🧑⚕️Chapter 99
လီယာလေ့နှင့်ဟော်ချန်ချွန်းတို့မှာ ကောလိပ်တွင်သူတို့၏အတန်းဖော်များဖြစ်ကြကာ ရှန့်ဖန်းယွိ၏အခန်းဖော်များဖြစ်သည်။
ချမ်းသာသောမိသားစု၏ဒုတိယမျိုးဆက်များဖြစ်ကြသည်နှင့်အညီ သူတို့နှစ်ဦးမှာ အင်တာနက်ကိုစောစီးစွာသုံးစွဲကြသူများဖြစ်ပြီး ခေတ်ရှေ့ပြေးသောအကြံများရှိသူသည်။ လွန်ခဲ့သောဆယ်စုနှစ်မတိုင်ခင် " ဂေး " ဟူသောဝေါဟာရမပေါ်ခင်အချိန်ကပင် သူတို့နှစ်ဦးမှာ ပန်းနှင့်ဖယောင်းတိုင်များဝယ်၍ ကျန်းရွှိထံသို့ ပွင့်ပွင့်လင်းလင်းအချစ်ဝန်ခံခဲ့ကြသည်။
သူတို့၏ပွင့်လင်းသောအပြုအမူများကြောင့် ထိုအချိန်တုန်းက အခန်း၏တစ်ဝက်ခန့်ပင် သူတို့ကျန်းရွှိကိုလိုက်နေကြောင်း သိခဲ့ကြသည်။ ကျန်းရွှိမှာ အလွန်ဒေါသထွက်နေခြင်းကြောင့် ထိုအကြောင်းကို ရှန့်ဖန်းယွိကို ထုတ်ပြောလိုက်မိပြီး သူ၏အခန်းဖော်နှစ်ဦးအကြောင်းကိုပြောလိုက်ခြင်းကြောင့် ရှန့်ဖန်းယွိမှ တားဆီးပေးနိုင်မည်ဟု မျှော်လင့်မိခဲ့သည်။
သို့သော်လည်း ရှန့်ဖန်းယွိမှာ ထိုအကြောင်းကို လုံးဝမကြားဖူးခဲ့ပေ။
ယခုအချိန် နှစ်ပေါင်းများစွာကြာပြီးသည့်နောက်မှသာ အဆုံး၌ သူ၏အခန်းဖော်ကောင်းနှစ်ဦးမှာ လွန်ခဲ့သောအချိန်များကပင် သူ့ကိုသစ္စာဖောက်ခဲ့ကြောင်းကို သိရှိသွားခဲ့သည်။
သူနှင့်ကျန်းရွှိတို့၏ဆက်ဆံရေးမှာ မည်သည့်အချိန်ကမှကောင်းမွန်ခဲ့ခြင်းမရှိဘဲ ထိုသူနှစ်ဦးကို အမြဲလိုပင် သူ၏သူငယ်ချင်းကောင်းများအဖြစ်သတ်မှတ်ထားခဲ့ပေရာ သူတို့မှာညီအစ်ကိုကောင်းများဖြစ်သောကြောင့် သူရှေ့တွင်ကျန်းရွှိနှင့်အဆက်အသွယ်ဖြတ်ရန် တောင်းဆိုခဲ့ဖူးသည်။
အဖြေထွက်လာချိန်၌ သူတို့ဤနည်းဖြင့်အဆက်အသွယ်ဖြတ်ခဲ့ကြသည်ပဲ…
ဘယ်သူကမှသူ့ကိုမပြောပြရဲတာ အံ့ဩစရာမရှိပါဘူးလေ…
ထိုသူနှစ်ဦး အချစ်ကိုဖွင့်ဟပြီးနောက် အငြင်းခံရချိန်၌ ဘားတွင်မူးပြီးမှောက်နေသောကြောင့် ညဘက်ကြီးသူသွားခေါ်ခဲ့ရသည်ကို ရှန့်ဖန်းယွိမှတ်မိနေသေးသည်။
လူငယ်လေးနှစ်ယောက်မှာ ကလေးများလိုအော်ငိုနေကြသော်လည်း သူတို့မည်သူ့ထံမှအငြင်းခံရသည်ကိုမူ ထုတ်ပြောခဲ့ခြင်းမရှိကြချေ။
ထို့နောက်တွင် လီယာလေ့မှာ သူ၏မပိုင်ဆိုင်ခဲ့ရသောအချစ်ကြောင့် ဘွဲ့ရပြီးသည်နှင့် မိသားစုလုပ်ငန်းကိုသာဆက်ခံရန် ပြန်သွားခဲ့သည်။ ဟော်ချန်ချွန်းမှာလည်း သူ့ကိုဝမ်းနည်းအောင်လုပ်ခဲ့သူမှာ နိုင်ငံခြားတွင်မရှိဟုပြောကာ တစ်ချက်ပင်မကြည့်ဘဲ နိုင်ငံခြားပညာတော်သင်ထွက်သွားခဲ့သည်။
