🧑⚕️Chapter 101
နေ့စဉ်နေ့တိုင်းအလွယ်တကူအတင်းအဖျင်းများ ပြန်နှံ့နိုင်သောခွဲစိတ်ခန်းထဲတွင် ရှန့်ဖန်းယွိ ဝမ်းဗိုက်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကိုကြည့်ရှုရန်အတွက်ဖိုင်ဘာဖြင့်ပြုလုပ်ထားသည့်မှန်ပြောင်းကို ကြည့်နေစဉ် ကျန်းချန်ကို လှမ်းပြောလိုက်သည်။
" မေးစရာတစ်ခုရှိတယ်…"
" ဟမ်…" ကျန်းချန်အလွန်စိုးရိမ်မိသွားပြီး " ဘာမေးမလို့ ဒီလောက်တောင်အလေးအနက်ကြီးဖြစ်နေတာလဲ…"
ရှန့်ဖန်းယွိ သူ့ကိုကြည့်ကာ တိုက်ရိုက်ပင်ပြောချလိုက်သည်။ " တက္ကသိုလ်တုန်းက လီယာလေ့နဲ့ ဟော်ချန်ချွန်းတို့ ဘယ်သူ့ကိုကြိုက်ခဲ့လဲဆိုတာသိလား…"
ကျန်းချန်အံ့အားသင့်သွားရပြီး မတွေးဘဲပြောလိုက်မိသည်။ " မင်းသိသွားပြီလား…"
ရှန့်ဖန်းယွိမှ အဓိပ္ပါယ်ပါသောအကြည့်တစ်ခုပေးလာချိန်တွင် ကျန်းချန်မတော်တဆအပြစ်ရှိသောအမူအယာအချို့ ထုတ်ဖော်မိသွားသည်ကို သတိပြုလိုက်မိသည်။
ထို့ကြောင့် ကျန်းချန်ခေါင်းကိုယမ်းကာ အသည်းအသန်ငြင်းဆိုလိုက်သည်။
" ငါမသိဘူးနော် ငါဘာမှမသိဘူး…"
" ကျန်းရွှိမလား…" ရှန့်ဖန်းယွိ တိုက်ရိုက်သာမေးလိုက်လေသည်။
" ဘုရားရေ…" နာမည်ကိုကြားလိုက်ရချိန်တွင် ရှန့်ဖန်းယွိအမှန်တကယ်သိရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျန်းချန်စကားများပင် ထစ်လာခဲ့ရသည်။
" ဘယ် ဘယ်သူက မင်းကို ပြော...ပြောလိုက်တာလဲ…"
ရှန့်ဖန်းယွိ မေးခွန်းကိုမဖြေဘဲဆက်၍ ဖိနှိပ်လာသည်။ " ရှောင်ရွှီနဲ့ဖန်ဖန်လည်းသိတာလား…"
သူတို့ကျောင်းတက်စဉ်အခါက ခြောက်ယောက်အဆောင်ခန်းတွင် နေခဲ့ကြရသည်ဖြစ်ရာ ကျန်းချန်နှင့်ရှန့်ဖန်းယွိပြောခဲ့သည့်သူနှစ်ဦးမှာ သူ၏အခန်းဖော်များဖြစ်ကြသည်။
ကျန်းချန်တံတွေးမြိုချလိုက်မိကာ ခက်ခက်ခဲခဲပြောလိုက်ရသည်။ " သူတို့လည်းသိတယ်…"
ရှန့်ဖန်းယွိ ခေါင်းကိုက်လာမှုနှင့်အတူ လည်ချောင်းထဲတွင် တစ်စုံတစ်ခုတစ်ဆို့နေသည်ဟုခံစားလိုက်ရပြီး အေးစက်စွာပြောလိုက်လေသည်။
" မင်းတို့ကတကယ့်ကိုအခန်းဖော်ကောင်းတွေပဲ…ငါ့ကိုလျှိုထားကြတာပေါ့…"
" ဒါ ဒါက ဇာတ်ကြောင်းအရှည်ကြီးပါ…" ကျန်းချန် ကို့ရို့ကားယားပြုံးလိုက်ရကာ " ဖန်းယွိ ငါရှင်းပြပါ့မယ်…"
