🧑⚕️Chapter 88
သေနတ်များကို ဇက်နိုင်ငံတွင် တားမြစ်ထားပြီး ကျီဟွားဆေးရုံမှာလည်း စစ်ဆေးရုံမဟုတ်သည့်အတွက် ဌာနအတွင်းမှာပင် သေနတ်ဒဏ်ရာမျိုးကို မြင်ရခဲလေရာ ကျန်းချန်နှင့် ရှန့်ဖန်းယွိတို့ကြုံတွေ့ခဲ့ရသောသေရေးရှင်ရေးအကြောင်းကို ဌာနအတွင်း၌ စုဝေးပြောဆိုနေကြသည်။
ကျန်းရွှိ ခွဲစိတ်မှုအပြီးတွင် သူတို့၏စကားဝိုင်းကိုများစွာအရေးမစိုက်ဘဲ ဟိုတယ်သို့နှောင့်နှေးမှုမရှိစေရန် တိုက်ရိုက်ပင်ထွက်သွားလိုက်သည်။
သို့သော်လည်း သူဟိုတယ်သို့ရောက်ချိန် ဧည့်ကြိုမိန်းကလေးမှ သူ့ကိုအစည်းအဝေးခန်းမအတွင်းသို့ ခေါ်သွားချိန်၌ ရှန့်ဖန်းယွိမရောက်သေးသည်ကို သတိပြုမိသွား၏။
" မင်းတို့သူ့ကိုသွားမကြိုရသေးဘူးလား.." သူပေးသည့်အချက်အလက်များမပြည့်စုံခြင်း သို့မဟုတ် ကားဒရိုင်ဘာမှရှန့်ဖန်းယွိကို မမှတ်မိမည်စိုးရိမ်ခြင်းတို့ကြောင့် ကျန်းရွှိမေးလိုက်ရသည်။
" ကျွန်မတို့ဒရိုင်ဘာပြောတာတော့ သူသွားကြိုခဲ့တယ်တဲ့…" ဧည့်ကြိုမိန်းကလေးမှာစကားပြောရန် တုံ့ဆိုင်းနေကာ " ရှင့်ရဲ့သူငယ်ချင်းက နည်းနည်းသတိထားမိဖို့လွယ်တယ်တဲ့… လူမှားဖို့ခက်တယ်လို့ပြောတယ်…"
အရပ်မြင့်မြင့်ခြေတံရှည်များဖြင့် အစိမ်းရောင်စစ်ဘောင်းဘီကျယ်ကိုဝတ်ဆင်ထားကာ အပေါ်တွင် ပိန်ပါးသောခန္ဓာကိုယ်ဖြင့် အဖြူရောင်ရှပ်တစ်ထည်ဝတ်ဆင်ထားပြီး လျော့တိလျော့ရွဲနက်တိုင်ဖြင့် စစ်ပွဲတွင်းမှပြန်လာသကဲ့သို့ ဖြစ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ၏ရုပ်ရည်မှာကြည့်ကောင်းနေသည့်အတွက် ဤမလိုက်ဖက်သောဝတ်စုံကိုပင် ကောင်းမွန်စွာဝတ်စားနိုင်ခဲ့၏။
ရှန့်ဖန်းယွိ အမှန်တကယ်ပင် ဤသို့မဝတ်ချင်သော်လည်း ကားဒရိုင်ဘာထံမှ ပိုက်ဆံထပ်ချေးရမည်ကို ရှက်ရွံ့နေမိခဲ့သည်။
လူအုပ်ကြီးထဲတွင် ဟိုတယ်မှကားဒရိုင်ဘာမှာ ရှန့်ဖန်းယွိကို လျင်မြန်စွာမှတ်မိသွားခဲ့ပြီး အဝါရောင်လက်ဆွဲအိတ်ကို မြင်လိုက်ပြီးနောက်တွင် အနားသွား၍အချက်ပြကာ မေးလိုက်သည်။
" ကျန်းရွှိလွှတ်လိုက်တာပါ…"
