🧑⚕️Chapter 89
အမျိုးသားတိုင်း၏ပုံမှန်ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုအကြောင်းကို သူသိနေခဲ့ပြီးဖြစ်သော်လည်း ရှန့်ဖန်းယွိမှာ ဤကဲ့သို့အရေးကြီးစစ်ဆေးရေးလုပ်ဆောင်နေချိန်တွင် ထကြွလာရခြင်းကိုမူ ကျန်းရွှိနားမလည်နိုင်ခဲ့ချေ။
ရှန့်ဖန်းယွိ အဝတ်များကို လျင်မြန်စွာဝတ်ကာ စားပွဲပေါ်တွင်တွေ့သည့်ရေတစ်ဘူးကို အမြန်သောက်ချလိုက်ပြီး အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် " တောင်းပန်ပါတယ်…"
ကျန်းရွှိ မျက်နှာလွှဲထားသော်လည်း သူ၏မျက်နှာမှာ အနည်းငယ်နီမြန်းနေခဲ့သည်။
အစပိုင်းတွင် သူမည်သည့်အရာကိုမှ မစဉ်းစားမိခဲ့ဘဲ စိတ်ဆိုးကာ စိုးရိမ်နေခြင်းများသာရှိခဲ့သည်။ သို့သော်လည်း ရှန့်ဖန်းယွိမှ ဤသို့တုံ့ပြန်လာသည့်အတွက် သူ့အားအတော်လေးအံ့အားသင့်သွားစေသည်။
စိတ်ဆန္ဒများမှာ ကူးစက်တတ်ပြီး အထူးသဖြင့် တစ်ဦးအပေါ်တစ်ဦးခံစားချက်ရှိနေကြသည့် လူနှစ်ဦးအကြားတွင်ပိုဖြစ်တတ်သည်။
လေထုမှာ ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် ကျန်းရွှိ မထိုင်ချလိုက်ခင် ချောင်းနှစ်ချက်ခန့်ဟန့်လိုက်ပြီးမှ မေးလိုက်သည်။ " မင်းဒဏ်ရာမရခဲ့ဘူးဆိုရင် ဘာလို့အိမ်ပြန်သွားတာလဲ…"
" ငါ…" ရှန့်ဖန်းယွိ သူ၏နှာခေါင်းကိုထိကာ " ငါထင်တာက မင်းကအစည်းအဝေးခန်းကိုလာခိုင်းတော့ တစ်ခုခုပြောစရာရှိတယ်ထင်လို့ အိမ်ပြန်ပြီး စာရွက်စာတမ်းတချို့သွားယူပြီး အဝတ်လဲလာတာ…"
ကျန်းရွှိ လက်အိတ်များကိုချွတ်ကာ သူ့ကိုကြည့်နေသည်။
" ငါမင်းကိုပြောစရာရှိတယ်…" ကျန်းရွှိမှမေးလာခဲ့သည်။
" မင်းမှာလည်းငါ့ကိုတစ်ခုခုပြောစရာရှိတယ်မလား…"
ရှန့်ဖန်းယွိ ကျန်းရွှိ၏ရှေ့တွင်ထိုင်ကာ ဖိုင်အကြည်ကိုထုတ်လိုက်၏။
" အင်း…" သူ၏ခံစားချက်များကို တဖြည်းဖြည်းတည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် နူးညံ့စွာမေးလိုက်သည်။ " ကျန်းရွှိ ငါအရင်ပြောလို့ရမလား…"
ကျန်းရွှိ သူ၏လက်ထဲမှ USB ကိုညှစ်လိုက်ကာ မေးလိုက်သည်။ " ဘာလို့လဲ…"
