အပိုင်း ၁၁၃
Viewers 32k

🧑‍⚕️Chapter 113



တစ်ညလုံးမိုးရွာခဲ့သည်။ လိုက်ကာများဆွဲချလိုက်သောအခါတောက်ပ၍ မျက်စိကျိန်းစေသောနေရောင်ခြည်သာ အခန်းတွင်းပြည့်နေသည်။

ပျင်းရိဖွယ်နံနက်ခင်းဖြစ်ကာ ဒေါက်တာကျန်း၏အလုပ်နားရက်ဖြစ်သည်။ ဒေါက်တာရှန့်သည်ကလေးနို့မှုန့်ဖိုးအတွက်ငွေရှာရန် အလုပ်သို့သွားရမည်။

ကျန်းရွှိသည်အချိန်မှန်မှန် နိုးထလေ့ရှိသည်။ ထို့ကြောင့် ရှန့်ဖန်းယွိ နှိုးစက်နာရီကိုပိတ်လိုက်သည်နှင့် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။ရှန့်ဖန်းယွိ သည်သူ၏နဖူးကိုနမ်းကာ သူ၏မျက်လုံးများအား လက်ဖမိုးနှင့်အုပ်၍ ညင်သာစွာမေးခဲ့သည်။

 “ နေရတာ အဆင်မပြေတာမျိုး ရှိလား...”

ပြီးခဲ့သည့်ညကသူတို့၏ကိစ္စဝိစ္စများ ပြီးဆုံးသွားသောအခါရေချိုးရန်သွားခဲ့သည်။ မှန်များက အလွန်တောက်ပနေသောကြောင့်ဖြစ်မည်။ သူတို့ မထိန်းနိုင်တော့ဘဲ နောက်တဖန်စတင်ခဲ့ပြန်သည်။

ကိုယ်ဝန်ဆောင်ထားသောကြောင့် ကျန်းရွှိမှာ ပို၍ အားအင်ကုန်ခမ်းသည်။ ဒုတိယအကြိမ်အပြီးတွင်သူ၏ခြေထောက်များက အလွန်အားနည်းသောကြောင့် ရေပန်းကိုပင်အသုံးမပြုနိုင်တော့ဘဲ…ရေချိုးကန်ကိုသာမှီ၍ အိပ်ပျော်သွားသည်။ နောက်ဆုံးတွင် ရှန့်ဖန်းယွိကသာသူ့အားဆေးကြောသန့်စင်ပေးကာ အိပ်ရာထဲသို့ ပြန်ပို့ပေးခဲ့သည်။

ကျန်းရွှိ ခေါင်းကိုခါလိုက်သည်။ အလွန်အိပ်ငိုက်နေကာ စကားပြောနေသည်ဟုပင်မခံစားရပေ။

ရှန့်ဖန်းယွိကသူ့အား အနှောင့်အယှက်မပေးတော့ဘဲသူ၏ဖိနပ်အပါးများကိုစီးလိုက်ကာ  

“ ငါအခုနိုးပြီ...မင်းနည်းနည်းလေးထပ်အိပ်လိုက်အုံး… နောက်မှမင်းအတွက်စားပွဲပေါ်မှာမနက်စာပြင်ပေးမယ်.."

ကျန်းရွှိသည်သဘောတူကြောင်းအသံပြုသည်။ ရှန့်ဖန်းယွိသည် ချစ်ရသူ၏ အိပ်ပျော်နေသောမျက်နှာကိုအချိန်ကြာမြင့်စွာစိုက်ကြည့်ခဲ့သော်လည်း မနေနိုင်ပဲ ခေါင်းကိုငုံ့ကာ ကျန်းရွှိ၏နှုတ်ခမ်းများနှင့်မျက်နှာချင်းဆိုင်၍ 

"ငါ့ကို အနမ်းပေး..."

ကျန်းရွှိသည်သူ၏မျက်လုံးများပိတ်သည်ထိပြုံးပြကာ ရှန့်ဖန်းယွိ၏ပါးကိုသူ၏ နှုတ်ခမ်းများနှင့် ထိ၍ အနမ်းပေးလိုက်သည်။

အလုပ်ကြိုးစားရသည့် လှပသောနေ့လေးကထိုမှ စတင်သည်။ ပထမဆုံးအကြိမ်အဖြစ် ဒေါက်တာရှန့်သည် အချိန်ပိုမဆင်းချင်ပေ။အိမ်ပြန်ချိန်ရောက်သောအခါ သူသည် ချက်ချင်းပင် ပေါ့ပါးသောစိတ်နှလုံးဖြင့်ဆေးရုံမှလမ်းလျှောက်ထွက်လာခဲ့သည်။

