အပိုင်း ၉၈
Viewers 12k

🧑‍⚕️Chapter 98




တုံးအသည့်ကျောင်းသားပြန်ရောက်လာပြီးနောက် ကျန်းရွှိ၏မိဘများလည်း ပြန်သွားပြီဖြစ်သည်။

သူတို့နှစ်ဦး ဆေးရုံတွင်ဆုံတွေမိကြပြီး ထိုအချိန်တွင် အခြားဌာနတစ်ခုတွင် ဆွေးနွေးပွဲတက်ရောက်ရန် အပြေးအလွှားသွားနေချိန်ဖြစ်သည်။ ဓာတ်လှေကားထဲတွင် လူပြည့်နေသောကြောင့် ကျန်းရွှိ ရိုးရိုးလှေကားထံမှ ဆင်းလာပြီးနောက် အပေါ်သို့တက်လာသည့်ရှန့်ဖန်းယွိနှင့်ဆုံခဲ့သည်။

ရက်အတော်ကြာမတွေ့ခဲ့ကြရသောချစ်သူနှစ်ဦးမှာ လှေကားတွင် မျက်လုံးချင်းဆုံမိသွားပြီး သူတို့၏ခြေလှမ်းများမှာ တပြိုင်နက်တည်းလိုပင် ရပ်တန့်သွားကြသည်။

အောက်ထစ်တွင်ရပ်နေသည့်ရှန့်ဖန်းယွိမှာ အပေါ်သို့မော့ကြည့်နေပြီး သူ၏အမူအယာကင်းမဲ့နေသောမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာကာ လက်ကိုဆန့်၍ " ဖက်ထားလို့ရမလား…"

အမည်မဖော်နိုင်သောအကြောင်းအရင်းဖြင့် ကျန်းရွှိ၏နှလုံးသားမှာ ချဉ်စူးသွားရသည်။ ရှန့်ဖန်းယွိစကားပြောလိုက်သည်နှင့် သူအမြန်ပြေးဆင်းသွားပြီး ရှန့်ဖန်းယွိ၏ရှေ့တွင်ခဏရပ်လိုက်ကာ ခဏအကြာတွင် တင်းကြပ်စွာဖက်ထားပေးလိုက်သည်။

ရှန့်ဖန်းယွိ သူ၏လည်ပင်းကို ကျန်းရွှိတင်းကြပ်စွာဖက်ထားသည်အား ခွင့်ပြုပေးလိုက်ပြီး ညင်သာစွာပြောလာခဲ့သည်။ " မပြေးပါနဲ့လို့ ပြောထားတာကို… တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ…"

ကျန်းရွှိ၏အသံမှာ ဝိုးတိုးဝါးတားဖြစ်နေသည်။ " ငါကဆွေးနွေးဖို့သွားရမှာလေ… အချိန်မှမရှိတာ…"

မတူညီသောလှေကားနှစ်ထစ်ပေါ်တွင်ရပ်နေသည့် ဆရာဝန်နှစ်ဦးမှာ တိတ်ဆိတ်နေသည့်လှေကားတွင် ငါးစက္ကန့်မျှပွေ့ဖက်လိုက်ကြပြီး ကျန်းရွှိ ပွေ့ဖက်ရာမှ ခွာတော့မည့်အချိန်တွင် ရှန့်ဖန်းယွိ၏အိတ်ကပ်ထဲသို့ ချောကလက်နှစ်တောင့်ထည့်ပေးလိုက်သည်။

ထိုချောကလက်နှစ်တောင့်မှာ သူတို့နှစ်ဦး၏လျှို့ဝှက်အချစ်ဖော်ပြသည့်အရာလေးပင်ဖြစ်သည်။

အလုပ်ဆင်းပြီးနောက် သူတို့နှစ်ဦးကားပါကင်တွင် ဆုံတွေ့ကြသည်။ ကျန်းရွှိမှ ခရီးသည်တင်ခုံတွင်ထိုင်ကာ ရှန့်ဖန်းယွိပြောပြသည့် ဒေါက်တာအဲလ်ဘတ်နှင့်မစ်စတာဘေကာတို့အကြောင်းကို နားထောင်နေပြီး မစ်စတာဘေကာမှ မစ်ဒေစီအတွက် အချစ်သက်သေပြသည့်အနေဖြင့် လိုလိုလားလားကိုယ်ဝန်ဆောင်ခဲ့ကြောင်းကို ကြားလိုက်ရချိန်တွင် သူ ခေါင်းကိုတစ်ဖက်သို့လှည့်ကာ ကားပြတင်းအပြင်ဘက်မှ မှောင်မိုက်နေသောကောင်းကင်သို့ ကြည့်နေခဲ့သည်။