ရှန့်ဖန်းယွိ ခဏကြာတုံ့ဆိုင်းနေပြီးမှ ရှင်းပြလိုက်သည်။ " ငါစာရွက်စာတမ်းတွေသွားယူခဲ့တဲ့အတွက် မင်းငါ့ကိုစိတ်ဆိုးနေတာ ဒါမှမဟုတ် မျက်နှာချင်းမဆိုင်ချင်တာမျိုးဖြစ်နိုင်တာကို သိနေလို့လေ… ငါ့ကိုယ်ငါမင်းကြောင့်အမြဲအန္တရာယ်တောထဲတွန်းပို့နေမိပြီး ငါ့ခံစားချက်တွေက မင်းအတွက်ဝန်ထိုးဝန်ပိုးဖြစ်နေနိုင်တာကိုလည်း သိပါတယ်…"
ဖုန်းထဲတွင် သူအဘယ့်ကြောင့်ကားနောက်ကိုလိုက်သွားရသည်အား ရှင်းပြပြီးနောက် ကျန်းရွှိ ချက်ချင်းပင် ဖုန်းချသွားခဲ့သည်။
လေဆိပ်တွင် ဒရိုင်ဘာမှသူ့ကိုတားလာပြီး ကျန်းရွှိမှအစည်းအဝေးခန်းမတစ်ခုငှားကာ စောင့်နေသည်ဟုပြောလာချိန်တွင် ရှန့်ဖန်းယွိ သူ၏ခေါင်းပေါ်မှ ရေအေးတစ်ပုံးလောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဖုန်းချပြီးချိန်ကတည်းက သူ၏ခံစားချက်များမှာ မသက်မသာဖြစ်နေခဲ့ရပြီး အိမ်သို့ပြန်ကာ ဤနေရာသို့ကားမောင်းလာချိန်တွင် ကျန်းရွှိအဘယ့်ကြောင့် အစည်းအဝေးခန်းငှားကာ သူနှင့်ဆွေးနွေးချင်ရသည့်အကြောင်းကို အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့သည်။
ရှန့်ဖန်းယွိ နှုတ်ခမ်းကိုကိုယ်ကာ အနည်းငယ်ကူကယ်ရာမဲ့ဟန်ဖြင့် ခါးသီးစွာပြုံးလိုက်ပြီး " မင်းငါ့ကို ဘာပြောချင်လဲဆိုတာမသိပေမယ့် ငါထင်တာတော့ ငါ့ကိုထပ်ပြီး စိတ်အလိုမလိုက်ဖို့ဘာညာဆိုတဲ့ လူကောင်းကဒ်ကို ထုတ်လာမယ်ထင်တယ်…"
သူ သပ်ရပ်စွာဝတ်စားထားသောကျန်းရွှိကိုကြည့်ကာ အစည်းအဝေးခန်းမကို တစ်ချက်လှည့်ကြည့်လိုက်ပြီ " မင်းကအရမ်းအတည်အတံ့လုပ်နေတာဆိုတော့… ငါထင်တာ… ပိုပြီးကြီးတဲ့ကိစ္စဖြစ်မယ်ထင်တယ်… ပြောရရင် ငါ့ကိုပြောင်းသွားခိုင်းတာမျိုးပေါ့…"
" ဒါပေမယ့်… မင်းကိုသာအရင်ပြောခိုင်းလိုက်ရင် ငါပြောချင်တာတွေ မပြောလိုက်နိုင်မှာကိုလည်း ငါသိနေတယ်…"
ရှန့်ဖန်းယွိ အဘယ့်ကြောင့် ဤကဲ့သို့ခန့်မှန်းချက်များပေါ်လာရသည်ကို မသိနေသော်လည်း ရုတ်တရက်ဆိုသလို ကျန်းရွှိ၏မျက်တောင်များမှာ တုန်ယင်နေပြီး ဖုန်းပြောနေစဉ်ကကဲ့သို့ တည်ငြိမ်နေပုံမရသည့်အတွက် သူအရင်ပြောသည်ကိုသာ နားထောင်ပေးရန် ကျန်းရွှိဆုံးဖြတ်လိုက်သည်။
