🧑⚕️Chapter 102
သူ၏အတွင်းဝတ်အနွေးထည်အစီအစဉ်မှာ ဖျက်စီးခံရလိုက်သောကြောင့် ရှန့်ဖန်းယွိ အလွန်ဝမ်းနည်းသွားကာ သူ၏အတွင်းဝတ်အနွေးထည်လေးအတွက် အသနားခံပေးရန် တရားရုံးပင်ရှာချင်မိသွားသည်။ သို့သော်လည်း သူမပြောနိုင်လိုက်ခင်မှာပင် သူ၏ဖုန်းမှာ တက်တက်ကြွကြွမြည်လာခဲ့၏။
" ကျန်းရွှိ…" ရှန့်ဖန်းယွိ ရေချိုးခန်းတွင်းမှ လှမ်းအော်လိုက်သည်။
" ငါ့ကိုဖုန်းကူဖြေထားပေးပါဦး…"
ကျန်းရွှိ ရှန့်ဖန်းယွိ၏ဆူညံနေသောဖုန်းကို သူ၏ကုတ်အင်္ကျီတွင်းမှထုတ်ကာ ဆေးရုံမှတစ်ယောက်ယောက်ဟုထင်လိုက်မိသော်လည်း သူကိုင်လိုက်ချိန်၌ အံ့ဩစရာကောင်းစွာဖြင့် တစ်ဖက်သူ၏ချစ်ရည်ရွှန်းလဲ့နေသောအင်္ဂလိပ်စကားသံကို ကြားလိုက်ရလေသည်။
" ဘုရားသခင် နောက်ဆုံးတော့ မင်းဖုန်းကိုကိုင်ပြီပဲ… ချစ်ခင်ရပါသောရှန့်ရေ ကိုယ်မင်းကိုသတင်းကောင်းတစ်ခုပြောဖို့ရှိတယ်…"
ကျန်းရွှိ ချစ်ခင်ရပါသောရှန့်ဟူသည့်စကားလုံးကြောင့် ခေတ္တခဏမျှတိတ်ဆိတ်သွားကာ ဖုန်းမျက်နှာပြင်ပေါ်သို့ တစ်ဖန်ထပ်၍ကြည့်လိုက်သည်။
နာမည်မှတ်ထားခြင်းမရှိဘဲ နိုင်ငံရပ်ခြားမှလာသည့်ဖုန်းဖြစ်သည်။
တစ်ဖက်သူမှ အလွန်ပျော်ရွှင်နေသည့်အတွက် ဒီဘက်မှတိတ်ဆိတ်နေခြင်းကိုပင် သတိမထားမိဘဲ တက်ကြွစွာဆက်ပြောနေခဲ့သည် " ငါအခုဘယ်ရောက်နေပြီလဲ မှန်းကြည့်ကြည့်… မင်းဘယ်လိုမှမှန်းနိုင်မှာမဟုတ်ဘူး…ငါကဇက်နိုင်ငံကိုလာနေတဲ့လေယာဉ်ပေါ်မှာလေ…"
တစ်ဖက်မှ အသံတစ်ချက်တိတ်သွားကာ နာရီကိုကြည့်နေခြင်းဖြစ်နိုင်ပေမည်။ " ငါတို့နောက်ဆယ်မိနစ်နေရင် ထွက်လာတော့မှာ… မကြာမီတွေ့ကြမယ်နော် အိုး ငါမင်းအတွက်အရမ်းဝမ်းသာတာပဲ
ကျန်းရွှိ : " ? "
မပျော်မရွှင်ဖြစ်သွားသည့်ဒေါက်တာကျန်းမှာ ဖုန်းကိုအမူအယာကင်းမဲ့စွာဖြင့် ချလိုက်ပြီး ဒေါက်တာရှန့်၏တံခါးကိုသွားခေါက်လိုက်သည်။
ရေကျသံများမှာ တိတ်ဆိတ်သွားပြီး ရေစီးကြောင်းကြားမှ ရှန့်ဖန်းယွိ၏အသံမှာ ပဲ့တင်ထပ်နေကာ " ဘာဖြစ်လို့လဲ.. ဘယ်သူခေါ်တာလဲ…"
" မင်းရဲ့နိုင်ငံခြားကသူငယ်ချင်းက မနက်ကြရင်တွေ့ဖို့လာခဲ့မယ်တဲ့… ဒီအတိုင်းလှမ်းအသိပေးတာ…"
ကျန်းရွှိ တမင်တကာပင် " နိုင်ငံခြားကသူငယ်ချင်း " ဟူသောစကားကို စိတ်တိုနေဟန်ဖြင့် အသားပေးပြောလိုက်သည်။
