🧑⚕️Chapter 87
ကျန်းရွှိ ဆေးရုံအဆောက်အဦးထဲမှ ငူငူငိုင်ငိုင်ဖြင့် ထွက်လာခဲ့သည်။ သတိလွတ်နေသည့်လူကဲ့သို့ပင် တက်စီခေါ်၍ အိမ်တံခါးကိုဖွင့်ပြီးနောက် အဆုံး၌ ဆိုဖာပေါ်တွင် သတိလက်လွတ်ထိုင်ချလိုက်ကာ ဝိုင်တစ်ခွက်ကိုလောင်းထည့်လိုက်သည်။
ဤသည်မှာ ဒေါက်တာခန်း၏ဆောင်းပါးထွက်လာချိန်၌ ရှန့်ဖန်းယွိ အိမ်တွင်တစ်ဦးတည်းဝိုင်တစ်ခွက်ထည့်ကာ ထိုင်နေသကဲ့သို့ပင်။
ကျန်းရွှိ အနီရောင်တောက်ပကာကြည်လင်နေသည့်ဝိုင်ခွက်ကို အချိန်အတော်ကြာအောင်စိုက်ကြည့်နေမိသော်လည်း နောက်ဆုံးတွင် မသောက်လိုက်ချေ။
အနည်းဆုံးတော့ ယခုအချိန်တွင် သူစိတ်ကိုလွှတ်ချလိုက်လို့မရသေးပေ။
သူမည်မျှပင်ပူပန်နေသော်လည်း မတတ်နိုင်ချေ။ ရှန့်ဖန်းယွိနှင့်အဆက်အသွယ်မရခြင်းကြောင့် သူ့စိတ်ကို လွှတ်မပေးလိုက်နိုင်ပါ။
သူရှောင်ရှောင်းကို ထည့်စဉ်းစားရပေမည်။
တစ်ခါတရံ လူတစ်ယောက်၏စိတ်အခြေအနေကြောင့် ခန္ဓာကိုယ်တွင်လည်း နာကျင်မှုကို အလွယ်တကူဖြစ်စေတတ်သည်။ နာကျင်ကိုက်ခဲနေသည့် သူ၏ခါးနှင်တင်ပဆုံရိုးတို့မှာ ယခုအချိန်သူ၏ပြိုလဲကျနေသောစိတ်အခြေအနေနှင့်ယှဉ်တွဲလျက် သိသိသာသာပင် ထင်ရှားနေခဲ့သည်။
ကျန်းရွှိ နာကျင်မှုမှာ ထိုထက်ပို၍ဆိုးရွားမလာခင် အိပ်သင့်ကြောင်းကို သိနေခဲ့သည်။ မဟုတ်ပါက နာကျင်မှုမှာ ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး ပြင်းထန်သောဝေဒနာနှင့်ဆိုးရွားသောစိတ်အခြေအနေက သူ့ကိုလွှမ်းမိုးသွားလိမ့်မည်ပင်။
သို့သော်လည်း အမြဲလိုပင် အိပ်စက်ခြင်းဆိုသည်မှာ သင်အလိုအပ်ဆုံးအချိန်၌ ရရန်အခက်ခဲဆုံးဖြစ်သည်။
နှင်းတောထဲတွင် အဝတ်ပါးပါးဖြင့် လမ်းလျှောက်နေသကဲ့သို့ သူ၏လက်နှင့်ခြေများမှာ အေးခဲနေကာ သူ၏အရိုးသို့ပင်ထိုးဖောက်၍ ခိုက်ခိုက်တုန်အောင် အေးနေခဲ့သည်။
သူ၏တောင်စဉ်ရေမရသောအတွေးများဖြင့် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ရုတ်တရက်ဆိုသလို ကျန်းရွှိ သူ့ကို ရှန့်ဖန်းယွိ အရှိန်ပြင်းပြင်းသွားနေသည့်ရထားပေါ်၌ချော့သိပ်ခဲ့သည်ကို အမှတ်သွားရပြီး ထိုအချိန်တုန်းက ရနံ့မှာမည်မျှအရေးပါသောအခန်းမှ ပါဝင်ကြောင်းကို သတိရသွားခဲ့သည်။
ကျန်းရွှိ ရှန့်ဖန်းယွိ၏ရေမွှေးကိုယူကာ အိပ်ရာပေါ်တွင်ဖြန်းလိုက်ပြီး သူ၏စိတ်အခြေအနေအနည်းငယ်မျှ တည်ငြိမ်သွားစေရန် မျှော်လင့်မိသည်။