သို့သော် သူသည် ကောင်းမွန်သောစိတ်များဖြင့်ဆေးရုံဝင်ပေါက်သို့ရောက်သောအခါ ရက်ပေါင်းများစွာမမြင်ရသေးသည့် သူ၏အကြီးဆုံးအစ်ကိုနှင့် တွေ့ခဲ့သည်။

“ ငါနဲ့အတူငါတို့ဇာတိမြို့ကိုလိုက်ခဲ့ …မင်းရဲ့ဌာနကို ငါမေးခဲ့ပြီးပြီ မင်းမနက်ဖန်နားရက်… ငါနဲ့အတူပြန်လိုက်ခဲ့..." 

ရှန့်ပိုင်ဟန်ကအနက်ရောင်လက်ဆွဲအိတ်ကိုကိုင်ကာ ရှန့်ဖန်းယွိ ၏လမ်းကိုပိတ်ဆို့လိုက်သည်။

ရှန့်ဖန်းယွိ တွန့်ဆုတ်နေခဲ့သည်။ အချစ်များဖလှယ်သည့်ညပြီးနောက် သူ့အားအိမ်တွင်စောင့်မျော်နေမည့်သူသည် သူအလွယ်တကူခွဲခွါချင်သည့် သူမျိုးမဟုတ်ပေ။

“ အစ်ကို ကျွန်တော် အလုပ်က ပင်ပန်းလာတာ ကျွန်တော့်အိမ်ပဲကျွန်တော်ပြန်ချင်တယ်...” ရှန့်ဖန်းယွိသည်ခြေလှမ်းအနည်းငယ်ဆုတ်ကာ ငြင်းဆန်ခဲ့သည်။

“ မင်းမိဘတွေဆီပြန်ပြီး မင်းဘယ်သူနဲ့လက်ထပ်ခဲ့တာ တွေ သူဘာလုပ်လဲ ဘယ်မှာအလုပ်လုပ်လဲ သူတို့မိသားစုဝင် ဘယ်နှစ်ယောက်ရှိတယ် အဓိကအခြေအနေက ဘာဆိုတာကို မင်းပြန်ရှင်းပြဖို့လိုသေးတယ်လေ..." 

ဒေါက်တာရှန်သည်သူ၏မိသားစုနှင့် တိုင်ပင်ခြင်းမရှိဘဲပြည်ပတွင်လက်ထပ်ခဲ့ပြီး မိဘများအားစာတစ်စောင်ပို့ခဲ့သည်။ သူသည်တစ်သက်တာအတွက်လက်တွဲဖော်တစ်ဦးနှင့်တွေ့ကာ လက်ထပ်ခဲ့ပြီးစိတ်ပူစရာမလိုဟုပြောခဲ့သည်။ 

“ငါမင်းရဲ့ပိုက်ဆံတွေနဲ့ မိဘတွေရဲ့ ပိုက်ဆံတွေ ပြန်ပေးရင်ရပြီလေ.. ငါတို့ဒီအကြောင်းတွေပြောဖို့လိုသေးလို့လား…ငါ့ပြဿနာကိစ္စတွေကိုမင်းဘာကြောင့်စစ်ဆေးနေရတာလဲ...”

ရှန့်ဖန်းယွိသည် ကျန်းရွှိကဒေါက်တာခန်းအား သူ၏ခွဲစိတ်မှုလုပ်စေချင်နေသည်ဟု ထင်ခဲ့သည့်အချိန်က ချေးခဲ့ရသည့်ပိုက်ဆံအကြောင်းပြောနေခြင်းဖြစ်သည်။

“ မင်းရဲ့ပြဿနာတွေကိုငါ မစစ်ဆေးဘူး ..ငါကမင်းနဲ့ပတ်သက်လို့ပြောနေတာ.…ဖန်းယွိ …မင်းကအခု မဆင်မခြင်တွေလုပ်နေတာနော်… လက်ထပ်ထိမ်းမြားတာလို ကိစ္စကြီးနဲ့ပတ်သက်ပြီးတော့ မင်းကမိသားစုကိုဘာလို့မပြောရတာလဲ.."