ယနေ့မှသာ ထိုသူနှစ်ဦးမှာသူ၏အချစ်ပြိုင်ဘက်များဖြစ်ခဲ့ကြောင်းကို ရှန့်ဖန်းယွိသဘောပေါက်သွားခဲ့လေသည်။
သူတို့၏အိပ်ခန်းတွင်းစကားဝိုင်းများတွင် ကျန်းရွှိအကြောင်းလှည့်ပတ်ပါဝင်နေသည်မှာ မဆန်းတော့ပေ။
သူ၏အချစ်ပြိုင်ဘက်များ၏တည်ရှိမှုနှင့် သူတို့သူ့အပေါ်နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခြင်းကိုသိရှိလိုက်ရသောကြောင့် ရက်ပေါင်းများစွာ စိတ်ညစ်နေခဲ့ရသည့်ရှန့်ဖန်းယွိမှ မနေနိုင်ဘဲ ဝိုးတဝါးပြောလိုက်မိသည်။
" သူတို့ဘယ်လိုလုပ်နိုင်ရတာလဲ…"
ကျန်းရွှိမှာမူ သူ့ကိုသာဆက်၍ကြည့်နေကာ အမှန်တရားနိုးထလာသည်ကို စောင့်ကြည့်နေခဲ့သည်။
မမျှော်လင့်စွာဖြင့် ထိုမေးခွန်းကို ဝိုးတိုးဝါးတားဖြင့် မေးမြန်းလိုက်ပြီးနောက် ဤအကြောင်းတွေးကာ လခစားတစ်ဦးအနေဖြင့် ထိုချမ်းသာသည့်ဒုတိယမျိုးဆက်များကို မယှဉ်နိုင်သည်အားသတိပြုမိသွားသည့်အတွက် သူကျန်းရွှိကို ရိုးရိုးသားသားမေးလိုက်မိသည်။
" ဒါဆိုမင်းဘာလို့သဘောမတူခဲ့တာလဲ…"
အချိန်အတော်ကြာသည်အထိ မေးခွန်းမှအဖြေပြန်ရရန်စောင့်ဆိုင်းခဲ့ရသော ကျန်းရွှိမှာ ဒေါသကြောင့် ဦးနှောက်သွေးကြောပြတ်မလိုပင် ဖြစ်သွားရသည်။
" ရှန့်ဖန်းယွိ မင်းအက်စ်နိုင်ငံကိုသွားတုန်းက မင်းဦးနှောက်ကို ခန္ဓာကိုယ်အစိတ်အပိုင်းလူကုန်ကူးတဲ့သူတွေနဲ့ အစားထိုးခဲ့တာလား…"
" ရှန့်ဖန်းယွိ မင်းမေးသင့်တာက အဲဒီအချိန်တုန်းက ငါဘာလို့သဘောမတူခဲ့လဲဆိုတာမဟုတ်ဘူး…" ကျန်းရွှိ သူ့ကိုဒေါသတကြီးကြည့်ကာ " မင်းဘာပြောသင့်လဲဆိုတာ ငါပြောပြမယ်…"
" မင်းပြောသင့်တာက ကျန်းရွှိ ငါမင်းကိုအစထဲက လိုက်ခဲ့သင့်တာဆိုတာနဲ့ တက္ကသိုလ်တက်တုန်းကသာ မင်းကိုလိုက်ခဲ့ရင် သူ့ကိုငါ့ကိုဘယ်လိုလုပ်အနိုင်ရမှာလဲဆိုတာပဲ…"
ထိုသို့ပြောပြီးနောက် ဘဏ်ကဒ်ကို ရှန့်ဖန်းယွိထံပစ်ပေးကာ တံခါးကိုဖွင့်၍ အမူအယာကင်းမဲ့စွာဖြင့် အမြန်ထွက်သွားခဲ့သည်။
မသွားခင်အချိန်၌ သူအတင်းအကြပ်နောက်သို့လှည့်ကာ နေရာတွင်ရပ်နေသေးသောရှန့်ဖန်းယွိကို ကြည့်၍ " ငါထန်ခယ်ရဲ့အိမ်သွားနေမှာမလို့ အဖြေမရသေးခင်အထိ ငါ့ကိုလာမရှာနဲ့…"
ထို့နောက် တံခါးကို ဘမ်းခနဲမြည်အောင် ပိတ်ပစ်လိုက်လေသည်။
...........
