အပိုင်း ၈၆
Viewers 11k

🧑‍⚕️Chapter 86



အိမ်တွင် မည်သူမျှရှိမနေသော်လည်း အချို့သောအကြောင်းများကြောင့် ကျန်းရွှိ အိမ်စောစောမပြန်ချင်သည့်အတွက် ရုံးခန်းထဲတွင်အနည်းငယ်ဆက်နေရန် ဆုံးဖြတ်လိုက်သည်။

ရှန့်ဖန်းယွိ ဖုန်းခေါ်လာကတည်းကဆိုလျှင် အချိန်အတော်ကြာမြင့်နေပြီဖြစ်ကာ ကျန်းရွှိ စာရွက်စာတမ်းအချို့ကို လှန်လှောကြည့်ရှုနေသော်လည်း မသိစိတ်မှနေ၍ ဖုန်းကိုယူကာ ရှန့်ဖန်းယွိ၏လေယာဉ်လမ်းကြောင်းကို စစ်ဆေးနေမိသည်။

ခရီးစဉ်မှာ နှောင့်နှေးခြင်းသို့မဟုတ်ဆိုးရွားသော ရာသီဥတုအခြေအနေမရှိဘဲ ချောမွေ့စွာ ပျံသန်းနေသောကြောင့် ကျန်းရွှိ၏နှလုံးသားမှာ အကြောင်းအရင်းမသိဘဲ တည်ငြိမ်သွားခဲ့သည်။

မမျှော်လင့်ဘဲ သူဖုန်းကိုချလိုက်သည်နှင့် ရုံးခန်းထဲတွင် ကျန်းချန်ထံမှဖုန်းဝင်လာသည်။

" ကျန်းချန်လား ဘာဖြစ်တာလဲ.." ဝူရွေ့မှ ဖုန်းကိုင်လိုက်သည်။

ဝူရွေ့၏ပါးစပ်မှ ကျန်းချန်၏နာမည်ထွက်လာသည်နှင့် ယခုပင်တည်ငြိမ်နေခဲ့သောကျန်းရွှိ၏နှလုံးမှာ ခုန်ပေါက်လာကာ အနည်းငယ်မတည်မငြိမ်ဖြစ်လာခဲ့သည်။

ကျန်းချန်နှင့်ရှန့်ဖန်းယွိတို့မှာ လေယာဉ်တစ်စီးတည်းဖြစ်ကြသောကြောင့် သီအိုရီအရဆိုလျှင် သူသည်ဖုန်းခေါ်နေရမည့်အစား လေယာဉ်ပေါ်တွင် ရှိနေရမည်ဖြစ်သည်။

တစ်ဖက်မှ ကျန်းချန်၏မထိန်းနိုင်အောင်တုန်ယင်နေသောအသံကို ဝူရွေ့ကြားနေရသော်လည်း ဤသည်မှာ ထိတ်လန့်ခြင်းကြောင့် သို့မဟုတ် အအေးဒဏ်ကြောင့် စကားသေချာမပြောနိုင်သည်လားဟူသည်ကို မသိနိုင်ခဲ့ပေ။

" အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးတော့ စိတ်ကိုလျှော့ထား… မင်းတို့ကစည်းဝေးပွဲမှာရှိနေရမှာလေ… ဘာတွေဖြစ်ခဲ့တာလဲ…"

ဆရာဝန်များမှာ သူတို့၏တည်ငြိမ်မှုကို ပျောက်ခဲလှသူများဖြစ်ကြကာ ကျန်းချန်သည်လည်း လွယ်လွယ်နှင့်ထိတ်လန့်သွားတတ်သူမဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဝူရွေ့၏အသံကိုကြားလိုက်ရသည်နှင့် ကျန်းချန်၏အသံမှာ ဒက်စီဘယ်အနည်းငယ်ထိုးတက်သွားခဲ့သည်

 " စီနီယာအစ်ကိုဝူ စီနီယာအစ်ကိုဝူ ကျွန်တော်သေတော့မလို့…"

သူအသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ကာ ခံစားချက်များကို တည်ငြိမ်စေရန် ကြိုးစားလိုက်သော်လည်း သိသိသာသာပင် မည်သည့်အရာကမျှ အကူအညီမဖြစ်ခဲ့ချေ။

 " ဖန်းယွိနဲ့ကျွန်တော် M နိုင်ငံမှာ ဓားပြတိုက်ခံရတယ်…"

