြီး မည်သည်ကိုပြောနေသည်ကိုပင် ကြားနေရသည်။ ၎င်းမှာ ထူးဆန်းလှပေသည်။ ကျန်းရွှိခေါင်းကိုငုံ့ကာ သူ၏ဗိုက်ကို လက်ဖြင့် ညင်သာစွာပွတ်ပေးလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
(ကျန်းရွှိ စိတ်ထိန်းစမ်း…) သူကိုယ့်သူပြောနေမိသည်။
" မင်းလူတွေကို စိတ်ထိန်ားဖို့ပြောခဲ့ပြီးနောက်ဆုံးကြ ကိုယ်တိုင်ကိုက စိတ်လှုပ်ရှားနေမိတဲ့သူအနေနဲ့အဆုံးသတ်သွားတာပဲ…" ကျန်းရွှိ သူ့ဘာသာတွေးလိုက်မိသည်။
.....
A မြို့တော်ဆေးရုံ၏အစည်းအဝေးခန်းထဲတွင်
ကျန်းရွှိ ဝင်လာပြီးသည်နှင့် ယွီစန်းမှ ထိတ်လန့်တကြား ပြောလာသည်။ " အစ်ကိုရွှိလည်း ဒီရောက်နေတာလား…"
ဆေးပညာနယ်ပယ်၏ရာထူးကြီးကြီးများမှ ကျင်းပသော ဟောပြောပွဲအငယ်စားတစ်ခုစီသို့ ရှန့်ဖန်းယွိတက်ရောက်ရန် ဖိတ်ကြားခံရပြီး ကျီဟွား၏သားဖွားမီးယပ်ဌာနကိုလည်း ကြည့်ရှုနိုင်ရန် link ပေးခဲ့လေရာ သူတို့တင်ပြချက်များကို နားထောင်နိုင်မည်ဖြစ်သည်။
" စီနီယာအစ်ကိုကျန်းကို မင်းလိုထင်မနေနဲ့…" ကျုံးလန် ရယ်လိုက်ပြီး " အကောင်ကြီးတွေက အစ်ကိုရှန့်နဲ့အတူဟောပြောနေကြတာ လာနားမထောင်ဘူးဆိုရင် ဆုံးရှုံးမှုတစ်ခုဖြစ်သွားမှာပေါ့…"
ကျန်းရွှိ ခဏကြာမျှတိတ်ဆိတ်နေပြီးနောက် သူအမှန်တကယ်ပင် ရှန့်ဖန်းယွိ၏တင်ပြချက်ကို လာနားထောင်ခြင်းဖြစ်ကြောင်း ပြောပြမနေတော့ပေ။
သူလာခဲ့ရသည့်တစ်ခုတည်းသောအကြောင်းပြချက်မှာ ဤနေရာသို့မလာခင်က ရှန့်ဖန်းယွိ၏သူသာလာမကြည့်ပါက နှလုံးကွဲပြီးသေရတော့မည်ဟု တရစပ်ပို့နေသောစာများကြောင့်သာဖြစ်သည်။
အစည်းအဝေးစားပွဲ၏ရှေ့တွင်ထိုင်ကာ ပရော်ဂျက်တာမျက်နှာပြင်ကို ဓာတ်ပုံရိုက်ယူလိုက်ပြီး သူလာသည့်အကြောင်း အသိပေးသည့်အနေဖြင့် ရှန့်ဖန်းယွိကို စာပို့လိုက်သည်။
ရှန့်ဖန်းယွိမှာ စင်အတွက်ပြင်ဆင်နေရခြင်းကြောင့် ဖြစ်နိုင်ပေမည်၊ သူ၏စာကို မပြန်ခဲ့ပေ။
ခဏအကြာ၌ ရှန့်ဖန်းယွိတင်ပြရန်အချိန်သို့ ရောက်ရှိလာခဲ့သည်။
ရှန့်ဖန်းယွိဝတ်ဆင်ထားပုံကို မြင်လိုက်သည်နှင့် သူ၏အိတ်များကိုထုတ်ပိုးနေစဉ်အတွင်း ဘီရိုအတွင်းမှ အနက်ရောင်ဝတ်စုံပြည့်ကိုထုတ်လာခဲ့သည်ကို အမှတ်ရမိသွားသည်။