" ငါ့မှာနိုင်ငံခြားကသူငယ်ချင်းမရှိပါဘူး…" ရှန့်ဖန်းယွိမှာမူ ပဟေဠိဖြစ်နေခဲ့ရသည်။
သို့သော်လည်း ကျန်းရွှိမှာမူ ရှင်းပြလိုစိတ်မရှိဘဲ သူ၏ဖုန်းကိုခေါင်းအုံးများနှင့်အတူ ဆိုဖာပေါ်သို့ပစ်ပေါက်လိုက်ကာ ဒေါက်တာရှန့်ကို မသိမသာဖြင့် နှင်ထုတ်လိုက်သည်။
မမျှမတခံစားလိုက်ရသောရှန့်ဖန်းယွိမှာ ဆိုဖာပေါ်တွင်လဲလျက် ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို မလိုလားဟန်ဖြင့် ပြန်ဖွင့်လိုက်ပြီး သူ့ကိုဆိုဖာပေါ်တွင်အိပ်ရအောင်လုပ်သည့် သူငယ်ချင်းကောင်းမည်သူဖြစ်သည်ကို ကြည့်ရန်ပြင်လိုက်သည်။
သို့သော် ဖုန်းနံပါတ်တွင်နာမည်မှတ်ထားခြင်းမရှိဘဲ နိုင်ငံခြားမှဖြစ်သည်ကိုသာ ပြနေသောကြောင့် ရှန့်ဖန်းယွိပြန်ခေါ်လိုက်ရာ ဖုန်းမှာစက်ပိတ်သွားပြီဖြစ်သည်။
" လိမ်ပြီးခေါ်တာများလား…"
ကျန်းရွှိ၏ကိုယ်ဝန်ဆောင်ချိန် စိတ်အလိုမကျမှုမှာ ပို၍ပင်ကျိုးကြောင်းမဆီလျော်လာမှုကို တွေးရင်း တစ်ညလုံးအချိန်ကုန်ခဲ့ကာ ရှန့်ဖန်းယွိ အနည်းငယ်စိတ်ညစ်သွားရသည်။ ထိုအကြောင်းတွေးနေစဉ်မှာပင် သူ့ကိုတစ်ညလုံး ဆိုဖာပေါ်တွင်အိပ်ရအောင်လုပ်ခဲ့သည့် သူငယ်ချင်းကောင်းကို အဆုံး၌ မြင်တွေ့လိုက်ရလေသည်။
နောက်တစ်နေ့ညနေခင်းတွင် ကျီဟွားဆေးရုံသားဖွားမီးယပ်ဌာန၏ဆရာဝန်အခန်းနှစ်မှာ ရုတ်တရက်ပွင့်ဟသွားပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆံပင်အညိုရောင်အမျိုးသားမှာ ရှန့်ဖန်းယွိကိုတွေ့လိုက်ချိန်၌ တက်ကြွစွာနှုတ်ဆက်လာခဲ့သည် " ရှန့်…"
" ဒေါက်တာအဲလ်ဘတ်…" ရှန့်ဖန်းယွိ ကြောင်အသွားရပြီး " မင်းဒီမှာဘာလုပ်နေတာလဲ…"
နာမည်ခေါ်သံကြောင့် တစ်ရုံးလုံးမှာ ထိုနိုင်ငံခြားသားကို လှမ်းကြည့်လာကြသည်။ သိသိသာသာပင် အဲလ်ဘတ်ဟူသောအမည်မှာ သူတို့နှင့်စိမ်းမနေခဲ့ပေ။ မကြာသေးမီကမှ သူတို့အားလုံး ထိုသူ၏ခွဲစိတ်မှုကို ကြည့်ရှုခဲ့ကြသည်။
သူ့ထံရောက်လာသည့်အကြည့်များကို သတိပြုမိသွားသောကြောင့် ဒေါက်တာအဲလ်ဘတ်မှ ယဉ်ကျေးစွာပြုံးကာ ပြောလာခဲ့သည်။
" ငါခဏလောက်အနားယူဖို့စီစဉ်ထားခဲ့တာလေ… ဇက်နိုင်ငံက ငါ့ရဲ့ကမ္ဘာလှည့်ခရီးစဉ်အတွက် ပထမဆုံးဝင်မဲ့နေရာပဲ…"