သို့သော်လည်း ရနံ့မှာ အလုပ်မဖြစ်ခဲ့ပေ။
မည်သည့်အရာမှားယွင်းနေသည်မသိ တူညီသောရနံ့ပင်ဖြစ်သော်လည်း တစ်စုံတစ်ခုမှာ မတူညီသလိုခံစားနေရသည်။
သိမ်မွေ့လှသည့်ခံစားချက်ကို သတိပြုမိရန် ခဲယဉ်းသော်လည်း ရှာတွေ့သွားသည်နှင့် ၎င်းတို့ကြားရှိ ကွာဟမှုကို လျစ်လျုရှုထားနိုင်ရန်မှာ ခက်ခဲလှသည်။
ညအမှောင်မှာ ကျန်းရွှိကို ဖုံးအုပ်ထားပြီး ငှက်မွှေးကဲ့သို့ မျက်တောင်ရှည်များအောက်တွင် အရိပ်တစ်ခုရှိနေခဲ့သည်။
ခဏအကြာတွင် ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားသောကြောင့် ဧည့်ခန်းစီသို့ လျှောက်လာခဲ့ပြီး ဆိုဖာပျော့ပျော့ကို စိုက်ကြည့်နေမိသည်။
သူတို့နမ်းမိခဲ့သည့်နေ့ကတည်းက ရှန့်ဖန်းယွိ ဆိုဖာပေါ်တွင်သာ အိပ်ခဲ့ရပြီး အလျင်စလိုထွက်ခွာသွားရခြင်းကြောင့် ဆိုဖာပေါ်မှသူ၏စောင်ကိုပင် မသိမ်းသွားခဲ့ရချေ။
အကယ်၍သာ ယခင်ကျန်းရွှိသာဆိုပါက သူ့ကိုယ်သူယခုလိုလုပ်ခွင့်ပြုမည်မဟုတ်သော်လည်း ယနေ့ကျန်းရွှိမှာ မိနစ်ဝက်မျှတုံ့ဆိုင်းနေပြီးနောက် စောင်ကိုမ၍ ဆိုဖာပေါ်တွင် သူ့ကိုယ်သူစောင်ဖြင့် ပတ်ထားလိုက်သည်။
ကျန်းရွှိ မျက်လုံးကို မှိတ်လိုက်သည်နှင့် သူလိုချင်သည့်ရနံ့မှာ ထွက်ပေါ်လာသည်။
ဖြူဖျော့နေသည့်မျက်နှာနှင့်ကျန်းရွှိမှာ သူ၏လက်ဆစ်များကို ကိုက်လိုက်ပြီး သွားရာများချန်ထားလိုက်သည်။ ရင်းနှီးနေသည့်အသံရှုသံမှ အရိပ်တစ်ခုသဖွယ် သူ၏နောက်သို့လိုက်လာနာကျင်မှုများကို တားဆီးပေးနေခဲ့သည်။
သူ၏အရိုးနှင့်သွေးကြောများကို အက်ဆစ်ဖြင့် တိုက်စားခံလိုက်ရသကဲ့သို့ သူ၏နှာခေါင်းမှာ ချဉ်စူးလာခဲ့သည်။
ကျန်းရွှိမှာ သဲကန္တာရထဲတွင် အချိန်အတန်ကြာသွားလာနေပြီးနောက် အိုအေစစ်ကိုရှာတွေ့သွားသည်ခရီးသွားတစ်ဦးနှယ်ဖြစ်နေရသည်။
အိုအေစစ်၏အေးမြမှုအောက်တွင် သူ၏နှလုံးသားမှာ တဖြည်းဖြည်းတည်ငြိမ်သွားကာ ပြင်းထန်သောအတွေးများမှ ယူဆောင်လာသည့်ပင်ပန်းနွမ်းနယ်မှုနှင့် အတွေးရိုင်းများမှာ သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားပြီးနောက် သူ၏အသိစိတ်အားနည်းလာချိန်တွင် နှိပ်စက်နေခဲ့သောနာကျင်မှုများမှာ သက်သာလာခဲ့သည်။
သို့သော်လည်း ကျန်းရွှိ မျက်ခုံးကို တင်းကြပ်စွာတွန့်ချိုးကာ ထူးဆန်းသောအိမ်မက်တစ်ခုထဲတွင် ပိတ်မိသွားခဲ့သည်။
........
