Chapter 304
ယွမ်ရှက သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်....အဲ့ဒီ့အကြောင်းတွေ မစဉ်းစားနဲ့တော့နော်... ရှင်ဒီနေ့ဘာလုပ်ချင်လဲ... ရုပ်ရှင်ကြည့်ချင်လား ဈေးဝယ်ထွက်ချင်လား..."
စုန့်ထင်ရှန်းက ဈေးဝယ်ထွက်မလားဟူသော စကားကိုကြားသည်နှင့် နိုးနိုးကြားကြားဖြစ်သွားသည်။
သူ အသေအချာစဉ်းစားပြီးဖြေလိုက်သည်။
"မင်းအခုတလော ဈေးမှာအစားအသောက်တွေဝယ်နေတာမလား... ကိုယ်မင်းနဲ့လိုက်ခဲ့မယ်... ဒီနေ့ ကိုယ်မင်းကိုချက်ကျွေးမယ်လေ..."
ယွမ်ရှက သူ့ကိုအံ့အားတသင့်ကြည့်လိုက်သည်။
"ရှင်က ချက်တတ်တယ်လား...."
စုန့်ထင်ရှန်းက သူမလက်ကိုကိုင်ပြီး ကားတံခါးဖွင့်ပေးလိုက်သည်။ သူမထိုင်ခုံပေါ်တွင်ထိုင်ပြီးမှ ကားကိုမှီလိုက်ပြီး ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။
"ချက်တတ်တာပေါ့ကွ.. ဒါပေမဲ့ အရသာရှိပါ့မလားတော့ အာမ မခံဘူးနော်... မင်းဘေးကနေ ညွှန်ကြားပေးတာကိုလိုသေးတယ်...."
သူ ကောလိပ်မှဘွဲ့ရပြီးကတည်းက အခန်းကျဉ်းတစ်ခုတွင် ကိုယ့်ဘာသာငှားနေပြီး ကိုယ့်အလုပ်ကိုယ်အကုန်လုပ်ခဲ့ရသည်။ ထို့အပြင် ကိုယ့်ဘာသာချက်ပြုတ်စားခြင်းက ဈေးနည်းလေသည်။ တခြားအချိန်များတွင် ခေါက်ဆွဲတစ်ထုတ်ပြုတ်ကာ ထမင်းပေါင်းအိုးထဲ ထမင်းတည်ပြီး ကိုယ့်ဘာသာခူးခပ်စားရခြင်းက အတော်ကြီးဈေးသက်သာပေသည်။
ထိုအခါမှသာ ယွမ်ရှက စုန့်ထင်ရှန်းက အလွန်ခက်ခဲသည့် အချိန်များကို ကြုံတွေ့ခဲ့ရသူဖြစ်ကြောင်း သတိရသွားသည်။
နှစ်ယောက်လုံး ဈေးထဲကို ပျော်ပျော်ကြီးစကားပြောရင်းဝင်သွားကြသည်။ အထဲတွင်အကြာကြီးမနေခဲ့ရပေ။ စုန့်ထင်ရှန်းက သူမထက် အရည်အချင်းရှိသည်။ သူက မျိုးစုံသောဒေသိယစကားများကိုတတ်ပြီး ဈေးဆစ်ရာတွင်လည်းတော်လေသည်။ သူမက သူ့နောက်က လိုက်ရုံသာလိုသည်။ ဈေးထဲတွင် တစ်ပတ်မျှပတ်ပြီးနောက်တွင် သူမတို့လိုသမျှအားလုံးကို ဝယ်ပြီပြီဖြစ်၍ အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေလေပြီ။
ပလက်စတစ်အိတ်များစွာကိုသယ်ရင်း လင်မယားနှစ်ယောက်က လမ်းအတူလျှောက်နေကြသည်။ ဆောင်းရာသီ၏ နေရောင်ခြည်က သူတို့အပေါ်ဖြာကျနေသည်။ ၎င်းက အတော်လောနွေးထွေးစေပြီး လူများက ဆောင်းရာသီက မဆိုးလှဟု ခံစားသွားရစေသည်။
စုန့်ထင်ရှန်းက သူပြောသည့်အတိုင်းလုပ်ခဲ့သည်။ သူချက်မည်ဟုပြော၍ သူကိုယ်တိုင်ချက်လေသည်။ သူဟင်းသီးဟင်းရွက်လှီးသည့် နည်းလမ်းက သူမထက်ပင်ကျွမ်းကျင်နေသေးသည်။
ယွမ်ရှက သူ့ဘေးတွင်ရပ်နေသော်လည်း သူမကူညီပေးစရာဘာမှမရှိ၍ သူနှင့်သာစကားပြောပေးနေလိုက်သည်။
ယနေ့က သူမအတွက်အတော်လေး သက်တောင့်သက်သာရှိသည့်နေ့ပင်။
"ကိုယ်တို့စားသောက်ပြီးရင် မင်းကသွားနားနော်... ကိုယ်သန့်ရှင်းရေးလုပ်လိုက်မယ်...."