ထို့နောက် ရှန့်ဖန်းယွိ သူ၏ဖိုင်အကြည့်ကိုဖွင့်လိုက်သည်။
" ကျန်းရွှိ…" ရှန့်ဖန်းယွိ ဖိုင်ထဲမှ စာရွက်အချို့ကိုယူကာ ပြောလိုက်၏။ " ဒါကငါ့မွေးစာရင်း၊မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းမိတ္တူတွေပဲ…"
ထို့နောက် အရောင်မတူသည့်အဖုံးများဖြင့် စာအုပ်များကို တစ်ခုချင်းစီ ဆက်ထုတ်လာကာ " ဒါက မူလတန်း၊အလယ်တန်းနဲ့အထက်တန်းကျောင်းအောင်လက်မှတ်တွေ…"
" ဒါကဘွဲ့ကြိုလက်မှတ်၊ဘွဲ့လက်မှတ်၊ပါရဂူဘွဲ့လက်မှတ်၊အောင်လက်မှတ်၊အထူးကုအတွက်အရည်အချင်းမီလက်မှတ်နဲ့အထူးကုအဖြစ်ဆေးကုသခွင့်လက်မှတ်…"
ပြောရင်းမှပင် စာရွက်စာတမ်းများမှာ ကျန်းရွှိ၏ရှေ့မှ အစည်းအဝေးစားပွဲပေါ်တွင် တစ်ခုချင်းစီ ပြန့်ကျဲနေပြီး နေရာယူထားကြကာ ရှန့်ဖန်းယွိ မွေးဖွားချိန်မှစ၍ယခုထိဘဝအကြောင်းကို ဖော်ပြနေသည်။
" ဒါတွေကတော့ မင်းနဲ့အတူတူပဲ…ဒါကငါ့ရဲ့ဒီနှစ်တွေအတွင်းစုဆောင်းမှုနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်းဖြစ်တယ်…"
" ဒါကတော့ ငါ့ရဲ့ပိုင်ဆိုင်မှုမိတ္တူနဲ့ ဝယ်ယူထားတဲ့စာချုပ်ပဲ…" ရှန့်ဖန်းယွိ ထူထဲသောစာရွက်အထပ်လိုက်ကြီးကို ထုတ်လာကာ " မူရင်းကတော့ဘဏ်မှာ ငါအကြွေးကျေသွားတာနဲ့ ထုတ်ယူလို့ရပြီ…"
" ဒါကလွန်ခဲ့တဲ့သုံးနှစ်အတွင်း ငါ့ရဲ့ကျန်းမာရေးစစ်ဆေးမှုတွေပဲ…အားလုံးကို ကျီဟွားမှာလုပ်ခဲ့တာ…" ရှန့်ဖန်းယွိ အထူးကု၏ဆေးစစ်ချက်နောက်ဆုံးစာရွက်ကို လှန်ကာ ကျန်းရွှိကို ပြောလိုက်သည်။
" ငါ့မှာဘာကျန်းမာရေးပြသနာမှမရှိတဲ့အတွက် မင်းစိတ်ပူစရာမလိုပါဘူး…"
အဆုံး၌ ရှန့်ဖန်းယွိ ဘဏ်ကဒ်ကိုထုတ်ကာ ရှန့်ဖန်းယွိ၏ရှေ့သို့ တဖြည်းဖြည်းတွန်းပို့လိုက်သည်။ " ဒါကလစာကဒ်ပဲ… လျှို့ဝှက်နံပါတ်က ငါ့ကောလိပ်ဝင်စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့…"
စားပွဲပေါ်မှ အမျိုးစုံသောစာရွက်များကိုကြည့်ကာ သူကျန်းရွှိကိုပြောလိုက်သည်။
" ငါအိမ်ကိုဒါတွေယူဖို့ပြန်သွားတာပါ… စောင့်နေခဲ့ရလို့ တောင်းပန်ပါတယ်နော်…"