ထိုနေ့သတင်းနှစ်ခုမှလွဲ၍ ကျန်းရွှိသည် ရှန့်ဖန်းယွိထံသို့ ‌ခွဲစိတ်မှုနှင့်ပတ်သက်သောမည်သည့်အရာကိုမျှ ထပ်မံ၍ယူလာခဲ့ခြင်းမရှိချေ။ သို့သော်လည်း ထိုသတင်းနှစ်ခုမှာ ရှန့်ဖန်းယွိ၏အက်စ်နိုင်ငံခရီးမှရလာသည့်အချက်အလက်များကို လုံလောက်အောင် မဖုံးနိုင်သည်ကို သူသိနေခဲ့သည်။

အက်စ်နိုင်ငံမှပြန်လာပြီးနောက် ရှန့်ဖန်းယွိ အပေါ်ယံမျက်နှာပြင်တွင် မပြောင်းလဲသော်လည်း စတင်၍ ညနက်သည်အထိနေကာ စာအုပ်များဖတ်ခြင်းနှင့် ညဘက်တွင်အချက်အလက်များရှာဖွေခြင်းတို့ကို လုပ်နေခဲ့သည်။

ကျန်းရွှိ ထို့သို့မလုပ်ရန် နားချပြီးသည့်အချိန်တွင်မူ ရှန့်ဖန်းယွိမှာ သူအိပ်ပျော်သွားချိန်တွင် အိပ်ရာမှခိုးထွက်ပြီးစာကြည့်ခန်းသို့ သွားနေဆဲပင်။ တစ်ခါတစ်ရံ ကျန်းရွှိ မနက်ခင်းသုံးနာရီ လေးနာရီခန့်နိုးလာသည့်အချိန်တွင် အိပ်ရာဘေးမှနေရာကို စမ်းကြည့်လိုက်တိုင်း အချိန်အတော်ကြာအောင် အေးစက်နေသည်ကိုသာ ခံစားရသည်။

အမျိုးသားကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်၍ အချက်အလက်မှန်သမျှကို သူတို့ရှာဖွေစုဆောင်းခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့မှာမည်မျှပင်များပြားနေစေကာမူ ရှန့်ဖန်းယွိ ဘာမှမရှိသည့်အရာမှ တစ်စုံတစ်ခုကိုဖန်တီးရန်မှာ မဖြစ်နိုင်ချေ။

အချိန်အတော်ကြာအထိ ရှန့်ဖန်းယွိမှာ မထင်ရှားသည့်နားလည်ရ‌ခက်သော တရုတ်ဆေးကျမ်းများကိုပင် လေ့လာခဲ့ကာ ကျန်းရွှိမှ ထိုကိစ္စများသည်လွန်ခဲ့သောနှစ်နှစ်ထောင်ကျော်တွင်ဖြစ်ပျက်ခဲ့ပြီး ယခုအချိန်အတွင် လူနေမှုအခြေအနေအဆင့်အတန်းကွာခြားသွားပြီဟု ထပ်ခါတလဲလဲနားချမှသာလျှင် ရှန့်ဖန်းယွိ လက်လျော့သွားခဲ့သည်။

ရှန့်ဖန်းယွိ အပိုအလုပ်များကိုလုပ်နေခြင်းမှာ အကျိုးအမြတ်မရဘဲ အချည်းနှီးသာဖြစ်သွားမည်ဟု ကျန်းရွှိတွေးမိခဲ့သည်။