ရှန့်ဖန်းယွိ ခေါင်းတဆတ်ဆတ်ညိတ်ကာ ကောင်းကောင်းရှင်းပြရန် အချက်ပြနေသောကြောင့် ကျန်းချန်ချက်ချင်းလိုပင် သူ၏သစ္စာရှိမှုကို ဖော်ပြလိုက်ကာ " ပထမဆုံးအနေနဲ့ ငါကအမြဲမင်းဘက်ကပဲနော်…သူတို့က ကျန်းရွှိကိုလိုက်နေကြပေမယ့် ငါကတော့ ကျန်းရွှိကမင်းလောက်မကောင်းဘူးလို့ ခိုင်ခိုင်မာမာယုံကြည်နေဆဲပဲ…"
" ဟမ်…"
" ငါမင်းကိုဖုံးမထားချင်ပါဘူး… ဒါပေမယ့် အဲဒီအချိန်တုန်းက သူတို့ကအများကြီးပေးခဲ့ကြတာလေ…" ကျန်းချန် တောင့်တင်းလာပြီဖြစ်သောဦးရေပြားနှင့်အတူ ပြောလိုက်ရသည်။
" သူတို့ကငါတို့အတန်းဖော်တွေကို လက်ဆောင်တွေအများကြီးပေးခဲ့ကြပြီးတော့ အကြိမ်တချို့လောက် အပြင်ထွက်ဖို့ဖိတ်ခဲ့ကြတာလေ…ငါကမင်းနဲ့အရင်းနှီးဆုံးဆိုတာ သိထားတော့ သူတို့ကငါ့ကိုနောက်ဆုံးပေါ်ဂိမ်းစက်တောင်ဝယ်ပေးခဲ့ကြတယ်…"
" တောင်းပန်ပါတယ် ဖန်းယွိ…" ကျန်းချန်ကိုယ့်အသိစိတ်ဓာတ်ဖြင့် မိမိကိုယ်ကိုဝေဖန်လိုက်သည်။
" ငါကငွေကြေးရဲ့ဆွဲဆောင်မှုကို ခံနိုင်လောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာမသန်မာခဲ့ဘူးလေ…"
ရှန့်ဖန်းယွိ : "...."
ဤသည်မှာ အရင်းရှင်စနစ်၏ မကောင်းမှုများပင်ဖြစ်သည်။
ကျန်းချန် သူ၏အမူအယာကိုကြည့်ကာ ပြောလိုက်သည်။ " ရှောင်ရွှီ ဖန်ဖန် နဲ့ငါတို့အားလုံးတွေးမိတာက ပြသနာကိုတတ်နိုင်သမျှရှောင်တာ ပိုကောင်းမယ်လို့ပေါ့…ငါတို့ကအခန်းဖော်တွေဖြစ်နေတော့ ငါတို့အချင်းချင်းကျန်းရွှိကြောင့် ကတောက်ကဆဖြစ်ရရင် ဘယ်ကောင်းမလဲ ဟုတ်တယ်မလား…"
" ချန်ချွန်းနဲ့ယာလေ့တို့ကလည်း ဒီလိုပဲတွေးမိလို့ ငါတို့ကို မင်းမသိအောင်လျှို့ဝှက်ခိုင်းထားခဲ့တာ… ပြီးတော့ ပြောရရင် သူတို့ကကျန်းရွှိကို တစ်ဖက်သက်ကြိုက်ခဲ့ကြရုံလေးပါကွာ မင်းကိုဘာမှမှအန္တရာယ်မပြုခဲ့ဘဲကို…"
ကျန်းချန်၏အသံမှာ ပြောလေတိုးလေဖြစ်လာခဲ့သည်။ " ပြီးတော့ သူတို့ကျန်းရွှိကိုလိုက်တာလည်း မအောင်မြင်ခဲ့ဘူးလေ… ဒါကြောင့်သာ မင်းနဲ့ကျန်းရွှိတို့ နှစ်ပေါင်းများစွာ ဘာပြသနာမှမရှိဘဲ ရန်သူတွေဖြစ်လို့ရခဲ့ကြတာပေါ့…."