တစ်ဖက်သူမှာ လျင်မြန်စွာ တုန့်ပြန်လာသည်။ " ကျန်းရွှိကိုသိတာလား…"
ကားဒရိုင်ဘာမှ ကျန်းရွှိ၏မှာကြားချက်များကို တာဝန်အရရှင်းပြလိုက်ပြီးနောက် မမျှော်လင့်ပါဘဲ ရှန့်ဖန်းယွိက ရပ်တန့်လိုက်ကာ ကားထဲသို့မဝင်ခဲ့ပေ။
ဧည့်ကြိုမိန်းကလေး၏အကျဉ်းချုံးရှင်းပြသည်ကို နားထောင်ပြီးချိန်တွင် ကျန်းရွှိ၏အသံမှာ နိမ့်သွားကာ " ငါ့အကြောင်းပြောခဲ့တာတောင် သူကထွက်သွားသေးတာလား…"
ကျန်းရွှိမှာ မပျော်မရွှင်ဖြစ်နေသည်ကို သတိပြုမိပြီးနောက် ဧည့်ကြိုမိန်းကလေးမှအလျင်အမြန်ပြောလိုက်သည်။
" ဒါပေမယ့် မစ်စတာရှန့်က ကျွန်မတို့ရဲ့ဟိုတယ်လိပ်စာကိုတောင်းသွားပါတယ်…သူသွားစရာလေးရှိလို့ ခဏနေရင်လာခဲ့မယ်လို့ပြောသွားတာပါ…"
" လူကြီးမင်း ခဏထိုင်ပါဦး…"
သူမကျန်းရွှိအတွက် လက်ဖက်ရည်တစ်ခွက်လောင်းထည့်ပေးလိုက်ကာ လက်ထဲသို့ရီမုတစ်ခုထည့်ပေးလိုက်ပြီး " ဒါကလူကြီးမင်းအတွက် ပြင်ဆင်ပေးထားတဲ့ဒီဇိုင်းပါ… အသေးစိတ်ကတော့ စားပွဲပေါ်မှာရှိပါတယ်…ပရောဂျက်တာကိုလည်း လူကြီးမင်းအတွက်အဆင်သင့်ဖွင့်ထားပေးပြီးပါပြီ… လိုအပ်တာရှိရင် ဟိုတယ်လော်ဘီကိုဖုန်းခေါ်လို့ရပါတယ်…"
သူ၏လက်ထဲမှ ရီမုကိုကြည့်ကာ ကျန်းရွှိရုတ်တရက်မေးလိုက်သည်။ " ဒီအခန်းထဲမှာ ကုတင်တစ်လုံးလောက်ကော ထည့်လို့ရမလား…"
ပုံမှန်မဟုတ်သောတောင်းဆိုမှုကြောင့် ဧည့်ကြိုမိန်းကလေးမှာကြောင်အသွားပြီး " ကုတင်တစ်လုံးလား.."
ကျန်းရွှိ၏အကြည့်မှာ အစည်းအဝေးစားပွဲဘေးမှ နေရာလွတ်ထံသို့ ကျရောက်သွားပြီး " စခန်းချတဲ့အိပ်ရာလောက်ဆိုလည်း ရတယ်…"
ဧည့်ကြိုမိန်းကလေးမှာ အံ့ဩနေသေးသော်လည်း အလျင်အမြန် ပြန်ဖြေလိုက်သည်။ " ကျွန်မတို့မှာ ၉၀စင်တီမီတာကျယ်တဲ့ခေါက်ကုတင်တော့ရှိပါတယ်…ဒီလိုဆိုရင်ကော အဆင်ပြေမလား…"
" ပြေပါတယ်…"
ချက်ချင်းလိုပင် ကျန်းရွှိညွှန်ပြထားသည့်နေရာသို့ ခေါက်ကုတင်ထည့်ရန် စီစဉ်ပေးလိုက်ပြီး ကုတင်ပေါ်တွင် အဖြူရောင်အခင်းများကို သပ်ရပ်စွာခင်းကျင်းထားကာ ဆေးရုံမှစစ်ဆေးရေးအခန်းနှင့်ပင် တူညီသွားခဲ့သည်။