သို့သော်လည်း ရှန့်ဖန်းယွိမှာ စိုးရိမ်သောကများဖြင့် ပိတ်မိနေပြီး သက်သာရာရနိုင်ခြင်းမရှိသည်ကိုလည်း သူနားလည်နေခဲ့သည်။ ထိုစိုးရိမ်စိတ်များမှ ယာယီလွတ်မြောက်နိုင်ရန် သူ့ကိုယ်သူတောက်လျှောက်အလုပ်များစေသည့်နည်းလမ်းများကိုသာ အားကိုးနိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ အလုပ်များစေသည့်နည်းဖြင့် စိုးရိမ်သောကများကို ရှောင်တိမ်းသည့်နည်းလမ်းမှာ ပို၍ဆိုးရွားသောအခြေအနေကိုသာ ‌ဖြစ်ပေါ်စေနိုင်သည်ပင်။

အဆုံး၌ ရှန့်ဖန်းယွိ ရက်အနည်းငယ်အတွင်း တစ်ဆယ်ကီလိုမျှကျသွားပြီးနောက်တွင် ကျန်းရွှိ စိတ်တင်းကာ သူ့ကိုအိပ်စေရန်အတွက် ဆေးများကိုသာ အသုံးပြုလိုက်ရသည်။

" ငါဒီရက်ပိုင်းအိပ်ငိုက်နေတာ အထူးသဖြင့် ဒီလိုအချိန်တွေပဲ… တကယ်ကြီးအိပ်ချင်နေပြီးတော့ ညသန်းခေါင်မှာတောင် တ‌စ်ရေးပြန်မနိုးလာဘူး…"

ကျန်းရွှိ ကုတင်ခေါင်းရင်းကိုမှီကာ လက်ထဲတွင် တက်ဘလက်ကိုကိုင်၍ စာရွက်စာတမ်းအချို့ကိုဖတ်ရှုနေချိန်တွင် ရှန့်ဖန်းယွိသည်လည်း သူ၏ဘေးတွင် လက်ချင်းတွဲလျက် လဲလျောင်းနေသည်။ ရှန့်ဖန်းယွိ သူ၏စကားမဆုံးနိုင်ခင်မှာပင် အိပ်ပျော်သွားလေသည်။

ကျန်းရွှိ သူ၏ပင်ပန်းနွမ်းနယ်နေသောကောင်လေးကိုကြည့်ကာ လက်ထဲမှတက်ဘလက်ကိုချ၍ သူ၏ဘေးတွင် လှဲချလိုက်သည်။ ထို့နောက် သူ့ကိုစောင်ခြုံပေးလိုက်ပြီး မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။

ဝိတ်အတော်အတန်ကျသွားသောရှန့်ဖန်းယွိမှာ ဆွဲဆောင်မှုရှိနေဆဲပင်။ သို့သော်လည်း သူ၏ပါးပြင်မှာ အနည်းငယ်ချိုင့်ဝင်နေပုံရကာ မျက်လုံးအောက်မှာ အမဲဝိုင်းများမှာလည်း ပို၍နက်မှောင်နေခဲ့သည်။

ကျန်းရွှိ လက်ကိုဆန့်ကာ ချစ်သူလေး၏မျက်ခုံးနှင့်မျက်လုံးများကို အသာအယာထိတွေ့လိုက်သည်။ ၎င်းမှာ ချစ်ခင်မှုအပြည့်ဖြင့် ထိတွေ့မှုတစ်ခုဖြစ်သော်လည်း နေ့စဉ်နေ့တိုင်းဆေးများဖြင့် အိပ်စေခဲ့ရသောရှန့်ဖန်းယွိမှာ သူ့ကိုနမ်းရှိုက်ရန် နိုးမလာနိုင်သည်အထိပင် အိပ်မောကျနေခဲ့သည်။

ဤအတိုင်းဆက်သွား၍မရဟု ကျန်းရွှိတွေးမိလိုက်သည်။

ရှန့်ဖန်းယွိ ဤကဲ့သို့ဆေးကိုသာမှီခိုနေခြင်း သို့မဟုတ် ဆက်လက်၍ခံစားနေရခြင်းမှာ မဖြစ်သင့်ပေ။

အချိန်အတန်ကြာစဉ်းစားပြီးနောက် သူရှန့်ဖန်းယွိကို ပြောလိုက်သည်။ " ရက်နည်းနည်းလောက်နားလိုက်ပါဦး.. ဟုတ်ပြီလား.."