" အိုးး အစောပိုင်းလေးကပဲ မင်းတို့ကချစ်ကြည်နူးတစ်တီတူးနေကြတာ အခုတော့စကားများလာကြပြီပေါ့…" ထန်ခယ် ကျန်းရွှိကို အံ့အားသင့်စွာဖြင့်ကြည့်၍ စနောက်လိုက်သည် " ဟေး ငါကြားထားတာ ဒီရက်ပိုင်းလီယာလေ့က အေမြို့တော်မှာ လေးငါးအိမ်လောက်ဝယ်ထားတယ်တဲ့…ကြည့်ရတာ ဟော်ချန်ချွန်းလည်း ပြန်လာဖို့ပြင်နေတဲ့ပုံပဲ… မင်းဘာလို့သူတို့ကိုမဆက်သွယ်တာလဲ…တစ်ယောက်ကချမ်းသာပြီးတော့ တစ်ယောက်ကနိုင်ငံခြားကနေပြန်လာမှာလေ…သူတို့ကမင်းကိုကူပြီး ဒေါက်တာခန်းနဲ့ဆွေးနွေးပြီးတော့ ပိုက်ဆံနည်းနည်းသက်သာရင်သက်သာမှာပေါ့…"
ကျန်းရွှိ ထန်ခယ်၏နေရာမှဆိုဖာကိုမှီ၍ သူ၏ဗိုက်ကို ပွတ်သပ်နေခဲ့သည်။ သူ၏ကုတ်အင်္ကျီမှာဟနေလေရာ လည်ပင်းအထိဝတ်ဆင်ထားသောအနက်ရောင်ဆွယ်တာတွင် ကိုယ်ဝန်ဆောင်ဗိုက်ကလေးမှာ ထင်ရှားစွာထွက်ပေါ်နေခဲ့သည်။
အချို့သောအကြောင်းပြချက်များကြောင့် ဤရက်ပိုင်းအတွင်း ရှောင်ရှောင်းမှာ အနည်းငယ်မငြိမ်မသက်ဖြစ်ကာ လှုပ်ရှားနေပြီး အမြဲလိုတုန်လှုပ်နေသည်ဟုခံစားနေရသောကြောင့် ကျန်းရွှိ သူမကိုချော့မော့သည့်အနေဖြင့် သူ၏လက်ပေါ်သို့လက်တင်၍ ထန်ခယ်ကို ပြောလိုက်သည် " မင်းကအတော်ရက်ရောတာပဲ…"
" ရက်ရောရမယ်လေ ဒီရက်ပိုင်းအတွင်း မင်းကငါ့ကိုခဏခဏလာရှာနေတော့ ငါလည်း မင်းလာရှာတဲ့အချိန်ကြရင် အဆင်သင့်ဖြစ်အောင် စိတ်ကိုပြင်ဆင်ထားရတာပေ့ါ…" ထန်ခယ်မှ ပြုံးလျက်ပြောလိုက်သည်။
ထန်ခယ် ကျန်းရွှိ၏ဘေးတွင် ခြေထောက်တစ်ဖက်ကိုကွေးကာ ထိုင်ချလိုက်ပြီး " ကျန်းရွှိ မင်းသိလား အရင်တုန်းကရှန့်ဖန်းယွိကို လျှို့ဝှက်ထားဖို့အတွက် လီယာလေ့နဲ့ဟော်ချန်ချွန်းတို့က တစ်တန်းလုံးကို နို့နဲ့မုန့်တွေဝယ်ကျွေးခဲ့သေးတယ်လေ…ရှန့်ဖန်းယွိရှေ့မှာ ငါတို့အားလုံးကိုပါးစပ်ပိတ်ထားဖို့ ပြောခဲ့ကြတာ…" ထန်ခယ်မနေနိုင်ဘဲ စလိုက်သည်
" ငါထင်တာတော့ အတန်းထဲက နှစ်ယောက်ပဲ အဲ့ဒီစကားကိုမကြားခဲ့ရတာလေ… တစ်ယောက်ကတော့ ရှန့်ဖန်းယွိ နောက်တစ်ယောက်ကတော့ မင်းပဲ… မင်းသူတို့ကို ရှန့်ဖန်းယွိစီရောင်းစားလိုက်တာကိုတော့ သူတို့ဘယ်တုန်းကမှ မျှော်လင့်ထားမိမယ်မထင်ဘူး…"
ကျန်းရွှိ သက်ပြင်းချလိုက်ပြီး " အားလုံးက ကံစေရာအတိုင်းပါပဲလေ…"
ထန်ခယ် : "...."