ကုတင်ကိုပြင်ဆင်ပေးနေသည့်သူထွက်သွားပြီးနောက် ကျန်းရွှိ အဲယားကွန်းကိုဖွင့်ကာ စားပွဲရှေ့တွင်ထိုင်၍ လက်ဖက်ရည်တစ်ခွက်သောက်နေစဉ်အတွင်း ညွှန်ကြားချက်များကို လှန်လှောကြည့်နေခဲ့သည်။
အချို့သောရည်ရွယ်ချက်ကြောင့် အစည်းအဝေးခန်းတွင်းရှိ မီးမှာ မှိန်ပြပြသာရှိပြီး မှောင်မှိုင်းနေကာ မသက်မသာဖြစ်အောင်လုပ်နေသည်။ အရောင်ရင့်ရင့်လိုက်ကာစများသည်လည်း ပုံမှန်မကျကာ လေးလံနေပုံရပြီး သူတို့၏ထောင့်စွန်းကိုပင် လေလုံးလုံးမဝင်နိုင်သည့်ဟန်ရှိနေသည်။
ကျန်းရွှိ နှစ်နာရီမျှထိုင်စောင့်ကာ ညွှန်ကြားချက်များကို အကြိမ်ရာချီမကပြန်ဖတ်နေခဲ့သည်။ လက်ဖက်ရည်များအေးစက်လုသည့်အချိန်၌ အစည်းအဝေးခန်းမ၏တံခါးမှာ ပွင့်ဟလာ၏။
ရှန့်ဖန်းယွိက တံခါးကိုဖွင့်ကာ ဝင်လာခဲ့ပြီး သူ့အားလိုက်ပို့ခဲ့သည့်ဝန်ထမ်းကို ယဉ်ကျေးစွာကျေးဇူးတင်ကာ တံခါးပြန်ပိတ်၍ ကျန်းရွှိ၏နောက်ကျောကို ကြည့်နေခဲ့သည်။
ကျန်းရွှိ၏မျက်တောင်များမှာ အောက်သို့နိမ့်ဆင်းသွားကာ နာရီကိုတစ်ချက်ကြည့်လိုက်သည်။
" နောက်ကျသွားလို့တောင်းပန်ပါတယ်…" ရှန့်ဖန်းယွိ ဝတ်စုံအသစ်လဲလှယ်ပြီးပြီဖြစ်ကာ လက်ထဲတွင်အကြည်ရောင်ဖိုင်ကိုကိုင်ထားပြီး အေးခဲသောရာသီဥတုအခြေအနေဖြစ်သော်လည်း သူ၏နဖူးပေါ်တွင်ချွေးများရှိနေသည်။
" ငါအိမ်ပြန်သွားတော့ လမ်းမှာကားပိတ်နေတာလေ… ငါ့ကိုစောင့်ရလို့ စိတ်ညစ်နေပြီလားဟင်…"
သူတို့နှစ်ဦးမှာ အစည်းအဝေးစားပွဲ၏တစ်ဖက်တစ်ချက်တွင်ရှိကာ သာမာန်အချိန်များကဲ့သို့ ဆွေးနွေးကြမည့်ပုံဖြင့် ရှိနေကြသည်။ သို့သော်လည်း ရှန့်ဖန်းယွိ ထိုင်ချလိုက်တော့မည့်အချိန်၌ ကျန်းရွှိ သူ့ကိုကြည့်ကာ ရုတ်တရက်ပြောလာခဲ့သည်။
" အဝတ်တွေချွတ်လိုက်…"
ရှန့်ဖန်းယွိမှာ ကြောင်အသွားရ၏။
ကျန်းရွှိ၏ခေါင်းမှာ အပေါ်သို့အနည်းငယ်မော့ကြည့်လာပြီး ငြင်းပယ်ခွင့်မပေးသည့်ပုံဖြင့် ရှန့်ဖန်းယွိ၏မျက်နှာကိုကြည့်ကာ " ချွတ်လိုက်.."
" ဒါပေမယ့် ငါ…" ရှန့်ဖန်းယွိ ချီတုံချတုံဖြစ်နေရပြီး " ငါဒဏ်ရာမရခဲ့ပါဘူး… တကယ်ပြောတာ.."
