အပိုင်း (၃၀၆)
Viewers 31k

Chapter 306


စုန့်ထင်ရှန်းက ကြမ်းသုတ်နေစဉ်ထိုစကားကြားလိုက်၍ ပြန်ပြောလိုက်သည်။


"အိပ်ခန်းနှစ်ခန်းဆိုတာ မလုံလောက်ဘူး... ကိုယ့်အတွက်က အိမ်မှာရုံးခန်းတစ်ခန်းလိုတယ်... ကိုယ်မသုံးရင်တောင် ဝမ်လေးကြီးလာရင်သုံးလို့ရတယ်လေ... ကလေးတွေအတွက် စာလုပ်တဲ့နေရာက သူတို့အိမ်ခန်းထဲမှာ မထားသင့်ဘူးလို့ကြားဖူးတယ်... သူသာ အိပ်ရာကိုမြင်နေရင် ဘယ်လိုလုပ်စာလုပ်ချင်တော့မှာလဲ..."


ယွမ်ရှက တွေးဆဆခေါင်းငြိမ့်ပြလိုက်သည်။


"ရှင်ပြောတာ အဓိပ္ပါယ် ရှိသားပဲ.. အိမ်ခန်းသုံးခန်းကပိုကောင်းတာပဲ... ဝမ်လေးကောလိပ်တက်ရင် အဆောင်မှာနေလို့ရတယ်လေ... ဒါဆိုကျွန်မတို့က အခန်းပိုကိုငှားလို့ရတယ်... ငှားခကအတော်လေးရမှာပဲ..."


ဝမ်လေးကောလိပ်တက်ရန် နောက်ထပ်၁၄နှစ်မျှလိုသေး၍ ယခုကတည်းက အိမ်ခန်းငှားရန်မှာ အတော်လေးကြိုတွေးထားလွန်းသည်။


စုန့်ထင်ရှန်းက ထပ်ပြောလာသည်။

"ဒီတော့ မင်းက ကိုယ်တို့အိမ်ပြောင်းရင် တစ်ခန်းတည်းအတူတူနေကြမယ်လို့ပြောချင်တာလား.."


ယွမ်ရှက တောင့်တောင့်ကြီး အံ့ဩသွားသည်။ မကြာခင်တွင် ပူလောင်သလိုခံစားလိုက်ရသည်။

အဲ့တာအရေးမကြီးဘူးလေ.. အဲ့တာက အဓိကအချက်မဟုတ်ဘူးလို့...


"ကျွန်မ အဲ့လိုမပြောခဲ့ပါဘူး...."


စုန့်ထင်ရှန်းက စိတ်ဆိုးသွားသလို ဟန်ဆောင်လိုက်သည်။


"ဒါဆို ဘယ်တော့မှကိုယ်နဲ့အတူအိပ်ဖို့ အစီအစဉ်ရှိမှာလဲ.."


ယွမ်ရှက စိတ်ဆိုးစွာပြောလိုက်သည်။


"မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ဧည့်ခန်းရှိသေးတယ်... ကြိုက်တာရွေး..."


"ဝမ်လေးမှာတောင် ကိုယ်ပိုင်အခန်းရှိတယ်လေ.."

စုန့်ထင်ရှန်းက သက်ပြင်းချလိုက်သည်။


နှစ်ယောက်သားမှာ အိမ်ကိုအလှဆင်ရန်အတွက် ပြောဆိုနေကြပြီး တစ်နေ့လည်ခင်းလုံး မသိလိုက် မသိဘာသာဖြင့် ကုန်ဆုံးသွားသည်။ နာရီပိုင်းသန့်ရှင်းရေးလုပ်သူက အတော်ကောင်းသော်လည်း သူမက သူမသာလုပ်ရလျှင် ပိုကောင်းသွားသည်ဟု ခံစားရသည်။ သူတို့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပြီးချိန်တွင် ညပင်မှောင်သွားလေပြီ။ သူမနှင့် စုန့်ထင်ရှန်းတို့က ဆိုဖာပေါ်တွင် ခွေးသေများလို လှဲလျောင်းနေကြလေသည်။ သူတို့နှစ်ယောက်လုံး လုံးဝမလှုပ်ချင်တော့ပေ။ အိမ်အကြီးကြီးတွင် နေရခြင်းမှာ သက်တောင့်သက်သာရှိပါသော်လည်း ကိုယ့်ဘာသာ သန့်ရှင်းရေးလုပ်ရန်မှာ ခက်ခဲလွန်းလှသည်။


စုန့်ထင်ရှန်းက အကြောဆန့်လိုက်ပြီး သူမလက်ကိုလှမ်းကိုင်လိုက်သည်။


"ဝမ်လေးပြောတာမှန်တယ်... မင်းအခုတလော အရမ်းကိုအလုပ်ကြိုးစားနေတာပဲ.."


