အပိုင်း ၁၀၀
Viewers 12k

🧑‍⚕️Chapter 100


ကျန်းရွှိမှာ သိသိသာသာပင် ခံစားချက်များကို အလွယ်တကူ မဖော်ပြတတ်သူဖြစ်လေရာ သူ့အတွက်ရှန့်ဖန်းယွိကို ချီးကျုးပေးရန်မှာ အနည်းငယ်ခက်ခဲလှသည်။

ကျန်းရွှိ အောက်ကိုငုံ့ကာ ထန်ခယ်၏အကြံပေးချက်ကို ရှောင်ရှားလိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည် " ငါထိမိသွားရုံလေးနဲ့ သဘောတူခဲ့တာ မဟုတ်ပါဘူးနော်…"

" ငါသိတယ်လေ ကျန်းရွှိ မင်းကဒီလောက်မာနကြီးတာ ဘယ်လိုလုပ်ပြီး စိတ်ထဲထိမိသွားရုံလေးနဲ့ တစ်ယောက်ယောက်က မင်းကိုလိုက်တာကို သဘောတူနိုင်မှာလဲ…မင်းသူနဲ့အတူရှိနေပြီလို့ ပြောလာကတည်းက မင်းသူ့ကို တကယ်ကြီး မြင့်မြင့်တွေးပြီးအရမ်းသဘောကျတယ်ဆိုတာ ငါသိနေပြီးသား…"

" ဒါပေမယ့် ဆက်ဆံရေးတစ်ခုမှာ မင်းကိုယ်တိုင်ကြုံတွေ့နေရတာနဲ့ ဘေးလူအမြင်ဆိုတာ မတူညီတဲ့အရာနှစ်ခုပဲဟ…ထိပ်တိုက်တွေ့တာတွေ၊အထင်လွဲတာတွေ၊ စိတ်သဘောထားမတိုက်ဆိုင်တာတွေက မင်းတို့ကိုယ်တိုင်ခံစားကြည့်ရမဲ့အရာတွေလေ… ဘယ်သူကများ တစ်သက်လုံးအမှားမလုပ်ပါဘူးလို့ အာမခံနိုင်မှာလဲ…မဟုတ်ရင် ရေရှည်ဆက်ဆံရေးကို ထိန်းထားနိုင်တဲ့သူတွေက စွမ်းဆောင်နိုင်တယ်လို့ ဘယ်လိုလုပ်ပြီးပြောနေကြမှာလဲ…"

စကားအဆုံးတွင် ကိုယ့်အခြေအနေကို သတိရသွားသောကြောင့် ထန်ခယ်ခါးသီးစွာ ရယ်လိုက်မိပြီး " ငါသာ မင်းနဲ့အခုစကားပြောနေသလိုအချစ်ရေးမှာ ခေါင်းရှင်းရှင်းထားနိုင်ရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက လက်ထပ်ပြီးလောက်ပြီ…ငါ့မှာ မိန်းမရယ်ကလေးရယ်နဲ့ နွေးထွေးတဲ့အိပ်ရာတစ်ခုရှိနေလိမ့်မယ်…မင်းရဲ့အချစ်ရေးနည်းပြဖြစ်ဖို့ ဘယ်အချိန်ရှိလိမ့်မလဲနော်…"

ထန်ခယ်တွင်လည်း အလွန်ကောင်းသောဆက်ဆံရေးဖြင့် ချစ်သူကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပြီး ကျန်းရွှိ သူမနှင့်အကြိမ်များစွာ ဆုံတွေ့ခဲ့ဖူးသည်။ မူလအစတွင် ကျန်းရွှိမှာ ထန်ခယ်၏မင်္ဂလာဆောင်တွင် သတို့သားအရံလုပ်ပေးရမည်ဖြစ်သော်လည်း ထိုသူနှစ်ဦးမှာ ရုတ်တရက်လမ်းခွဲခဲ့ကြလေသည်။

ထန်ခယ်၏အဆိုအရ ထိုမိန်းကလေး၏ဘွဲ့မှာ သူမ၏ကြီးကြပ်သူကြောင့်နှောင့်နှေးခဲ့ရပြီး မင်္ဂလာပွဲကိုလည်း ဆိုင်းငံ့ထားလိုက်ရသည်။ ထိုမိန်းကလေးမှာ စိတ်ပူပင်နေရသည့်တိုင် ထန်ခယ်မှာမူ အိမ်ဝယ်ရန်အတွက် ပိုက်ဆံရှာရာတွင်သာလုံးပမ်းနေကာ သူမ၏ခံစားချက်များကို လျစ်လျူရှူထားမိသည်။ ဖိအားများကြီးထွားလာပြီး ကတောက်ကဆများ ပို၍နက်ရှိုင်းလာချိန်၌ မိန်းကလေးမှ " လက်မထပ်တော့ဘူး…" ဟု ပြောလာခဲ့လေသည်။