" ဘာ…" ဝူရွေ့ရုတ်တရက်ထရပ်လိုက်ပြီး သူ၏အသံကျယ်ကျယ်ကြောင့် ချက်ချင်းဆိုသလိုပင် ရုံးခန်းထဲရှိ လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

" ဒါတွေအားလုံးက M နိုင်ငံပရော်ဖက်ဆာကြောင့်လေ စည်းဝေးပွဲကိုဘယ်မှာဖြစ်ဖြစ်လုပ်လို့ရရဲ့သားနဲ့…သူ့အိမ်မှာလုပ်ခဲ့တယ်လေ…လမ်းမီးတိုင်တွေမရှိတဲ့နေရာမှာ…"

" ဓားပြတွေက ကျွန်တော်တို့မရှိတုန်း ကားသမားကိုပြန်ပေးဆွဲထားတာ ပြီးတော့ ဖန်းယွိနဲ့ကျွန်တော်ကားထဲဝင်မိတာနဲ့ သေနတ်တွေနဲ့ထောက်ထားခဲ့တာ…"

ကျန်းချန်မှာ ထိုကဲ့သို့သောစကားကြမ်းကြမ်းပြောဖူးသူမဟုတ်ချေ။ သို့သော်လည်း သူသည် အလွန်ထိတ်လန့်နေရသောကြောင့် သူစကားလုံးများရိုင်းပြသွားသည်ကိုပင် အရေးမစိုက်‌နိုင်တော့ပေ။ ပြောလေလေ ပို‌၍ဒေါသထွက်လေလေဖြစ်ပြီး ထိတ်လန့်မှုကို ဖြေဖျောက်ရန်အတွက် သူ၏အသံကျယ်ကျယ်ကြီးကိုသာ မှီခိုနေရပုံပင်။

" ကျွန်တော်တကယ်ကို ရှစ်ဘဝစာလောက် ကံမကောင်းခဲ့ပုံရတယ်…ကျွန်တော်တို့ရောက်သွားတာနဲ့ ကားသမားက ဓားပြတိုက်ခံနေပြီးပြီ….ဓားပြတွေက ပိုက်ဆံနဲ့ဖုန်းတွေအားလုံးယူသွားတဲ့အပြင် အစ်ကိုဖန်းယွိရဲ့ဝတ်စုံ‌ကိုတောင် ချွတ်ယူသွားသေးတယ်…လူမရှိတဲ့နေရာကိုခေါ်သွားပြီးတော့မှ ကားမောင်းမထွက်သွားခင် ချထားပစ်ခဲ့တာ…"

ကျန်းချန်မှာ ပို၍ပင် စိတ်ပျက်လာခဲ့ကာ " ညဘက်ကြီးဆိုတော့လည်း လမ်းပေါ်ဘယ်သူမှမရှိဘူးလေ…ရဲကိုဖုန်းခေါ်ဖို့ လူမတွေ့ခင်အထိကို ကျွန်တော်တို့ လမ်းအကြာကြီးလျှောက်ခဲ့ရတာ…ဖုန်းဖြေတဲ့ရဲက ကားလိုင်စင်ပြားကိုမရှာနိုင်ဘူးပြောပြီး ရဲစခန်းမှာစာရင်းသွားသွင်းခိုင်းလိုက်တာပဲ…ဒါပေမယ့် ရောက်တာနဲ့ဓားပြတွေရဲ့အရပ်နဲ့ပုံစံကိုပဲ ဆက်တိုက်မေးတော့တာပဲ… သောက်ကျိုးနည်း သေနတ်နဲ့အထောက်ခံထားရပါတယ်ဆိုမှ ဘယ်သူကသူတို့ပုံစံကို ကြည့်ရဲမှာလဲလို့…"

" နောက်ကြ ကားသမားက သူ့သားရဲ့ဖုန်းကားထဲရှိနေတယ်ပြောခဲ့တာ… အဲဒီမှာ GPSထည့်ထားတော့ သူ့ဇနီးရဲ့ဖုန်းနဲ့သိနိုင်တယ်တဲ့…ကျွန်တော်တို့လည်း ရဲနဲ့အတူ သူ့အိမ်သွားပြီး ဖုန်းသွားယူခဲ့ရတာ… ဒါပေမယ့် GPS ကသောက်ကျိုးနည်းကို ဆိုးရွားတာနော်… ဒီအတိုင်းကျပန်းဟာတစ်ခုကမှ ပိုကောင်းဦးမယ်…တိတိကျကျညွှန်ပြတာမျိုး မရှိဘဲနဲ့ ဒီတိုင်း ယေဘုယျညွှန်ပြချက်နဲ့ မျဉ်းဖြောင့်ကြီးပဲရှိနေတာ…"