အနက်ရောင်ဝတ်စုံများမှာ ပျင်းစရာအကောင်းဆုံးဖြစ်သည်ဟု ရှန့်ဖန်းယွိ ညည်းညူနေခဲ့ပြီး အလွန်ဈေးကြီးရုံသာမက သူ့ကို အသက်အာမခံရောင်းသူနှင့်တူသွားစေသည်ဟုပင် ပြောနေခဲ့ဖူးသည်။ ထို့ထက်ပိုသည်မှာ သူကဲ့သို့လူငယ်လေးတစ်ဦးကို လူအုပ်ကြီးကြားတွင် ရောနှောသွားစေပြီး ထူးခြားမှုတစ်စုံတစ်ရာကို ပျောက်ဆုံးသွားစေခဲ့သည်။
သို့သော်လည်း ဤသည်မှာ ဟောပြောပွဲ၏စည်းမျဉ်းပင်ဖြစ်ကာ ဟောပြောပွဲများရှိပါက ဝတ်စုံပြည့်ဝတ်ရမည်ပင်။
ကျန်းရွှိ မျက်နှာပြင်ပေါ်တွင် ပေါ်နေသည့်လူကိုကြည့်လိုက်သည့်အချိန်တွင် ရှန့်ဖန်းယွိပြောသလောက် မဆိုးရွားသလို ခံစားရသည်။
အပြန်အလှန်အားဖြင့် ကျန်းရွှိသည် ရှန့်ဖန်းယွိမှာ လူအုပ်ကြားထဲတွင် ရောနှောမသွားနိုင်ဟုပင် ခံစားမိသွားသည်။ အနောက်တိုင်းဝတ်စုံများမှာ စတိုင်ထုတ်ရန် လွန်စွာခက်ခဲပြီး ခန္ဓာကိုယ်အချိုးအစားနည်းနည်းမညီလိုက်သည်နှင့် ပုံစံချက်ချင်းပေါ်လာမည်ဖြစ်သည်။
ရင်အုပ်ကျယ်ကျယ် ခြေတံရှည်များနှင့်ရှန့်ဖန်းယွိမှာမူ မော်ဒယ်တစ်ဦးသဖွယ်ဖြစ်နေခဲ့သည်။
ငယ်ရွယ်သောပရော်ဖက်ဆာတစ်ဦး၏စိတ်နေစိတ်ထားမှာ သူ့ထံတွင်ပေါ်နေပြီး ထင်းရှုးပင်ကဲ့သို့ မတ်မတ်ရပ်နေကာ သဘာဝကျစွာ ပေါ့ပေါ့ပါးပါးပြောနေသည့် အင်္ဂလိပ်စကားသံမှ သူတို့၏နားများကို သာယာစေခဲ့သည်။
တင်ပြမှု၏တစ်ဝက်သို့ ရောက်သည့်အချိန်မှပင် ကျန်းရွှိ သဘောပေါက်လိုက်သည်မှာ သူဟောပြောချက်၏တစ်လုံးတလေမျှကိုပင် နားမထောင်လိုက်ရဘဲ သူ၏မျက်လုံးများမှာ ရှန့်ဖန်းယွိ၏ခန္ဓာကိုယ်တွင်သာ ရှိနေသည်ကိုပင်။
ရှန့်ဖန်းယွိမှာ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး သို့မဟုတ် တောက်ပြောင်သောအဝတ်အစားများကို ဝတ်ဆင်တတ်ပြီး ဤကဲ့သို့စတိုင်မျိုးကို ဝတ်ဆင်ခဲလှသည်။ သို့သော်လည်း ယခုအချိန်၌ သူ၏အဝတ်အစားများမှာ ရှန့်ဖန်းယွိ၏လူငယ်ဆန်မှုကို ဖိနှိပ်ထားကာ ခန့်ညားသိမ်မွေ့သောလေထုကို ထုတ်ဖော်နေခဲ့သည်။
၎င်းမှာ ရှားပါးလှသော်လည်း မျက်လုံးကိုဖမ်းစားနိုင်သည်။
ဟောပြောမှု၏အဓိကအချက်သို့ရောက်ရှိလာသည့်အခါ ကျုံးလန်နှင့်ယွီစန်းတို့မှ ဖုန်းကိုထုတ်၍ ရှန့်ဖန်းယွိတင်ပြနေသည်ကို ဓာတ်ပုံရိုက်ယူလိုက်သည်။ ခဏအကြာတွင် ကျန်းရွှိသည်လည်း ဖုန်းကိုထုတ်ကာ ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။