" ကျန်းရွှိ ငါမင်းကို တကယ်တကယ်သဘောကျတယ်…ငါမင်းနဲ့အစစ်အမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်တာပါ…ဒါငါသေချာစဉ်းစားပြီးမှ ချထားတဲ့ဆုံးဖြတ်ချက်ပါ…ရလဒ်ကိုထပ်ခါတလဲလဲအတည်ပြုထားတဲ့အတွက် မပြောင်းလဲနိုင်ဘူးလို့ ငါယုံကြည်တယ်…"
ကြားဝင်နှောင့်ယှက်မှုကြောင့် ဝန်ခံရန်လွတ်သွားခဲ့ရသည့်ကျန်းရွှိမှာ ရှန့်ဖန်းယွိကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိခဲ့သည်။
ရှန့်ဖန်းယွိက ဆက်ပြောလာ၏။ " မင်းပြောခဲ့တယ်လေ လက်တွေ့ဖြစ်လာမဲ့ကိစ္စတွေကို စိတ်ပူတယ်လို့…တစ်နေ့ငါတို့ပြတ်သွားတဲ့အခါကြ ပြန်ပြင်လို့မရမှာစိုးရိမ်တယ်လေ…ငါမင်းကိုကတိပေးပါတယ်.. ဒါမျိုးတွေလုံးဝဖြစ်လာမှာမဟုတ်ဘူး…အနည်းဆုံးတော့ ငါမင်းကိုထာဝရချစ်သွားမှာပါ…"
" မင်းသာငါ့ကိုယုံကြည်ပေးဖို့ဆန္ဒရှိတယ်ဆိုရင် ငါမင်းကိုကတိတစ်ခုအနေနဲ့ဒီအရာတွေအားလုံးပေးဖို့ ဆန္ဒရှိပါတယ်…"
ရှန့်ဖန်းယွိ သူယခုပင်လဲလျောင်းခဲ့သောအိပ်ရာကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောလိုက်သည်။
" မင်းသာ လိင်တူဆက်ဆံရေးကို မကြိုက်ဘူး ဒါမှမဟုတ် ယောင်္ကျားလေးနှစ်ယောက်အတူရှိနေတာမျိုးကိုသဘောမကျဘူးဆိုရင် မင်းဘာမှလုပ်ဖို့မလိုပါဘူး… ငါမင်းနဲ့… ဘာကိစ္စမှမပါဘဲ သူငယ်ချင်းတွေလိုပဲနေပေးပါ့မယ်…"
" ငါဒီနေ့ပြောသမျှတွေက ရုတ်တရက်ကြီးဖြစ်နေတယ်လို့ မင်းထင်ကောင်းထင်နေမှာပါ ဒါပေမဲ့…"
သူ၏စကားမှာတန့်သွားပြီး ကျန်းရွှိ၏မျက်နှာကိုကြည့်ကာ ဆက်ပြောလိုက်သည်။ " ငါလေ တသက်လုံးသေနတ်ဆိုတာ တစ်ခါမှမမြင်ဖူးဘဲ ကြီးပြင်းလာရတာ…တစ်နေ့မှာငါ့ခေါင်းကိုသေနတ်နဲ့ထောက်ခံရမယ်လို့ လုံးဝမတွေးထားခဲ့ဖူးဘူး…"
ထိုညအကြောင်းကိုပြန်တွေးလိုက်မိချိန်တွင် သူ၏နှလုံးသားမှာ မတည်ငြိမ်နိုင်တော့ပေ။
" ငါ့ခေါင်းကိုသေနတ်နဲ့ထောက်ထားတုန်းက ငါဘာတွေးနေလဲ မင်းသိလား…"
ကျန်းရွှိပြန်ဖြေသည်ကိုပင်မစောင့်ဘဲ ရှန့်ဖန်းယွိ ဆက်ပြောလိုက်သည်။