“ သူတို့ကိုငါပြောပြခဲ့တယ်..” ရှန့်ဖန်းယွိ ကပြောသည်။

“ မင်းငါ့ကိုတားဖို့လာတယ်လို ငါပြောခဲ့လို့လား…ငါသိတယ်..ငါဘာမှမပြောတာ… ဒီမှာ အစ်ကို…ရိုးရိုးသားသားပြောရရင် မင်းလက်ထပ်ပြီးတဲ့နောက် မင်းနဲ့မင်းရဲ့ဇနီးကိုငါအနှောင့်အယှက်မပေးခဲ့ဘူး…အခုငါလက်ထပ်လိုက်ပြီးငါ့ရဲ့အိမ်ထောင်ဖက်က အိမ်မှာငါ့ကိုစောင့်နေတယ်…ရုတ်တရက်ကြီး ငါကို မွေးရပ်မြေကိုပြန်သွားစေချင်တာလား...”

ထိုစကားလုံးများကြောင့် ရှန့်ပိုင်ဟန်၏မျက်နှာအမူအယာမှာ ပြောင်းလဲသွားသည်။ 

"အိမ်မှာ မင်းကိုစောင့်နေပါတာလား…တစ်ယောက်ယောက်ကိုထောက်ပံ့နေတာလား…မင်းဘယ်သူ့ကိုရှာခဲ့တာလဲ...”

သူကမျက်မှောင်ကြုတ်၍မေးသည်။

 ရှန့်ဖန်းယွိက “ အစ်ကို.. မင်းငါ့ကို မတွေဝေဘဲ ငွေချေးပေးခဲ့တာမှတ်မိလား…ငါတကယ်ရင်ထဲထိသွားခဲ့တယ်…ဒါပေမယ့်အခု ငါတကယ်အိမ်ပြန်ချင်ဘူး… ငါ့ကိုနားလည်ပေးနိုင်မလား...”

“အဲ့ဒီလူအတွက် မင်းအရင်က ငါ့ဆီကပိုက်ဆံချေးခဲ့တာလား...” ရှန့်ပိုင်ဟန်က မေးသည်။

ထိုအချိန်တွင် ရှန့်ဖန်းယွိ သည်သူ့လက်တွဲဖော်၏ခွဲစိတ်မှုအတွက်လိုအပ်ကြောင်းပြောကြားခဲ့သည်။ သူ၏ညီသည်ဤနှစ်များတစ်လျှောက်လုံး မိသားစုအားလက်တွဲဖော်တစ်ဦးကိုရှာဖွေရန်တစ်ခါမျှမပြောခဲ့ပါပေ။နောက်ဆုံးတွင်သူသည်ပွင့်ပွင့်လင်းလင်း သူနှင့်ပိုမိုစကားပြောရန်ဆန္ဒရှိလာသည်။ သူ့အားစိတ်မပျော်ဖြစ်စေမည် စိုးသည့်အတွက်မေးခွန်းများစွာပင် မမေးရဲခဲ့ပေ။

သူကသူ၏ညီငယ်သည် လက်တွဲဖော်အားသူတို့မိသားစုနှင့်တွေ့ဆုံပေးရန် အိမ်သိုခေါ်လာလိမ့်မည်ဟု မျှော်လင့်မထားသော်လည်း သူလက်ထပ်ခဲ့ပြီးကြောင်းပြောပြခဲ့သည်။

“ အဲ့ဒီလူအတွက်ပါ…ဒါပေမယ့်သူ့ကိုထောက်ပံ့ဖို့မဟုတ်ပါဘူး...”

ရှန့်ပိုင်ဟန် သည်တစ်နေရာတည်းတွင် ရှေ့တိုးနောက်ဆုတ် ခြေလှမ်းနေကာ

"မင်းလုပ်ချင်သမျှကို ငါတို့ခွင့်ပြုနိုင်တယ်…ဒါပေမယ့် လက်ထပ်တာလိုမျိုးကြီးမားတဲ့ကိစ္စမျိုးကိုတော့ မင်းစိတ်ကျေနပ်သလို လုပ်လိုက်လို့မရဘူးလေ..မင်းလှည့်စားခံရမယ်နော်..."

ရှန့်ဖန်းယွိ သည် ကျန်းရွှိအား ထိုကဲ့သို့သံသယဝင်သည်ကို မကြိုက်ပေ။ သူ၏ မျက်နှာကအေးစက်သွားကာ… “ ငါဘာလုပ်နေတယ်ဆိုတာငါသိတယ်..”