ပုံရိုက်ယူပြီးသည့်နောက်မှပင် သူလုပ်နေသည့်အရာကို သတိရသွားကာ တည်တည်ငြိမ်ငြိမ်ဖြင့် ဖုန်းကိုချ၍ စားပွဲအောက်ထဲသို့ ပြန်ပို့လိုက်သည်။
ဓာတ်ပုံထဲတွင် တင်ပြချက်များမှာ အနည်းအကျဉ်းမျှသာပါဝင်ပြီး အများစုမှာ တင်ဆက်သူ၏ပုံသာဖြစ်သည်။
ကျန်းရွှိ၏ဓာတ်ပုံရိုက်စကေးကြောင့် သို့မဟုတ် ရှန့်ဖန်းယွိမှာ အမှန်တကယ်ကြည့်ကောင်းခြင်းကြောင့် ဖြစ်ပေမည်၊ ဓာတ်ပုံထဲရှိလူငယ်မှာ ကျက်သရေရှိစွာခန့်ညားလှပြီး အနည်းငယ်ပြုံးနေသယောင်ပေါ်နေခဲ့သည်။
ကျန်းရွှိ သူ၏မျက်ခုံးကိုသာ ပွတ်မိသွားသည်။
ဤအချိန်အတွင်း သူအနည်းငယ်သတိလွတ်သွားပုံပင်။ ပထမဦးစွာ ရှန့်ဖန်းယွိ သူ့ကိုကူညီပေးနေသည့်ခွဲစိတ်မှုကို ကြည့်ရှုရန်လွတ်သွားခဲ့ပြီး ယခုသူ၏တင်ပြချက်ကို နားထောင်ရန် မေ့သွားပြန်သည်။
ကျန်းရွှိ သူ၏ပညာရေးအပေါ်စိတ်အားထက်သန်မှုမှာ ရှန့်ဖန်းယွိကြောင့် အလွန်အမင်းလွှမ်းမိုးခံလိုက်ရသည်ဟု ခံစားရသည်။
သူ၏ခံစားချက်များမှာ တောင်စောင်းပေါ်မှ ကြိုးတစ်ချောင်းသဖွယ်ဖြစ်နေခဲ့ကြောင်းကို သိရှိနေခဲ့သော်လည်း အကြောင်းပြချက်ဟုခေါ်သည့် ဝိုင်ယာကြိုးပြတ်တောက်သွားသည်နှင့် သူသည်လည်းပြုတ်ကျသွားနိုင်ကြောင်းကိုမူ မသိခဲ့ပေ။
အကြိမ်ပေါင်းမြောက်များစွာ သူ့ကိုယ်သူတည်ငြိမ်ရန် ကြိုးစားထိန်းချုပ်နေရခြင်းကြောင့် ပင်ပန်းလာသည့်အတွက် ကျန်းရွှိ ယနေ့တွင် သူ့ကိုယ်သူဒီအတိုင်းလွှတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ရှန့်ဖန်းယွိအဖွဲ့၏အဓိကအလုပ်မှာ သားဖွားမီးယပ်ဌာနနှင့်သက်ဆိုင်သော သားအိမ်ခေါင်းကင်ဆာရောဂါအတွက် အစိတ်အပိုင်းဖြတ်တောက်ကုသရန်နည်းလမ်းအကြောင်းဖြစ်ပြီး အခြားသောတင်ဆက်သူများမှာမူ မျိုးပွားရေးဆိုင်ရာအထူးကုများဖြစ်ကြသည်။
ကျန်းရွှိ ထိုကိစ္စကိုကိုင်တွယ်ရန် မလိုအပ်ခြင်းကြောင့် ထွက်သွားတော့မည်အချိန်၌ မြို့တော်အက်စ်မှ အဲလ်ဘတ်ဟုခေါ်သည့် မျိုးပွားရေးဆိုင်ရာအထူးကုတစ်ယောက်မှ မျှော်လင့်မထားသော တင်ပြမှုတစ်ခုလုပ်လာသည်ကို ကြားလိုက်ရသည်။
သူ၏တင်ပြချက်မှာ လွန်ခဲ့သောနှစ်နှစ်ခန့်က သားအိမ်နှင့်မွေးလမ်းကြောင်းပါရှိသောအမျိုးသားတစ်ဦး၏အကြောင်းနှင့်အတူပါရှိပြီး သူ၏လုပ်ငန်းစဉ်များနှင့်အတူ ထိုသူအား ဖန်ပြွန်သန္ဓနေည်းဖြင့် ကလေးမွေးဖွားရာတွင် အောင်မြင်ရန် လုပ်ဆောင်ပေးခဲ့ပြီး ယခုအချိန်တွင် ကိုယ်ဝန်မှာ မွေးဖွားခါနီးဖြစ်နေကာ အဲလ်ဘတ်မှာ ထိုလူနာ၏အဓိကခွဲစိတ်ဆရာဝန်ဖြစ်လာမည်ဖြစ်သည်။