စွန့်ပစ်အလုပ်ရုံတစ်ခုနားတွင် ရဲကားများမှာ ရွံ့နှင့်ဖုန်များနှင့်ဖုံးလွှမ်းနေသည့်ကားအဟောင်းတစ်ခုကို ဝိုင်းထားခဲ့သည်။
ကားအဟောင်းကြီး၏တံခါးမှာ ပွင့်နေခဲ့ပြီး အတွင်းတွင် မည်သူမှ မရှိချေ။ ဗုံးရှင်းလင်းရေးဝန်ထမ်းမှ အခြေအနေကို အတည်ပြုပြီးနောက် လက်နက်အပြည့်ဖြင့် ရဲဝန်ထမ်းတစ်ဦးမှာ ကားကိုဝေးဝေးတွင် ပါကင်ထိုးရန် အချက်ပြလိုက်သည်။
ရှန့်ဖန်းယွိနှင့် ဆံပင်နီကားဒရိုင်ဘာတို့ ကားထဲမှထွက်လာချိန်တွင် ဆေးလိပ်သောက်နေသည့် ခန္ဓာကိုယ်ထွားထွားနှင့်ရဲဝန်ထမ်းမှ ရှန့်ဖန်းယွိကို ခေါင်းငြိမ့်ပြကာ ပြောလာသည်။
" မယုံနိုင်စရာပဲ မင်းဒီကားကိုတကယ်ရှာတွေ့သွားခဲ့တယ်…မင်းငါ့ကိုဖုန်းခေါ်လာတုန်းက မင်းတို့လက်လျှော့လိုက်ပြီလို့ ပြောမယ်ထင်ထားတာ…"
" ငါသိချင်တာက မင်းတို့ဘယ်လိုလုပ်ခဲ့တာလဲ…" ထို့နောက် အနည်းငယ်လှောင်ပြောင်ချင်ဟန်ဖြင့် မေးလာသည်။ " မင်းတကယ်ပဲကလေးဖုန်းကိုသုံးခဲ့တာလား…"
" အင်း…" ရှန့်ဖန်းယွိ ထိုရဲဝန်ထမ်းကိုကြည့်ကာ "ငါရူးကြောင်ကြောင်နည်းလမ်းတစ်ခုကို သုံးခဲ့တာ…"
" ရူးကြောင်ကြောင်နည်းလမ်းကလည်း နည်းလမ်းတစ်ခုပါပဲလေ…" ရဲဝန်ထမ်းမှာ ပြုံးလျက် " ငါ့ကိုပြောပြပါဦး…"
" အကွာအဝေးသိသိသာသာ မလျော့သွားမခြင်း လမ်းတစ်ခုကိုပဲ ဆက်တိုက်သွား… ပြီးမှ ကန့်လန်ဖြတ်ဦးတည်ချက်တစ်ခုကို ပြောင်းလိုက်…"
" ပျင်းစရာကြီးပဲ…" ရဲဝန်ထမ်းမှ မှတ်ချက်ပေးလိုက်သည်။
ရှန့်ဖန်းယွိ အတည်ပြုခြင်းလည်းမရှိသလို ငြင်းဆန်ခြင်းလည်းမရှိပေ။
" မင်းရဲ့အင်္ဂလိပ်စကားက အရမ်းကောင်းတာပဲ… မင်းက M နိုင်ငံကပဲလား
" ဟင့်အင်း ငါက Z နိုင်ငံက…" ရှန့်ဖန်းယွိ ထိုနိုင်ငံခြားရဲအရာရှိနှင့်ဆက်လက်စကားမပြောချင်တော့သောကြောင့် " ငါ့ရဲ့ပစ္စည်းတွေစစ်ဖို့ ကားစီသွားလို့ရပြီလား…"
" ဒါပေါ့…" ရဲအရာရှိမှ ရှန့်ဖန်းယွိ၏ကားစီသို့ပြေးသွားလုမတတ်ဖြစ်နေသည့် အလောတကြီးအမူအရာကြောင့် သက်ပြင်းချလိုက်ကာ " ဉာဏ်ကောင်းပြီးစိတ်ရှည်တာ မင်းM နိုင်ငံကို ပြောင်းလာသင့်တယ်…"
ရှန့်ဖန်းယွိ ကားထဲမှခေါင်းထုတ်၍ မျက်နှာသေဖြင့် လှောင်ပြောင်လိုက်သည်။
" ခေါင်းကိုသေနတ်ထောက်ခံရတဲ့ဘဝမှာ ပျော်မွေ့ဖို့လား .."
စကားဝိုင်းမှာ ဤအခြေအနေသို့ရောက်ရှိလာသည့်အတွက် ရဲအရာရှိမှာ ပုခုံးကိုတွန့်၍ နှုတ်ဆိတ်နေလိုက်သည်။
ဆံပင်နီနီဖြင့် ကားဒရိုင်ဘာမှာမူ ရှန့်ဖန်းယွိကို " တောင်းပန်ပါတယ်…" ဟုသာတဖွဖွပြောနေခဲ့သည်။ သူရှန့်ဖန်းယွိတို့ကို စောစီးစွာသတိပေးခဲ့သင့်သော်လည်း သူ၏ခေါင်းနောက်တွင် သေနတ်ဖြင့်ထောက်ခံထားရခြင်းကြောင့် စကားတစ်လုံးမျှပင် မထွက်ရဲခဲ့ချေ။
ရှန့်ဖန်းယွိမှ " ဒါမင်းအမှားမဟုတ်ပါဘူး…"