" ငါစဉ်းစားနေမိတာ ငါမင်းကို သေသေချာချာမဖွင့်ပြောရသေးဘူးလို့… မင်းကိုဘယ်လောက်တောင် တကယ်ချစ်နေမိပြီ ဆိုတာတောင် ငါမပြောခဲ့ရသေးဘူးလို့ တွေးနေမိတာ…"
" ငါအရင်တုန်းက ဒီလိုမျိုးတစ်ခါမှမချစ်ခဲ့ဖူးတာကြောင့် အရမ်းရင်ခုန်နေရခဲ့တယ်…ငါ့နှလုံးသားတစ်ခုလုံးလည်း ဗြောင်းဆန်နေပြီး ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာ မသိခဲ့ဘူး…ဘယ်လိုမျှတအောင်ထိန်းသိမ်းရမယ်ဆိုတာလဲငါမသိခဲ့ဘူး… ဘယ်လိုဖုံးကွယ်ပြီး ဘယ်လိုထုတ်ဖော်ရမယ်ဆိုတာလဲမသိခဲ့ဘူး…ငါ့အချစ်ကိုဖော်ပြဖို့ မသင့်တော်တဲ့နည်းကိုတောင် သုံးမိခဲ့သေးတယ်… ငါမင်းရဲ့ခွင့်ပြုချက်မရှိဘဲနမ်းခဲ့မိတယ်..ပြီးတော့ မင်းကိုသေချာလေးတောင်ဖွင့်မပြောရသေးဘူး…မင်းငါ့ကိုဘာလို့လက်မခံတာလဲဆိုတာတောင် မမေးခဲ့မိဘူး… ငါတကယ်ပဲ မသင့်တော်တာတွေလုပ်မိတယ်…"
" ဒါကြောင့် ငါမင်းကိုစိတ်မချမ်းသာအောင်လုပ်မိတယ် ဒါမှမဟုတ် ငါကမရင့်ကျက်သေးဘူးလို့ မင်းထင်နေရင်လည်း ငါနားလည်ပါတယ်…"
" ငါအဲဒီဓားပြတွေကို ပိုက်ဆံပေးခဲ့ရတုန်းက စဉ်းစားနေခဲ့တာ… ငါသာအသက်ရှင်နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါကြိုးစားမယ်လို့…"
ရှန့်ဖန်းယွိ သူ၏ညာဘက်လက်ကိုမြောက်တာ " ငါကျိန်ဆိုပါတယ် ငါသာမင်းကိုအနာဂတ်မှာနာကျင်အောင်လုပ်မိခဲ့မယ်ဆိုရင် အဲဒီကျည်ဆန်က ငါ့ခေါင်းတည့်တည့်…"
" ပါးစပ်ပိတ်ထား…"
ရှန့်ဖန်းယွိ၏ကျိန်ဆိုမှုကို ကျန်းရွှိတိုက်ရိုက်ပင် ကြားဖြတ်လိုက်သည်။
ရှန့်ဖန်းယွိ သူ၏အေးစက်သောလက်များဖြင့် လက်သီးတင်းတင်းဆုပ်ကာ " ဒါဆိုမင်းငါနဲ့ကြိုးစားကြည့်ချင်လားဟင်…"
ထို့နောက် သူ၏ခေါင်းကိုငုံ့လိုက်ပြီး " ငါမင်းကိုဒါတွေအကုန်ပြောပြီး ဖိအားပေးတာမဟုတ်ရပါဘူး…ငါဒီအတိုင်းလေး…ငါလိုချင်တာက မင်းစိတ်သက်သက်သာသာနဲ့ ပူပန်မှုတွေဘေးချပြီး ငါတို့ရဲ့ဆက်ဆံရေးကိုပဲကြည့်စေချင်တာပါ…"
ကျန်းရွှိခေါင်းကိုငုံ့ကာ စားပွဲပေါ်၍စာရွက်များကို သေသေချာချာကြည့်လိုက်ပြီးနောက် ရှန့်ဖန်းယွိကို စိုက်ကြည့်နေမိသည်။