အဲလ်ဘတ်မှာ ကမ္ဘာကြီးအပေါ်ရိုက်ခတ်သွားနိုင်မည့်စာတမ်းတစ်စောင် ထုတ်ဖော်ရန် ကလေးမွေးဖွားခြင်းကို စောင့်ဆိုင်းနေခြင်းဖြစ်သော်လည်း သူလုံးဝမမျှော်လင့်ထားသည့်အချက်မှာ သူမလုပ်ရသေးခင်မှာပင် ဒေါက်တာခန်းမှ အောင်အောင်မြင်မြင်မွေးပေးနိုင်သည့်အကြောင်း ထုတ်ဖော်လာမည်ကိုပင်။
၎င်းကြောင့် ဒေါက်တာခန်းထက်ပင် ပို၍အလုပ်ရှုပ်ခဲ့ရသောအဲလ်ဘတ်မှာ မကျေမနပ်ဖြစ်ခဲ့ရကာ အဆုံး၌ သူ၏ခွဲစိတ်မှုမှာ အောင်မြင်ပြီး ဒေါက်တာခန်းထက်ပင် ပို၍ခက်ခဲသောနည်းစနစ်များကို သုံးနိုင်ခဲ့လျှင်ပင် သူ့အတွက် ဒေါက်တာခန်းကဲ့သို့ ပထမဆုံးလုပ်ဆောင်နိုင်ခဲ့သူအဖြစ် တံဆိပ်ကပ်ခံရရန်မှာ လွန်စွာခက်ခဲမည်ဖြစ်သည်။
သိပ္ပံပညာရှင်တိုင်းလိုလိုပင် ထိုင်ခုံတွင်သာ ထိုင်စောင့်လိုစိတ်မရှိကြချေ။ အချို့မှာ သူတို့၏သုတေသနများကို တိတ်တဆိတ်သာလုပ်ဆောင်လေ့ရှိကြသော်လည်း ဒေါက်တာအဲလ်ဘတ်ကဲ့သို့လူမျိုးမှာမူ အောင်မြင်မှုနောက်ကို လိုက်လိုကြသည်။
ထို့ကြောင့် အဲလ်ဘတ်သည် လူနာ၏ခွင့်ပြုချက်ဖြင့် သူ၏ခွဲစိတ်မှုကို လူထုရှေ့တွင်လုပ်ဆောင်မည်ဟု ထုတ်ပြန်လိုက်ကာ ဤအစည်းအဝေးငယ်ကို အသုံးချ၍ ဆရာဝန်တိုင်းကို S မြို့တော်တွင်လုပ်မည့်ခွဲစိတ်မှုအတွက် လာရောက်ကြည့်ရှုရန်ကိုပင် ဖိတ်ကြားလိုက်သည်။ အဲလ်ဘတ်မှာ ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်သော သိပ္ပံပညာရှင်များကို အသုံးချကာ ပို၍အရှိန်အဟုန်မြှင့်တင်ရန်ကိုပင် ရည်ရွယ်ခဲ့သည်။
သိသိသာသာပင် နှစ်ချီပြင်ဆင်လာရခြင်းများနှင့် ဒေါက်တာခန်း၏အောင်မြင်မှုမှ သူ့ကိုများစွာသောယုံကြည်ချက်များပေးခဲ့ပြီး ယခုအချိန်တွင် ထိုအရာကိုအသုံးပြုကာ သူ၏နာမည်ကျော်ကြားမှုကို မြှင့်တင်၍ ဆုံးရှုံးခဲ့ရသော ကမ္ဘာကြီးကိုတုန်လှုပ်စေမည့်ရိုက်ချက်အတွက် ကာမိရန်ဖြစ်သည်။
တင်ပြချက်များအပြီးတွင် သီးသန့်ဆွေးနွေးချိန်ဖြစ်သောကြောင့် ကျီဟွားဆေးရုံ၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြတ်တောက်သွားကာ ကျန်းရွှိ၏မျက်နှာမှာမူ မကောင်းလှချေ။