စုန့်ထင်ရှန်းက ရုတ်တရက်ကြီးပြောလာသည်။
ယွမ်ရှက အံ့ဩသွားပြီး ပြန်ဖြေလိုက်သည်။
"ရှင်သန့်ရှင်းရေးလုပ်မလို့လား.. အာ.... မလိုအပ်ပါဘူး...."
"ဘာလို့လဲ... နာရီပိုင်းအလုပ်သမားက တစ်ခါတစ်လေမှလာတာလေ... မင်းကပါ အိမ်ကိုအတွင်းရော အပြင်ရော သန့်ရှင်းရေးလုပ်တဲ့လူမလား...ကိုယ်ဒီနေ့လုပ်စရာမရှိတော့ မင်းကသွားနားနေသင့်တယ်... TVကြည့်မလား တစ်ရေးတစ်မောအိပ်မလား သဘောပဲ..."
စုန့်ထင်ရှန်းက သူမဘက်ကိုလှည့်ကြည့်လာသည်။
"မင်းအခုတလောအရမ်းတွေ အလုပ်ကြိုးစားနေခဲ့ရလေ... အိမ်အကူအန်တီကြီး ခွင့်ယူသွားတာနဲ့ အရာအားလုံး မင်းလုပ်ရမယ်လို့ မဆိုလိုပါဘူးကွာ... စကားပုံတောင်ရှိသေးတယ်မလား... နှစ်ယောက်အတူအလုပ်လုပ်ရင် ပိုပြီးဝန်ပေါ့တယ်တဲ့လေ..."
"ဒါပေမဲ့ ရှင်က အလုပ်မှာအရမ်းအလုပ်များနေပြီးပြီလေ... အခုလိုပိတ်ရက်လေးရချိန်မှာ ဘယ်လိုလုပ် သန့်ရှင်းရေးလုပ်ခိုင်းပြီး အချိန်ဖြုန်းခိုင်းရက်မှာလဲ...."
စုန့်ထင်ရှန်းက သက်ပြင်းချလိုက်သည်။
"အချက်အလက်တွေအရတော့ ဇနီးတစ်ယောက်က ကလေးတွေထက် သူ့ရဲ့ယောက်ျားကို ဂရုစိုက်ပေးတာ ပိုကောင်းတယ်တဲ့..."
သူ့သားက သူ့အတွက်လုံးဝကို စိတ်မကောင်းမဖြစ်ပေ။ သူ့မာမားကိုသာ အကောင့်းဆုံးအဖြစ်တွေးလေသည်။
ယွမ်ရှရယ်မောလိုက်သည်။
"အခုတော့ ရှင်က ကျွန်မရှင့်ကို ဂရုစိုက်ကြောင်းသိပြီလား..."
"ကိုယ်ဟိုးအရင်ကတည်းက သိပြီးသားပါ..."
စုန့်ထင်ရှန်းက ငရုတ်သီးလှီးနေရင်းဖြေလိုက်သည်။
"ဒါပေမဲ့ ဝမ်လေးက မင်းအရမ်းကိုအလုပ်ကြိုးစားနေတာမြင်တော့ အတော်လေးစိတ်မကောင်းဖြစ်နေတာ... ကလေးတွေက သူတို့အမေနဲ့ ပိုနီးကပ်တယ်ဆိုတာ တကယ်မှန်တာပဲ..."
ယွမ်ရှက အတော်လေးဂုဏ်ယူနေသည်။
"သူကျွန်မကို အရမ်းဂရုမစိုက်ရင်တောင် ကျွန်မကတော့သူ့ကို အရမ်းကိုအလိုလိုက်ဦးမှာပဲ...."
"ဒါပေမဲ့ ကိုယ့်ဘက်က ကိစ္စတစ်ခုကိုအာမခံပေးနိုင်တယ်...."
စုန့်ထင်ရှန်းက ခဏလောက်ရပ်လိုက်သည်။
"သူက ကိုယ်မင်းကိုဂရုစိုက်တာလောက် ဂရုမစိုက်ပေးနိုင်ဘူး..."
သူ ဘာလို့ရုတ်တရက်ကြီး ဒါတွေလာပြောနေတာလဲ...
ယွမ်ရှ၏ တုန့်ပြန်မှုကိုမစောင့်ဘဲ ဆက်ပြောလေသည်။
"ဒါကလည်း သူက ကိုယ့်ဆီက ကောင်းမွန်တဲ့ မျိုးရိုးဗီဇတွေ အမွေခံထားလို့ပါ... မင်းကိုဂရုစိုက်တဲ့ မျိုးရိုးဗီဇတွေပေါ့..."
xxxxxx