ရှန့်ဖန်းယွိ၏ ပဟေဠိဖြစ်နေပုံရသောအမူအယာကြောင့် အဲလ်ဘတ်ပျော်ရွှင်စွာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပုခုံးတွန့်၍ပြောလိုက်သည်။ " မင်းထင်တဲ့အတိုင်းပဲ မစ်စတာဘေကာနိုးလာပြီးတော့ ICUကနေထွက်သွားခွင့်ရပြီလေ… ငါအခုတော့လွတ်လပ်တဲ့သူတစ်ယောက်ဖြစ်သွားပြီ…"
ထို့နောက် ရုံးခန်းတွင်းမှ နာရီကိုကြည့်ကာ ပြောလိုက်သည်။ " မမျှော်လင့်ထားတဲ့အခြေအနေတွေမရှိလာဘူးဆိုရင် နာရီဝက်အတွင်း အက်စ်နိုင်ငံကပြောရေးဆိုခွင့်ရှိသူနဲ့ မစ်စတာဘေကာတို့က လူတိုင်းကို အသေးစိတ်ရှင်းပြလာလိမ့်မယ်…ငါ့အတွက်ကတော့ တာဝန်ယူထားရတာတွေပြီးသွားတဲ့အတွက် ခဏလောက်နားပြီး ငါ့ရဲ့ကွဲကြေလုမတတ်နှလုံးသားလေးကို ကုစားချင်သေးတယ်…"
ကျန်းရွှိ ရုံးခန်းသို့ပြန်ရောက်ချိန်တွင် ယနေ့လေထုမှာ သာမန်ထက်ပို၍အသက်ဝင်လှုပ်ရှားနေသည်ကို သတိပြုလိုက်မိပြီး လူတိုင်းမှာ စိတ်ပါဝင်စားစွာဆွေးနွေးနေကြသည်။
ထို့ကြောင့် ရှန့်ဖန်းယွိ၏လွတ်နေသောခုံကိုကြည့်ကာ ယွီစန်းကို လှမ်းမေးလိုက်သည် " ဘာတွေဖြစ်နေလို့လဲ…"
" အက်စ်နိုင်ငံကလူနာကို ကယ်လိုက်နိုင်ပြီတဲ့…" ယွီစန်း သူ၏ဖုန်းမှ သတင်းကိုပြကာ " လူနာကသွေးခဲတွေကြောင့် မတတ်နိုင်တော့သလို ဖြစ်ခဲ့ရပေမဲ့ အခုတော့ မကြာခင်ဆေးရုံဆင်းနိုင်မယ်လို့ခန့်မှန်းထားတယ်တဲ့…"
အက်စ်နိုင်ငံ၏သတင်းများမှာ အနည်းငယ်တစ်ကိုယ်ကောင်းဆန်လှသည်။ သတင်းထဲတွင် ခွဲစိတ်မှု၏ ရုတ်တရက်ဖြစ်ပေါ်လာမှုနှင့် ခက်ခဲမှုမြင့်မားခြင်းကိုတို့သာ အလေးပေးထားကာ သူတို့၏အစိုးရနှင့်ဆေးဘက်ဆိုင်ရာဌာနတို့ကြောင့် လူနာမှာပြန်လည်သက်သာလာရသည်ဟု ထပ်ခဲတလဲလဲပြောဆိုထားပြီး ခွဲစိတ်မှုလုပ်ဆောင်ခဲ့သည့် ဒေါက်တာအဲလ်ဘတ်အကြောင်းကိုမူ များစွာမဖော်ပြခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သိသိသာသာပင် သူတို့မပြောသည့်တိုင် ကျီဟွားမှဆရာဝန်များမှာ ထိုနာမည်ကိုမှတ်မိနေကြသေးသည်။
ယွီစန်းမှ " အခုပဲဒေါက်တာအဲလ်ဘတ်က တကယ်ကြီးငါတို့နိုင်ငံကိုလာလည်သွားတာ…သူပြောသွားတာတော့ သူကငါတို့စီလာရဖို့ မျှော်လင့်နေခဲ့တာတဲ့…"
" ဒေါက်တာအဲလ်ဘတ်လား…"
" ဟုတ်တယ်…သူကရှန့်ဖန်းယွိနဲ့ရင်းနှီးပုံပဲ…ဒီနေ့ညရှန့်ဖန်းယွိကို ညစာစားဖို့ဖိတ်နေတာကို ကြားခဲ့သေးတယ်… သူ့အတွက်လက်ဆောင်တောင်ပါလာသေးတာ…"