ထိုချမ်းသာသောမိသားစု၏ဒုတိယမျိုးဆက်နှစ်ဦးမှာ အမှန်တကယ်ပင် ငွေကြေးကြွယ်ဝပြီး အသုံးအဖြုန်းကြီးလှသည်။
ထန်ခယ် ဆက်ပြောလိုက်သည် " ဒါပေမယ့် ကျန်းရွှိ…" သူ၏အပြုံးမှာပျောက်ကွယ်သွားပြီး ကျန်းရွှိကို လေးနက်စွာကြည့်ကာ " ငါမင်းကိုမေးမယ်… မင်းတကယ်ရှန့်ဖန်းယွိကို ယုံလား…"
ကျန်းရွှိ သူ၏ဗိုက်ကိုနှိပ်နယ်နေသောလက်မှာ ရပ်တန့်သွားပြီး ထန်ခယ်မေးသည်မှာ မည်သည့်မေးခွန်းဖြစ်ကြောင်း သူသိနေခဲ့သည်။
ယခင် သူနှင့်ရှန့်ဖန်းယွိတို့ မချစ်ကြိုက်ကြစဉ်အခါက ရှန့်ဖန်းယွိ သူ့ကိုမည်သည့်စိတ်ဖိအားမျှမရှိဘဲ ခွဲစိတ်ပေးနိုင်မည်ဖြစ်သော်လည်း ယခုချစ်သူများအနေဖြင့် ရှန့်ဖန်းယွိ ခွဲစိတ်ကုတင်ရှေ့တွင် စိတ်ကူး၍ပင်မရလောက်သောဖိအားရှိနေမည်ဖြစ်သည်။
သူအေမြို့တော်ဆေးတက္ကသိုလ်တွင် တက်နေစဉ်အခါတွင်ဖြစ်စေ ကျီဟွား၌အလုပ်လုပ်သည့်အချိန်တွင်ဖြစ်စေ ဆရာဝန်များ၏မိသားစုဝင်များထဲတွင် ခွဲစိတ်ရန်လိုအပ်သောအခြေအနေများဖြစ်လေ့ရှိကြသော်လည်း ထိုသူများမှာ အလွန်များပြားလှသည့်ဖိအားကြောင့် သူတို့ချစ်ခင်ရသူများကို ကိုယ်တိုင်ခွဲစိတ်ပေးခြင်းမရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့တည်ငြိမ်နိုင်ခြင်းမရှိဘဲ မှားယွင်းသောဆုံးဖြတ်ချက်များချနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်သည်။
ဤသည်မှာ သဘာဝအတိုင်း ပုံမှန်လိုပင် လူသားတို့အတွက် တွန်းလှန်ရန်နှင့်ခုခံရန်ခက်ခဲသောအရာဖြစ်သည်။
ထို့အပြင် ဆရာဝန်ဟူသောအလုပ်မှာလည်း ကျိုးကြောင်းဆီလျော်မှုအလိုအပ်ဆုံးအလုပ်များထဲမှ တစ်ခုဖြစ်နေခဲ့သည်။
သူ၏ဆရာသည်ပင် လုံးဝမလိုအပ်ပါက မိသားစုဝင်များကို ခွဲစိတ်ခြင်းမပြုရန် ပြောကြားခဲ့ဖူးလေသည်။
သို့သော်လည်း ထို လိုအပ်သည့်အချိန်သို့ရောက်လာခဲ့ပါက ဆရာဝန်တိုင်းသည် သတ္တိရှိရှိခွဲစိတ်နိုင်ရမည်ဖြစ်ပြီး အောင်မြင်စွာလုပ်နိုင်ခဲ့သူများမှာ အမှန်တကယ်ပင် စစ်မှန်သောဆရာဝန်များဖြစ်လာကြပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ထံတွင် ဆရာဝန်တစ်ဦးအနေဖြင့် လိုအပ်သောအရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသည်ဟု ယူဆနိုင်ပြီး သူတို့ကိုယ်သူတို့ဆရာဝန်အဖြစ် စိတ်အတွင်းပိုင်းတွင်ပင် ထွင်းထုထားနိုင်ပြီဟု ယူဆနိုင်သောကြောင့်ဖြစ်သည်။