သူသည်အစက “ မင်းငါ့ကို အရင်တုန်းကလည်းမစိုးရိမ်ခဲ့ပဲနဲ့ အခုမှလာပြီးငါ့ကိုစိုးရိမ်ပြစရာမလိုပါဘူး...” ဟုပြောလိုက်ချင်သော်လည်း…သူသည် သူ့အစ်ကို၏ မျက်နှာမှ စိတ်ကောင်းဝင်နေသည်ကို မြင်ရသောအခါ သူသည်ထိုစကားလုံးများကို မျိုသိပ်ထားလိုက်သည်။

“ဒါဖြင့် ငါနဲ့အတူပြန်လိုက်ပြီးအမေနဲ့အဖေကိုရှင်းပြလိုက်…အကယ်၍ မင်းက သင့်တော်တဲ့ လူနဲ့တွေ့ထားတယ်ဆို မင်းရဲ့အစ်ကိုကြီးက ဘာမှမပြောဘဲ အနီရောင်စာအိတ်ကြီးနှစ်ခုလုံးပေးမယ်..."

“ ဖန်းယွိ..အဲဒီအချိန်တုန်းက မင်းပိုက်ဆံလိုတယ်ဆိုတာကြားလို့ အမေနဲ့အဖေက အရမ်းစိုးရိမ်ပြီးပင်စင်ကြေးတွေကိုတောင်ထုတ်ခဲ့တာ…ငါတို့က မင်းကိုဂရုစိုက်ပါတယ်…သေသေချာချာလေး စဉ်းစားပါအုံး...”

“အဲဒီအချိန်တုန်းကမင်းဆီကနေငါချေးတာလေ… အမေနဲ့အဖေကို ဘာလို့ပြောပြရတာလဲ...” ရှန့်ဖန်းယွိက မေးသည်။

“အေးပါ… အဲ့ဒါငါ့အမှားပါ… အခုကမင်းကို ငါနဲ့အတူပြန်လိုက်ဖို့ တောင်းဆိုနေတာ..အမေနဲ့အဖေက မင်းရုတ်တရက်လက်ထပ်သွားတာကိုကြားတော့ အရမ်းစိုးရိမ်နေကြတာ..မဟုတ်ရင်ငါဒီလိုခွင့်ယူပြီး မင်းကိုရှာဖို့ A မြို့ ကိုလာမှာမဟုတ်ဘူး…မင်းက ဖုန်းထဲကဆို ဆင်ခြေတွေအများကြီပေးမယ်ဆိုတာ ငါသိတယ်…ဒါပေမယ့်ငါအခုဒီမှာရောက်နေပြီ….မင်း ငါနဲ့အတူပြန်လိုက်မှာမလား...”

ရှန့်ပိုင်ဟန် ၏စိတ်ရင်းမှန်ဖြင့်ပြောဆိုနေသည်ကိုကြည့်ခြင်းအားဖြင့် ရှန့်ဖန်းယွိ သည်သူ၏မျက်နှာကိုဘေးတစ်ဘက်သို့လှည့်ကာခဏတိတ်ဆိတ်စွာနေခဲ့သည်။

မည်မျှပင် စိတ်ရင်းမှန်နှင့်ပြောသော်လည်း သူ၏မိဘများနှင့်အစ်ကိုအား သူ၏စိတ်နှလုံးထဲတွင်မကျေမနပ်ဖြစ်နေဆဲပင်…။

အရင်က သူ၏မိဘများနှင့် အစ်ကိုသည် သူ့ထံမှ ဝေးကွာနေကြကာ ယခုမှ သူ့အားဂရုစိုက်ပြလာသည်။ သူသည် သူတို့နှင့် ခပ်ကင်းကင်းသာနေချင်တော့သည်။

ခဏကြသောအခါသူက ရှန့်ပိုင်ဟန်အား

 "ခဏစောင့်…ငါဖုန်းခေါ်အုံးမယ်...”

သူသည်ဘေးဘက်သို့လမ်းလျှောက်သွားပြီး ကျန်းရွှိအားဖုန်းခေါ်လိုက်သည်။

" မင်းအိမ်ပြန်လာနေပြီလား..." ကျန်းရွှိကမေးသည်။

"ငါ့ရဲ့မိဘတွေက ငါလက်ထပ်ပြီးပြီကြားတော့ ပြန်လာတွေ့စေချင်ကြတယ်တဲ့…"

"ငါမင်းနဲ့အတူသွားဖို့လိုသေးလား..”

“ မလိုအပ်ပါဘူး… စိတ်မပူပါနဲ့…အဲဒါကိုကိုင်တွယ်နိုင်ပါတယ်….ငါမနက်ဖြန်ပြန်လာမယ်နော်...”