သို့သော်လည်း အိပ်မောကျနေသည့်သူ၏ချစ်သူမှာ ပြန်ဖြေမလာခဲ့ချေ။

အဆုံး၌ ကျန်းရွှိ မီးကိုပိတ်ကာ အရင်အချိန်များတွင် အမြဲလိုကော့တက်နေခဲ့သော ရှန့်ဖန်းယွိ၏နှုတ်ခမ်းများကို ခပ်ဖွဖွနမ်းရှိုက်လိုက်သည်။

" ဒေါက်တာခန်းနဲ့ခွဲစိတ်ဖို့ နိုင်ငံခြားသွားချင်တာ ဟုတ်လား…" ကျန်းရွှိဤသို့ပြောလာမည်ဟု ရှန့်ဖန်းယွိလုံးဝပင် မျှော်လင့်မထားမိပေ။

ကျန်းရွှိ ခေါင်းညိတ်လိုက်ပြီး " အင်း ငါတွေးထားပြီးပြီ…တရုတ်မှာခွဲလိုက်ရင် ငါ့အကြောင်းကိုဖုံးထားနိုင်ဖို့ခက်မှာပဲ ဒါကြောင့်နိုင်ငံခြားသွားဖို့စဉ်းစားနေတာ…"

၎င်းမှာ အမှန်တကယ်ပင် ယုတ္တိမတန်သောဆင်ခြေတစ်ခုသာဖြစ်သည်။

တရုတ်တွင်လုပ်ဆောင်ခဲ့လျှင်ပင် သူ၏အကြောင်းကို ဖုံးကွယ်ထားရန် နည်းလမ်းများစွာရှိသည်။

သို့သော်လည်း ဤသည်မှာ ယခုအချိန်တွင် ရှန့်ဖန်းယွိ၏ပူပန်မှုများကို လွှတ်ချနိုင်ရန်အတွက် အသင့်တော်ဆုံးအကြောင်းပြချက်တစ်ခုဖြစ်နေခဲ့သည်။

ဤသည်မှာ သူရှန့်ဖန်းယွိ၏အရည်အချင်းကို သံသယရှိခြင်း သို့မဟုတ် မယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ သူ၏ပြိုကွဲနေသောစိတ်အခြေအနေကြောင့်သာဖြစ်သည်။

ရှန့်ဖန်းယွိ တုံးအမနေသေးသရွေ့ သူ၏အကြောင်းပြချက်ကို မေးခွန်းထုတ်မည်မဟုတ်ဘဲ စိတ်ပျက်နေလျှင်ပင် လက်ခံမည်ကို သူသိနေခဲ့သည်။

ထင်သည့်အတိုင်းပင် ရှန့်ဖန်းယွိ အချိန်‌အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလာခဲ့သည်

 " ငါဒေါက်တာခန်းကိုဆက်သွယ်ပြီး ပြင်ဆင်စရာရှိတာတွေကို စောစောကြိုပြင်ထားလိုက်မယ်…"

အမြဲလိုပင်ယုံကြည်မှုရှိနေသောရှန့်ဖန်းယွိမှာ သူ၏မျက်လုံးကို အောက်ငုံ့ထားလျက် ငှက်မွှေးကဲ့သို့မျက်တောင်ရှည်များဖြင့် မျက်လုံးတွင်းမှ သူ၏ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။

ကျန်းရွှိ စိတ်သက်သာရာရသွားမှုကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သို့သော်လည်း ရှန့်ဖန်းယွိ၏လက်မှတင်းကြပ်စွာဆုပ်ထားမှုကြောင့် နီမြန်းနေသည်ကိုမူ သူမတွေ့လိုက်မိချေ။

ရှန့်ဖန်းယွိ၏ ညအိပ်မပျော်ခြင်းမှာ ပြန်လည်သက်သာသွားပြီဖြစ်သည့်အတွက် ကျန်းရွှိ သူ၏ခွက်ထဲသို့ ဆက်လက်၍အိပ်ဆေး‌ခတ်ပေးရန် မလိုတော့ပေ။