ကျန်းရွှိ ရုတ်တရက်ဆိုသလို ယမန်နေ့ညမှဖုန်းကိုသတိရသွားခဲ့သည်။
ဒေါက်တာအဲလ်ဘတ်၏ခွဲစိတ်မှုမှာ အချိန်အနည်းငယ်ကြာခဲ့ပြီဖြစ်လေရာ ကျန်းရွှိ သူ၏အသံကို တမင်တကာမှတ်ယူထားခြင်းမရှိသည့်အတွက် ယမန်နေ့ညဖုန်းထဲတွင် မမှတ်မိခဲ့ချေ။ ဤသို့ဆိုပါက ရှန့်ဖန်းယွိကို ဖုန်းခေါ်ခဲ့သူမှာ ဒေါက်တာအဲလ်ဘတ်ပင် ဖြစ်ပေလိမ့်မည်။
ကျန်းရွှိ မျက်ခုံးကိုနှိပ်ကာ ယမန်နေ့ညမှ သူ၏နားမလည်နိုင်သောခံစားချက်များကို စက္ကန့်ပိုင်းမျှ ပြန်တွေးလိုက်မိသည်။
" သူတို့ဘယ်သွားတာလဲ…"
" ဧည့်ဆောင်ကိုဖြစ်မယ်ထင်တယ်… ရှန့်ဖန်းယွိကအဝတ်အစားတွေမလဲသွားဘူးဆိုတော့ သူအဲဒီမှာပဲရှိနေလိမ့်မယ်…"
ဧည့်ခန်းဆောင်ထဲတွင် ဒေါက်တာအဲလ်ဘတ်မှ ရှန့်ဖန်းယွိပေးလာသည့်ကော်ဖီကို လှမ်းယူလိုက်သည်။
" ဘာလို့သကြားမထည့်တာလဲ…" ဒေါက်တာအဲလ်ဘတ်မျက်ခုံးကျုံ့လိုက်ပြီး " အဲဒီလိုသောက်ရတာမခက်ခဲဘူးလား…"
"...." ရှန့်ဖန်းယွိ သကြားနှစ်ထုပ်ပေးလိုက်ပြီး မကြာသေးမီကမှ သူ၏ကြေကွဲမှုများကိုဖြေဖျောက်ရန် ကော်ဖီခါးခါးကိုသုံးနေရကြောင်း မပြောပြလိုက်ပေ။
" ဒါဆို ခေါင်းမာမာနဲ့ပဲ မင်းကိုယ်တိုင်ခွဲစိတ်မှာပေါ့…" အဲလ်ဘတ် သူတို့နှစ်ဦးခွဲစိတ်မှုအကြောင်းအချိန်ခဏမျှပြောနေကြပြီး ရှန့်ဖန်းယွိ၏အစီအစဉ်များကို လေ့လာနေခဲ့သည်။
" ဟုတ်တယ်…"
" ငါနဲ့လူချင်းတစ်ခါမှမမြင်ဖူးဘဲ သူရဲ့ခွဲစိတ်မှုတစ်ခုကိုပဲမြင်ခဲ့ရတဲ့ဒေါက်တာခန်းထက်စာရင် ငါ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကို ပိုပြီးယုံကြည်နေဆဲပဲ…ငါ့လူနာကို သူ့စီလွှဲပေးရလောက်အောင်ထိ ယုံကြည်ချက်ရှိမနေဘူးလေ…"
ဒေါက်တာအဲလ်ဘတ် ခဏမျှစဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်၍ " ကောင်းပြီလေ ငါ့အကြံကိုလက်မခံဘဲ ဆုံးဖြတ်ထားပြီးသားဆိုတော့လည်း ဘာမှထပ်ပြောနေစရာမရှိတော့ဘူးပဲ…ဘယ်လိုပဲဖြစ်ဖြစ်ပါ ရှန့် ဒီလိုဖိအားအောက်မှ ခွဲစိတ်မှုကိုတာဝန်ယူရဲတဲ့အတွက် ငါမင်းကိုလေးစားတယ်…"
တစ်ဖက်သူ၏မြှောက်ပင့်မှုများမှာ မလွှဲသာမရှောင်သာဖြစ်နေသောကြောင့် ရှန့်ဖန်းယွိနားမလည်နိုင်ဖြစ်နေသည့်အတွက် ဤခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ ထိုအစား စိုးရိမ်မှုများဖြင့် မေးလိုက်လေသည်။