ဆိုလိုသည်မှာ ဤသူသည် သူ၏အရည်အချင်းအပေါ် ကြီးမားသည့်ယုံကြည်မှုရှိရမည်ဖြစ်ပြီး ခွဲစိတ်ကုတင်ရှေ့တွင်ရပ်နေစဉ် လူသားတို့၏သဘာဝဗီဇကို ကျိူးကြောင်းဆီလျော်မှုနှင့် တွန်းလှန်နိုင်သည်အထိ ယုံကြည်မှုရှိကာ တည်ငြိမ်နေနိုင်ရမည်ဖြစ်သည်။
ကျန်းရွှိ၏ရှည်လျားလှသောကျောင်းတက်ရက်များအတွင်း မြောက်များလှသည့်ဆရာဝန်များ၊အလုပ်ဖော်များနှင့်ဆရာများကို ကြုံတွေ့ခဲ့ရသော်လည်း သူတို့ထဲမှနှစ်ဦးသာ ဤသည်ကိုလုပ်ဆောင်နိုင်ခဲ့လေသည်။
တစ်ဦးမှာ ကင်ဆာရောဂါဖြစ်နေသောမိခင်ဖြစ်သူကို ခွဲစိတ်ပေးရခြင်းဖြစ်ပြီး တစ်ဦးမှာမူ အကြိတ်ရှိနေသည့်ဇနီးသည်ကို အကြိတ်ဖယ်ရှားပေးရခြင်းဖြစ်သည်။
ကျန်းရွှိ၏မှတ်ဉာဏ်ထဲတွင် မကြာမကြာပင် တုန်ယင်နေသောလက်များကြောင့် ခွဲစိတ်ရာတွင်အစားထိုးလိုက်ရသောအထူးကုဆရာဝန်များရှိကြသလို ခွဲခန်းသို့ပင်မဝင်ရောက်နိုင်သော စာသင်ကြားသည့်ပါမောက္ခများလည်းရှိကြသည်။
ထိုကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ထားသောဥပမာများအရ သူရှန့်ဖန်းယွိကို မယုံသင့်ကြောင်းကို ကျန်းရွှိသိနေခဲ့လေသည်။
သို့သော်လည်း အမှန်တကယ်ခွဲစိတ်ရတော့မည်ဆိုပါက ရှန့်ဖန်းယွိထက်ပို၍ယုံကြည်ရမည့်သူလည်း သူ့တွင်မရှိနိုင်ခဲ့ပေ။
ဒေါက်တာအဲလ်ဘတ်မှာ ခွဲစိတ်မှုအခြေအနေသည် လူနာ၏ကျန်းမာရေးအပေါ် လုံးလုံးလျားလျားမူတည်သည်ဟု ပွင့်လင်းစွာပြောကြားခဲ့ပြီး အကယ်၍ ဒေါက်တာခန်းခွဲစိတ်လျှင်မူ ရှန့်ဖန်းယွိထက်ပို၍တော်နိုင်လောက်မည်မဟုတ်ချေ။
ထို့ထက်ပိုသည်မှာ ဒေါက်တာကန်သည် ခွဲစိတ်ခကို ရုတ်တရက် မတန်တဆမြင့်တင်ခဲ့ပြီး တစ်ဖက်တွင်ကြည့်ပါက လောဘကြောင့်ဟုဆိုရမည်ဖြစ်ကာ အခြားတစ်ဖက်တွင်မူ ဒေါက်တာကန်သည်ဤခွဲစိတ်မှုလုပ်ဆောင်ရန် ယုံကြည်ချက်မရှိခြင်းကြောင့်ဟူသည့်အချက်ကို သူရှာတွေ့ရန် မခက်ခဲလှပေ။