" ဒါပေမယ့် နည်းနည်းပါးပါးစည်းရုံးပြီးသွားတော့ ရဲက ကားသမားဇနီးသည်ရဲ့ဖုန်းကိုယူပြီး ဓားပြတွေနောက် လိုက်သွားခဲ့တယ်…" ကျန်းချန်မျက်နှာကိုသုတ်လိုက်ပြီးနောက် " အခိုးခံရတဲ့အိတ်တွေနဲ့အတူ စာရွက်စာတမ်းတွေပြန်တွေ့ပါ့မလားကိုတော့ မသိတော့ဘူး…"

ကျန်းချန်မှာ စက်သေနတ်ကဲ့သို့ ဆက်တိုက်အမြန်ပြောနေကာ မည်သူ့ကိုမှ ကြားဖြတ်ခွင့်မပေးခဲ့ပေ။ ယခုအချိန်တွင် သူအနည်းငယ်တည်ငြိမ်သွားသည့်အတွက် ဝူရွေ့မှ သတိတကြီးမေးလိုက်သည်။ " မင်းတို့အားလုံးအဆင်ပြေရဲ့လား…"

" ကျွန်တော်တို့အဆင်ပြေပါတယ်…" ကျန်းချန်ခါးသီးစွာ ပြုံးလိုက်ပြီး " ကားသမားပဲ နည်းနည်းထိသွားတာ…"

" ဘယ်သူမှ မထိမခိုက်ကောင်းကောင်းရှိနေသရွေ့ အ‌ဆင်ပြေပါတယ်…" ဝူရွေ့ချော့မော့လိုက်ပြီး " မင်းတို့အခုဘယ်မှာလဲ… ရှန့်ဖန်းယွိကကော.."

" အဲဒီအချိန်မှာ အစ်ကိုဖန်းယွိက ကားတစ်စီးငှားပြီးတော့ ကားသမားနဲ့အတူ ကားလိုက်ရှာတဲ့ရဲတွေနောက်လိုက်သွားတာပဲ…ကျွန်တော်ကအခုရဲစခန်းမှာသတင်းစောင့်နေတာ…ဖန်းယွိကရုံးကိုမခေါ်ဖို့ပြောထားပေမယ့် သည်းမခံနိုင်တော့လို့လေ… စီနီယာအစ်ကိုဝူ အစ်ကိုသေနတ်မြင်ဖူးလား… တကယ့်သေနတ်အစစ်ကြီးလေ…"

သူခေါင်းကိုသေနတ်ဖြင့်ထောက်ခံခဲ့ရပြီး ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်ခဲ့ရသည့်အကြောင်းကို စဉ်းပင်မစဉ်းစားရဲခဲ့ပေ။

" ကျွန်တော်မိဘတွေစိတ်ပူမှာစိုးတဲ့အတွက် ဖုန်းမခေါ်ရဲဘူး… အတန်းဖော်အချို့ကို ခေါ်ခဲ့ပေမယ့် သူတို့ကမကိုင်ကြဘူးရယ်…ရွေးစရာမရှိတာနဲ့ ရုံးခန်းကို ခေါ်လိုက်ရတာပဲ…အစ်ကိုဝူ ကျွန်တော်နဲ့နည်းနည်းအဖော်လုပ်‌စကားပြောပေးပါလားဟင်…"

" ဒါပေါ့ ဒါပေါ့ ရပါတယ်ဟ…" ဝူရွေ့ ‌နှစ်သိမ့်ပေးလိုက်သည်။ " အစ်ကိုဝူ မင်းကိုအဖော်လုပ်ပေးမှာပါ…"

" ဘာဖြစ်တာလဲ.." ဘေးမှ နားထောင်နေခဲ့သည့် ယွီစန်းမှာ ကြောင်တောင်တောင်ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဝူရွေ့ ယွီစန်းကို ရှင်းပြလိုက်ရသည် " ကျန်းချန်နဲ့ရှန့်ဖန်းယွိတို့ M နိုင်ငံမှာ ဓားပြတိုက်ခံရလို့တဲ့…"

" ချီး...လက်နက်နဲ့ဓားပြတွေလား…" ယွီစန်း ကြောင်အသွားရပြီး " ဒါကြီးက အရမ်းကို ယုတ္တိမဆန်လိုက်တာ…"