ပွင့်လင်းစွာဝန်ခံရမည်ဆိုလျှင် သူသည်လည်း ထိုအချိန်တုန်းက ဤသူဌေးသားနှစ်ဦး ကျန်းရွှိကြောင့်ထသတ်ကြမည်ကို စိုးရိမ်ခဲ့ဖူးကာ နောက်ပိုင်းသူတို့နှစ်ဦးစလုံး အငြင်းခံလိုက်ရချိန်ကြမှသာ စိတ်အေးလက်အေးဖြစ်သွားခဲ့ရသည်။
အချိန်ပေါင်းများစွာကုန်လွန်ပြီးနောက်တွင် ရှန့်ဖန်းယွိ ဤဇာတ်လမ်းအကြောင်းရှာတွေ့သွားမည်ဟု သူလုံးဝမထင်ထားမိခဲ့ပေ။
" ဒါဆိုရင် အခုကြမှ မင်းကိုဘယ်သူပြောပြလိုက်တာလဲ…" ကျန်းချန် မနေနိုင်ဘဲ ခန့်မှန်းကြည့်လိုက်သည်။ " ငါတို့အဆောင်ကတစ်ယောက်ယောက်တော့မဖြစ်လောက်…."
" မဖြစ်နိုင်ဘူး…" ကျန်းချန် ကိုယ်တိုင်မေး၍ ကိုယ်တိုင်ပြန်ဖြေမိသည်။ " ငါတို့အဲဒီတုန်းက မုန့်သေးသေးလေးတွေနဲ့ ဒီလောက်တောင်ရင်းနှီးခဲ့ကြတာကို…"
ရှန့်ဖန်းယွိမှာ ထိုအချိန်တွင် တိတ်ဆိတ်နေခဲ့ပြီး ထပ်မံ၍ " ပိုက်ဆံရှိပါက မကောင်းသောအရာများကိုပင် စေခိုင်းနိုင်သည် " ဟူသောဆိုလိုရင်း၏အဓိပ္ပါယ်ကို နက်နက်နဲနဲတွေးတောနေခဲ့သည်။
ထို့နောက် သူရပ်တန့်သွားပြီး မေးလိုက်လေသည်။ " ဟော်ချန်ချွန်းက မကြာခင်ပြန်လာတော့မှာမလား… အတိအကျဘယ်နေ့လဲ…"
နှစ်ပေါင်းများစွာကြာပြီးသည့်နောက်မှာပင် သူတို့၏အခန်းဖော်ဆက်ဆံရေးမှာ အမြဲလိုကောင်းမွန်ခဲ့ကြကာ မကြာသေးမီကပင် သူတို့၏ဖုန်းဖြင့် စာပို့ခဲ့ကြသေးသည်။ အဖွဲ့ထဲတွင် နောက်ဆုံးပြောခဲ့ကြသည့်အကြောင်းအရာမှာ ဟော်ချန်ချွန်း ပြန်လာမည့်အကြောင်းဖြစ်ကာ လီယာလေ့သည်ပင် လက်ဆွဲနှုတ်ဆက်သည့်အီမိုဂျီပို့ပေးခဲ့လေသည်။
" ဒီပိတ်ရက်မှာဖြစ်မယ်ထင်တယ်…" ကျန်းချန်ပြောရင်းမှ ရုတ်တရက်တစ်စုံတစ်ခုကို သတိပြုမိသွားကာ " မင်းဘာလုပ်ချင်လို့လဲ… ငါမင်းကိုသတိပေးမယ်နော် ဘွဲ့ယူပြီးထဲက ဒီလောက်ကြာတဲ့အထိ ဆက်ဆံရေးကောင်းခဲ့ကြကာ ဒီအတွက်ကြောင့်နဲ့ ငါတို့အဆောင်ဖော်ဆက်ဆံရေးကို မဖျက်စီးလိုက်နဲ့နော်…"
" ဒီလောက်မပြင်းထန်ပါဘူး…" ရှန့်ဖန်းယွိ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး " ငါကဒီအတိုင်း ထမင်းတစ်နပ်ဖိတ်ကျွေးချင်လို့ပါ…"