ထန်ခယ်တို့နှစ်ဦးမှာ လက်ထပ်ရန်အတွက် ပြင်ဆင်နေခဲ့ကြသော်လည်း မင်္ဂလာပွဲကြောင့် ပြတ်စဲသွားခဲ့ရသည်။

ထိုအချိန်များတွင် ထန်ခယ်မှာ နေ့စဉ်နေ့တိုင်းကျန်းရွှိ၏အိမ်တွင်သာနေကာ သူ၏လက်မောင်းများကြားတွင် ငိုယိုနေတတ်သည်။ ငိုပြီးနောက် သူတို့နှစ်ဦး ထန်ခယ် သူ၏ချစ်သူနှင့်လမ်းမခွဲမီလများအတွင်း မည်သည့်အရာများမှားယွင်းနေခဲ့သည်လဲကို အဖြေရှာဆွေးနွေးခဲ့ကြပြီး တစ်နာရီပြီးတစ်နာရီ မည်သည့်နေရာတွင် ပြသနာရှိခဲ့ကြောင်းကို သုံးသပ်ခဲ့ကြသည်။

" အချင်းချင်းစကားပြောဆိုမှုရှိဖို့က အခြားအရာတွေထက် ပိုပြီးအရေးကြီးတယ်…" ထန်ခယ် ကျန်းရွှိကို တစ်ကြိမ်ထပ်မံ၍ပြောလိုက်ကာ ယခင်အချိန်မှပြသနာများ၏အဖြေကို ထုတ်ဖော်ပေးလိုက်သည်။

အချိန်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကျန်းရွှိသက်ပြင်းချကာ " ဒါအရင်တုန်းက မင်းငါ့ကိုပြောခဲ့တဲ့အရာပဲ…"

ပါဝင်နေသောသူသည်ပင် တစ်ခါတစ်ရံတွင် စိတ်ရှုပ်ထွေးတတ်သည်။

သင်သည်ဆက်ဆံရေးတစ်ခုတွင်ရှိနေစဉ်အချိန်၌ အချို့အခြေခံကျသောအရာများကို လွယ်လင့်တကူမေ့လျော့သွားလေသည်။

ကျန်းရွှိအား လုံလောက်သည်အထိ အလင်းပြပေးပြီးနောက် ထန်ခယ်ရပ်တန့်ရန်အချိန်ရောက်ပြီဟု ခံစားလိုက်ရသဖြင့် လည်ချောင်းရှင်းရန် ရေတစ်ခွက်ယူရန်အတွက် ထရပ်လိုက်စဉ် တံခါးမှဘဲလ်သံမြည်လာခဲ့သည်။

ကျန်းရွှိရုတ်တရက်ကြောင်အသွားရသောကြောင့် မသိစိတ်မှ လှမ်းကြည့်မိလိုက်ကာ ထို့နောက် သူ၏အကြည့်ကို ကပျာကယာပြန်လွှတ်လိုက်သည်။

ထန်ခယ် ကျန်းရွှိထံသို့ အဓိပ္ပါယ်ပါသောအကြည့်တစ်ချက်ပို့လွှတ်လိုက်ပြီးနောက် တံခါးမှမော်နီတာကိုကြည့်ကာ ပြန်ပြောပေးလိုက်သည် " မင်းစောင့်နေတဲ့သူကတော့ ရောက်လာပြီဟေ့…"

" ငါသူ့ကိုစောင့်နေတာမဟုတ်ပါဘူးနော်…" 

" မင်းကအဝတ်အိတ်တောင်မပါလာဘဲ ငါ့အိမ်မှာနေမလို့ပြင်နေတာလား…" ထန်ခယ်ရယ်ချလိုက်ပြီး သူ၏ငယ်သူငယ်ချင်းကို မျက်နှာသာမပေးဘဲ ထုတ်ပြောလိုက်သည်

 " မင်းသူလာတာစောင့်နေတာမဟုတ်ဘူးလား…"

ကျန်းရွှိ : "...."