သို့သော်လည်း သူနှင့်တွေ့ချိန်တိုင်း ရှန့်ဖန်းယွိ အနည်းငယ်သီးသန့်ဆန်သွားကြောင်းကို ကျန်းရွှိ အလျင်အမြန်သတိပြုမိသွားခဲ့သည်။ အထူးသဖြင့် သူမဖော်ပြချင်သည့်တိုင် ရှန့်ဖန်းယွိ ပြောသမျှစကားတိုင်းနှင့် လုပ်ဆောင်သမျှအရာတိုင်းမှာ သူ၏စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားပြီးမှ လုပ်ဆောင်နေသကဲ့သို့ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ ဤသို့ပုံမှန်မကျသည့်အပြုအမူများမှာ တစ်ခါတရံ ကိစ္စများကို လက်လွန်ခြေလွန်ဖြစ်စေတတ်သည်။

ခွဲစိတ်မှုအတွက် ငွေပေးချေရန် ပြောပြီးနောက် ယခင်အချိန်များတွင် ရှန့်ဖန်းယွိ၏မေးလ်ကို မဖြေလာခဲ့သောဒေါက်တာခန်းမှ စာပြန်လာသည်။

ဒေါက်တာခန်း၏အောင်မြင်သောခွဲစိတ်မှုအပြီးတွင် ခြေနင်းတုံးသဖွယ်ဖြစ်သွားခဲ့ရသည့်ဒေါက်တာအဲလ်ဘတ်မှလည်း ခွဲစိတ်မှုအပေါ် ဇာတ်လမ်းလေးများထပ်မံပေါင်းထည့်လိုက်ချိန်၌ ဒေါက်တာခန်း၏နာမည်ကျော်ကြားမှုမှာ ပို၍ပင်မြင့်တက်သွားကာ ယခင်ကဒေါက်တာခန်းမဟုတ်နိုင်တော့ချေ။

မကြာမီအချိန်တွင်းမှာပင် သူတို့၏ပထမဆုံးတွေ့ဆုံမည့်ရက်ကို သတ်မှတ်လိုက်ကြပြီး ဒါရိုက်ကာချွေ့မှ ကတိပေးထားသည့်ပိတ်ရက်တွင် ပိတ်ရက်တွင် သူတို့နှစ်ဦးနိုင်ငံခြားသို့ အတူသွားကြမည်ဖြစ်သည်။

ဒေါက်တာခန်းမှ ကြိုတင်ပေးသွင်းငွေကို ယူအက်စ်ဒေါ်လာ၆သိန်းအထိ တိုးမြင့်ခဲ့ပြီး ခွဲစိတ်မှုကျရှုံးခဲ့ပါက ပြန်ပေးမည်မဟုတ်ဘဲ အောင်မြင်ခဲ့ပါက ထပ်မံ၍၄သိန်းထပ်ပေးရမည်ဖြစ်သည်။ ရှန့်ဖန်းယွိ မေးလ်ကို တည်ငြိမ်စွာဖတ်လိုက်ပြီးနောက် တစ်ဖက်သူအား သူ၏ကျေးဇူးတင်ရှိမှုကို ဖော်ပြကာ သူတို့အမ်နိုင်ငံသို့လာချိန်၌ ပေးချေမည်ဟု သဘောတူလိုက်သည်။

ရှန့်ဖန်းယွိမှ မေးလ်တွင်ပါသည့်အချက်များကို ပြောပြလာချိန်တွင် ကျန်းရွှိကြောင်အသွားခဲ့ရသည်။

အခုချိန်တွင် အနည်းဆုံးတော့အချိန်ရှိနေသေးသည့်အတွက် ဒေါက်တာခန်းကိုသွားရှာကာ ခွဲစိတ်မှုအကြောင်းဆွေးနွေးခြင်းဖြင့် ရှန့်ဖန်းယွိ၏စိတ်ကို အနားပေးနိုင်မည်ဟု သူထင်ထားမိခဲ့သည်။

မမျှော်လင့်ဘဲ ရှန့်ဖန်းယွိမှာ ဒေါက်တာခန်းနှင့်ခွဲစိတ်ခအကြောင်းတွေ့ဆုံရန်အချိန်များကိုပင် ကြိုတင်ပြင်ဆင်ပြီးစီးခဲ့ပြီဖြစ်သည်။

" မင်းဘာလို့ဒီလောက်အလျင်လိုနေရတာလဲ…" ကျန်းရွှိ နားမလည်နိုင်ခဲ့ပေ။

ရှန့်ဖန်းယွိ ကျန်းရွှိကို မျက်နှာချင်းဆိုင်၍ မဖြေနိုင်ခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် ကျန်းရွှိ၏ဖုန်းထဲသို့ ရှန့်ဖန်းယွိထံမှ စာရောက်လာခဲ့သည်။ 