ဆံပင်နီနှင့်ကားဒရိုင်ဘာမှ ခဏကြာတုန့်ဆိုင်းသွားပြီးနောက် ထပ်မံ၍ပြောလိုက်သည်
" အာ…ကျေးဇူးတင်ပါတယ်နော်…"
သူ၏ကားမှာ ရဲဝန်ထမ်းများ၏မျက်လုံးထဲတွင် သတ္တုတစ်ပုံသာဖြစ်ပြီး လိုက်ရှာပေးရလောက်သည်အထိ အဖိုးမတန်နေသည့်တိုင် သူကဲ့သို့သာမန်လူအတွက်မှာမူ အရေးပါသည့်ပိုင်ဆိုင်မှုတစ်ခုဖြစ်နေသေးသည်။
အကယ်၍သာ သူ၏ရှေ့မှလူငယ်လေး၏ ကားကိုလိုက်ရှာရန် အားပေးချက်များနှင့် အရှုံးမပေးရန် ပြောကြားချက်များကြောင့်သာမဟုတ်ပါက သူတစ်ယောက်တည်းဖြင့် ကားကိုလိုက်ရှာရဲမည်မဟုတ်ဘဲ လိုက်ရှာခဲ့လျှင်ပင် ကားကိုရှာတွေ့နိုင်မည်မဟုတ်ချေ။
ဤတစ်ကြိမ်တွင်တော့ ရှန့်ဖန်းယွိ " ကျေးဇူးတင်ရန်မလိုပါ…" ဟုမပြောတော့ဘဲ ခဏမျှတုံ့ဆိုင်းနေပြီးနောက် လက်ကိုဘေးဖယ်၍မေးလိုက်သည်။
" လေယာဉ်လက်မှတ်ဝယ်ဖို့ ပိုက်ဆံနည်းနည်းချေးပေးလို့ရမလား…ငါ့နိုင်ငံပြန်ရောက်ရင် အတိုးနဲ့ပြန်ဆပ်ပေးပါ့မယ်…"
သူ့ထံတွင် နိုင်ငံခြားဘဏ်ကဒ်မရှိဘဲ ယူဆောင်လာသည့်ငွေများမှာလည်း သူ၏နိုင်ငံမှလဲလှယ်လာခြင်းသာဖြစ်သည်။
ဓားပြများမှာ အလေးချိန်နှင့် ခြေရာခံခြင်းကိုကြောက်ရွံ့နေခြင်းကြောင့် ဖြစ်နိုင်သည်။ပိုက်ဆံကိုယူပြီးနောက် အိတ်ကိုကားထဲတွင် လွှင့်ပစ်ခဲ့ကြသည်။ ယခုအချိန်၌ မျှော်လင့်မထားခဲ့သော သူ၏ပျောက်ဆုံးအိုင်ဒီကဒ်များကို ပြန်ရှာတွေ့သွားပြီဖြစ်သော်လည်း ငွေ သို့မဟုတ် ဖုန်းမရှိသည့်အတွက် ပိုက်ဆံလွှဲရာတွင် အချိန်ကြာလွန်းပြီး အိမ်သို့ပြန်ရန် နှောင့်နှေးနေပါက ကျန်းရွှိစိတ်ပူမည်ကို စိုးရိမ်နေမိသည်။
ဆံပင်နီနှင့်ကားဒရိုင်ဘာမှ သူ၏တည့်တိုးဆန်လှသောတောင်းဆိုချက်ကြောင့် ခဏကြာတုံ့ဆိုင်းသွားပြီးနောက် ခေါင်းကိုငြိမ့်၍ " ကောင်းပြီ…" ဟုပြောလိုက်လေသည်။
" ဒါဆိုရင်…" ရှန့်ဖန်းယွိ အခြေအနေအပေါ် အခွင့်အရေးယူကာ တောင်းဆိုလိုက်သည်။ " မင်းဇနီးရဲ့ဖုန်းကိုယူပြီး ဖုန်းဆက်လို့ရနိုင်မလား…"
" ဟမ်…"
တင်းကြပ်နေမှုများနှင့် မောပန်းမှုများပျောက်ကွယ်သွားချိန်တွင် အဆုံး၌ ရှန့်ဖန်းယွိ သူ၏အားနည်းသောပုံစံကို ဖော်ထုတ်ခွင့်ပြုလိုက်ပြီဖြစ်သည်။
ဆံပင်နီနှင့်ကားဒရိုင်ဘာမှ အသက်ရှင်ခွင့်ရပြီးနောက် အိမ်သို့ပြန်ချိန်တွင် သူ၏ဇနီးသည်ကို ဖက်ထားသည့်မြင်ကွင်းကို အမှတ်ရသွားသည့်အတွက် ရှန့်ဖန်းယွိနူးညံ့စွာရှင်းပြလိုက်သည်။
"ငါလည်းသေရေးရှင်ရေးအခြေအနေအပြီးမှာ အဖက်ထားချင်ဆုံးသူတစ်ယောက်ကို ဖုန်းခေါ်မလို့လေ…"
နေလုံးကြီးမှာ မြင့်တက်လာပြီဖြစ်သော်လည်း ကျန်းရွှိမှာမူ လွန်စွာနာကျင်ရသည့်အိမ်မက်ဆိုးထဲတွင်ပိတ်မိနေခဲ့သည်။ ရှန့်ဖန်းယွိ၏အလောင်းကို မီးသဂြိုလ်စက်ထဲသို့ တွန်းသွားသည်ကို ကြည့်နေရပြီး ရုတ်တရက်ဆိုသလို အရေးပေါ်အသံပေးချက်မှာ သူ၏နားထဲတွင် မြည်လာခဲ့သည်။