“ ဟုတ်ပြီ…စောစောပြန်လာနော် …ကောင်းကောင်းမွန်မွန်ပေါ့…အငြင်းအခုံတွေမပြောနဲ့...” 

ကျန်းရွှိက ရှန့်ဖန်းယွိ ဖုန်းမချခင် ထပ်၍ပြောလိုက်သည်။ 

ရှန့်ဖန်းယွိသည်အိမ်သို့အတင်းပြန်ခိုင်းခံရခြင်းနှင့် ပတ်သက်၍ နားမလည်နိုင်လောက်အောင်ပင် မပျော်မရွှင်ဖြစ်နေသည်။

အိမ်ပြန်မည့် မြန်နှုန်းမြင့်ရထားပေါ်တွင်ညီအစ်ကိုနှစ်ဦးမှာ လုံးဝအသံတိတ်နေခဲ့ကြသည်။

သူ၏ညီငယ်အပေါ် ရှန့်ပိုင်ဟန်၏ ခံစားချက်များကအမြဲရှုပ်ထွေးနေခဲ့သည်။

သူတို့ငယ်စဉ်အခါက သူနှင့်မိဘများက A မြို့တွင်ရှိကြစဉ် မိဘများသည် သူတို့၏သားငယ်အား အမြဲတမ်းလွမ်းနေခဲ့ကြသည်။ သူတို့သည် သူတို့၏ သားငယ်အားပြန်သွားခေါ်ချင်ကြောင်း ပြောသည်ကို ရှန့်ပိုင်ဟန် အကြိမ်ကြိမ်ကြားခဲ့ရသည်။

သို့သော်ကလေးငယ်တစ်ဦးအနေဖြင့် ပိုင်ဆိုင်လိုစိတ်ကြီးမားခဲ့သည်။ အမှန်မှာ သူ၏ညီငယ်မွေးဖွားစဉ်က သူ့မိဘများ၏ လျစ်လျူရှုမှုကိုခံစားခဲ့ရသည်။

အခြားကလေးများ ကစားစရာများကို ၀ယ်နေကြသောအခါ သူလည်းလိုချင်ခဲ့သည်။ သူ၏မိဘများက သူတို့ညီငယ်အတွက် ဒဏ်ငွေပေးရန်ပိုက်ဆံသုံးရမည်ဖြစ်ကာ ကစားစရာများဝယ်ပေးရန် မတတ်နိုင်ကြောင်းပြောသည်။ ထိုအချိန်ကတည်းကပင် သူသည် သူ၏ညီငယ်ကို သဘောမကျခဲ့ပေ။

ဒဏ်ငွေမှာ ကလေးအပိုရှိခြင်းအတွက်ပေးရခြင်းပင်။

နောက်ပိုင်းတွင် သူတို့၏မိသားစုသုံးဦးသည် A မြို့သို့သွားသောကာ ညီငယ်ကိုသူတို့၏မွေးရပ်မြေတွင်ထားခဲ့သည်။ သူ၏မိဘများ သူ့ညီအားခေါ်လာမည်ကို မည်သို့ပင်ဖြစ်စေ ငြင်းဆန်ခဲ့သည်။

ပြဿနာပေါ်ပေါက်လာတိုင်း သူသည် ဝုန်းဒိုင်းကြဲခြင်းသို့မဟုတ်ဖျားနာဟန်ဆောင်ခြင်းများ ပြုလုပ်ကာ သူ့မိဘများအား ကလေးတစ်ဦးတည်းအပေါ်သာ စိတ်ရောက်နေပြီး အခြားတစ်ယောက်အတွက် အချိန်မရှိဟု ခံစားရစေခဲ့သည်။

နောက်ပိုင်းတွင် သူသည်ကြီးပြင်းလာပြီး အသိဉာဏ်ရှိလာသောအခါ သူ၏ညီငယ်သည်လည်း မိသားစုဝင်တစ် ဦး ဖြစ်ကြောင်းသဘောပေါက်လာသည်။ သူ့တွင် အားထားရသောညီအကို တစ်ယောက်ရှိခြင်းက ကံကောင်းသည်ကိုနားလည်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူနှင့်သူ့ညီအကြား ပြင်မရတော့သော ဒဏ်ရာများရှိနေပြီဖြစ်သည်။