" ကိုယ်မင်းအတွက်ဘာလုပ်ပေးနိုင်မလဲ မသိလို့…"

ထိုစာကိုမြင်လိုက်ရပြီးနောက် ကျန်းရွှိအချိန်အတော်ကြာသည်အထိ သူ့ကိုယ်သူပြန်လည်သုံးသပ်နေမိသည်။ သူ၏ရှန့်ဖန်းယွိနှင့်ပတ်သက်သောတဇွတ်ထိုးဆုံးဖြတ်ချက်မှာ ကိုယ်ချင်းမစာနာဘဲ မဆင်မခြင်လုပ်မိသလို ဖြစ်သွားပြီလား…

ဇက်နိုင်ငံတွင် " သမားတော်မှာ ကိုယ့်ကိုကိုယ်ပြန်ကု၍မရ…"ဟူသော ရှေးအဆိုတစ်ခုရှိလေသည်။

၎င်းမှာ ဆရာဝန်များအားပြောသည်ဖြစ်ပြီး ထိုသူမှာ မိသားစုဖြစ်စေ သူငယ်ချင်း‌ဖြစ်စေ လူနာနှင့်နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုမျိုးရှိပါက ဆရာဝန်များအနေဖြင့် လုံးလုံးလျားလျားတည်ငြိမ်နေရန်မှာ မဖြစ်နိုင်ချေ။ သင်၏ဆေးကုသရန်ညွှန်ပေးခြင်းမှာ အလွန်များနေခြင်း၊ နည်းနေခြင်းပါ ဖြစ်နိုင်ပေမည်။

လက်ရှိရှန့်ဖန်းယွိမှာ သူ့အပေါ်လွန်စွာချစ်မြတ်နိုးသည့်အတွက် အလွန်ဂရုစိုက်ကာ ထိုအရာကပင် သူ၏တည်ငြိမ်မှုကို ပျက်ပြားစေခဲ့သည်။

ထိုသုံးသပ်မှုမှာ တစ်နေ့တွင် သူ၏ရှေ့သို့ ရှန့်ဖန်းယွိပေးလာသည့် အေတီအမ်ကဒ်ရောက်လာချိန်၌ အထွပ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။

ထိုနေ့တွင် သူတို့ညစာစားပြီးနောက် အပြုံးများဖြင့် လမ်းလျှောက်နေကြစဉ် ဘဏ်ရှေ့သို့ရောက်ချိန်၌ ရှန့်ဖန်းယွိမှာ ကျန်းရွှိ၏လစာကဒ်ကိုတောင်းကာ လက်ကျန်ငွေကိုစစ်ကြဖို့ ပြောလာခဲ့သည်။

ရှန့်ဖန်းယွိကဒ်ကိုစိုက်လိုက်ချိန်၌ ရှော့ရနိုင်လောက်သည့်နံပါတ်များပေါ်မလာခင်အထိ ကျန်းရွှိ သူပြောသည်ကို နားမလည်နိုင်ခဲ့ပေ။

" မင်းဘဏ်ကိုဓားပြတိုက်လာတာလား…"

ရှန့်ဖန်းယွိကဒ်ကိုထုတ်ကာ ကျန်းရွှိ၏အိတ်ထဲသို့ပြန်ထည့်ပေးလိုက်သည်။ " ငါအိမ်ကိုရောင်းလိုက်တာ.."

ကျန်းရွှိ မယုံနိုင်အောင်ဖြစ်နေရသည်။ " ငါမင်းကိုအိမ်မရောင်းဖို့ မပြောခဲ့ဘူးလား…"

" အဆင်ပြေပါတယ်…" ကျန်းရွှိ သူ၏ပုခုံးကိုဖျစ်ညှစ်လိုက်ပြီး " အရမ်းစိတ်မပူပါနဲ့…"

" ရှန့်ဖန်းယွိ…"

ကျန်းရွှိ၏ဒေါသထွက်နေသောအမူအယာကို ရင်ဆိုင်လိုက်ရသည့်အတွက် ရှန့်ဖန်းယွိအကြည့်လွှဲထားမိသည်။