" ဟေးး ပြောပါဦး…" ထန်ခယ်ခန့်မှန်းကြည့်လိုက်သည် " သူကမင်းအတွက်အဝတ်အိတ်ယူလာပေးတာများလား…"

ဤသို့မဟုတ်နိုင်သည်ကို ကျန်းရွှိသိနေခဲ့သော်လည်း ဤရက်များအတွက် ရှန့်ဖန်းယွိမှာ ထူးထူးဆန်းဆန်းပြုမူနေခဲ့လေရာ သူအမည်မဖော်ပြနိုင်သည့်ပူပင်မှုတစ်ခုရလာခဲ့သည်။

ထန်ခယ် တံခါးဖွင့်ပေးလိုက်ချိန်၌ ကျန်းရွှိ စိတ်ပူနေမိပြီး အကယ်၍သာ ရှန့်ဖန်းယွိအမှန်တကယ်အဝတ်အိတ်ယူလာပေးခဲ့ပါက ကန်ထုတ်လိုက်မည်ဟုပင် ပြင်ဆင်နေခဲ့သည်။

ကံကောင်းစွာဖြင့် ရှန့်ဖန်းယွိထံတွင် အဝတ်အိတ်ပါမလာခဲ့ဘဲ ထန်ခယ်အတွက် သစ်သီးတစ်ဘူးသာ ပါလာခဲ့သည်။

" ကြည့်ပါဦး သူတောင်လာလည်ရင် လက်ဆောင်ယူရမှာကိုသိတယ်…" ထန်ခယ်ပြုံးလျက် လက်ခံလိုက်ပြီးနောက် ကျန်းရွှိကို ငြိမ်းချမ်းရေးဖော်ဆောင်သူတစ်ဦးကဲ့သို့ဆိုဖာပေါ်မှ ဆွဲထုတ်ကာ " သွားသွား ပြန်ကြတော့ ငါအိပ်ရဦးမယ်…"

ကျန်းရွှိ၏အကြည့်ကို တမင်တကာရှောင်တိမ်းနေပြီးနောက် ခဏအကြာတွင် ပြန်ကြည့်လာကာ ရှန့်ဖန်းယွိနူးညံ့စွာမေးလိုက်သည် 

" ပြန်ကြမလား အိမ်မှာအသီးတွေရှိတယ် ပန်းသီးရောဒူးရင်းသီးရောပဲ…"

ထန်ခယ် သူတို့မည်သည့်ပဟေဠိကိုအဖြေညှိနေကြကြောင်းမသိသော်လည်း သိသိသာသာပင်ရှန့်ဖန်းယွိ၏စကားအဆုံးတွင် ကျန်းရွှိ၏ခြေလှမ်းများမှာ ရုတ်တရက်အရှေ့သို့အနည်းငယ်တိုးသွားခဲ့သည်။

သို့သော်လည်း ရှန့်ဖန်းယွိမှာ အခိုင်အမာပြောနေဆဲပင် " ငါကတော့ဒူးရင်းသီးမစားဘူး…"

သူမည်သို့စကားစရမည်ကို မသိခြင်း သို့မဟုတ် ကောင်းမွန်သောစကားဝိုင်းတစ်ခုတွင် မဖြစ်တည်လာခင် အမြဲလိုအစပျိုးမှုလိုအပ်ခြင်းကြောင့်ဖြစ်နိုင်ပေမည် သူတို့နှစ်ဦး၏အိမ်ပြန်လမ်းမှာ အလွန်တိတ်ဆိတ်နေခဲ့ကာ စိတ်သဘောထားမတိုက်ဆိုင်ခဲ့သောချစ်သူနှစ်ဦးမှာ ကားထဲမှထွက်၍ အိမ်သို့စကားတစ်ခွန်းမျှမပြောဘဲ လျှောက်သွားခဲ့သည်။

ခဏအကြာ ဓာတ်လှေကားတွင်းသို့ ဝင်တော့မည့်အချိန်၌ ကျန်းရွှိမှ ရုတ်တရက်လက်ကိုဆန့်၍ ရှန့်ဖန်းယွိ၏လက်ကိုဆုပ်ကိုင်လာသည်။

တစ်လမ်းလုံးတောင့်တင်းနေခဲ့ရသောရှန့်ဖန်းယွိမှာ သည်းမခံ‌နိုင်တော့ဘဲ ဓာတ်လှေကားတံခါးပိတ်သွားချိန်တွင် လှည့်၍ ကျန်းရွှိကိုတင်းကြပ်စွာဖက်ထားကာ သူ၏နှလုံးသားထဲတွင် သံပုရာရည်ဖြင့် စိမ်ထားသည်ဟုထင်ရလောက်အောင်ချဉ်စူးနေခဲ့သည်။