သူတို့၏စကားဝိုင်းကို နားထောင်နေသည့် ကျန်းရွှိ၏မျက်နှာအမူအယာမှာ ပြောင်းလဲသွားခဲ့သည်။ သူစကားပြောတော့မည်အပြုတွင် ယွီစန်းမှ ကြားဖြတ်၍ သူသိလိုသည့်မေးခွန်းကို ထမေးလိုက်သည်။

 " သူတို့အဆင်ပြေရဲ့လား…"

" သူတို့အဆင်ပြေပါတယ်…" ဝူရွေ့ ကမန်းကတန်းပြောလိုက်သည်။

 " ရှန့်ဖန်းယွိကတော့ ရဲတွေနဲ့အတူ ကားနောက်လိုက်သွားတယ်တဲ့…ကျန်းချန်ကရဲစခန်းမှာ သတင်းစောင့်နေတာ…" သူ၏ခေါင်းကိုယမ်း၍ " သူတို့ကလန့်နေကြတာပါ… ပြီးတော့ ဓားပြတွေက ပိုက်ဆံအားလုံးယူသွားတယ်တဲ့…"

ယွီစန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး မိုက်ခရိုဖုန်းမှဝင်စေရန် အသံမြင့်၍ပြောလိုက်သည်

 " အစ်ကိုကျန်း စိတ်မပူပါနဲ့… ပိုက်ဆံကပြန်ရှာလို့ရပါတယ်…ဘယ်သူမှမထိခိုက်ခဲ့ဘူးပဲဟာ… ကျွန်တော်တို့အားလုံးစုပြီး အစ်ကို့ကိုကူညီပေးမယ်လေ…"

တစ်ဖက်မှကြားလိုက်ရသည့်ယွီစန်း၏အသံနှင့် ရုံးခန်းမှလူများ၏နွေးထွေးမှုကြောင့် ကျန်းချန် ချက်ချင်းဆိုသလို သက်သာရာရသွားပြီး " အဆင်ပြေပါတယ်…" ဟုပြောလိုက်လေသည်။ ထို့နောက် သူ၏နဖူးကိုပွတ်ကာ ယွီစန်းကိုပြောနေရင်းမှ သူ့ကိုယ်သူလည်း နှစ်သိမ့်လိုက်သည်။ 

" ငါတို့ကအမ်နိုင်ငံမှာ ကြာကြာမနေဘူးဆိုတော့ ပိုက်ဆံများများလဲမလာခဲ့တာ တော်သေးတယ်… ပိုက်ဆံကတော့ ခွဲစိတ်မှုတွေလုပ်ပြီး အမြဲတမ်းပြန်ရှာလို့ရတာပါပဲလေ…"

ယွီစန်းမှ " ဘာကိုခွဲမှာလဲ… ပြန်လာရင် ထမင်းတစ်နပ်ကောင်းကောင်းလေး ထွက်စားကြမယ်နော်…" ထိုအချိန်၌ ယွီစန်းလည်း သူနှင့်ကျန်းချန်အကြားရှိ ရန်ပွဲများကို ခဏလက်လွှတ်ကာ ချော့မော့လိုက်သည်။ 

" စိတ်မပူပါနဲ့ ကျွန်တော်ကျွေးမှာပါ…"

လူတိုင်းအဆင်ပြေသည့်သတင်းကြောင့် သူတို့၏စကားဝိုင်းမှာ ပို၍သက်တောင့်သက်သာဖြစ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းရွှိ၏မျက်ခုံးများ တွန့်ချိုးနေဆဲဖြစ်ကာ နှုတ်ခမ်းကိုကိုက်၍ ဆူညံနေသည့်အသံများကြားမှ ဝူရွေ့ကို အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။

 " ရှန့်ဖန်းယွိက ကားနောက်ကို လိုက်သွားတာလား…"

ဝူရွေ့ရန်မှာ အစောပိုင်းတွင် ကျန်းချန်ကိုသာ အာရုံစိုက်နေမိသောကြောင့် ရှန့်ဖန်းယွိကားနောက်သို့လိုက်သွားသည် ဟူသည့်စကားကို အရေးမထားမိခဲ့ပေ။ ကျန်းရွှိပြောလာမှပင် ထိုအရာမှာပြသနာရှိနေကြောင်းကို သူသတိပြုမိသွားသည်။

ထို့ကြောင့် ဖုန်း၏စပီကာကိုဖွင့်ကာ တစ်ဖက်မှ ကျန်းချန်ကို လှမ်းမေးလိုက်သည် 

" ရှန့်ဖန်းယွိ ဓားပြတိုက်ခံရတဲ့ကားနောက်လိုက်သွားတာလား…"