" မစ်စတာဘေကာရဲ့ လာမဲ့ကုသမှုတွေအတွက် မင်းရဲ့အစီအစဉ်ကကော ဘယ်လိုလဲ…"
" လောလောဆယ်တော့ မစ်စတာဘေကာရော ငါရောက ခွဲစိတ်ကုသမှုကို ဆိုင်းငံ့ထားမယ်လို့ ဆွေးနွေးထားပြီးပြီ… အချိန်တစ်ခုထိတော့ အက်စထရိုဂျင်ဖိနှိပ်ဆေးကို သုံးမှာ အခြေအနေပေါ်မူတည်ပြီးတော့ပေါ့…"
ထို့နောက်ရှန့်ဖန်းယွိကို အကြံပေးလိုက်သည်။ " တကယ်လို့သာ မှန်ပြောင်းကြည့်ပြီးနောက် အခြေအနေမကောင်းဘူးဆိုရင် ဒီနည်းကိုသုံးဖို့အကြံပေးတယ်နော်… တစ်ခုလုံး ဖယ်ထုတ်ဖို့ကို ယာယီစွန့်ပစ်ထားလိုက်ပြီးတော့ သားအိမ်ကိုဖယ်ပြီးတော့မှပဲ ဟော်မုန်းဖိနှိပ်ဆေးတွေသုံးပြီး လုံးလုံးဖယ်ရှားဖို့ ညှိနှိုင်းသင့်တယ်…လောဖို့မလိုဘူးပါဘူးလေ…."
" ကောင်းပြီ ငါမှတ်ထားလိုက်မယ်…"
အဲလ်ဘတ်ကော်ဖီထဲသို့သကြားထည့်ကာ ရုတ်တရက် အကြောင်းအရာပြောင်း၍ပြောလာခဲ့သည်။ " ငါဇက်နိုင်ငံမှာ တစ်ပတ်လောက်နေမှာဆိုတော့ ရှန့် မင်းငါနဲ့လျှောက်လည်ဖို့ စိတ်ဝင်စားလား…"
" ငါကအလုပ်လုပ်ရဦးမယ်…" ရှန့်ဖန်းယွိ ဖုန်းကိုထုတ်ကာ အချိန်ဇယားကိုကြည့်လိုက်ပြီးနောက် ဒေါက်တာအဲလ်ဘတ်ကိုကြည့်၍ ပြန်ပြောလိုက်သည်။ " လိုအပ်မယ်ဆိုရင် မင်းအတွက်လမ်းညွှန်ကောင်းကောင်းရှာပေးမယ်လေ…"
" အိုး..နှမြောစရာပဲ…" ပြောရင်းမှ အဲလ်ဘတ် သူ၏အိတ်ထဲမှ နူးညံ့သောလက်ဆောင်သေတ္တာငယ်တစ်ခုကိုထုတ်ကာ " ငါ့ရဲ့အခက်ခဲဆုံးအချိန်တွေမှာ ငါ့စီလာလည်ပေးခဲ့တဲ့အတွက် ငါ့ရဲ့ကျေးဇူးတင်မှုကိုပြတဲ့အသေးအဖွဲ့လေးပါ… မင်းမသိလို့ အဲဒီအချိန်တုန်းက ငါပျင်းလွန်းလို့ရူးတော့မလိုတောင်ဖြစ်ခဲ့ရတာ…"
ဒေါက်တာအဲလ်ဘတ်ထံသွားလည်ရုံမျှဖြင့် ရှန့်ဖန်းယွိခရီးသွားခဲ့ခြင်းမဟုတ်ကြောင်းကို သူတို့နှစ်ဦးစလုံးသိနေသည့်အတွက် ရှန့်ဖန်းယွိ ဘူးကိုယဉ်ကျေးစွာပြန်တွန်းလိုက်ကာ ပြုံးလျက် " ယဉ်ကျေးနေဖို့မလိုပါဘူး…"
" ကျေးဇူးပြုပြီးလက်ခံလိုက်ပါ… ဒီကြယ်သီးလေးတွေက မင်းနဲ့အရမ်းလိုက်တယ်…ငါမင်းဝတ်တာကို မျှော်နေမယ်နော်…" ဒေါက်တာအဲလ်ဘတ်မှ ရိသဲ့သဲ့ဖြင့်ပြုံးကာ " ဒါဆိုမင်းစိတ်ဆုံးဖြတ်ပြီးရင် ငါနဲ့ဒီနေ့ညစာလိုက်စားမလား…ငါမင်းနဲ့အရမ်းမိုက်မဲ့ညလေးကို အချိန်ဖြုန်းဖို့ မျှော်နေမယ်နော်…"