ကျန်းရွှိ အိမ်မက်မှ ဆတ်ခနဲနိုးလာခဲ့ရပြီးချိန်မှာ ဤသည်မှာ သူ၏ဖုန်းမြည်သံဖြစ်နေကြောင်းကို သိလိုက်ရသည်။
နိုင်ငံရပ်ခြားမှနံပါတ်ဖြင့်ခေါ်လာခြင်းဖြစ်သောကြောင့် သူ၏နှလုံးမှာ ခုန်ပေါက်နေခဲ့ကာ ဖုန်းကိုင်လိုက်ချိန်၌ လက်များတုန်ယင်နေခဲ့သည်။
တစ်ဖက်တွင်မူ ကျန်းရွှိအလွန်လျင်မြန်စွာကိုင်လိုက်ခြင်းကြောင့် ရှန့်ဖန်းယွိမှာ အံ့အားသင့်နေခဲ့ရသည်။
" မသိတဲ့နိုင်ငံခြားဖုန်းကို ဒီလောက်မြန်မြန်ကိုင်လိုက်တာ လူလိမ်ဖြစ်နေမှာမကြောက်ဖူးလား…"
ရှန့်ဖန်းယွိ၏အသံကို ကြားလိုက်ရသည်နှင့် ညလုံးပေါက်ထိန်းချုပ်ထားခဲ့ရသော ကျန်းရွှိ၏မျက်ရည်များမှာ တလိမ့်လိမ့်ကျဆင်းလာလေသည်။
" ရှန့်ဖန်းယွိ မင်းကတော့ တကယ့်ဟာပဲ… ရဲတွေထက်တောင်တော်နေတယ်ပေါ့လေ…" သူ၏မျက်နှာကို ကြမ်းတမ်းစွာသုတ်ကာ သူ၏အားနည်းချက်ကိုဖုံးကွယ်ရန်အတွက် စကားကြမ်းကြမ်းများကိုသာ ရွေးချယ်လိုက်သည်။
" လက်နက်နဲ့ဓားပြတွေပါတဲ့ကားနောက်ကို လိုက်သွားရဲတယ်လား…အသက်ရှင်ရတာပင်ပန်းနေပြီး သေချင်တယ်ဆိုလည်း ငါ့ကိုလာရှာလေ…ငါမေ့ဆေးနည်းနည်းပေးပြီး မနာမကျင်သေရအောင်လုပ်ပေးမယ်…"
" မင်းဘယ်လိုသိ…"
သူအသက်ရှင်နိုင်ခဲ့ပြီးနောက် ကျန်းရွှိ၏အသံလေးကို ကြားချင်မိသော်လည်း ရှန့်ဖန်းယွိ မထင်ထားခဲ့သည်မှာ သူ၏အဖြစ်အပျက်သည် တစ်ဌာနလုံးတွင် ပြန့်နှံ့နေသည်ကိုပင်။
" အဲဒီကောင်စုတ်လေးကျန်းချန်ကိုရုံးခန်းကိုဖုန်းမဆက်ဖို့ပြောထားခဲ့တယ်မဟုတ်ဘူးလား…"
တစ်ညလုံးဖိနှိပ်ထားသည့်ခံစားချက်များ အခုအချိန်၌ ရုတ်တရက်ပေါက်ကွဲထွက်လာပြီဖြစ်ကာ ရှန့်ဖန်းယွိဘေးကင်းသည်ကိုလည်း အတည်ပြုနိုင်ပြီဖြစ်သောကြောင့် ကျန်းရွှိ ဒေါသထွက်နေခြင်းကို ထိန်းမထားနိုင်တော့ဘဲ " ကျန်းချန်သာမရှိဘူးဆိုရင် ငါမင်းသေလားရှင်လားကိုတောင် သိနိုင်မှာမဟုတ်ဘူးလေ…"
သူ၏အသံမှာ တုန်ယင်နေကာ ရင်ဘတ်မှာနိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။
ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကျန်းရွှိ၏တည်ငြိမ်မှုပျောက်ဆုံးနေသံကို ရှန့်ဖန်းယွိကြားလိုက်ရခြင်းဖြစ်သည်။
ရှန့်ဖန်းယွိ သက်ပြင်းတစ်ချက်ချကာ သူ၏တည်ငြိမ်သောအမူအရာကို ထိန်းထားရန်ပြင်လိုက်ပြီး ကျန်းရွှိကို ချော့မော့လိုက်သည်။ " ကျန်းရွှိ ဒါကမင်းထင်သလောက်လဲ မပြင်းထန်ပါဘူး…"
လယ်ကွင်းထဲတွင် အင်္ကျီစကို ဘောင်းဘီမှထုတ်ကာ ရှုပ်ပွနေပြီး သူ၏ခန္ဓာကိုယ်တစ်လျောက်ချည်နှောင်ထားသည့် အမျိုးသားတစ်ဦးမှာ ညအမှောင်ထဲတွင် မတ်တပ်ရပ်နေခဲ့သည်။