" ဓားပြတွေရဲ့ကားမဟုတ်ဘူး… ဒရိုင်ဘာရဲ့ကားပဲ ကျွန်တော်တို့ကိုကန်ချပြီးတော့ ယူသွားတာ…ကျွန်တော်လည်း ဖန်းယွိကို ရဲစခန်းမှာအတူတူသတင်းစောင့်ကြဖို့ပြောခဲ့ပေမယ့် သူကသဘောမတူဘူးလေ…သူ့ကိုဘယ်လောက်နားချချ ရဲတွေနဲ့အတူကားနောက်ကိုလိုက်သွားဖို့ပဲ ဆန္ဒပြင်းပြနေတာ…"

ထို့နောက် ကျန်းချန်ဆက်ပြောလိုက်သည် " ကျွန်တော်သူ့ကိုမတားနိုင်ဘူးလေ… ဒါပေမယ့် ရဲတွေလည်းသူနဲ့အတူရှိနေမှာဆိုတော့ လုံခြုံတယ်လို့ပြောလို့ရပါတယ်… သူတို့မှာလည်း သေနတ်ပါတာပဲဟာ…"

သူပြောနေစဉ်မှာပင် အနောက်ဘက်မှ ရုတ်တရက်အင်္ဂလိပ်စကားသံထွက်ပေါ်လာသည်။ ဖုန်းမှာ စပီကာဖွင့်ထားပြီး ကျန်းရွှိအတွက်စကားလုံးများမှာ အလွန်ရှင်းလင်းသည့်အပြင် သူ၏ပြောင်မြောက်သည့်အကြားစွမ်းရည်ကြောင့် ချက်ချင်းလိုပင် ရဲသားပြောသည်ကို နားလည်လိုက်သည်။

" လူကြီးမင်း ကျွန်တော်တို့တောင်းပန်ပါတယ်…ဒါပေမယ့် မင်းတို့ပေးတဲ့GPSက လိုက်ဖို့အရမ်းကျယ်ပြန့်နေပြီးတော့ သံသယရှိသူကလည်း ကျွန်တော်တို့အပိုင်နယ်မြေကို ကျော်သွားပြီဆိုတော့ ရဲအင်အားက အကန့်အသတ်ရှိတဲ့အတွက် ပြန်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်…"

ကျန်းချန်ကို စိတ်ငြိမ်စေရန် များစွာအားသုံးခဲ့ရသော်လည်း ဤစကားများကို ကြားလိုက်သည်နှင့် ဒေါသများပြန်လည်ပေါက်ကွဲထွက်လာကာ တရုတ်လိုပင် ပြန်လည်တုံ့ပြန်လာတော့သည်။

 " ဘာကိုရဲအင်အားကန့်သတ်ထားတာလဲ…မင်းတို့ကရဲတွေလေ… မင်းတို့အလုပ်က ပြည်သူတွေကိုအလုပ်အကျွေးပြုဖို့မဟုတ်ဘူးလား…"

သိသိသာသာပင် M နိုင်ငံ၏ရဲသားများမှာ တရုတ်စကားကိုနားမလည်သည့်အပြင် " ပြည်သူကိုအလုပ်အကျွေးပြုသည် " ဟူသောအဓိပ္ပါယ်ကိုလည်း မသိကြချေ။ ကျန်းချန်ကို မျက်နှာသေဖြင့်သာ စိုက်ကြည့်နေကြသဖြင့် ကျန်းချန်မှာ သူပြောထားသည့်စကားကို အင်္ဂလိပ်လို ပြန်ပြောပေးလိုက်ရသည်။

ကျန်းချန်နှင့်လာရောက်ညှိနှိုင်းသည့်ရဲသားမှာ သူ၏စကားကို ကြားလိုက်ချိန်တွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှင်းပြလာသည်။ 

" ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်အရဆိုရင် မင်းတို့ရဲ့အဆုံးအရှုံးက မများဘူးလေ… အခိုးခံရတဲ့ကားကလည်း ဒီနိုင်ငံရဲ့တန်ဖိုးနဲ့ဆို ဈေးပေါတဲ့ကားပဲ…ဒီထက်ပိုတာက ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင် ကားကိုခြေရာခံနိုင်ရင်တောင်မှာ ဓားပြတွေမှာ ကားကိုစွန့်ပစ်ပြီးထွက်ပြေးဖို့ အချိန်လုံလောက်တယ်လေ.. မင်းတို့လာသတင်းပို့တာကသာ အရမ်းနောက်ကျလွန်းတာ…"