အလုပ်ဆင်းပြီးနောက် အိမ်သို့ပြန်ရောက်ချိန်တွင် ကျန်းချန် ကပျာကယာ WeChatကိုဖွင့်ကာ သုံးယောက်အဖွဲ့ဖွဲ့လိုက်ပြီး ချမ်းသာသည့်ဒုတိယမျိုးဆက်မှလူနှစ်ယောက်ကို ဗုံးများကြဲချလိုက်သကဲ့သို့ တရစပ်စာပို့လိုက်သည်။
" ငါမင်းတို့ပြောစရာရှိတယ် ရှန့်ဖန်းယွိက မင်းတို့ကျန်းရွှိကိုကြိုက်ခဲ့ဖူးတဲ့အကြောင်းသိသွားပြီးတော့ ညစာဖိတ်ကျွေးချင်တယ်တဲ့… ကိုယ့်ဘာကိုယ်သာပြင်ဆင်ထားကြတော့…"
လီယာလေ့ : " ! "
ဟော်ချန်ချွန်း : " ? "
လီယာလေ့ : " ဘယ်သူသစ္စာဖောက်တာလဲ…"
ဟော်ချန်ချွန်း : " ဓားပုံ jpg "
သစ္စာဖောက်လေး ကျန်းရွှိမှာမူ ထိုအရာများကို သတိပြုမိခဲ့ခြင်းမရှိပေ။ ထိုမအောင်မြင်ခဲ့သည့် သူ့ကိုလိုက်ကြသူနှစ်ဦးအစား ပို၍အရေးကြီးသည်မှာ သူ၏တရားဝင်ချစ်သူကောင်လေး၏လက်ဆောင်ပေးခြင်းစကေးကို စိတ်ပူရန်ပင်ဖြစ်သည်။
ဧည့်ခန်းတွင်းရှိ ကော်ဖီစားပွဲပေါ်တွင် ဖဲပြားဖြင့်ချည်ထားသောလက်ဆောင်သေတ္တာတစ်ခုရှိနေကာ ရှန့်ဖန်းယွိက ဆိုဖာပေါ်တွင်ထိုင်၍ ပြုံးလျက်ကြွားဝါနေသည်။
" ငါမင်းအတွက်မှာပေးထားတဲ့လက်ဆောင်က နောက်ဆုံးတော့ရောက်လာပြီပဲ.."
ကျန်းရွှိ အနည်းငယ်အံ့ဩသွားရသည်။ " ဒါကဘာကြီးလဲ…"
" အထူးချုပ်ဝတ်စုံလေ.." ရှန့်ဖန်းယွိ ဈေးလိမ်ရောင်းသူတစ်ဦးကဲ့သို့ ကြွားဝါနေခဲ့သည်။ " ကျွမ်းကျင်အဆင့်အပ်ချုပ်သမားက ချုပ်ပေးထားတာ… ငါဒါကိုအကြာကြီးစောင့်ခဲ့ရတာနော် မြန်မြန်လေးသွားဝတ်ကြည့်လိုက်တော့…"
ရှန့်ဖန်းယွိ၏စကားများကို ကြားလိုက်ရပြီးနောက် ကျန်းရွှိ ၎င်းမှာ အထူးချုပ်အနောက်တိုင်းဝတ်စုံဖြစ်မည်ဟု ထင်မိသွားသောကြောင့် အသုံးအဖြုန်းကြီးလွန်းသည်ဟု ပြောတော့မည့်အချိန်၌ သေတ္တာကိုဖွင့်ကြည့်လိုက်ရာ ပျော့ပြောင်းသောမီးခိုရောင်အနွေးထည်အတွင်းခံတစ်စုံကို မြင်တွေ့လိုက်ရသည်။
ကျန်းရွှိ သူဘောင်းဘီများထုတ်မိလာသည်ကို မယုံနိုင်ဟန်ဖြင့် ဖြည်လိုက်ပြီး ၎င်းတို့မှာ အမှန်တကယ်ပင် အနွေးထည်အတွင်းခံများဖြစ်ကြောင်းကို နှစ်ကြိမ်မျှ သေချာစွာစစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများအပြည့်နှင့် ရှန့်ဖန်းယွိကို လှမ်းကြည့်လိုက်သည်။