ရှန့်ဖန်းယွိ၏အနောက်တိုင်းဝတ်စုံနှင့်ဘောင်းဘီကိုဓားပြများမှ ချွတ်ယူသွားကြသည်ဖြစ်ရာ ယခုအချိန်၌ ကားဒရိုင်ဘာ၏ဇနီးသည်အိမ်တွင်ရှာတွေ့သော ဘောင်းဘီအဟောင်းကိုသာ ဝတ်ဆင်ထားရပြီး သူနှင့်မတော်သည့်အတွက် တွဲလောင်းကျနေကာ ဖုန်တက်နေသည့်သားရေဖိနပ်အဟောင်းကြီးနှင့်တွဲဖက်လိုက်ချိန်မှာတော့ ရှန့်ဖန်းယွိ၏ပုံစံမှာ အတော်ပင်စုတ်ပြတ်နေခဲ့သည်။
သို့သော်လည်း ကျန်းရွှိမှာ သူ့ကိုမမြင်နိုင်သည့်အတွက် ဖုန်းထဲတွင် ပေါ့ပေါ့ပါးပါးပင် ဖြီးဖြန်းနိုင်ခဲ့သည်။ သူ၏အနည်းငယ်တုန်ယင်နေသောအသံမှလွဲ၍ မည်သည့်အရာမှ သက်သေမကျန်ရစ်နေပေ။
" ကားသမားမှာက GPSထောက်လှမ်းတာပါတယ်လေ ငါတို့ဒီတိုင်းကြီးမျက်ကန်းလိုလိုက်ရှာတာမှမဟုတ်တာ…ပြီးတော့ ဓားပြတွေကလည်း ပိုက်ဆံအတွက်ပဲလာတာပါ သူတို့တကယ်မပစ်ပါဘူး…ကားကိုတွေ့တာနဲ့ ချက်ချင်းရဲကိုခေါ်လိုက်တာ … ငါတို့မြန်မြန်ကြီးပြေးမဝင်သွားပါဘူးဟ…ရဲတွေရောက်လာတော့ အခြေအနေကိုစစ်ဆေးပြီး ကားထဲဘယ်သူမှမရှိဘူး ဓားပြတွေက ကားကိုထားပြီးပြေးသွားတယ်လို့ အတည်ပြုပြီးမှသာ ငါတို့သွားတာပါ…စိတ်မပူပါနဲ့ အားလုံးအဆင်ပြေပါတယ်…"
" ရှန့်ဖန်းယွိ…" ကျန်းရွှိ မျက်ခုံးတစ်လျောက် နာကျင်မှုကြောင့် မျက်ခုံးကိုသာနှိပ်ကာ " ပြောပါဦး…ဘာလို့ကားနောက်ကိုလိုက်သွားရတာလဲ… ကားအတွက်နဲ့အသက်ကိုရင်းတော့မလို့လား…"
ဒရိုင်ဘာမှ လိုက်သွားရန် စိတ်အားထက်သန်နေခြင်းသည် ထိုကားမှာသူ၏ပိုင်ဆိုင်မှုဖြစ်ခြင်းကြောင့်ဟု ပြောနိုင်ပေမည်။
သို့သော် ရှန့်ဖန်းယွိကကော…
ရှန့်ဖန်းယွိမှာ ဒေါ်လာ ရာဂဏန်း ထောင်ဂဏန်းလေးနှင့် သူ့ကိုယ်သူအန္တရာယ်တောထဲခုန်ဆင်းမည့်သူမျိုးမဟုတ်ချေ။
ရှန့်ဖန်းယွိအဘယ့်ကြောင့်ဤသို့လုပ်ရသည်ကို ကျန်းရွှိအမှန်တကယ်ပင် နားမလည်နိုင်ဖြစ်နေခဲ့ရသည်။
" ငါ…"
" လေ့ဖုန်းလိုမျိုးဖြစ်ချင်လို့ ကောင်းတာလုပ်နေတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်…"
[ လေ့ဖုန်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်သားတစ်ဦးဖြစ်ကာ သူ၏ကိုယ်ကျိုးမဖက်မှုနှင့် ကြင်နာမှုတို့ကြောင့် လူသိများပြီး တရုတ်ယဉ်ကျေးမှုတွင် စေတနာနှင့် ကိုယ်ကျိုးမဖက်မှု၏သင်္ကေတအဖြစ် အသုံးပြုခဲ့ကြသည် ]
ရှန့်ဖန်းယွိ ရှောင်ရှားရန်အတွက် ထိုစကားများကိုသုံးရန် ရည်ရွယ်ထားသော်လည်း ကျန်းရွှိမှသူ့အစားပြောခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ သူသက်ပြင်းရှည်တစ်ချက်ချကာ အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် မေးလိုက်လေသည်။ " ပြောပြရင် စိတ်မဆိုးဘူးလို့ ကတိပေးလား…"
" မပြောရင်တော့ ငါကျိန်းသေပေါက်ကို စိတ်ဆိုးမှာ…"