" ဒါက မင်းတို့ရုပ်ရှင်တွေထဲကလိုလည်းမဟုတ်ဘူး…" ကျန်းချန် သူကြည့်နေကြအနောက်တိုင်းရုပ်ရှင်ကားကို တွေးမိကာ မသက်မသာပြောလိုက်သည်

 " မင်းတို့က အရမ်းမိုက်ပြီးတော့ ကြီးစိုးနိုင်စွမ်းရှိတယ်လေ… အချက်ပေးသံတွေဖွင့်ပြီးတော့ လူ့အသက်တွေကယ်တင်ဖို့ အပြေးသွားကြတာ…"

" တောင်းပန်ပါတယ် လူကြီးမင်း… ရုပ်ရှင်တွေက ပေါက်အောင်လုပ်ဖို့လိုတယ်…" ရဲသားမှာမူ မတုန်မလှုပ်သာရှိနေသေးသည်။ " ပြီးတော့ ကားနောက်ကို ပြေးလိုက်ဖို့ကလည်း ကားဘယ်မှာရှိတယ်ဆိုတာ သိနေဦးမှကိုး…"

ကျန်းချန်မှာ ဒေါသထွက်ရလွန်းသောကြောင့် သွေးအန်မတတ်ပင်ဖြစ်နေကာ ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုယ်သူ ဆဲဆိုလိုက်သည်။

 " ချီးပဲ ငါ M နိုင်ငံရုပ်ရှင်တွေရဲ့အရူးလုပ်ခံလိုက်ရပြီ…"

ရုတ်တရက်ဆိုသလို ရှန့်ဖန်းယွိ ပြန်မရောက်လာသည်ကို သတိပြုမိသွားသောကြောင့် ကျန်းချန်အလောတကြီးမေးလိုက်သည် " ဒါဆို ရှန့်ဖန်းယွိကကော… ကျွန်တော်နဲ့အတူပါလာတဲ့သူလေ…"

" မစ်စတာရှန့်ကတော့ ခေါင်းမာမာနဲ့အဲဒီသောက်ကျိုးနည်း အချက်ပြနောက်ကိုလိုက်ပြီး ကားကိုဆက်ရှာနေတုန်းပဲ… ကားဒရိုင်ဘာကလည်း သူ့ကိုယုံပုံရတယ်…" ထို့နောက် ရဲသားမှ ပုခုံးတွန့်လိုက်ပြီး " သူတို့ကံကောင်းဖို့ဆုတောင်းပါတယ်…"

ကျန်းချန်မှာ သူကြားလိုက်ရသည့်စကားကြောင့် ကြောင်အသွားရကာ " သောက်ကျိူးနည်း မင်းငါ့ကိုလာနောက်နေတာလား…." ဟု ပြောလိုက်မိသည်။

ထို့နောက်ဆက်၍ " မင်းလိုရဲတွေက ဆက်မလိုက်တော့ဘူးရင် ဘာလို့သူတို့လူသာမန်လူတွေကို လိုက်သွားခွင့်ပေးလိုက်ရတာလဲ… ဟိုလူတွေက သေနတ်တွေနဲ့လေ ဒါကအရမ်းအန္တရာယ်များလွန်းတယ်…"

သဲများလွင့်ပျံပြီး ကျောက်တုန်းများလေပေါ်ဝဲကြသည့် အပစ်အခတ်ကားများမှာ မည်မျှပင်စိတ်လှုပ်ရှားဖွယ်ကောင်းနေပါစေ သင့်ထံတွင်ဖြစ်လာချိန်၌ ၎င်းမှာ လုံးဝကို မတူညီသည့်အရာဖြစ်သွားပြီဖြစ်သည်။

" သူတို့ရဲ့လွတ်လပ်ခွင့်ကို စွက်ဖက်ခွင့်မရှိလို့ပါ…" ရဲသားမှာဂရုပင်စိုက်ပုံမရချေ။ " ပြီးတော့ ကားကိုတွေ့တာနဲ့ ရဲစခန်းကိုအချိန်မရွေးခေါ်လိုက်လို့ရပါတယ်…"

" မင်း…" ကျန်းချန် ဒေါသထွက်ရလွန်းပြီး ဆဲတော့မည်အလုပ်တွင် ကျန်းရွှိမှ ဖုန်းကိုဝူရွေ့လက်မှ ရုတ်တရက်လုယူကာ အမြန်ပြောလိုက်သည် " ရှန့်ဖန်းယွိ ကိုင်နေတဲ့ဖုန်းနံပါတ်က ဘာလဲ…"