အကင်းပါးသောရှန့်ဖန်းယွိသည်ပင် ခဏမျှကြောင်အသွားရပြီးနောက် ရုတ်တရက်ဆိုသလို ဒေါက်တာအဲလ်ဘတ်၏အပြုအမူများနောက်မှ သွယ်ဝိုက်သောအဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
သူဒေါက်တာအဲလ်ဘတ်နှင့် ပထမဦးဆုံးအကြိမ်စကားပြောခဲ့ကြစဉ်အခါက မိသားစုနှင့်အိမ်ထောင်ရေးအကြောင်း အမှတ်မထင်ဖော်ပြဖူးသည်ကို မှတ်မိသွားခဲ့သည်။သို့သော်လည်း ဒေါက်တာအဲလ်ဘတ်မှ ဘဝကြီးသည်တိုတောင်းသည့်အတွက် မည်သူကမှမချုပ်နှောင်ထားနိုင်သည့် လွတ်လပ်စွာပျံသန်းသောသိမ်းငှက်တစ်ကောင်သာ ဖြစ်ချင်သည်ဟုပြောခဲ့ဖူးသည်။
ထိုအချိန်တုန်းက ဒေါက်တာအဲလ်ဘတ်မှာ တစ်ကိုယ်တည်းနေရခြင်းကို လိုလားသူဟု သူထင်မိခဲ့သော်လည်း ယခုအချိန်မှသာ ဤသည်မှာ အပျော်အိပ်ဖော်ဆက်ဆံရေးကို ညွန်းဆိုနိုင်သည့် ပို၍ယဉ်ကျေးသောနည်းလမ်းဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။
သို့သော်လည်း ရှန့်ဖန်းယွိ မထင်ထားခဲ့သည်မှာ ဒေါက်တာအဲလ်ဘတ်၏အမြင်များမှ သူ့စီရောက်လာမည်ကိုပင်။
" စိတ်မဝင်စားလို့ပါ တောင်းပန်ပါတယ်…" ရှန့်ဖန်းယွိ ထရပ်ကာ ငြင်းပယ်လိုက်သည်။ " အရင်တုန်းက ပေးခဲ့တဲ့အချက်အလက်တွေအတွက် အရမ်းကျေးဇူးတင်မိပေမယ့် ဒီလိုနည်းနဲ့ပြန်ပေးရတာကိုတော့ သဘောမကျလို့ပါ…"
" အိုးး မင်းအထင်လွဲနေပြီ ငါကမင်းကိုပြန်ပေးခိုင်းနေတာမဟုတ်ပါဘူး…စိတ်မပူပါနဲ့…" ဒေါက်တာအဲလ်ဘတ်မှ ဆက်ပြောလာခဲ့သည်။
" ဒါကအပြန်အလှန်အကျိုးရှိတာပဲလေ… ငါတို့ရဲ့ဆက်ဆံရေးကို သက်ရောက်မှုမရှိပါဘူး…မနက်ဖြန်ပြီးရင် ငါတို့လည်းဒီကိစ္စနဲ့ပတ်သက်ပြီး အဆက်အသွယ်ရှိကြတော့မှာမှမဟုတ်တာ…ငါကအသစ်အဆန်းတွေနောက်ကို လိုက်တဲ့သူဖြစ်လို့… ရှန့် မင်းလည်းငါ့လိုပဲထင်တယ်…"
ကျန်းရွှိ ဧည့်ခန်းတံခါးကို တွန်းဖွင့်လိုက်ချိန် ၎င်းမှာ ပထမဆုံးကြားလိုက်ရသောစကားဖြစ်သည်။
ငြင်းပယ်တော့မည်ရှန့်ဖန်းယွိမှာ တံခါးဖွင့်သံကြောင့် မသိစိတ်မှလှမ်းကြည့်လိုက်ရာ ကျန်းရွှိ၏အကြည့်များနှင့်ဆုံတွေ့လိုက်ရသည်။
ဒေါက်တာအဲလ်ဘတ်လည်း လိုက်ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းများမှာ အပြုံးတစ်ပွင့်ဖြင့်ကော့တက်သွားခဲ့ပြီး ကျရောက်လာတော့မည်အန္တရာယ်ကို လုံးလုံးပင် သတိမူမိခြင်းမရှိဘဲ နှုတ်ဆက်လိုက်သည်။ " ဟယ်လို…"