ထို့နောက် ဓာတ်လှေကားမှာ ဆယ့်နှစ်ထပ်တွင် အလိုအလျောက်ရပ်တန့်သွားကာ ခဏအကြာတွင်အောက်သို့ပြန်ဆင်းသွားခဲ့သည်။

ဓာတ်လှေကားမှ ဒုတိယအကြိမ်ဆယ့်နှစ်ထပ်သို့ ပြန်ရောက်လာသည့်အချိန်မှသာ သူတို့နှစ်ဦးဓာတ်လှေကားတွင်းမှ ထွက်လာခဲ့ကြသည်။

ရှန့်ဖန်းယွိမှ " ငါ့အမှားပါ… ငါမင်းကိုအသိမပေးဘဲ အိမ်မရောင်းလိုက်သင့်ဘူး… တောင်းပန်ပါတယ်နော်…"

ရင်ဘတ်တွင်းကျန်ရှိနေသေးသည့်နွေးထွေးမှုဖြင့် ကျန်းရွှိ အိမ်တံခါးကိုဖွင့်နေစဉ် ရှန့်ဖန်းယွိကိုကြည့်ကာ " အရင်တစ်ခေါက်တုန်းက ငါမင်းကိုဘာပြောခဲ့လဲ…"

ရှန့်ဖန်းယွိခဏကြာတိတ်ဆိတ်နေပြီးနောက် သူ၏စကားများကို ထစ်ထစ်‌အအဖြင့် ပြောင်းလိုက်ကာ " ငါ.. ငါမင်းကို..ငါမင်းကိုချစ်တယ်…"

" ထပ်ပြောပါဦး…"

" ငါမင်းကိုချစ်တယ်…" ဤတစ်ကြိမ်တွင်မူ ရှန့်ဖန်းယွိတုန့်ဆိုင်းနေခြင်းမရှိဘဲ အလိုအလျောက်ပွင့်ဟလာသကဲ့သို့ ပြောလာခဲ့သည်။ သူ ကျန်းရွှိ၏မျက်နှာကို ကြည့်ကာ ထပ်မံပြောလိုက်သည် 

" ကျန်းရွှိ ငါမင်းကိုချစ်တယ်…"

" ငါမင်းကိုချစ်တယ်…" ဟူသောစကားမှာ အလွန်ပြတ်သားပြီးစွမ်းအားကြီးမားလှသောကြောင့် ကျန်းရွှိ၏ဦးနှောက်မှာ ခဏတာရပ်ဆိုင်းသွားရသည်။ မ‌မျှော်လင့်စွာဖြင့် ဖွင့်မဖွင့်မသေချာသောသူ၏နှလုံးသားတံခါးမှာ တွန်းဖွင့်ခံလိုက်ရလေပြီ။

သူအကြည့်လွှဲလိုက်မိသော်လည်း ခဏအကြာတွင် ပြန်ကြည့်လိုက်မိကာ သူ၏နှလုံးသားထဲတွင်လေးလံနေသောစကားများမှာ ယခုအချိန်၌ ချောမွေ့စွာစီးဆင်းသွားနိုင်ခဲ့ပြီဖြစ်သည်။

" မင်းကဒီရက်ပိုင်းအရမ်းစိတ်ဖိစီးနေတော့ ငါမင်းကိုတကယ်စိတ်ပူနေခဲ့တာ…"

ရှန့်ဖန်းယွိမှ " ငါနည်းနည်းစိတ်ရှုပ်ခဲ့တာ… အိမ်မက်ဆိုးတွေလည်း ဆက်တိုက်မက်တယ်…"

" ငါမင်းရဲ့ခွက်ထဲကို အိပ်ဆေးထည့်ပေးခဲ့တာ…" ကျန်းရွှိ ဝန်ခံလိုက်သည်။

" ငါအရင်တစ်ခေါက်က တွေ့လိုက်ပါတယ်… ဒါပေမယ့်လည်း ငါသောက်ဖို့လိုတာပဲဟာကို…"

ကျန်းရွှိမှ " ငါဒေါက်တာခန်းကို သွားမရှာချင်ပါဘူး… မင်းကိုပဲနည်းနည်းလေးအနားယူစေချင်မိတာ…"

" ဒါဆိုမင်းငါ့ကိုယုံသေးတာပေါ့…"