ဤဒေါက်တာအဲလ်ဘတ်သည်လည်း သူ့ကိုယ်သူသာ ကြည့်လွန်းသူဖြစ်သည်။
လူနာ၏မသိနိုင်သောကိုယ်ဝန်ဆောင်ချိန်ပြသနာများကို အလေးထားမည့်အစား လူနာ၏ပြင်းပြသောကလေးယူချင်စိတ်ကိုအားပေး၍ ဖန်ပြွန်သန္ဓသေားကို စီစဉ်ပေးခဲ့သည်။
လူတိုင်း၏အသက်နှင့်ဘဝကို ကယ်တင်ရမည့်ဆရာဝန်တစ်ဦးမှာ သူ၏နာမည်ကျော်ကြားမှုအတွက် ဤကဲ့သို့ ကိုယ်ဝန်ဆောင်ရန်မသင့်တော်သည့်သူတစ်ဦးကို ကြီးမားသည့်အန္တရာယ်မျိုး မယူခိုင်းသင့်ပေ။
တစ်နာရီမျှ ကြာပြီးနောက် စာပြန်မလာသည့် ရှန့်ဖန်းယွိထံမှ ဖုန်းဝင်လာခဲ့ကာ ကျန်းရွှိ ဖုန်းကိုင်၍ပြောတော့မည့်အချိန်တွင် ရှန့်ဖန်းယွိမှ ဦးစွာပြောလာခဲ့သည်။
" မင်းဒေါက်တာအဲလ်ဘတ်ကို မေးချင်လား…"
သူနှင့်ကျန်းချန်တို့ အစည်းအဝေးခန်းမှ ထွက်လာချိန်တွင် အခြားသူများနှင့်ဆွေးနွေးကာ ချရေးထားသည့်ဖိုင်တစ်ထပ်ကြီးကို ယူဆောင်လာခဲ့သည်။
ဒေါက်တာအဲလ်ဘတ်၏တင်ပြချက်မှာ လေထုကို အမြင့်ဆုံးသို့ ပင့်တင်နိုင်ခဲ့သောကြောင့် ဆွေးနွေးပွဲ၏ကျန်ရှိသောအပိုင်းအားလုံးနီးပါးမှာ အမျိုးသားကိုယ်ဝန်ဆောင်ခြင်းအကြောင်းများသာ ဖြစ်နေခဲ့သည်။
ဒေါက်တာအဲလ်ဘတ်မှာ ချီးမြောက်ခံရခြင်းကို နှစ်သက်သောသူတစ်ဦးဖြစ်ကာ အခြားသူများထံမှ ဝန်းရံမှုကိုခံရခြင်းကြောင့် တက်ကြွနေပြီး လျှို့ဝှက်ပုံရသောဒေါက်တာခန်းထက်ပင် ပို၍ဖော်ရွေနေဟန်ရှိနေခဲ့သည်။
ဤစည်းဝေးပွဲကို လုပ်ဆောင်သော M နိုင်ငံမှ ပရော်ဖက်ဆာမှ အစပိုင်းတွင် ဒေါက်တာခန်းကို ဖိတ်ခေါ်ချင်ခဲ့သော်လည်း M နိုင်ငံအတွင်းတွင်ရှိနေသော ဒေါက်တာခန်းမှသူ၏မေးလ်များကို မပြန်ခဲ့သောကြောင့် ပရော်ဖက်ဆာကို ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားစေခဲ့သည်။
ရှန့်ဖန်းယွိသည်လည်း အစပိုင်းတွင် စည်းဝေးပွဲကို အသုံးပြု၍ ဒေါက်တာခန်းကို ရင်းနှီးအောင်လုပ်ချင်ခဲ့သော်လည်း သူရောက်ပြီးသည့်နောက်မှသာ ထိုသူမှာ တွေ့ဆုံရန် သို့မဟုတ် မျှဝေပေးရန် ရည်ရွယ်ချက်မရှိကြောင်းကိုသိလိုက်ရပြီး သူ၏မေးလ်များကိုပင် ပြန်မဖြေခဲ့ပေ။
မမျှော်လင့်စွာဖြင့် တူညီသောခွဲစိတ်မှုကိုလုပ်ဆောင်ဝော့ာမည် ဒေါက်တာအဲလ်ဘတ်နှင့်ဆုံတွေ့ခဲ့ရလေသည်။