မည်သို့ပင်ဖြစ်စေ ကျန်းရွှိမှာမူ သူနှင့်ဆွေးနွေးလိုဟန်မရှိဘဲ သူ၏မျက်လုံးများဖြင့် တိုက်ရိုက်သာစိုက်ကြည့်နေသည်။
ရှန့်ဖန်းယွိ အကြည့်ချင်းစုံလျက် ခဏမျှတုံ့ဆိုင်းနေခဲ့သော်လည်း အဆုံးတွင် အရှုံးပေးလိုက်ပြီး သူ၏ကုတ်အင်္ကျီကို ကျန်းရွှိရှေ့တွင်ချွတ်ကာ သူ၏ရှပ်အင်္ကျီကို ကြယ်သီးတစ်လုံးစီ စတင်ဖြုတ်လိုက်သည်။
သူ၏အဝတ်များ ချွတ်လုပြီးချိန်တွင် ကျန်းရွှိ သူ၏လက်ဆွဲသေတ္တာထဲမှ အဖြူရောင်လက်အိတ်ကိုထုတ်၍ ပိုးသတ်ဆေးထုပ်ကို ကျွမ်းကျင်စွာဖောက်ကာ သူ၏လက်တွင်ဝတ်လိုက်သည်။ ထို့နောက် ဘေးမှကုတင်စီသို့ မျက်လုံးဖြင့် အချက်ပြကာ ပြောလာခဲ့သည်။
" လှဲချလိုက်…"
အဖြူရောင်လက်အိတ်မှာ ကျန်းရွှိ၏လက်များကို တင်းကြပ်စွာထုတ်ပိုးထားသည့်အတွက် သူ၏ရှည်သွယ်သောလက်ချောင်းများကို သိသိသာသာပင် ပို၍ဆွဲဆောင်မှုရှိနေစေသည်။
ရှန့်ဖန်းယွိ ကျန်းရွှိ၏လက်များကိုကြည့်ကာ သူ၏လည်ဇလုပ်မှာ နိမ့်ဆင်းသွားရ၏။
သူမိန်းမောနေသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွှိ စိတ်မရှည်လက်မရှည်ဖြင့် စတင်ရေတွက်လိုက်သည်။ " သုံး နှစ်…"
ကျန်းရွှိ တစ် ဟုမပြောခင် ရှန့်ဖန်းယွိသက်ပြင်းတစ်ချက်ချကာ ကျန်းရွှိညွှန်ပြသည့်အိပ်ရာပေါ်သို့ ဖြည်းညင်းစွာလှဲချလိုက်သည်။
ကျန်းရွှိ၏လက်များမှာ သားရေလက်အိတ်များမှတစ်ဆင့် သူ၏အရေပြားကို ထိတွေ့နေသည်။ ရှန့်ဖန်းယွိ သူ၏မျက်နှာကို အနည်းငယ်ဘေးသို့စောင်းလိုက်ပြီး သူတို့နှစ်ဦးစတင်တွေ့ဆုံစဉ်ကတည်းက ဖြစ်တည်လာသောမီးလျှံကဲ့သို့စိတ်ဆန္ဒများမှာ ပို၍ပင်တောက်လောင်လာသည်။
ကျန်းရွှိ၏အကြည့်မှာ ရှန့်ဖန်းယွိ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ၏လက်အိတ်ဝတ်ထားသောလက်များမှာ ရှန့်ဖန်းယွိ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို တစ်လက်မချင်းစီ လည်ပင်းမှခါးအထိ၊ ခြေမျက်စိမှဒူးအထိ ကျွမ်းကျင်စွာစစ်ဆေးနေခဲ့သည်။
ရှန့်ဖန်းယွိ ဟိုတယ်သို့မလာဘဲ အိမ်သို့အရင်ပြန်သွားကာ သူ့အားအကြာကြီးစောင့်နေရခြင်းအကြောင်းအရင်းကို ကျန်းရွှိအဖြေရှာမရခဲ့ပေ။
ထို့ကြောင့် သူခန့်မှန်းမိသည်မှာ ရှန့်ဖန်းယွိ ဒဏ်ရာရနေသည့်အတွက် သူရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် အိမ်သို့ပြန်ကာ ဒဏ်ရာကိုဆေးထည့်၍ အဝတ်အစားများလဲလှယ်သည်ဟုပင်။