သူအခန်းထဲသို့ဝင်လာစဉ်ကတည်းက အဝတ်များချွတ်ခိုင်းခဲ့သည်ဖြစ်သောကြောင့် ယခုအချိန်မှသာ ရှန့်ဖန်းယွိဝတ်ဆင်ထားသည်မှာ ရိုးရှင်းသောအဖြူရောင်ရှပ်အင်္ကျီ၊ဘောင်းဘီအနက်ရောင်နှင့်အနက်ရောင်နက်တိုင်တို့ဖြစ်ပြီး လန်းဆန်းကာသန့်ရှင်းကြည်လင်နေသည်ကို သတိပြုမိသွားသည်။
ရုတ်တရက်ဆိုသလို ရှန့်ဖန်းယွိ ပြောခဲ့သည့် အိမ်သို့ပြန်ကာ အဝတ်များလဲ၍ စာရွက်စာတမ်းများယူခဲ့သည်ဟူသောအချက်ကို သတိရသွားခဲ့သည်။
ရှန့်ဖန်းယွိမှာ သိသိသာသာပင် အနက်ရောင်အနောက်တိုင်ဝတ်စုံများကို မနှစ်သက်သူဖြစ်ကာ ထိုဝတ်စုံဖြင့်ပင် သူဓားပြတိုက်ခံရသေးသည်။
စိတ်ပိုင်းဆိုင်ရာအရ သူ့ထံတွင် လွှမ်းမိုးထားသည့်အရိပ်များရှိမနေခဲ့သည်လော။ အဘယ့်ကြောင့် တမင်တကာပြန်၍ ဤအဝတ်များကိုလဲလှယ်ခဲ့ရသလဲ…
သူမမေးလိုက်ခင်မှာပင် ရှန့်ဖန်းယွိမှ သူ၏အကြည့်ကို သတိပြုမိသွားသည်။
ရှန့်ဖန်းယွိ ခေါင်းငုံ့ကာ ရှက်ရွံ့နေဟန်ဖြင့် ပြောလာခဲ့လေသည်။
" မင်းကျုံးလန်ကိုလိုက်နေတုန်းက သူမင်းကိုညစာစားဖို့ဖိတ်တော့ ဒီလိုဝတ်စုံမျိုးဝတ်တာ ငါမှတ်မိနေတယ်လေ…ငါထင်တာက မင်းကဖွင့်ပြောတဲ့အခါ ပိုပြီးလူကြီးလူကောင်းဆန်တဲ့ဝတ်စုံတွေကပဲသင့်တော်တယ်လို့ ယူဆတယ်ထင်လို့ပါ…"
ကျန်းရွှိ၏စိတ်အခြေအနေမှာ ရုတ်တရက်ပင် နူးညံ့သွားရသည်။
ရှန့်ဖန်းယွိ မမှတ်မိခဲ့သည်လား သို့မဟုတ် သတိမပြုမိသည်လားကို သူမသိခဲ့ပေ။ သို့သော်လည်း သူ၏မသိစိတ်မှ မှတ်မိခဲ့သည့်အရာမှာ ထိုနေ့ကသူနှင့်ရှန့်ဖန်းယွိတို့ ပထမဆုံးအတူအိပ်မိချိန်က သူဝတ်ထားသည်မှာ အဖြူရောင်ရှပ်အင်္ကျီ၊အနက်ရောင်ဘောင်းဘီနှင့် အပြာရင့်ရောင်နက်တိုင်ဖြစ်သည်ကိုပင်။
လိင်မှုရေးရာမပါသည့်ဆက်ဆံရေး…
အရက်မူးနေစဉ် သူနှင့်အိပ်ခဲ့သည့်ယောင်္ကျားထံမှ ထိုစကားလုံးကြားရမည်ဟု မထင်ထားမိခဲ့ပေ။
ရှန့်ဖန်းယွိ ရှင်းရှင်းလင်းလင်းပင် ထိုအရာကို လိုချင်နေပြီး ဖြစ်နိုင်သည်မှာ ယခင်ကထက်ပင် ပိုနိုင်သေးသည်။
သို့သော်လည်း ရှန့်ဖန်းယွိမှ သူ့ကိုစော်ကားမိမည်ကိုသာ ပို၍စိတ်ပူနေခဲ့သည်။
ကျန်းရွှိ ရုတ်တရက်ထမေးလိုက်သည်။ " မင်းပြောလို့ပြီးပြီလား… အခုငါ့အလှည့်ရောက်ပြီပေါ့.."