ကျန်းချန် ကြောင်အသွားရသည်။ GPS ချိတ်ဆက်ထားသည့်ဖုန်းမှာ ဒရိုင်ဘာ၏ဇနီးသည်အပိုင်ဖြစ်ပြီး သူမမှာ မလိုက်သွားဘဲ နေအိမ်တွင် ကလေးများနှင့်ကျန်ခဲ့ခြင်းဖြစ်သည်။ သူသည် ဖုန်းနံပါတ်ကိုလည်းသိမနေသလို ထိုဒရိုင်ဘာ၏ဇနီးသည်မည်သည့်နေရာတွင် နေထိုင်ကြောင်းကိုလည်း သိမနေခဲ့ချေ။

သို့သော်လည်း ထိုဖုန်းသည်သာ ရှန့်ဖန်းယွိ၏လုံခြုံမှုအတွက် ဆက်သွယ်နိုင်မည့်တစ်ခုတည်းသောအရာဖြစ်နေခဲ့သည်။

သူရဲကို အမြန်မေးလိုက်သော်လည်း ချက်ချင်းလိုပင် ငြင်းပယ်ခံလိုက်ရသည်။ " တောင်းပန်ပါတယ် ဒါကတစ်စုံတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် ထုတ်ဖော်လို့မရလို့ပါ…"

ကျန်းရွှိ ရုတ်တရက်မအီမသာဖြစ်လာသောကြောင့် အမြန်ထရပ်ကာ သန့်စင်ခန်းသို့သွားရန်ပြင်လိုက်သော်လည်း ထရပ်လိုက်သည့်အရှိန်ကြောင့် မျက်လုံးများပြာဝေသွားပြီး လဲမကျစေရန် သူ့ကိုယ်သူစားပွဲကိုသာ အားပြုထောက်ထားလိုက်ရသည်။

" အစ်ကိုရွှိ ဘာဖြစ်တာလဲ…" ယွီစန်း ချက်ချင်းဆိုသလို ကျန်းရွှိ၏ပုံမှန်မဟုတ်သော အခြေအနေကို မြင်လိုက်ရသောကြောင့် အပြေးလာမေးသော်လည်း ကျန်းရွှိ လက်ကိုယမ်း၍ ရုံးခန်းမှထွက်လာခဲ့သည်။

မည်သူမှမရှိ‌သည့်သန့်စင်ခန်းထဲတွင် ခြောက်သွေ့သည့်အပူငွေ့များမှာ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာသောကြောင့် ကျန်းရွှိ ငုံ့ကာ နံရံကိုမှီထားရသည်။ ထပ်ခါတလဲလဲ မအီမသာဖြစ်နေသည့်ခံစားချက်များဖြစ်ပေါ်နေသော်လည်း မည်သည့်အရာကိုမှ မအန်ထုတ်နိုင်ခဲ့ဘဲ မူးဝေကာ စိတ်ရှုပ်ထွေးနေခဲ့သည်။

မနက်ခင်းမူးဝေခြင်း ပြီးဆုံးသွားပြီကတည်းက ဤသို့မဖြစ်သည်မှာ အလွန်ကြာပြီဖြစ်သည်။

သူ၏ဖုန်းကိုထုတ်ကာ ရှန့်ဖန်းယွိနှင့်စကားပြောထားသည်ကို ဖွင့်ကြည့်လိုက်စဉ် နောက်ဆုံး‌အကြိမ်ဖုန်းခေါ်ထားသည့်မှာ ပေါ်နေသေးသည်။

ဤကမ္ဘာကြီးတွင် မျှော်လင့်မထားသောအရာများစွာရှိကာ ဆရာဝန်တစ်ဦးအနေဖြင့် သူ ထိုအမှန်တရားကိုလူတိုင်းထက်ပို၍သိရှိပြီးဖြစ်သည်။

ထိုဓားပြများမှာ ငွေကိုလုယူပြီးနောက် သက်သေကိုဖုံးရန် လူသတ်သည့်သူမျိုးဖြစ်နေကြမည်လားဆိုသည်ကို ကျန်းရွှိတွေးပင်မတွေးရဲခဲ့ပေ။ ထိုမျှသာမက လက်ရှိအခြေအနေကိုလည်း သူမတွေးရဲခဲ့ပေ။ ရဲများ၏အကာအကွယ်မပါဘဲ ကားဒရိုင်ဘာနှင့်နှစ်ဦးတည်းကားနောက်လိုက်သွားခဲ့သည့်ရှန့်ဖန်းယွိမှာ ဘေးကင်းစွာ ပြန်လာနိုင်မည်လား..

