အပိုင်း (၃၀၅)
Viewers 31k

Chapter 305 


စုန့်ထင်ရှန်းက အလွန်ကောင်းမွန်သည့် ယောက်ျားကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။ 


ယွမ်ရှက သူလုပ်ပေးထားသည့် အမဲသားကြော်ကိုစားပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။


"ရှင်ကဘာလို့ ကျွန်မထက် ပိုပြီးကောင်းအောင်ချက်တတ်နေရတာလဲ... လုံးဝမတရားဘူး...."


သူက ယခင်က ခက်ခဲသည့်အချိန်များကို ကြုံခဲ့ရသော်လည်း ဟင်းမချက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ သူ၏ဓားစွမ်းရည်က ကောင်းချီးပေးခံရသည်ဟု ပြော၍ရသည်။ သို့သော် သူ၏အချက်အပြုတ်စကေးက အဘယ်ကြောင့် သူမထက်ကောင်းနေရပါသနည်း။ သူမ ခက်ခက်ခဲခဲကြိုးစားတည်ဆောက်ခဲ့ရသော ယုံကြည်ချက်လေးများက အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားရသည်။


စုန့်ထင်ရှန်းက သူမ၏ မကျေမလည် အပြစ်တင်သံလေးကြောင့် စိတ်ကျေနပ်သွားသည်။ သူမပန်းကန်ထဲ အသားတစ်ဖက်ထပ်ထည့်ပေး၍ ပြောလိုက်သည်။


"အဲ့တာပိုကောင်းတာမဟုတ်ဘူးလား... အကယ်၍ တစ်နေ့မှာ ကိုယ့်အလုပ်ကိုဆုံးရှုံးခဲ့ရင်တောင် စားဖိုမှူးအဖြစ် လုပ်နိုင်သေးတယ်လေ...."


စုန့်ထင်ရှန်းက အခုတလော သူ့ပို၍ ဆိုးသွမ်းလာကြောင်း ကိုယ့်ကိုယ်ကိုယ်သိပေသည်။ သူက ယွမ်ရှ ထိုအကြောင်းကိုစိတ်ပူနေကြောင်း သိပါသော်လည်း မစပဲမနေနိုင်ပေ။ သူမ၏ အမူအရာများပြောင်းလဲသွားသည်ကို စောင့်ကြည့်ရသည်မှာ ပျော်စရာပင်။


အမ်း... တကယ်တော့ အဲ့လိုလုပ်တာမကောင်းပါဘူး... သူ့ကိုယ်သူထိန်းသင့်တာပါ...


အလုပ်မရှိတော့လျှင်ဟူသော အသံကြားသည်နှင့် ယွမ်ရှစားချင်စိတ်ပျောက်သွားရသည်။ သူမ သက်ပြင်းချပြီး ပြန်ပြောလိုက်သည်။


"ရှင် စားဖိုမှူးဖြစ်ချင်ရင်လည်း ကျွန်မက ထောက်ခံပေးပါ့မယ်... ရှင့်အလုပ်ကိုဆုံးရှုံးသွားရင်တောင် ကျွန်မလက်ထဲမှာ ပိုက်ဆံတွေရှိသေးတယ်... ရှင်ဘာလုပ်ချင်ချင် ကျွန်မ ထောက်ပံ့ပေးပါ့မယ်..."


သူစတာလွန်သွားသည့်ပုံပင်။ သို့သော်လည်း ထိုစကားများကြားချိန်တွင် အတော်လေးသက်တောင့်သက်သာ ရှိသွားရသည်။ ဤကမ္ဘာကြီးထဲတွင် အဆင်ပြေနေပါသောလူများကို ထောက်ပံ့ပေးချင်သောလူများရှိသော်လည်း လဲကျနေချိန်တွင် လက်ကမ်းပေးမည့်လူမှာရှားပါးလေသည်။ ပျော်ရွှင်မှုကိုမျှဝေခံချင်သောလူများရှိသော်လည်း ဝမ်းနည်းမှုကိုမျှခံချင်သောလူက ရှားပါးလှသည်။


အသေအချာစဉ်းစားကြည့်လျှင် သူယခင်က ယွမ်ရှအပေါ် မှားယွင်းကောက်ချက်ချခဲ့ဖူးသည်။ ယွမ်ရှက သူ့ကို ကြံစည်ပြီး လက်ထပ်ခဲ့သည်မှာ သူ၏ငွေများနှင့် သူမကိုပေးနိုင်သည့် ကောင်းမွန်သည့်ဘဝကို လိုချင်၍ဟု ထင်ခဲ့ဖူးသည်။ အတိတ်ကဖြစ်ပျက်ခဲ့သည်များမှာအရေးမကြီးပေ။ လက်ရှိနှင့် အနာဂတ်ကသာအရေးကြီးဆုံးဖြစ်သည်။


စုန့်ထင်ရှန်း သူမကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အပြုံးတို့ပြည့်နှက်နေသည်။


"ဒါဆိုလည်း ကိုယ်က ကြိုပြီး ကျေးဇူးတင်ပါတယ်ဗျာ..."