" မဟုတ်သေးဘူး… မင်းအိမ်ရောင်းတာ ဒီလောက်မရဘူး…"

ကျန်းရွှိခေါင်းကိုယမ်းလိုက်သည်။ ရှန့်ဖန်းယွိ၏ပိုင်ဆိုင်မှုစာချုပ်ကို မြင်တွေ့ခဲ့ဖူးသည်ဖြစ်သည့်အတွက် သူလက်ရှိပေါက်ဈေးကို ကောင်းစွာသိရှိပြီးဖြစ်သည်။

အလိမ်ပေါ်သွားသောကြောင့် ရှန့်ဖန်းယွိ အသာအယာပြုံးကာ " ငါ့အစ်ကိုစီက ငွေနည်းနည်းချေးခဲ့တာလေ…ငါအရေးပေါ်ငွေလိုနေတာကြားတော့ မိဘတွေကလည်း နည်းနည်းပေးခဲ့သေးတယ်…သူငယ်ချင်းတွေစီကလည်း တစ်သောင်း နှစ်သောင်းလောက်ရခဲ့တာ… သူတို့တတ်နိုင်သလောက်ပေါ့…"

ရှန့်ဖန်းယွိမှာ အပေါ်ယံတွင် မထူးခြားသလိုနေသော်ငြား သူ၏မိသားစုနှင့်ပတ်သက်လာပါက အလွန်မာနကြီးကြောင်းကို ကျန်းရွှိ သိရှိထားပြီးဖြစ်သည်။

ငယ်ရွယ်စဉ်ကလေးဘဝမှ ခွဲခြားဆက်ဆံခဲ့ရသည့် စိတ်ဒဏ်ရာများကြောင့် ဖြစ်ပေမည်။ ကျန်းရွှိတွေးမိခဲ့သည်မှာ ရှန့်ဖန်းယွိအဖို့ သူ၏မိသားစုကိုဦးညွှတ်ရခြင်းနှင့် အစ်ကိုကြီးဖြစ်သူထံမှပိုက်ဆံချေးခြင်းထက်ပို၍ အရှက်ရခြင်းမျိုးမရှိနိုင်လောက်ပေ။

အေတီအမ်စက်၏အခန်းကျဉ်းလေးထဲတွင် စက်ရုပ်အမျိုးသမီးအသံမှာ ဆက်တိုက်လိုပင် ထွက်ပေါ်နေခဲ့သည် " လူပိုပါရှိနေပါသည် ကျေးဇူးပြု၍ ဂရုစိုက်ပါ…"

သို့သော်လည်း သူနှင့်ခြေတစ်လှမ်းသာကွာဝေးသည့်ရှန့်ဖန်းယွိကိုကြည့်ကာ ကျန်းရွှိ သူ၏ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီဟု ခံစားလိုက်ရသည်။

သူ၏စိတ်အတွင်း ဒေါသ၊မိမိကိုယ်ကိုအပြစ်တင်ခြင်း၊သံသယနှင့် ပြန်လည်သုံးသပ်မိခြင်း စသည့်ခံစားချက်များရော‌ထွေးနေကာ အချိန်အတော်ကြာပြီးနောက် အေတီအမ်စက်ကို မှီလျက် အိတ်ကပ်ထဲတွင် လက်ထည့်၍ ရုတ်တရက် မျက်လုံးကိုပင့်လိုက်ပြီး " ငါကဒီအတိုင်းခံစားမိသွားတာကြောင့်လေးနဲ့ မင်းနဲ့အတူရှိနေတယ်လို့ထင်နေတယ်ပေါ့…"

ရှန့်ဖန်းယွိ ပြန်မဖြေခဲ့ချေ။

ကျန်းရွှိ သူ့ကိုကြည့်ကာ ဆက်ပြောလာသည်။ " မင်းသာကောင်းကောင်းမခွဲစိတ်နိုင်ဘူးဆိုရင် ငါမင်းကိုမချစ်တော့ဘူးလို့ ထင်နေတာပေါ့…"

" ကျန်းရွှိ…" ရှန့်ဖန်းယွိ၏အကြည့်မှာ ကျန်းရွှိ၏ဝမ်းဗိုက်ပေါ်သို့ ကျဆင်းသွားပြီးနောက် အဆုံးတွင် သူမေးခွန်းကိုရှောင်လွှဲနေခြင်းမရှိတော့ပေ။