ရှန့်ဖန်းယွိ ဒေါက်တာအဲလ်ဘတ်အား သူ၏ရည်ရွယ်ချက်များကို ဖော်ပြပြီးနောက် သူတို့၏ဆက်သွယ်ရမည့်အချက်အလက်များကို လဲလှယ်ကာ စိတ်အားထက်သန်စွာဖြင့် အတွေ့အကြုံများအကြောင်း ပြောနေစဉ် အခြားတက်ရောက်လာသူများမှလည်း သူတို့၏အမြင်နှင့်အတွေ့အကြုံများကို မျှဝေလာကြသည်။
ဖြစ်ခဲ့သည့်အကြောင်းများကို ကျန်းရွှိအားပြောပြနေစဉ် လက်ထဲမှာ စာအိတ်ကိုယမ်း၍ " ငါမှတ်ထားရမဲ့အရာအားလုံးကို ချရေးခဲ့တယ်…အလွယ်တကူမေ့သွားနိုင်တဲ့ အရာတွေရောပဲ…ပြန်လာရင် ဒီအကြောင်းနည်းနည်းဆွေးနွေးကြတာပေါ့…"
" ကောင်းပြီ…"
ဖုန်းတစ်ဖက်ရှိသူမှ တိတ်ဆိတ်သွားချိန်တွင် ရှန့်ဖန်းယွိ သူ၏လက်ထဲမှ စာအိတ်ကိုယမ်းနေခြင်းအား ရပ်တန့်လိုက်ပြီး ခဏမျှတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
" မင်းငါ့ကိုပြောချင်တာများမရှိဘူးလား…"
သူ ကျန်းရွှိထံမှ " စောစောပြန်လာခဲ့…" သို့မဟုတ် " ကောင်းသောခရီးဖြစ်ပါစေ…" ဟူသောစကားကို ကြားချင်နေသည့်အတွက် ခေါင်းစဉ်ကို တမင်တကာပင် ပြန်လာမည့်အကြောင်းသို့ ဦးတည်လိုက်သည်။
စည်းဝေးပွဲကျင်းပသည့်နေရာမှာ ထိုပရော်ဖက်ဆာ၏အိမ်တော်တွင်ဖြစ်သောကြောင့် အစည်းအဝေးအပြီးတွင် ဧည့်သည်များကို ပရော်ဖက်ဆာမှ ကြင်နာစွာဖြင့် ညအိပ်နေရန်ဖိတ်ခေါ်ခဲ့ပြီး မနက်ဖြန်မနက်တွင် သူနှင့်အတူ သီးသန့်ဂေါ့ဖ်သွားရိုက်ရန် ပြောလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ M နိုင်ငံ၏သမ္မတရောက်လာလျှင်တောင်မှ မတားဆီးနိုင်မည့် ရှန့်ဖန်းယွိမှာ အိမ်သို့သာပြန်ချင်နေခဲ့သည်။
ပရော်ဖက်ဆာ၏အိမ်မှာ ပင်လယ်ကိုမျက်နှာချင်းဆိုင်ထားသည့် နယ်မြေကျယ်ကြီးပေါ်တွင် တည်ရှိနေသောကြောင့် ကားများဝင်ရောက်ခွင့်မရှိဘဲ အနီးအနားတွင် ကားရပ်ရန်လည်းနေရာမရှိသောကြောင့် ရှန့်ဖန်းယွိ လိုရမယ်ရ အိမ်တော်၏ခပ်လှမ်းလှမ်းတွင် ကားတစ်စီးခေါ်ထားခဲ့သည်။
နေရာမှထွက်လာပြီးနောက် ကျန်းရွှိကို ဖုန်းခေါ်လျက် သူနှင့်ကျန်းချန်တို့ လမ်းမပေါ်လျှောက်လာစဉ်တွင် မလှမ်းမကမ်း၌ ကားသမားစောင့်နေသည်ကို မြင်လိုက်ရသည်။
သူတစ်ယောက်တည်းအပြင်သို့ထွက်ချိန် အနီးအနားမှ မြို့များတွင် ပြိုင်ပွဲအတွက်ဖြစ်စေ သို့မဟုတ် မြို့တော်အေမှ မိဘများနှင့်အစ်ကိုဖြစ်သူကို သွားတွေ့ချိန်တွင်ဖြစ်စေ သို့မဟုတ် ပြန်လာလျှင်ပင်ဖြစ်စေ သူ၏အဖိုးအဖွားများမှ မသွားခင် " စောစောပြန်လာပြီး လုံလုံခြုံခြုံနေ…" ဟုပြောတတ်ကြသည်။