ကျန်းရွှိ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် USB drive ကို သူ၏အိတ်တွင်းမှ ထုတ်ယူလိုက်သည်။ ဧည့်ခန်းတွင်းမှ ပရောဂျက်တာကိုဖွင့်ကာ စတစ်ကိုထိုးစိုက်လိုက်ပြီး PPT တစ်ခုကိုပြလိုက်လေသည်။ နူးညံ့ရှည်လျားပြီး ရိုမန့်တစ်ဆန်သောသီချင်းထွက်ပေါ်လာချိန်၌ ကျန်းရွှိ အလိုအလျောက်ဖွင့်သည့်ခလုတ်ကိုနှိပ်ကာ ရှန့်ဖန်းယွိ၏ဘေးတွင်ထိုင်ချလိုက်လေသည်။

" ဒါက မင်းအမ်နိုင်ငံကပြန်ရောက်တဲ့နေ့တုန်းက မင်းကိုပြချင်ခဲ့တဲ့အရာပဲ…ဒါပေမယ့် မင်းကဦးအောင်ဖွင့်ပြောလိုက်တော့ ငါမင်းကိုမပြခဲ့လိုက်ရတာ…" ပြောရင်းမှ ရှန့်ဖန်းယွိ၏လက်ပေါ်သို့ သူ၏လက်ကိုတင်လိုက်ပြီး မျက်နှာပြင်ကိုကြည့်ကာ " အခုကြည့်လို့ရပြီ…"

ဧည့်ခန်းအတွင်းမှောင်မိုက်နေပြီး ပရောဂျက်တာမှအလင်းရောင်သည်သာ သူတို့နှစ်ဦးအပေါ်လွှမ်းခြုံထားကာ တစ်ဦးကိုတစ်ဦးရှင်းရှင်းလင်းလင်းမြင်ရအောင် လုပ်ဆောင်ပေးနေခဲ့သည်။

ကျန်းရွှိ၏ PPT မှာရိုးရှင်းလှပြီး သူသုံးနေကျပုံစံအတိုင်းပင် ရက်စွဲ‌ရေးထိုးထားသည့်ဓာတ်ပုံများပါဝင်ကာ ဓာတ်ပုံအောက်ခြေ၏ညာဘက်ထောင့်တွင် ရယူထားခဲ့သည့်နေရာများပါဝင်နေခဲ့သည်။

၎င်းတို့မှာ သူတို့အသက်တစ်ဆယ့်ရှစ်နှစ်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ဓာတ်ပုံများအားလုံးတွင် ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ အတူတကျပါဝင်နေခဲ့သည်။

အချို့ပုံများမှာ လူအများနှင့်ဖြစ်ပြီး အချို့မှာမူ သူတို့နှစ်ယောက်တည်းဖြစ်ကာ အများစုမှာကျောင်း၏တရားဝင်ဝဘ်ဆိုဒ်မှဖြစ်ကြပြီး အချို့သောပုံများကိုမူ ကျောင်းအဖွဲ့နှင့်အခြားသောဝဘ်ဆိုဒ်များမှယူထားခြင်းဖြစ်သည်။

ပထမဆုံးတစ်ပုံမှာ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲတွင် သူတို့နှစ်ဦးထိပ်တန်းကျောင်းသားများဖြစ်ခဲ့ကြစဉ်ကဖြစ်ပြီး အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးများ၏ငယ်ရွယ်သောမျက်နှာနှစ်ခုမှာ ပြီးပြည့်စုံစွာလိုက်ဖက်ညီနေခဲ့သည်။

ဒုတိယတစ်ခုမှာမူ အေမြို့တော်ဆေးတက္ကသိုလ်ပထမနှစ်မှပုံဖြစ်ပြီး ရှစ်နှစ်တာပရိုဂရမ်၏ကျောင်းသားများနှင့်အတူ အစိမ်းရောင်စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ထိုအချိန်၌ သူတို့နှစ်ဦးမှာ စစ်ရေးလေ့ကျင့်နေစဉ်အတွင်းဖြစ်ပြီး ရန်ဖက်ဖြစ်နေကြသူနှစ်ဦးမှာ အတူယှဉ်တွဲရပ်နေကြရကာ ပြုံးဟန်ဆောင်ထားခဲ့ရသည်။ သူတို့နှစ်ဦးမှာ သူရဲကောင်းဆန်ဆန်ဖြစ်နေသော်လည်း စေ့စေ့စပ်စပ်ကြည့်လိုက်ပါက အချင်းချင်းဖိထားခြင်းကြောင့် ပုံထဲတွင်လက်များပျောက်ကွယ်နေသည်ကို မြင်တွေ့နိုင်ပေမည်။