" ငါကအခုမင်းရဲ့ချစ်သူ‌ဖြစ်နေပြီးတော့ မင်းကငါ့ကလေးကို လွယ်ထားရတာ…ဒါပေမယ့် ငါ့မှာစုထားတာများများစားစားမရှိတဲ့အတွက် ခွဲစိတ်မှုကိုငါမတတ်နိုင်ခဲ့ဘူး…" ထို့နောက် အောက်သို့ငုံ့၍ " ငါအရင်တုန်းက မင်းကိုငွေကြေးနဲ့ပတ်သက်ရင် လွတ်လွတ်လပ်လပ်သုံးနိုင်တဲ့ဘဝမျိုးမပေးနိုင်ခဲ့ဘူး… အခုလည်း မင်းအတွက်ဘေးကင်းမှုကိုတောင် အာမမခံနိုင်တော့ဘဲ မင်းဘဝလုံခြုံဖို့တောင် မတတ်နိုင်ခဲ့တာ… ငါမင်းကိုဘာမှမပေးနိုင်ခဲ့တဲ့အတွက် မင်းရဲ့အချစ်နဲ့ထိုက်တန်တယ်လို့ မင်းထင်လား…"

နောက်ဆုံးစကားကိုကြားလိုက်ရချိန်၌ ကျန်းရွှိ တစ်စုံတစ်ယောက်မှ သူ၏နောက်ကျောကို ဖျစ်ညှစ်လိုက်သကဲ့သို့ နှလုံးသားမှာတင်းကြပ်သွားရကာ နာကျင်ကိုက်ခဲနေသည့်ခံစားချက်မှာ ရင်ဘတ်သို့ပင် တက်လာခဲ့သည်။

" ဒါဆိုရင် မင်းအခုဘာလုပ်နေတာလဲ…" သူ၏လက်ထဲမှ ကဒ်ကိုကိုင်ကာ ထိန်းချုပ်သည့်ခလုတ်ကိုနှိပ်လိုက်ပြီး " ငါထိမိသွားအောင် ငွေသုံးလိုက်ရင် ငါမင်းကိုဆက်ချစ်နေမယ်လို့ မင်းထင်နေတာပေါ့…"

" မင်းငါ့အတွက်ခွဲစိတ်ပေးမှာနဲ့ပိုကောင်းတဲ့ဘဝရဖို့ ငါမင်းနဲ့အတူရှိဖို့လက်ခံတယ်လို့ မင်းထင်နေတာလား…"

ကျန်းရွှိ အလွန်ဒေါသထွက်နေသောကြောင့် ပြတ်ပြတ်သားသားပြောလိုက်လေသည်။ " မင်းရဲ့သီအိုရီအရဆိုရင် လီယာလေ့ငါ့ကိုသူ့မိသားစုရဲ့စည်းစိမ်တဝက်ပေးပြီး အချစ်ဝန်ခံတုန်းက ငါလက်ခံလိုက်သင့်တာပေါ့… ဒါမှမဟုတ် ဟော်ချန်ချွန်းငါ့ကို ဒေါ်လာမီလီယံနဲ့ချီကုန်ကျမဲ့ကျောင်းတက်ဖို့ နိုင်ငံခြားပညာတော်သင်‌ပို့ပေးမယ်လို့ ကတိပေးတုန်းက ငါကဘဝကိုမပူမပင်ဘဲ သုတေသနလုပ်ရင်းဖြတ်သန်းမယ်လို့ သူ့ကိုပြောပြီး ဘွဲ့ရတာနဲ့သူ့နောက်ကို မျက်စိစုံမှိတ်လိုက်သွားသင့်တာလား…"

ကျန်းရွှိ၏စကားများမှာ ယခင်အတိတ်အကြောင်းများကို ဦးတည်နေသောကြောင့် ရှန့်ဖန်းယွိ သူ့ကိုရှုပ်ထွေးနေသည့်အကြည့်ဖြင့်ကြည့်ကာ မသိစိတ်မှ မေးမိသွားသည်။ " အရင်တုန်းက မင်းကိုသူတို့လိုက်ခဲ့ကြတာလား…"

ကျန်းရွှိ သူ၏စကားများကြောင့် သီးသွားခဲ့သည်။