သက်ကြီးရွယ်အိုများ၏ အယူသီးမှုအရ လမ်းမပေါ်တွင် သွားလာနေသူများကို နှောင့်ယှက်ရခြင်းကိုနှစ်သက်သည့်သရဲများရှိသည်ဟုမှတ်ယူကြသည်။ အထူးသဖြင့် လိပ်ပြာငယ်သူမှာ ပို၍ပူးကပ်၍လွယ်ကူပြီး အိမ်သို့ပြန်ရန်လော်ဆော်နေသူများမှာ သူ၏လိပ်ပြာတွင် ဖိအားတစ်ခုရှိနေကာ လေးလံသောကြောင့် သရဲများမကပ်နိုင်ဘဲ အိမ်သို့အန္တရာယ်ကင်းစွာ ပြန်လာရသည်ဟု အယူရှိသည်။
အဖိုးအဖွားများသေဆုံးပြီးနောက် ရှန့်ဖန်းယွိ ဆွေးနွေးပွဲများနှင့် ပညာဖလှယ်ပွဲများသို့ တက်ရောက်ရန် ဆယ်နှစ်ကျော်မျှ ခရီးသွားလာခဲ့ရသော်လည်း သူ့ကိုထိုသို့ထပ်ပြောပေးမည့်သူမရှိခဲ့ပေ။
နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့သော ပါရဂူဘွဲ့ရတစ်ဦးအနေဖြင့် ထိုအရာများကို မယုံကြည်သင့်သော်လည်း ကျန်းရွှိ၏ " စောစောသွား စောစောပြန်လာ.." ဟူသောစကားကြောင့် ဖြစ်နိုင်ပေမည် သူ၏အတိတ်အကြောင်းများမှာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူကားပေါ်သို့ မတက်ခင် ကျန်းရွှိထံမှ ဆုတောင်းတစ်ခုရချင်မိကာ ဤသည်မှာ သူကားပေါ်တက်ကာ လေဆိပ်သို့ မပူမပင်သွားနိုင်မည့် တစ်ခုတည်းသောအကြောင်းအရာကဲ့သို့ဖြစ်နေခဲ့သည်။
M နိုင်ငံမှာ မြောက်ဘက်ပိုင်းတွင်ရှိကာ ရာသီဥတုမှာ လွန်စွာအေးလှသည်။ ရှန့်ဖန်းယွိမှာ ပါးလွှာသောအနောက်တိုင်းဝတ်စုံကိုသာ ဝတ်ဆင်ထားရခြင်းကြောင့် ပင်လယ်လေတိုက်ခတ်လာတိုင်း အလွန်အေးနေကာ စကားပြောတိုင်း အဖြူရောင်ရေငွေ့များကိုပင် ရှူသွင်းနေမိပြီး သူ၏တောင့်ခဲနေသောလက်များကို ဖိုင်ဖြင့်သာ ပွတ်နေရသည်။
ထိုအချိန်မှသာ ရှန့်ဖန်းယွိမည်သူနှင့်ဖုန်းပြောနေသည်ကို ကျန်းချန် ရိပ်မိသွားခဲ့သည်။ ဖုန်းတစ်ဖက်မှ ကျန်းရွှိမှာမူ " မင်းဘယ်ချိန်ပြန်လာမှာလဲ…" ဟုသာမေးလာခဲ့သည်။
မေးခွန်းမှာ ပေါ့ပါးသော်လည်း ထိုအထဲတွင် ကူကယ်ရာမဲ့နေသောအပြုံးတစ်ပွင့်ပါရှိသည်ဟု ရှန့်ဖန်းယွိ ခံစားလိုက်ရသည်။
မထိန်းချုပ်နိုင်ဘဲ သူ၏နှုတ်ခမ်းထောင့်များ ကော့တက်သွားကာ အနွေးထည်ဆယ်ထည်ဝတ်ဆင်ထားရသကဲ့သို့ နွေးထွေးသွားပြီး သူထပ်မအေးနေတော့ချေ။
" အခုလေဆိပ်ကိုသွားတော့မှာ.."