ထိုပုံရိုက်ယူစဉ်အခါက ကျန်းရွှိ၏လက်များမှာအနောက်ဘက်တွင်သူနှင့်ရန်ဖြစ်နေခဲ့သည်ကို ရှန့်ဖန်းယွိအမှတ်ရမိသွားသည်။

ထို့နောက် သူတို့အတန်း၏အဖြူရောင်ကုတ်အင်္ကျီပထမဆုံးဝတ်စဉ်အချိန်ကဖြစ်ပြီး ရေးထိုးထားသောသစ္စာပြုကျောက်စာနှင့်အတူ အဖြူရောင်ကုတ်အင်္ကျီဝတ်ဆင်ထားသောကျောင်းသားများမှာ တက်ကြွမှုများအပြည့်ဖြစ်နေခဲ့ကြသည်။

ရှန့်ဖန်းယွိ ထိုပုံကို မြင်တွေ့လိုက်ချိန်၌ သူဖြတ်သွားချိန်တွင် ကျန်းရွှိနှင့်သူ၏သူငယ်ချင်းများ သူ့ကိုမည်ကဲ့သို့လှောင်ရယ်ခဲ့ကြောင်းနှင့် လေတစ်ချက်အဝင့်တွင် ကျန်းရွှိ၏ကုတ်အင်္ကျီထောင့်များပွင့်ဟသွားကာ သူ၏အချိုးအစားကျနပြီး သွယ်လျသောရုပ်သွင်ကို ပေါ်လွင်စေခဲ့ပုံကို အမှတ်ရမိသွားသည်။

ဤသည်မှာ ဆရာဝန်ပင်မဖြစ်သေးသောကျန်းရွှိဖြစ်သည်။ ကျန်းရွှိဆယ်နှစ်ကျော်အဖြူရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ထားသည့်အချိန်၌ ထိုအခိုက်အတန့်ကိုအမှတ်ရနိုင်သေးမည်ဟု ရှန့်ဖန်းယွိထင်မထားမိခဲ့ပေ။

PPT မှာဆက်လက်ပြသနေပြီး သူတို့နှစ်ဦး၏လူသစ်တန်းဘတ်စကက်ဘောဂိမ်းမှ အတူတကွရိုက်ကူးထားသည့်ပုံများကိုပြသနေခဲ့သည်။ ဓာတ်ပုံထဲတွင် တူညီသည့်ဝတ်စုံများဖြင့် ဆုတစ်ခုကိုအတူကိုင်ထားကြသော်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုဟန်မရှိကြချေ။

ထို့နောက် စကားရည်လုပွဲတွင်ဆုရသည့်ပုံများ၊ ပညာသင်ဆုရခဲ့သည့်ဟောခန်းမမှပုံများနှင့် အမျိုးသမီးများတန်းတူညီတူအခွင့်အလမ်းရရှိရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းများ၏အဖွဲ့လိုက်ဓာတ်ပုံတို့ပါဝင်နေခဲ့သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားအပြီးတွင် အနီရောင်ပါရဂူဘွဲ့ ၀တ်စုံဖြင့် ထူးချွန်ဘွဲ့ရ ကျောင်းသားနှစ်ဦးမှ သမ္မတ၏ တစ်ဖက်တစ်ချက်တွင် ရပ်၍ ဓာတ်ပုံရိုက်ခံခဲ့ရပုံမှာ ကောင်းချီးပေးသည်ကိုခံယူနေသည့် ကြင်စဦးဇနီးမောင်နှံဖြင့်ပင် တူညီနေခဲ့သည်။

ကျောင်းဆင်းပွဲဓာတ်ပုံမှာ ကျောင်းသားဘဝ၏အဆုံးသင်္ကေတဟု မှတ်ယူနိုင်ကာ သူတို့နှစ်ဦးအတူရပ်နေခဲ့ကြသော်လည်း တွန်းတွန်းထိုးထိုးဖြင့် အလျော့ပေးရန်ငြင်းဆန်နေခဲ့ကြသည်။

ထို့နောက်တွင် PPT ထဲမှကောင်လေးများမှာ အေမြို့တော်ဆေးတက္ကသိုလ်နှင့်ချိတ်ဆက်ထားသော ကျီဟွားဆေးရုံသို့ဝင်ရောက်နိုင်ခဲ့ကြပြီး အဆောင်နေရသည့်ဆရာဝန်များအဆင့်မှ ဆေးခန်းထိုင်ရသောဆရာဝန်များအဆင့်သို့ တိုးမြင့်လာခဲ့ကြပြီး အချိန်ကြာလာသည်နှင့်အမျှ လက်ထောက်ပါရဂူကြီးများဖြစ်လာကြကာ အမြဲလိုပင် သားဖွားမီးယပ်ဌာန၏အထူးကုမိတ်ဆက်သင်ပုန်းတွင် သပ်ရပ်စွာနေရာယူနိုင်ခဲ့ကြသည်။