ဤနေရာသို့ မလာခင်က ကျန်းရွှိ ယမန်နေ့ညတွင် ဒေါက်တာအဲလ်ဘတ်ကို အထင်လွဲမိသည့်အတွက် စိတ်မကောင်းဖြစ်နေခဲ့ရသော်လည်း ယနေ့တွင်မူ ဒေါက်တာအဲလ်ဘတ်မှ သူ့ကို ပြတ်ပြတ်သားသားသက်သေပြလာခဲ့ပေရာ ဤသည်မှာ အထင်လွဲမှုမဟုတ်နိုင်တော့ပေ။
ကျန်းရွှိချက်ချင်းမိတ်ဆက်မလာခြင်းကြောင့် အဲလ်ဘတ်မှ ခေါင်းကိုစောင်းကာ ရှန့်ဖန်းယွိကို မေးလိုက်သည်။ " ဘယ်သူလဲ…"
" ဒါကငါ့ရဲ့…"
" လက်တွဲဖော်ပါ…"
ရှန့်ဖန်းယွိ၏မိတ်ဆက်သံထွက်မလာခင်မှာပင် ကျန်းရွှိမှ သူ့ရှေ့တွင် သူတို့၏ပတ်သက်မှုကို တိုက်ရိုက်ပင်ကြေငြာလိုက်သည်။
များသောအားဖြင့် လက်တွဲဖော်ဟူသောစကားလုံးမှာ လက်မထပ်ရသေးသော်လည်း အတူနေကြပြီဖြစ်သည့် အခြေတကျဆက်ဆံရေးကိုညွှန်းဆိုကာ ကတိသစ္စာပြုထားပြီးသောဆက်ဆံရေးတစ်ခုဖြစ်ပြီး ချစ်သူရည်းစားအဆင့်ထက် ပိုသောအဆင့်တစ်ခုဖြစ်သည်။
ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ အေးစက်မာကျောပုံရသောကိုယ်ဟန်ကိုကြည့်ကာ အချိန်ခဏမျှစကားမပြောနိုင်အောင်ဖြစ်သွားရသည်။
လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းနှင့် အတန်းဖော်ဟောင်း စသည့်ဖြင့်အခြားသူများရှေ့တွင် ကျန်းရွှိသူ့ကို နာမ်စားများစွာသုံးကာ မိတ်ဆက်ပေးခဲ့ဖူးသည်။
သို့သော်လည်း ဤစကားလုံးကိုသုံးလာမည်ကိုမူ ရှန့်ဖန်းယွိ လုံးဝထင်မထားမိခဲ့ပါချေ။
ကျန်းရွှိ၏ဆိုလိုရင်းကို သဘောပေါက်သွားသောကြောင့် ဒေါက်တာအဲလ်ဘတ်၏အမူအယာမှာ ခဏတွင်း ပျော့ပျောင်းလာပြီး အချိန်တစ်ခုအကြာတွင် အင်္ကျီလက်များကို ကပျာကယာခေါက်တင်ကာ နောက်သို့လှည့်မကြည့်ဘဲ ကျီဟွားမှထွက်သွားခဲ့သည်။
နောက်ကြောင်းစုံစမ်းခြင်းပင် ရေရေရာရာမလုပ်ရသေးသော်လည်း ပြသနာမှာကြီးမားနေပြီဖြစ်သည်။
ပြသနာရှာသူမှာ ထွက်ပြေးသွားပြီး ဧည့်ခန်းဆောင်ထဲတွင် တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေသည့် မသက်မသာဖြစ်နေသောချစ်သူနှစ်ဦးကိုသာ ချန်ထားရစ်သည်။ ထို့နောက်တွင် ကျန်းရွှိ အိတ်ကပ်ထဲသို့ လက်ထည့်၍လှည့်ထွက်သွားခဲ့လေသည်။
ကျန်းရွှိ၏ခြေထောက်များမှာရှည်လျားပြီး ခြေလှမ်းများမှာမြန်ဆန်လှသောကြောင့် ရှန့်ဖန်းယွိ အလောတကြီးပြေးလိုက်သွားလိုက်ရကာ ချော့မော့သည့်အနေဖြင့် ပြောလိုက်ရသည်။ " သူဘာပြောချင်လဲဆိုတာ ငါတကယ်မသိဘူးနော်… ငါဒီအတိုင်းငြင်းပစ်လိုက်တာ…"