" အရင်တစ်ခေါက်ဇီးပန်းဥယျာဉ်မှာတုန်းက မင်းအတွင်းခံအနွေးထည်မဝတ်ထားတာ သတိထားမိလို့လေ…လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း မင်းကိုလေ့လာကြည့်ပေမယ့် ကြည့်ရတာ မင်းမှာဒါမျိုးမရှိဘူးထင်မိလို့…" ရှန့်ဖန်းယွိ သုံးသပ်လိုက်သည်။ " ဒါကတကယ်ကို မင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူး…"
" ဆိုင်တွေမှာရောင်းတဲ့ ကိုယ်ဝန်ဆောင်အတွင်းဝတ်အနွေးထည်တွေက ဒီလောက်မရှည်ဘူးလေ… အမျိုးသားဝတ်တွေကြတော့လည်း ခါးမှာစည်းနေတော့ မင်းနဲ့ရှောင်ရှောင်းအတွက် အဆင်မပြေနိုင်ဘူး… ဒါကကိုယ်ဝန်ဆောင်သည်တွေအတွက် သားရေကြိုးကောင်းကောင်းနဲ့ အထူးချုပ်ပေးထားတာ… ဆောင်းတွင်းဝတ်ဖို့အတွက် ကွက်တိပဲ…"
ဇီးပန်းဥယျာဉ်အကြောင်း ရှန့်ဖန်းယွိပြောလာချိန်၌ ကျန်းရွှိ၏နားရွက်များမှာ နီမြန်းသွားရသည်။ ကျန်းရွှိ ထိုအနွေးထည်အတွင်းဝတ်များကို ခေါက်ကာ သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ငြင်းဆန်လိုမှုများပြည့်နေခဲ့သည်။
" ငါမဝတ်ဘူးနော်.."
ကျန်းရွှိ၏မြီးကောင်ပေါက်အရွယ် လှချင်ပချင်စိတ်များမှာ ကုန်လွန်ပြီးသည့်တိုင် သူ၏ကောင်းမွန်စွာ ဝတ်စားဆင်ယင်မှုတွင်မူ မည်သည့်အရာကိုမျှမပြောင်းလဲခဲ့ချေ။
အကယ်၍သာ သူ့ထံတွင်ကိုယ်ဝန်ရှိမနေခဲ့ပါက ကျန်းရွှိ လေကာအင်္ကျီကိုပင် ဝတ်မည်မဟုတ်ပေ။
ကျန်းမာသန်စွမ်းပြီး အရှိန်အဟုန်တငြီးငြီးတောက်လောင်နေသောလူငယ်လေးမှာ အဘယ့်ကြောင့် အတွင်းဝတ်အနွေးထည်များကို ဝတ်ဆင်ရမည်နည်း။
ထိုသို့တွေးနေစဉ်မှာပင် တစ်စုံတစ်ခုမှာရှန့်ဖန်းယွိ၏ဘောင်းဘီမှ လိပ်တက်သွားသည်ကို သတိပြုမိသွားသည်။
အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီအောက်တွင် အနက်ရောင်အတွင်းဝတ်အနွေးထည်မှာ လူငယ်လေး၏သွယ်လျသောခြေကျင်းဝတ်တွင် ရစ်ပတ်နေကာ သူ၏ခြေထောက်ကိုကာကွယ်ပေးနေခဲ့သည်။
ကျန်းရွှိ : "...."