ဒေါက်တာအဲလ်ဘတ်၏တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် ဒေါက်တာခန်သည်လည်း သူ၏အောင်မြင်မှုမှာ ကံကြောင့်လည်းဖြစ်နေသည်ကို သိနေပြီးဖြစ်သည်။
ယခုအချိန်တွင် သူ၏ကျော်ကြားမှုများ မြင့်တင်နေပြီဖြစ်ရာ သူအမှန်တကယ်ပင် ခွဲစိတ်ခအတွက် လူနာများကိုခက်ခဲအောင် မလုပ်သင့်ပေ။ အကယ်၍သာ သူထပ်မံ၍အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့မည်ဆိုပါက သူအလကားခွဲပေးခဲ့လျှင်ပင် သူ့အတွက်ငွေကြေးအရအကျိူးအမြတ်များရရှိလာမည်ဖြစ်ပြီး သူ၏တန်ဖိုးကို ပို၍မြင့်တင်နိုင်ပေမည်။
သို့ဖြစ်ရာ မြင့်မားလှသည့်ခွဲစိတ်ခကို တောင်းခံနေခြင်းမှာ သူသည်ကုသမှုအပေါ်တွန်းအားပေးနေသည်ဟု လူအများခန့်မှန်းရန်လွယ်ကူလှပြီး ထို့အတူ အကယ်၍ ခွဲစိတ်မှုတစ်စုံတစ်ရာမှားယွင်းခဲ့ပါက သူ့အတွက်လွတ်လမ်းချန်နေသည်ဟုလည်း မှတ်ယူနိုင်ပေမည်။
ဒေါက်တာခန်မှာ ယခုအချိန်တွင် များစွာချီးမြောက်ခံနေရသည်ဖြစ်ရာ အခြားသူများထက်ပို၍ ပြုတ်ကျမည်ကို ပိုစိုးရိမ်နေပေလိမ့်မည်။
သူတို့၏ဆက်ဆံရေးကြောင့် ရှန့်ဖန်းယွိခွဲစိတ်ရာတွင် ပူပန်မှုများရှိနေနိုင်သလို ဒေါက်တာကန်တွင်လည်း သူ၏ဂုဏ်သတင်းအတွက် ပူပင်မှုများရှိနေနိုင်သည်။
သို့သော်လည်း ထိုသူနှစ်ဦးမှလွဲ၍ သင့်တော်သောတတိယမြောက်လူကို သူမရှာနိုင်ခဲ့ပေ။
ဒေါက်တာအဲလ်ဘတ်၏ကျရှုံးမှုမတိုင်ခင်က သူ၏အလုပ်ဖော်များမှတချို့သည်ပင် စမ်းသပ်ကြည့်ချင်ကြသော်လည်း ယခုအချိန်တွင်မူ ရှန့်ဖန်းယွိမှလွဲ၍ မည်သူကမှ ထိုအန္တရာယ်ကိုယူရဲကြလိမ့်မည်မဟုတ်ချေ။
ယခုအချိန်၌ ၎င်းမှာ ရှောင်လွဲ၍မရခြင်းထက် ပို၍ပင်ရှောင်လွဲ၍မရဖြစ်နေခဲ့သည်။
ထို့ထက်ပိုသည်မှာ ကျိုးကြောင်းဆီလျော်မှုအရတွေးနေခြင်းကို ဘေးဖယ်ထားလိုက်ပါက စိတ်ပိုင်းဆိုင်ရာအရ သူရှန့်ဖန်းယွိကိုသာ အမြဲလို ပို၍ယုံကြည်လေသည်။
ဆယ်နှစ်ကျော်ကြာ ပြိုင်ဆိုင်ခဲ့ခြင်း၏တစ်စိတ်တစ်ပိုင်းလည်း ပါဝင်ပေမည် မည်သူကမှ ရှန့်ဖန်းယွိ၏ကျွမ်းကျင်မှုအဆင့်နှင့် အကျပ်အတည်းများတွင်တုံ့ပြန်နိုင်စွမ်းကို သူ၏ပြိုင်ဘက်ထက်ပို၍ သိနိုင်မည်မဟုတ်ချေ။