ည၏လေမှာ သူ၏ဆံပင်ကိုတိုးဝှေ့နေပြီး ခဏကြာတိတ်ဆိတ်နေပြီးနောက် ရှန့်ဖန်းယွိ လက်ထဲမှ ဖိုင်ကိုကြည့်ကာ ပြောလာခဲ့သည်။ " အချက်အလက်တွေအတွက်…"
" စည်းဝေးပွဲက အမျိုးသားကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအတွက်…"
တိုတောင်းသည့်အဖြေမှာ လျှပ်စစ်သံလိုက်လှိုင်းများကဲ့သို့ပင် ပင်လယ်ပြင်ကိုဖြတ်၍ ကျန်းရွှိ၏နားထဲသို့ဝင်ရောက်လာသည်။
လွန်စွာဒေါသထွက်နေခဲ့သောကျန်းရွှိမှာ ရုတ်တရက်ဆိုသလို ကြောင်အသွားရပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။
ရှန့်ဖန်းယွိထံမှ ဤကဲ့သို့အဖြေမျိုးပေးလာမည်ဟု သူလုံးဝထင်မထားမိခဲ့ချေ။
ပြတင်းပေါက်အပြင်ဘက်ရှိ နေလုံးကြီးမှာ တဖြည်းဖြည်းမြင့်တက်လာနေပြီး ဧည့်ခန်း၏အဖြူရောင်လိုက်ကာစများကို ဖြတ်၍ လိမ္မော်ရောင်ဖျော့ဖျော့နေရောင်ခြည်မှာ ကျန်းရွှိ၏မျက်နှာကို ရောင်ပြန်ဟပ်နေခဲ့သည်။
သူ၏နှလုံးခုန်နှုန်းမှာ ပို၍မြန်လာခဲ့လေသည်။
၎င်းမှာ ထူးဆန်းလှသည်။
သူတို့အကြားရှိအချိန်ကွာခြားခြင်းကြောင့် လက်ရှိရှန့်ဖန်းယွိရောက်နေသောနေရာတွင် ညအချိန်သာဖြစ်နေသေးသော်လည်း နေရောင်မှာ ရှန့်ဖန်းယွိထံမှရောက်လာသည်ဟု ကျန်းရွှိခံစားနေမိသည်။
နေရောင်ခြည်မှာ သူ၏နှလုံးသားထဲတွင် တောက်ပစွာရောင်ပြန်ဟပ်နေကာ အကြောက်တရားနှင့်တုံ့ဆိုင်းနေခြင်းများကိုထုတ်ဖော်နေပြီး မည်သည့်အရာမှ ပုန်းကွယ်၍မရနိုင်တော့ချေ။
မကြာသေးမီကမှ ဟွမ်းပင်းနှင့်ဖြစ်ခဲ့သောပြသနာကဲ့သို့ပင် ရှန့်ဖန်းယွိကို သူ့ကိုယ်သူအန္တရာယ်များသည့်အခြေအနေအတွင်းဆွဲမသွင်းရန်ပြောကာ ဒေါသထွက်သင့်သည်ကို သိနေခဲ့သော်လည်း သူ၏ဒေါသကို မစုစည်းထားနိုင်ခဲ့ချေ။
သူတို့၏အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်းကို ကျန်းရွှိသဘောပေါက်သွားပြီဖြစ်ကာ ရှန့်ဖန်းယွိနေရာတွင် သူဆိုပါက သူသည်လည်း ရှန့်ဖန်းယွိကဲ့သို့ ကားနောက်လိုက်မိမည်ပင်။
တစ်စုံတစ်ယောက်ကို သဘောကျရုံသာ သဘောကျနေခြင်းနှင့် အမှန်တကယ်ချစ်မြတ်နိုးခြင်းတို့ကြားတွင် ကွာခြားမှုရှိနိုင်ပေမည်။
တစ်ဆင့်ပြီးတစ်ဆင့် စုဆောင်းထားသောအချစ်များနှင့်အတူ တံခါးကိုဖြတ်ကျော်လိုက်ချိန်တွင် အစစ်အမှန်ချစ်ခြင်းတစ်ခုဖြစ်တည်လာခဲ့ကာ ရုတ်တရက်ဆိုသလို ကျန်းရွှိ ဖြစ်နိုင်ခြေရှိမရှိကို သိရှိနိုင်ရန် ကြိုးစားကြည့်မည်ဟူသောစိတ်မျိုး မရှိတော့သည်ကို သဘောပေါက်သွားခဲ့သည်။
အပြန်အလှန်အားဖြင့် လက်တွေ့ဟူသောကြားခံနယ်ကို ဖြည့်ဆည်းရန်အတွက် တစ်ဖက်သူအား သူ၏ချစ်မေတ္တာအားလုံးကို ပေးချင်နေမိသည်။
အချစ်များမလုံလောက်သည့်အချိန်တွင် အဆင်မပြေမှုအနည်းငယ်လေးကပင် ဆက်ဆံရေးကို ပျက်စီးစေတတ်သည်။