ယွမ်ရှက ဇာတ်လမ်းက စတင်တော့မည်လားဟုသိချင်နေသည်။ စုန့်ထင်ရှန်းက ယနေတွင် ထိုကဲ့သို့သောစကားများပြောလာသည်ဖြစ်၍ စုန့်ကော်ပိုရေးရှင်းက မကြာခင်တွင် ဇာတ်လမ်းထဲကတိုင်း ဒေဝါလီခံရတော့မည့်ပုံပင်။ ကံကောင်းစွာဖြင့် သူမက အကောင်းဆုံးအခြေအနေအထိပြင်ဆင်ပြီးပြီဖြစ်၍ အများကြီးစိတ်မကောင်းမဖြစ်တော့ပေ။


သူမက စုန့်ထင်ရှန်းက သူ၏လက်ရှိ အခြေအနေကိုဆုံးရှုံးရ၍ အဆင်ပြေမည်လားဟုသာ ပိုမိုစိုးရိမ်ပေသည်။ သူက အတော်လေး မာနကြီးသူဖြစ်သည်။


သူ့ကုမ္ပဏီ ဒေဝါလီခံသွားရတာကို ဘယ်လိုလုပ် လွယ်လွယ်လက်ခံနိုင်ပါ့မလဲ.. အခုအချိန်မှာ ပြုံးနေပေမဲ့ သူတကယ်ပြုံးနေလားဆိုတာ သူမသေချာမသိဘူးလေ... သူ့ရဲ့တည်ငြိမ်နေတဲ့ အမူအရာကရော တကယ်ဟုတ်လောက်ရဲ့လား..


သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့ဘေးတွင် မားမားမတ်မတ်ရပ်တည်ပေးပြီး မည်သည့်အခြေအနေတွင်မဆို ထောက်ပံ့ပေးရန်သာဖြစ်သည်။ အကယ်၍လိုအပ်လာပါက သူ့ရှေ့မှနေ၍ ကာကွယ်ပေးမည်ဖြစ်သည်။


ထိုသို့တွေးမိပြီး ယွမ်ရှက သူ့ကိုနှစ်သိမ့်ပေးလာပြန်သည်။


"ကျွန်မကို ဘာလို့ကျေးဇူးတင်နေတာလဲ.. လင်မယားဆိုတာက အခက်အခဲတွေ့ရင်တောင် အတူတူရင်ဆိုင်ရမှာ ဓမ္မတာပဲလေ..." 


လက်ထပ်ထားသည့်စုံတွဲဆိုသည်မှာ တောထဲမှငှက်စုံတွဲနှင့်တူပြီး လေပြင်းကြုံရလျှင် အချင်းချင်းခွာပြဲသွားကြသည်ဆိုသည်မှာ မတည်မြဲသည့် စုံတွဲများပိုဆိုလိုခြင်းဖြစ်သည်။ သူမနှင့်စုန့်ထင်ရှန်းက မတည်မြဲသည့်စုံတွဲဖြစ်ခဲ့ဖူးသော်လည်း ယခုတွင်ထိုသို့မဟုတ်တော့ချေ။


သူတို့ စားသောက်ပြီးနောက်တွင် စုန့်ထင်ရှန်းက စားပွဲခုံကိုရှင်းလင်းလေသည်။ နေ့လည်တစ်နာရီလောက်တွင် သူက ယွမ်ရှကို အိမ်ပေါ်တက်ပြီးအနားယူရန် တိုက်တွန်းလာသည်။ သူကတော့ အင်္ကျီလက်ကိုခေါက်တင်ပြီး သန့်ရှင်းရေးလုပ်ရန်ပြင်တော့သည်။


ယွမ်ရှက သူနှင့်အတူ ကူလုပ်ပေးချင်သည်။ ထို့ကြောင့် အတင်းတိုက်တွန်းလေသည်။


"လူနှစ်ယောက်အတူတူသန့်ရှင်းရေးလုပ်ရင် ပိုမြန်တယ်လို့... အတူတူပြီးရင် အတူတူနားလို့ရတယ်လေ..."


တစ်ယောက်တစ်လက်ကူလျှင် ဝန်ပေါ့လေသည်။


သူတို့၏ အိမ်ကကြီးလွန်း၍ တစ်သန့်ရှင်းရေးလုပ်လျှင် နာရီအနည်းငယ်ကြာလေသည်။ လက်အိတ်ဝတ်ထားသော လက်နှစ်ဖက်ကို ခါးပေါ်ထောက်လိုက်ပြီး ယွမ်ရှက သက်ပြင်းချလိုက်သည်။


"အနာဂတ်မှာ ပိုသေးတဲ့အိမ်ကိုရွှေ့ရအောင်... မိသားစုသုံးယောက်က အိပ်ခန်းနှစ်ခန်းဆိုလုံလောက်ပြီလေ.. ဒါဆို သန့်ရှင်းရေးလုပ်ရတာ ပိုလွယ်သွားတယ်...."


xxxxxxx