ဓာတ်ပုံတိုင်းတွင် ရှန့်ဖန်းယွိမှာ နေ့လည်ခင်းတစ်နာရီနေကဲ့သို့ တောက်ပစွာပြုံးနေခဲ့သည်။

မှတ်ဉာဏ်ဟူသည်မှာ ဆန်းကြယ်သောပစ္စည်းတစ်ခုဖြစ်ကာ သင်မေ့လျော့ပြီဟုထင်နေသောအမှတ်တရများမှာ ဓာတ်ပုံကိုမြင်လိုက်သည်နှင့်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

PPT ထဲတွင် ကျန်ရစ်ခဲ့သောအဖွဲ့လိုက်ဓာတ်ပုံဟူ၍ တစ်ခုတလေတောင်မရှိခဲ့လေရာ ထိုပုံများကို နေရာအနှံ့အပြားမှစုဆောင်းရန် မည်မျှအားထုတ်ခဲ့ရကြောင်းကို ကျန်းရွှိသာသိနိုင်ပေလိမ့်မည်။

ထိုပုံများထဲတွင် ဓာတ်ပုံနှစ်ပုံသည်သာ ရယူခဲ့သည့်နေရာအကြောင်းရေးသားထားခြင်းမရှိသည့်ပုံများဖြစ်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ကျန်းရွှိကိုယ်တိုင်ရိုက်ကူးထားခြင်းကြောင့်ပင်။

တစ်ပုံမှာ သူတို့နှစ်ဦးစာကြည့်ခန်းပြတင်းပေါက်တွင်အတူထိုင်ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အခြားပုံမှာမူ အဖွဲ့လိုက်ဓာတ်ပုံမဟုတ်ချေ။

ယခင်အချိန်လူများပြည့်နေသည့် PPT presentation မျက်နှာပြင်ပေါ်မှ ရုတ်တရက်ဖြတ်ထုတ်ထားသည့် လူတစ်ဦး၏မျက်နှာ‌ပြင်ပေါ်မှပုံရိပ်ပင်ဖြစ်သည်။

အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့် ပရော်ဖက်ဆာရှန့်မှာ ဆေးဘက်ဆိုင်ရာဆွေးနွေးပွဲတွင် တည်ငြိမ်ခန့်ညားနေခဲ့သည်။

သီချင်းသံမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် ရှန့်ဖန်းယွိလက်ပေါ်တင်ထားသည့်ကျန်းရွှိ၏လက်မှာ ရုတ်တရက်အောက်သို့ဆင်းလာကာ လက်ငါးချောင်းအချင်းချင်းချိတ်ဆက်သွားခဲ့သည်။

ရှန့်ဖန်းယွိမှာမူ တွဲထားသည့်လက်များကို ငုံ့ကြည့်ရန်အချိန်မရှိဘဲ ရုပ်ပုံများ‌ပြီးနောက် ပေါ်လာသည့်ပထမဆုံးစာကြောင်းကိုသာ စိုက်ကြည့်နေခဲ့သည်။


(မင်းကိုနွေရာသီရဲ့နေ့ရက်တွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရနိုင်မလား)

ကျောက်တုံးတစ်တုံးကို ရေအိုင်ထဲပစ်ချလိုက်သကဲ့သို့ ထောက်ခနဲအသံနှင့်အတူ ရှန့်ဖန်းယွိ၏နှလုံးသားမှာ မငြိမ်သက်နိုင်တော့မည့် တုန်လှုပ်မှုများဖြင့် ခုန်ပေါက်လာခဲ့သည်။

ဤသည်မှာ ကျန်းရွှိ၏ဒုတိယအကြိမ်မြောက် သူ၏ခံစားချက်များကို ဖွင့်ဟခဲ့ဖြစ်ပြီး ယခင်တစ်ကြိမ်တွင်လည်း ဖွင့်ဟခဲ့ဖူးသည်။