သို့သော်လည်း ချစ်မေတ္တာနက်ရှိုင်းပြီး လူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်ချစ်မြတ်နိုးပါက သေခြင်းမှလွဲ၍ သူတို့ကို မည်သူကမှမခွဲနိုင်ကြောင်းကိုလည်း ကျန်းရွှိသိနေခဲ့သည်။
သူသည် သတ္တိရှိသူမဟုတ်သော်လည်း မည်သူကမှ စစ်မှန်သောချစ်ခြင်းတရားအတွက် မရဲရင့်ဘဲနေကြမည်မဟုတ်ချေ။
ယခုအချိန်မှသာ ကျန်းရွှိသည် ရှန့်ဖန်းယွိ အဘယ့်ကြောင့်ဤဆက်ဆံရေးတွင် အလွန်ဇွဲကောင်းနေခဲ့ကြောင်းကို နားလည်သွားခဲ့သည်။
အချစ်မှာ လူများကို အလွယ်တကူကြောက်ရွံ့စေတတ်သော်လည်း ရဲရင့်ခြင်းကိုပါ ပေးစွမ်းတတ်သည်။
တစ်စုံတစ်ယောက်ကို သဘောကျခြင်းမှာ စိတ်ပူပန်မှုများစွာကို ဖြစ်စေနိုင်သော်လည်း အချစ်မှာ ထိုပူပန်မှုများကို ကျော်လွှားနိုင်သည့်အခြေအနေသို့ရောက်ရှိသွားပါက တစ်စုံတစ်ယောက်၏နှလုံးသားထဲရှိပိုင်ဆိုင်လိုစိတ်များကို မြင့်တက်လာစေသည်။
ကျန်းရွှိ ရှန့်ဖန်းယွိနှင့်အချိန်ပေါင်းမြောက်များစွာ ကြာရှည်သည်အထိ အတူရှိချင်ကာ သူတို့နှစ်ဦးချစ်သူများအဖြစ်အတူရှိချင်မိသည်။
ဤအတွက်ကြောင့် သူအနေနှင့်မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်လိုစိတ်ရှိနေခဲ့သည်။
ရှောင်ရှောင်းကိုမွေးမည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်တုန်းကကဲ့သို့ပင်။
စိတ်ရှုပ်ထွေးနေခြင်းများမရှိ၊ ပူပန်မှုများမရှိ….
ဖုန်းချပြီးနောက်ခဏအကြာတွင် ရှန့်ဖန်းယွိမှ သူ၏လေယာဉ်နံပါတ်ကိုပို့လာခဲ့သည်။
ကျန်းရွှိစာကိုကြည့်လိုက်ပြီးနောက် လေဆိပ်အနီးရှိ ဟိုတယ်တစ်ခုကိုဖုန်းလှမ်းခေါ်ကာ မေးလိုက်သည်
" မင်းတို့စီမှာ လေဆိပ်ကနေသွားကြိုပေးတဲ့ဝန်ဆောင်မှုရှိလား…"
" ဟုတ်ကဲ့ လူကြီးမင်း ၂၄နာရီလုံးအတွက်ရှိပါတယ်…"
" ဒါဆို ကျေးဇူးပြုပြီး အစည်းအဝေးခန်းတစ်ခုငှားချင်ပါတယ်… ပြီးတော့ ဒီနေ့ည၉နာရီခွဲလောက်ကြရင် လေဆိပ်မှာ အဝါရောင်တောက်တောက်လက်ဆွဲအိတ်နဲ့လူတစ်ယောက်ကို သွားကြိုပေးပါ… သူ့ရဲ့လေယာဉ်နံပါတ်ကို အတိုချုပ်ပို့လိုက်ပါမယ်…"
ထို့နောက် သူထပ်ပြောလိုက်သည်။ " သူ့ကိုတွေ့တာနဲ့ ကျန်းရွှိရဲ့စီစဉ်မှုလို့ပြောပေးပါ…"
" နားလည်ပါပြီ လူကြီးမင်း.." ဧည့်ကြိုမှ အချက်အလက်များကို ချရေးထားပြီးနောက် မေးလိုက်လေသည် " အစည်းအဝေးခန်းမက ဘယ်အတွက်လဲဆိုတာ သိလို့ရမလား… ကျွန်တော်တို့လူကြီးမင်းအတွက် ပြင်ဆင်ပေးစေချင်လားမသိဘူး…"
ကျန်းရွှိ အဖြူရောင်လိုက်ကာများကို ဖွင့်ကာ နွေးထွေးသည့်နေရောင်ခြည်ကို သူ၏ရင်ဘတ်နှင့်နီမြန်းနေသောမျက်နှာပေါ်သို လွတ်လပ်စွာကျဆင်းသွားစေလိုက်သည်။
ထို့နောက် တစ်ဖက်ဖုန်းထဲမှလူကို ပြောလိုက်လေသည် " ဖွင့်ပြောဖို့အတွက်ပါ…"