အတွင်းဝတ်အနွေးထည်ဝတ်သည့်လူငယ်လေးမှာ သူ၏ဘေးတွင်ရှိနေခဲ့သည်။
ရှန့်ဖန်းယွိမှာ ရေမိုးချိုးပြီးချိန်တိုင်း အမြဲလိုပင်ညအိပ်ဝတ်စုံလဲတတ်ကြောင်း သိထားခဲ့သော်လည်း ထိုမျှကျန်းမာရေးလိုက်စားမည်ကိုမူ သူမထင်ထားမိခဲ့ပေ။
" ငါဒါတွေကို လွန်ခဲ့တဲ့နှစ်တွေထဲက ဝတ်ခဲ့တာ…လူငယ်တွေမဝတ်ကြဘူးဆိုတာ ဒီအတိုင်းပြောနေကြတာပါ…မင်းရဲ့ခြေထောက်တွေကို အအေးမမိအောင်ထားမှ အိုလာတဲ့အချိန်ကြရင် အဆစ်အမြစ်နာတာတွေမဖြစ်မှာနော်…"
ရှန့်ဖန်းယွိ ဘုရားစာရွတ်နေသကဲ့သို့ တတွတ်တွတ်ပြောနေခဲ့သည်။ " ဟေး ကျန်းရွှိ ငါအခုမှသတိထားမိတာ မင်းရဲ့လူနေမှုပုံစံကအတော်လေးပြသနာများတာပဲ…မနက်စာမစားဘူး၊ကောင်းကောင်းမအိပ်ဘူး ပြီးတော့အဝတ်ကြတော့လည်း ကောင်းကောင်းမဝတ်ဘူး…မင်းရဲ့ခန္ဓာကိုယ်ကို ကျေးဇူးပြုပြီး ကောင်းကောင်းဂရုစိုက်ပေးလို့မရဘူးလားဟ မင်းဒါကြီးကို နှစ်ငါးဆယ်ခြောက်ဆယ်လောက်သုံးရဦးမှာနော်…"
ကျန်းရွှိ၏နဖူးတွင်ပင် အမဲကြောင်းများထလာမတတ်ဖြစ်သွားရကာ " ဘယ်သူကကောင်းကောင်းမဝတ်လို့လဲ…"
ရှန့်ဖန်းယွိ လျှာကိုကိုက်၍ ဆက်ပြောလိုက်သည်။ " ပြီးတော့ အတွင်းဝတ်အနွေးထည်တွေကိုအထင်မသေးနဲ့နော် သူတို့ကအရေးအကြောင်းဆိုလည်းအားကိုးရသေးတယ်…"
ကျန်းရွှိ သူ့ကိုကြည့်လာကာ အကြည့်များထဲတွင် မင်းဘာကိုပြောချင်တာလဲဟူသည့်မေးခွန်းများပါဝင်နေခဲ့သည်။
" ငါပြောပြမယ် အမ်နိုင်ငံမှာတုန်းက ဓားပြနှစ်ယောက်က ငါ့ဝတ်စုံကိုယူသွားကြတာလေ…" ရှန့်ဖန်းယွိ၏အမူအယာမှာ အလွန်ဂုဏ်ယူနေဟန်ရှိပြီး " ကံကောင်းလို့ ငါကအတွင်းဝတ်အနွေးထည်တွေဝတ်ထားလို့ပေါ့…မဟုတ်လို့ကတော့ ဆောင်းလလယ်ကြီး အမ်နိုင်ငံမှာ ခဲသေနေလောက်ပြီ…"
ပြောပြီးသည်နှင့်သူ၏အပြင်ဘက်မှဘောင်းဘီကိုခေါက်တင်ကာ သူ၏သူရဲကောင်းဆန်ဆန်အတွင်းဝတ်များမှာ မည်မျှနွေးထွေးကြောင်း ကျန်းရွှိကိုပြမည်ဟုဆုံးဖြတ်လိုက်သည်။
ကျန်းရွှိ ရှန့်ဖန်းယွိ၏အတွေ့အကြုံကြောင့် စိတ်ဆင်းရဲသွားခဲ့ရသော်လည်း ရှန့်ဖန်းယွိ အမ်နိုင်ငံ၏လမ်းမပေါ်တွင် ညဘက်ကြီးအတွင်းဝတ်အနွေးထည်များဖြင့်ရှိခဲ့ကြောင်းကို စိတ်ကူးမိလိုက်ချိန်၌ ရှန့်ဖန်းယွိအပေါ်ထားသည့်သူ၏အချစ်များမှာ လျော့နည်းလာခဲ့ရသည်။
သို့ဖြစ်ရာ သူ၏အချစ်ကိုကာကွယ်ရန်အတွက် ရှန့်ဖန်းယွိကို ရေချိုးခန်းထဲသို့ ကန်ချကာ သူ၏အိမ်နေရင်းအဝတ်အစားများဖြင့်ပစ်ပေါက်လိုက်ပြီး အမိန့်တစ်ခုပေးလိုက်သည်။
" ရေမိုးချိုးပြီးရင် အတွင်းဝတ်အနွေးထည်တွေချွတ်ပြီးမှ ထွက်လာခဲ့…"