သူက သူမ၏နေ့စဉ်လှုပ်ရှားမှုများကို ကြုံတွေ့ခဲ့ရပြီဖြစ်သည်။ ထိုမှသာ သူမ၏နေ့စဉ်ဘဝက သူ့လိုပင် ခက်ခဲလှကြောင်းသိလိုက်ရသည်။ သူ မမြင်နိုင်သည့်နေရာတွင် သူမက သူတို့တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပြီး သပ်ရပ်နေစေရန် ကြိုးစားနေခဲ့ရသည်။ အိမ်တွင်နေရသည့်ဘဝမှာလွယ်မယောင်ရှိသော်လည်း အတော်လေးခက်ခဲပေသည်။


မျက်နှာကြက်ကိုကြည့်ပြီး ယွမ်ရှ အော်ရယ်လိုက်သည်။


"ကျွန်မက ရှင့်လောက်ကို အလုပ်မကြိုးစားရပါဘူး... ရှင်ကမှ မနက်အစောကြီးအလုပ်သွားရပြီး ညဆိုနောက်ကျမှပြန်လာရတာ... ရှင်အခုတလော နေ့လည်စာမစားဖြစ်မှန်း ကျွန်မသိပါတယ်...."


"ကိုယ်မင်းကိုမေးစရာရှိတယ်...."


စုန့်ထင်ရှန်းက သူ့လက်သူ့မြှောက်ပြီး နာရီကြည့်လိုက်သည်။ သူလုံလောက်အောင် တွေ့ကြုံပြီးနောက်တွင် လိုရင်းအချက်ကိုပြောရန် အချိန်ရောက်လာလေပြီ။


"မင်းအခုတလော ထူးဆန်းနေတယ်... ဈေးသွားပြီးပစ္စည်းတွေဝယ်တယ်၊ ဟင်းချက်တယ်၊ သန့်ရှင်းရေးလုပ်တယ်၊ အိမ်အသုံးစရိတ်တွေစာရင်းမှတ်တယ်...ပြီးတော့...."


သူခဏလောက်ရပ်လိုက်သည်။


"မင်းရဲ့ နာမည်အောက်က ပိုင်ဆိုင်မှုတွေကို တိတ်တိတ်လေးလွှဲပေးလိုက်တယ်..."


ယွမ်ရှက သူမ၏နှလုံးက လည်ချောင်းထဲခုန်တက်လာသလို ခံစားလိုက်ရသည်။ သူ အင်းအင်းအဲအဲဖြင့် ပြန်မရှင်းပြနိုင်ပေ။


"ကိုယ်အခုတလော အရမ်းအလုပ်ရှုပ်နေမိတာ ကိုယ့်အမှားပါ... ကိုယ့်ကိုအမှန်အတိုင်းပြော.. အခုလက်ရှိ အကျပ်အတည်းကြောင့် စုန့်ကော်ပိုရေးရှင်းက ဒေဝါလီခံတော့မယ်လို့ တကယ်ထင်နေတာလား..."


စုန့်ထင်ရှန်း မေးချလိုက်သည်။


"ကိုယ်မင်းကို အရင်က ဒါကုမ္ပဏီတိုင်း ကြုံတွေ့ရမယ့်အရာပါလို့ပြောဖူးတယ်လေ... ပြီးတော့ကိုယ်ဖြေရှင်းနိုင်ပါတယ်..."


သူကပြောလာပြီဖြစ်၍ ယွမ်ရှကလည်း ဖုံးကွယ်စရာမလိုတော့ဟုတွေးပြီး ရိုးရိုးသားသားပြောလိုက်သည်။


"ကျွန်မ နည်းနည်းလောက် စိုးရိမ်နေရုံပါ... ပြီးတော့ ဒီတစ်ခေါက်ပြဿနာက အတော်ကြီးတယ်လေ... ကျွန်မက ရှင့်ကိုလည်းမကူညီနိုင်တော့ တွေးမိတွေးရာတွေ တွေးကုန်တာပဲ...."


သူမ စိတ်ညစ်စွာပြောလိုက်သည်။


"ကျွန်မက မကောင်းမြင်တတ်တဲလူမဟုတ်ပါဘူး... ကျွန်မက ဘာကိုပဲလုပ်လုပ် အဆိုးဆုံးအခြေအနေကိုကြိုတွေးထားတာ... ကျွန်မကိုယ့်ကိုယ်ကိုယ်လည်း အဲ့လိုတွေမတွေးမိအောင်ကြိုးစားပါတယ်... စုန့်ထင်ရှန်း ဒါတွေက ကျွန်မရှင့်ကိုမယုံလို့မဟုတ်ဘူးနော်... ဒါကျွန်မရဲ့ စိတ်ကဖြစ်နေတာတွေပါ.. ရှင်က အလုပ်မှာ အရမ်းအလုပ်ရှုပ်နေတော့ ကျွန်မရှင့်ကို ဆွဲချမိမှာစိုးရိမ်နေမိတယ်... ဒီတော့ ဒီမိသားစုကို ကျွန်မတတ်နိုင်သလောက် ကြိုးစားပြီး ကာကွယ်ပေးချင်တယ်... နောက်ကိုခြေလှမ်းတစ်ထောင်ပဲဆုတ်ရပါစေ ကုမ္ပဏီကြီးဒေဝါလီပဲခံရပါစေ ကျွန်မရှင်နဲ့ ဝမ်လေးအတွက် နေဖို့အိမ်နဲ့ သုံးဖို့ငွေတွေချန်ထားပေးချင်တယ်..."


xxxxxxxx