ရှန့်ဖန်းယွိ စိတ်လှုပ်ရှားစွာ တံတွေးမြိုချလိုက်မိပြီး သူ၏နှလုံးသားမှ ဗုံတစ်လုံးကဲ့သို့ ခုန်ပေါက်နေခဲ့သည်။
ကျန်းရွှိ ရှန့်ဖန်းယွိကိုကြည့်ကာ ဖွင့်ပြောထားသည့်ဖိုင်ပါသော USB ကို ဘေးဖယ်လိုက်ပြီး ပရောဂျက်တာကိုပိတ်၍ စားပွဲပေါ်မှ ရီမုကိုယူကာ ခလုတ်များကို တစ်ခုခြင်းစီ နှိပ်လိုက်သည်။
ဟိုတယ်မှာ အစည်းအဝေးခန်းမကို သေချာဂရုတစိုက်အလှပေးထားသည်။ အဓိကမီးများရုတ်တရက်ပိတ်သွားချိန်တွင် ရောင်စုံမီးလုံးများမှာ သီချင်းသံနှင့်အတူ လင်းလာမည်ဖြစ်ပြီး ဖုံးကွယ်ထားသည့်နေရာမှ ပူဖောင်းများထွက်လာကာ သူတို့၏အမြင်ကို ရွှေမှုန်များဖြင့် ဖုံးလွှမ်းသွားမည်ဖြစ်သည်။ အပေါ်မှကျဆင်းလာသည့် နှင်းဆီပွင့်ဖတ်များနှင့်အတူ ကျန်းရွှိ ထရပ်ကာ ရှန့်ဖန်းယွိထံသို့ လျှောက်လာ၏။
" ဒါကဘာတွေလဲ.." ရှန့်ဖန်းယွိ သူ့ကိုကြည့်ကာ အံ့အားသင့်နေခဲ့သည်။
" ဘယ်သူက မင်းကိုငါ့အရင်ဖွင့်ပြောခိုင်းနေလို့လဲ…"
ရှန့်ဖန်းယွိ ဝိညာဉ်လွင့်သွားရလောက်သည်အထိ ထိတ်လန့်သွားရကာ ကျန်းရွှိခေါင်းပေါ်သို့ကျဆင်းနေသည့် နှင်းဆီပွင့်ဖတ်များကိုသာ ကြောင်အစွာကြည့်နေခဲ့သည်။
ထို့နောက် ကျန်းရွှိမှ ငုံ့ကိုင်းလာကာ သူ၏နက်တိုင်ကိုဆွဲ၍ ရုတ်တရက်နမ်းရှိုက်လာခဲ့သည်။
ကျန်းရွှိမှာ ရှန့်ဖန်းယွိ ယခင်အသုံးပြုခဲ့သော ရှာဖွေခြင်း၊ သိမ်းပိုက်ခြင်းနှင့် နူးညံ့သော်လည်း ပြင်းထန်ခြင်း စသည့်နည်းစနစ်များအားလုံးကို ပြီးပြည့်စုံလုနီးပါး ပုံတူကူးနိုင်ခဲ့သည်။ နူးညံ့သောပွင့်ချပ်များမှ သူတို့၏ပါးပြင်ပေါ်သို့ ဖြတ်တိုက်ကာ အောက်သို့မကျဆင်းသွားခင်အချိန်ထိ နမ်းရှိုက်လိုက်ပြီးမှ ကျန်းရွှိသူ၏ရှေ့မှအမျိုးသားကို လွှတ်ပေးလိုက်ကာ အသက်ကိုခဲယဉ်းစွာရှုလိုက်ရသည်။
နာမည်ကြီးစိတ်ပညာရှင် Sternberg မှ ပြီးပြည့်စုံသော အချစ်တစ်ခုတွင် စိတ်အားထက်သန်မှု၊ ရင်းနှီးမှုနှင့် ကတိကဝတ်များပါဝင်ရန်လိုအပ်သည်ဟူ၍ ပြောခဲ့ဖူးသည်။
ထို့ကြောင့် ကျီဟွားဆေးရုံသားဖွားမီးယပ်ဌာန၏ လက်ထောက်ပါရဂူကြီးကျန်းရွှိမှ ပြောလိုက်လေ၏။
" ကြိုးစားကြည့်ရုံမဟုတ်ဘဲ လေးလေးနက်နက်အတူရှိသွားကြမယ်…"