ချောမွေ့နေသည့်လက်အိတ်မှ အသားပေါ်တွင်ထိတွေ့နေသည့်အချိန်တွင် ယားယံကာ ကြက်သီးများထစေသည့်အတွက် ရှန့်ဖန်းယွိ ဆက်လက်သည်းမခံနိုင်တော့ဘဲ နှုတ်ခမ်းကိုကိုက်ကာ ကျန်းရွှိ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး " ငါတကယ်အဆင်ပြေတယ်လို့… ကျန်းရွှိစိတ်မပူပါနဲ့…ငါတကယ်မထိခိုက်လာပါဘူး…မင်းမယုံရင် ကျန်းချန်ကိုမေးတာဖြစ်ဖြစ် ဆေးရုံခေါ်သွားပြီး ဆေးစစ်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်…"
ရှန့်ဖန်းယွိ၏ငြင်းဆန်နေသောအမူအယာမှာ ကျန်းရွှိကို ပို၍သံသယဝင်စေသည်။
" မင်းတကယ်အဆင်ပြေတယ်ဆိုရင် ငါ့လက်ကိုလွှတ်ပေး…ဒါမှစစ်ကြည့်လို့ရမှာ…"
ရှန့်ဖန်းယွိ ကျန်းရွှိ၏လက်ကို တင်းကြပ်စွာကိုင်ထားကာ ထပ်မံ၍ထိတွေ့ခွင့်မပေးနိုင်ဟူသော သူ၏ရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာရပ်တည်နေဟန်ရှိသည်။
ကျန်းရွှိ မျက်မှောင်ကြုတ်လိုက်ပြီး " မင်းဘာတွေကျောမလုံဖြစ်နေတာလဲ…"
" ကျောမလုံတာမဟုတ်ဘူး… ကျန်းရွှိ…" ရှန့်ဖန်းယွိ ထုတ်ပြောရန် ခဏမျှတုံ့ဆိုင်းနေပြီးနောက် အဆုံးတွင် မျက်နှာကြတ်ပေါ်သို့ ခုခံကာကွယ်သည့်အနေနှင့်ကြည့်လျက် အသံအက်အက်ဖြင့် ပြောလိုက်သည်
" မင်းဒီလိုလုပ်နေရင်… ငါဆက်မထိန်းထားနိုင်တော့ဘူး…"
လက်အိတ်အလွှာများကြောင့် ခန္ဓာကိုယ်အပူရှိန်ကို တိုက်ရိုက်မသိနိုင်ခြင်း သို့မဟုတ် ကျန်းရွှိ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများသာကြီးစိုးနေခြင်းကြောင့် ဖြစ်နိုင်ပေမည် သူ ရှန့်ဖန်းယွိ၏ခန္ဓာကိုယ်မှအပြောင်းအလဲများကို သတိမပြုနိုင်ခဲ့ချေ။
ရှန့်ဖန်းယွိ ထုတ်ပြောလာသည့်အချိန်မှသာ ကျန်းရွှိ ရှန့်ဖန်းယွိ၏အသားမှာ အနည်းငယ်ပူနွေးနေသည်ကို သတိပြုမိသွားသည်။
ရုတ်တရက်မြင့်တက်လာသည့်ခန္ဓာကိုယ်အပူချိန်နှင့်အတူ ရှန့်ဖန်းယွိ၏အသံအက်အက်တို့ကြောင့် ကျန်းရွှိ သူဆိုလိုချင်သည်ကို ချက်ချင်းပင် သတိပြုမိသွားသည်။
ကျန်းရွှိ ချက်ချင်းဆိုသလို လက်ကိုလွှတ်ကာ မသိစိတ်မှ သူမကြည့်သင့်သည့်နေရာသို့ ကြည့်မိသွားသည့်အတွက် ပြန်လှည့်လိုက်ပြီး ရှန့်ဖန်းယွိကို အဝတ်များနှင့်ပစ်ပေါက်လိုက်သည်။
" မင်း…."