အခြားတစ်ဖက်မှာမူ သူသည်ရှန့်ဖန်းယွိ၏ချစ်သူဖြစ်နေခြင်းကြောင့်ပင် ဖြစ်လေသည်။
စိတ်ခံစားချက်အရ သူ၏ချစ်သူကို အကြွင်းမဲ့ယုံကြည်ပေးရမည်ဖြစ်ကာ ရှန့်ဖန်းယွိ သူမလုပ်နိုင်ဘူးဟု မတွေးနေသရွေ့ သေချာပေါက်လုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းရွှိယုံကြည်နေခဲ့သည်။
အကယ်၍ တစ်စုံတစ်ရာမှားယွင်းသွားလျှင်ပင် သူတို့အတူတကွရင်ဆိုင်နိုင်သေးသည်။
ထို့ကြောင့် အဆုံး၌ သူထန်ခယ်ကို အဖြေပြန်ပေးခဲ့သည် " သူလုပ်ရဲနေသေးသရွေ့ ငါလည်းသူ့ကိုလုပ်ခွင့်ပြုရဲတယ်…"
ထန်ခယ်အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ခေါင်းတဆတ်ဆတ်ဖြင့် ပြောလာခဲ့သည် " မင်းသူ့ကိုယုံတယ်ဆိုတော့လည်း အချိန်ပိုပေးလိုက်ပေါ့ကွာ… ရှန့်ဖန်းယွိကဒီလောက်မပျော့ပါဘူး သူမကြာခင်ရှာတွေ့နိုင်မှာပါ…"
" သူတွေးနေတဲ့နောက်ဆုံးအဖြေက ငါသူ့ကိုမချစ်ဘူးလို့ မြင်နေတဲ့ပုံပဲ…" ကျန်းရွှိ သက်ပြင်းဖွဖွတစ်ချက်ချကာ " သူကအိမ်ကိုတောင်ရောင်းလိုက်သေးတာ…"
" ကျန်းရွှိ စိတ်လောနေရင် အရှုပ်အထွေးတွေပဲဖြစ်တတ်တယ်ဆိုတဲ့စကားကို မင်းမှတ်ထားသင့်တယ်…သူကမင်းကိုစိတ်ပူနေတော့ သူ့စိတ်တွေရှုပ်ထွေးနေတာလေ ဒီလိုပဲ မင်းကလည်းသူ့ကိုစိတ်ပူနေတော့ မင်းစိတ်တွေလည်းရှုပ်ထွေးနေတာပဲ… မင်းသူ့အတွက်အားနာမိနေပေမယ့် တကယ်တမ်းကြ သူ့ကိုစိတ်ပူရအောင်လုပ်နေမိတာဟ…"
" တကယ်တော့ မင်းတို့နှစ်ယောက်က စိတ်ထားချင်းအတော်တူတယ်…ကျောင်းတက်တုန်ူကလည်းဒီလိုပဲ ကိစ္စတစ်ခုက ပြီးမြောက်ဖို့ပိုခက်လေလေ မင်းတို့ကပိုရအောင်ကြိုးစားဖို့ စိတ်ဆုံးဖြတ်ထားပြီးလေလေပဲ… ဒါကြောင့်သာ မင်းတို့နှစ်ယောက်လုံးကအရမ်းဇွဲကောင်းနေကြတာ…"
" မင်းသူ့ကိုစိတ်ပူလို့သာ ဒေါက်တာခန်အကြောင်းပြောတယ်ဆိုတာ ငါသိပါတယ်…ဒါပေမယ့် ရှန့်ဖန်းယွိရဲ့စိတ်က ဘယ်လိုမျိုးမလို့လဲ…"
ထန်ခယ် သတိပေးလိုက်သည် " သူကအပေါ်ယံသာဖော်ရွေပုံရှိပေမယ့် အတွင်းထဲမှာတော့ မာနကြီးတယ်ဟ… မဟုတ်ရင် သူမင်းနဲ့နှစ်ပေါင်းမြောက်များစွာ ပြိုင်ဆိုင်နေမှာမဟုတ်ဘူး…"