ယခင်အချိန်များတွင် ကျန်းရွှိမှာ ပြိုင်ဆိုင်လိုစိတ်ကြောင့် သာမန်ကာလျှံကာပြောနေခဲ့သည်ဟု သူထင်ခဲ့ဖူးသည်။ သို့သော်လည်း ယနေ့မှသာ ကျန်းရွှိ သူ့အားအမှန်တကယ်သဘောကျကြောင်းကို ရှန့်ဖန်းယွိ ယုံကြည်နိုင်ပြီဖြစ်သည်။

ကျန်းရွှိမှာ သူ၏ယုံကြည်ချက်အပြည့်နှင့်ပုံကိုပင် တိတ်တဆိတ်ဓာတ်ပုံရိုက်လာခဲ့သည်။

သူ့ကိုနွေရာသီနေ့ရက်များနှင့်တူသည်ဟုလည်း ပြောခဲ့သေးသည်လား…

ကျန်းရွှိမှာ စကားပြောရာတွင် အလွန်သွယ်ဝိုက်ပြောတတ်သူတစ်ဦးဖြစ်လေရာ ဤသည်ကပင် သူ၏အပွင့်လင်းအရိုးသားဆုံးဝန်ခံမှုဖြစ်ကြောင်း သူသိနေခဲ့သည်။

ရင်ဘတ်သို့တိုက်ခတ်လာသည့် အမည်မဖော်ပြနိုင်သောခံစားချက်များနှင့်အတူ ရှန့်ဖန်းယွိ၏နှလုံးသားမှာချဉ်စူးလာရကာ သူ၏မျက်တောင်များကို အနည်းငယ်တုန်ယင်‌သွားစေခဲ့သည်။

PPT မှစာလုံးများမှာ အချိန်အတော်ကြာတည်ရှိခဲ့ခြင်းမဟုတ်ပေ။ စာလုံးများထွက်ပေါ်လာမှုနှင့်အတူ မျက်နှာပြင်မှာ မှောင်သွားခဲ့သည်။ သို့သော်လည်း ကျန်းရွှိ၏အသံမှာ သူ၏နားတွင်းသို့ ဝင်ရောက်လာခဲ့သည် " ဒေါက်တာကန်က ဆရာဝန်ကောင်းတစ်ယောက်ပါ…ငါသူ့ကိုယုံတယ်ဆိုပေမယ့် ယုံကြည်စိတ်ချတာမျိုးတော့မဟုတ်ဘူး…"

လေတိုက်ခတ်လာခြင်းနှင့်အတူ ပြတင်းပေါက်လိုက်ကာစများ လွင့်ပျံသွားခဲ့သည်။

ကျန်းရွှိ၏မျက်လုံးထဲတွင်ရှန့်ဖန်းယွိ၏ပုံရိပ်များသာ ရောင်ပြန်ဟပ်နေကာ သူ၏ချစ်သူကိုမနမ်းရှိူက်လိုက်ခင် PPT မစခင်က ရှန့်ဖန်းယွိသူ့ကိုမေးခဲ့သည့်မေးခွန်းကို ပြန်ဖြေပေးလိုက်သည် " မင်းလုပ်နိုင်တယ်လို့ ထင်နေသေးသရွေ့ ရှောင်ရှောင်းကော ငါပါမင်းကိုထာဝရယုံကြည်နေမှာပါ…"

အချစ်ဆိုသည်မှာ အံ့ဩဖွယ်ကောင်းသည့်အရာတစ်ခုပင်ဖြစ်သည်။ ၎င်းမှာ မဝံ့ရဲသောလူများကို ရဲရင့်လာစေပြီး ဖော်ရွေသောလူများကို မလုံခြုံမှုအားခံစားစေတတ်သည်။

သို့သော်လည်း အဆုံး၌ ဆက်‌ဆံရေးကောင်းတစ်ခုမှာ သေချာပေါက်ပင်သူတို့၏လိပ်ပြာများကို ပိုးအိမ်တွင်းမှ ထိုးထွက်လာစေနိုင်မည်ဖြစ်ပြီး ဖီးနစ်များအား ပြန်လည်မွေးဖွားစေကာ လူများကို သူတို့ကိုယ်သူတို့အကောင်းဆုံးဟု ယုံကြည်လာစေသည်။

အဆုံး၌ သူ၏ခံစားချက်များကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့သည့် ဒေါက်တာရှန့်မှ သူတို့၏ရှည်လျားပြင်းပြသောအနမ်းတိုက်ပွဲအတွင်း ကျန်းရွှိကိုထပ်မံ၍ကတိပေးလိုက်လေသည်

 " ငါလုပ်နိုင်တယ်လို့ ကတိပေးပါတယ်…"