ရှန့်ဖန်းယွိ ကားပေါ်မတက်ခင်လေးမှာပင် သူ့ကိုဖုန်းခေါ်ခဲ့ပြီး " ဘေးကင်းတဲ့ခရီးဖြစ်ပါစေ…" ဟူသောဆုတောင်းသံကြားချင်ခဲ့သည့်အချိန်ကို ပြန်လည်တွေးမိသွားချိန်၌ သူ၏နှလုံးသားမှာ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ကိုက်ခဲလာခဲ့သည်။

အဆုံး၌ ဤသည်မှာ " ဘေးကင်းပါစေ…" ဟူသောစကားလေးတစ်ခွန်းမျှသာဖြစ်သည်။

သူဘာကြောင့် မပြောခဲ့ရသည်နည်း။

အဘယ့်ကြောင့် သူ၏နှလုံးသားနောက်ကိုလိုက်ကာ ထိုစကားကို မပြောခဲ့ရသည်လဲ….

ရှန့်ဖန်းယွိ ညလယ်ခေါင်ကြီး ကား‌ထဲတွင်ဖုန်းခေါ်ရခြင်းမှာ သူ့ကြောင့်သာဖြစ်သည်။

သူထိုအချိန်တုန်းက ဘာတွေတွေးနေခဲ့သည်လဲ…

သူတွေးနေခဲ့သည်မှာ သူတည်ငြိမ်နေသင့်ပြီး ရှန့်ဖန်းယွိအပေါ်အမှန်တကယ်ချစ်မိသွားသည်ကို ကြောက်ရွံ့နေမိသည်။ ထိုစကားများကိုသာ ပြောလိုက်ပါက သူ့ကိုယ်သူထိန်းချုပ်မှုလွတ်သွားပြီး ထပ်မံ၍တည်တည်ငြိမ်ငြိမ်မနေနိုင်တော့မည်ကို ကြောက်နေမိသည်။

ကျန်းရွှိ သူ၏နှုတ်ခမ်းကို ဖိကိုက်လိုက်သောကြောင့် ပါးစပ်ထဲတွင် သွေးအရသာထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် သူဆက်၍တည်တည်ငြိမ်ငြိမ်မနေချင်တော့ချေ။

ဤကမ္ဘာကြီးထဲတွင် သေခြင်းရှင်ခြင်းထက်ပို၍ကြီးမားသည့်အရာရှိနိုင်ပါမည်လား…

တုံ့ဆိုင်းကာ သတိကြီးကြီးထားတတ်သူများကို ဉာဏ်ကောင်းသူများအဖြစ် မှတ်ယူနိုင်သော်လည်း ကံကြမ္မာ၏မျှော်လင့်မထားသည့်ရိုက်ချက်များရှေ့တွင်မူ ထိုသူများမှာ အရေးမပါလှဘဲ ရယ်စရာကောင်းနေလိမ့်မည်။

ကိုယ်ဝန်အကြောင်းရှာတွေ့သွားချိန်မှစကာ ယခုအချိန်ထိ ကျန်းရွှိ သေခြင်းနှင့်ရှင်ခြင်းကို သူမတူအောင်ရင်ဆိုင်နိုင်မည်ဟု မှတ်ထင်ခဲ့ဖူးသည်။ ခွဲစိတ်ကုတင်ပေါ်တွင် မျှော်လင့်မထားသောအရာများဖြစ်လာမည်ကိုပင် သူစိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှ သူသိလိုက်ရသည်မှာ သူ့ထံတွင်ဖြစ်ပျက်မည့်အရာများအပေါ် လက်ခံလိုက်ရခြင်းထက် ရှန့်ဖန်းယွိတွင် မျှော်လင့်မထားသည့်အရာများဖြစ်လာခြင်းက သူ့အတွက်ပို၍ခက်ခဲစေခြင်းကိုပင်။

အဘယ့်ကြောင့်ဆိုသော် သေလွန်ပြီးသူမှာ နာကျင်မှုကို မခံစားရသော်လည်း ရှင်သန်နေသူမှာ ခံစားနိုင်နေသေးသည်။

ရှန့်ဖန်းယွိကို ဆုံးရှုံးရခြင်းမှာ ကျန်းရွှိအဖို့ သူ၏နှလုံးသားကို အရှင်လတ်လတ်ခွဲထုတ်လိုက်ခြင်းထက်ပင် ပို၍နာကျင်ရပေလိမ့်မည်။