" ရှန့်ဖန်းယွိက လက်ရှိသူ့နှလုံးသားထဲကအရာတစ်ခုနဲ့ရင်ဆိုင်နေရတာ…မင်းသူ့ကိုဒီစကားတွေနဲ့ မဆွပေးရင်တောင် အချိန်တစ်ခုကြာပြီးရင် သူ့ဘာသာသူနားလည်လာမှာပဲ…ဒါပေမယ့် အခုမင်းကထုတ်ပြောလိုက်တော့ သူ့အနေနဲ့ မင်းသူ့ကိုမယုံတော့ဘူးလို့ ထင်သွားမှာ…"
" သူကစိတ်ပူနေသလို မင်းကလည်းစိတ်ပူနေတယ် ဒါကြောင့်ပဲ အရှုပ်အထွေးတွေဖြစ်လာတာ… အိမ်အတွက်ကတော့ ရောင်းပြီးပြီပဲဟာ ရောင်းပြီးတဲ့အတိုင်းပေါ့ အဲဒီပိုက်ဆံနဲ့ရင်းနှီးမြုပ်နှံတာမျိုးလုပ်ပြီး ငွေထပ်ရှာပေါ့ မဟုတ်လည်း မင်းတို့ကအခုမိသားစုတစ်ခုဖြစ်နေပြီပဲကို အိမ်နှစ်လုံးလုံးနေလို့မှမရတာ…"
" မယုံမရှိနဲ့နော် ငါကအခုကတစ်ယောက်တည်းဖြစ်နေပေမယ့် အရင်ကရည်းစားတွေအများကြီးထားခဲ့ဖူးတာကွ…"
ထန်ခယ်၏ပုံမှာ အတွေ့အကြုံရှိသည့်အမူအယာမျိုးဖြစ်နေခဲ့ပြီး " မင်းတစ်စုံတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုကိုယ်ထိုက်တန်ပါ့မလားလို့ ခံစားလွယ်မိမှာပဲလေ…ပြီးတော့ သူကခွဲပေးမယ်လို့ ကတိပေးထားခဲ့ပေမယ့် အခုသူ့စိတ်တွေရှုပ်ထွေးနေပြီးတော့ သူ့ကိုယ်သူ မင်းနဲ့မတန်ဘူးလို့ အပြစ်တင်နေမှာပဲ…"
ထန်ခယ်မှာ ကျန်းရွှိတို့မည်သို့ဖြင့်အတူရှိသွားကြကြောင်းကို အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ဖူးသူဖြစ်လေရာ " ငါသာရှန့်ဖန်းယွိဆိုလည်း အစတုန်းက မင်းငြင်းခဲ့ပေမယ့် ဟွမ်းပင်းကို ကူရိုက်ပေးပြီး အမ်နိုင်ငံက သေရေးရှင်ရေးတွေကြုံခဲ့ရပြီးနောက် မင်းစိတ်ထဲထိမိသွားလို့သာ သူနဲ့တွဲဖို့လက်ခံခဲ့တယ်လို့ ထင်မိမှာပဲ.."
" အခုကြ သူမင်းအတွက် ဘာမှမလုပ်ပေးနိုင်တာကို သဘောပေါက်သွားတော့ သဘာဝကျကျပဲ စိတ်ပူလာတာပေါ့…" ထန်ခယ် အကြံပေးလိုက်သည် " ဆက်ဆံရေးတစ်ခုမှာ မင်းသူ့ကိုဒီလောက်မချစ်ပါဘူးလို့ သူတွေးနေခဲ့ရင် သူ့ကိုပိုမြှောက်ပင့်ပြောလိုက် ချီးကျူးပေးလိုက် မင်းတကယ်သူ့ကိုချစ်တယ်ဆိုတာ မြင်အောင်သာပြပေးလိုက်ကွာ…"