" ဒီလောက်မြန်တယ်လား…" ကျန်းရွှိမှာ သိသိသာသာပင် အံ့အားသင့်နေခဲ့သည်။
" မင်းပဲငါ့ကိုစောစောသွားပြီး စောစောပြန်လာစေချင်တာမဟုတ်ဘူးလား.." ရှန့်ဖန်းယွိ မျက်ခုံးကိုပင့်ကာ " ငါတစ်ညအိပ်ပြီးမှ ရောက်မှာဆိုတော့ အဲဒီကအချိန်နဲ့ဆိုရင် မနက်ဖြန်မနက်ကြမင်းကိုတွေ့နိုင်လိမ့်မယ်…" ထို့နောက် သူထပ်မံတောင်းဆိုလိုက်သည် " အခုဘေးကင်းတဲ့ခရီးဖြစ်ပါစေလို့ ထပ်ပြောလို့ရပါပြီ…"
တစ်ဖက်သူမှာမူ သူ၏စကားကို သိသိသာသာပင် ဂရုမစိုက်ဘဲ ခပ်တိုးတိုးကျစ်ခနဲအသံနှင့်အတူ ဖုန်းချသွားခဲ့သည်။
" ဘယ်သူနဲ့ပြောနေတာလဲ…" ကျန်းချန်ပို၍နားထောင်ရလေ သူ၏ပါးစပ်မှာ ပို၍ကျယ်လာလေဖြစ်ကာ အဆုံး၌ မနေနိုင်ဘဲ မေးမိသွားခဲ့သည်။
ဖုန်းကိုပိတ်လိုက်ချိန်တွင် ရှန့်ဖန်းယွိ၏အပြုံးမှာမူ တောက်ပနေခဲ့သည်။
" ဖမ်းရအရမ်းခက်တဲ့သူ…"
" မင်း…" ကျန်းချန်စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
" အမ်နိုင်ငံကိုစရောက်တည်းက ဖုန်းကိုပဲကြည့်နေတာ ဘာလို့လဲလို့ ငါတွေးနေတာ လက်စသတ်တော့ မင်းရင်ထဲမှာတစ်ယောက်ယောက်ရှိနေတာကိုး…"
ရှန့်ဖန်းယွိမှာ ဖုန်းကောကြောင့် အလွန်ပျော်ရွှင်နေမိပြီး သူ " ဘေးကင်းသောခရီးဖြစ်ပါစေ…" ဟူသောဆုတောင်းကို မရခဲ့လျှင်ပင် ကျန်းရွှိသူ့ကို ဘယ်ချိန်ပြန်လာမည်နည်းဟု တကူးတကမေးလာခဲ့သည့်အတွက် ပျော်နေမိသည်။
ထိုမျှသာမက အရေးကြီးသောအချက်အလက်များကိုလည်း ရရှိခဲ့ခြင်းကြောင့် ပျော်ရွှင်မှုများမှာ သူ၏စိတ်ထဲတွင် ဝါဂွမ်းသကြားလုံးနှယ်ပြည့်နေရပြီး မြင်မြင်သမျှအရာအားလုံးမှာ ပို၍ကြည်လင်နေပုံပင်။ ကားဒရိုင်ဘာ၏ခေါင်းနီနီသည်ပင် ယခင်ထက်ပို၍တောက်ပြောင်နေပုံရသည်။
ခဏကြာအထိ ပျော်ရွှင်မှုများပြည့်နှက်နေခြင်းကြောင့် ဆံပင်နီနီဖြင့်အနောက်တိုင်းသားကားဒရိုင်ဘာ၏မျက်နှာမှာ ယခင်ထက်ပို၍ဖြူဖျော့နေသည်ကို သူသတိမပြုမိလိုက်ပေ။
ရှန့်ဖန်းယွိ သီချင်းညီးလျက် ခရီးသည်ဘက်ခြမ်းတံခါးကိုဖွင့်လိုက်ပြီးနောက် စာဖိုင်များကို အရှေ့ရှိပစ္စည်းထားရာနေရာသို့ တင်လိုက်သည်။
သူ၏ခါးပတ်ကို ပတ်တော့မည်အချိန်တွင် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုမှ သူ၏လည်ပင်းကို ထိလာခဲ့သည်။
အေးစက်စက် မာကျောသည့်အရာတစ်ခု…
အချိန်တည်းမှာပင် ကြည်လင်ပြတ်သားသည့်အသံနိမ့်နိမ့်မှ သူ၏နားထဲသို့ဝင်ရောက်လာခဲ့သည်
" ပိုက်ဆံ…"
ရှန့်ဖန်းယွိ နှလုံးတစ်ချက်ခုန်သွားကာ နောက်ကျောတွင် ချွေးအေးများပင် ထွက်လာရသည်။
တုန်ယင်နေသောနှလုံးဖြင့် သူ၏မျက်လုံးကို ဖြည်းဖြည်းချင်းစောင်း၍ အနောက်ဘက်မှန်ကို ကြည့်လိုက်ရာ…
သူ၏လည်ကုတ်တွင်ထောက်ထားသော ပစ်စတိုတစ်လက်ကို မြင်လိုက်ရလေသည်။