ကျန်းရွှိ သူ့ကိုလျစ်လျူရှုထားကာ ရှေ့သို့သာဆက်လျှောက်နေသည့်အတွက် ရှန့်ဖန်းယွိ အဖော်ရှာနေသည့်ဒေါင်းတစ်ကောင်ကဲ့သို့ အနောက်မှလိုက်သွားလိုက်ရကာ " အဲဒီစကားကို ထပ်ပြောပေးပါဦး…လုပ်ပါ ထပ်ပြောပါဦး ငါကမင်းအတွက်ဘာတဲ့…"
ကျန်းရွှိ၏ခြေလှမ်းများမှာ ရုံးခန်းသို့ဦးတည်နေသည်ကို မြင်လိုက်ရသည့်အတွက် ရှန့်ဖန်းယွိ တိုက်ရိုက်ပင် ကျန်းရွှိကို လူရှင်းသည့်လှေကားတွင်းသို့ ဆွဲခေါ်သွားလိုက်သည်။
" စိတ်မတိုပါနဲ့နော်…" သူ ကျန်းရွှိ၏အိတ်ထဲသို့ထည့်ထားသောလက်ကို အသာအယာထုတ်ယူလိုက်သည်။
ကျန်းရွှိမှာမူ တိတ်ဆိတ်နေမြဲပင်ဖြစ်သည်။
သူအမှန်တကယ်ပင် ရှန့်ဖန်းယွိကို စိတ်မတိုနေခဲ့ပေ။ ယခုအချိန်တွင် သူတို့မှာတွဲနေကြပြီဖြစ်သည့်အတွက် သူရှန့်ဖန်းယွိ၏ခံစားချက်များကို ကောင်းကောင်းသိနေသောကြောင့် သံသယမဝင်မိချေ။
သို့သော်လည်း သူအဘယ့်ကြောင့်မပျော်မရွှင်ဖြစ်နေသည့်အကြောင်းကိုမူ ကျန်းရွှိ သေချာမသိနေခဲ့ပေ။
ဒေါက်တာအဲလ်ဘတ်၏စကားများကို ကြားလိုက်ရချိန်၌ သူဒီအတိုင်းမသက်မသာဖြစ်လာခဲ့ရသည်။
ရှန့်ဖန်းယွိ လက်ကိုဆန့်ကာ ကျန်းရွှိ၏ဗိုက်ကိုထိကပ်လိုက်ပြီး သူ၏ခေါင်းကိုငုံ့ကာ အကူအညီတောင်းလိုက်သည်။ " ရှောင်ရှောင်းရေ မြန်မြန်လေးမင်းရဲ့ဖေဖေကိုနားချပါဦး… သူ့ကိုမပျော်မရွှင်မဖြစ်စေနဲ့တော့နော်…"
ထိုစကားကိုကြားလိုက်ရသည့်အတွက် ကျန်းရွှိလက်ကိုပုတ်ထုတ်ကာ ရှန့်ဖန်းယွိကို စိုက်ကြည့်လိုက်သည်။
ရှန့်ဖန်းယွိမှာမူ အရှက်မရှိထပ်မံ၍ ငုံ့ကိုင်းလာကာ သူ၏ပါးပြင်ကို နမ်းလိုက်လေသည်။
မျက်နှာပေါ်မှ ရုတ်တရက်ဖြစ်ပေါ်လာသောအပူချိန်ကြောင့် ကျန်းရွှိခေါင်းကိုစောင်းလိုက်ချိန်၌ ရှန့်ဖန်းယွိမှ သူ၏လည်ပင်းကို နမ်းလာပြန်သည်။
သို့သော်လည်း နွေးထွေးသောနှုတ်ခမ်းများမှ အရေပြားပေါ်သို့ ကျရောက်မလာခင်မှာပင် အနောက်ဘက်မှ ဘမ်းခနဲအသံတစ်ချက်ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးလုံး အနောက်သို့လှည့်ကြည့်လိုက်မှာတော့ တံခါးတွင် တောင့်တောင့်ကြီးရပ်နေသည့် ကျန်းချန်ကိုမြင်တွေ့လိုက်ရလေတော့သည်။