သူအထက်တန်းကျောင်းတက်ချိန်တွင် ဖန်းယွိအား ကျောင်းသို့ခေါ်လိုကြောင်း သူ၏မိဘများကိုပြောပြသော်လည်း ရှန့်ဖန်းယွိ သည်လာရန်ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် ရှန့်ဖန်းယွိ သည်ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့ကာ ဘွဲ့ရပြီးနောက် အလုပ်လျှောက်ထားခဲ့ပြီး မည်သည့်ဌာနကျသည်ကိုပင်မပြောပြပေ။

သူသည် သူ့ညီအပေါ် အကြွေးတင်နေသည်ကိုနားလည်ကာ သူတို့၏ဆက်ဆံရေးအား ပြန်လည်ပြုပြင်ချင်သည်။ သို့သော် အပြင်လူများရှေ့တွင် အမြဲတစေ အန္တရာယ်မရှိပုံနှင့် အပြောကောင်းသော သူ၏ညီသည် အိမ်တွင်မူ ဆူးများသော ဖြူကောင်ကဲ့သို့ဖြစ်သည်။ ခပ်ဝေးဝေးမှနေလျှင် သူသည်အန္တရာယ်မရှိဟုထင်ရသော်လည်း သူ၏အနားနီးကပ်သွားသည်နှင့်အမျှ သူ၏အကာအကွယ်ဆူးတောင်များကို သတိမမူပဲ ထုတ်ဖော်ပြလိမ့်မည်။

သူတို့အိမ်ပြန်ရောက်သည့်အချိန်တွင် အပြင်ဘက်၌မှောင်နေပြီဖြစ်သည်။

ရှန့်ဖန်းယွိသည် ရှန့်ပိုင်ဟန်နှင့် အိမ်ထဲသို့ လိုက်ဝင်ကာ မမြင်ရသည်မှာကြာပြီဖြစ်သောသူ၏မိဘများကိုတွေ့ခဲ့သည်။

“ အဖေနဲ့ အမေ ”

အိမ်ထဲသို့ မဝင်ခင်တွင် သူဝယ်ခဲ့သောအသီးများအား မိဘများထံပေးအပ်ခဲ့ပြီး တစ်ဦးချင်းစီအတွက် မင်းကွတ်သီးများကိုအခွံခွာခဲ့သည်။ထို့နောက်သူသည်လက်များကိုတစ်သျုးလိပ်ဖြင့်သုတ်ကာ ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး သူ၏မိဘများနှင့်အစ်ကိုအား တရားရုံးတွင် ရုံးတင်စစ်ဆေးခြင်းနှင့်ရင်ဆိုင်နေရသကဲ့သို့ ကြည့်နေခဲ့သည်။ သူ ရှင်းရှင်းလင်းလင်းထုတ်ပြောလိုက်သည်။

 "မေးစရာတွေရှိရင်မေးလို့ရပါတယ်..."

အဖေရှန့်က သူ့အား ကြည့်ရင်း သူထုတ်ဖော်ပြောဆိုတော့မည့်စကားအားပြန်မျိုသိပ်လိုက်သည်။ အမေရှန့် က သူမ၏သားကြီးကိုကြည့်ကာ အကြည့်ဖြင့်အရိပ်အမြွက်ပြသည်။

ရှန့်ပိုင်ဟန်သည် ရေတစ်ငုံမျှသောက်ပြီးနောက် 

“ သူက ဘယ်သူဘယ်ဝါဆိုတာ အရင်ဆုံးပြောပြ..."

“ငါ့လိုမျိုးလူတစ်ယောက်ပဲ..” ရှန့်ဖန်းယွိကပြောကြားခဲ့သည်။

“ ဆရာဝန်လား..” ရှန့်ပိုင်ဟန် သည်သက်ပြင်းချလိုက်သည်။

"ဆရာဝန်တစ်ဦး ဖြစ်နေတာက လေးစားဖို့ကောင်းတဲ့အလုပ်ပါပဲ….အလုပ်လည်းရှုပ်မှာပေါ့ ဒါပေမယ့်တခြားဟာတွေထက် ပိုကောင်းပါတယ်…ဒါပေမယ့်လည်း ငါတို့စကားတော့ပြောကြည့်ရမယ်လေ..”

“ ဖန်းယွိ …မင်းသူ့ကို အမေတို့နဲ့တွေ့ဖို့ ဘယ်တော့ပြန်ခေါ်လာမှာလဲ.." 

အမေရှန့် ကတွန့်ဆုတ်နေကာ

"အမေဝင်စွက်ဖက်ဖို့မရည်ရွယ်ဘူး…အမေသူ့ကိုတွေ့ချင်ရုံပါ.. နောက်ဆုံးမှာ သူကငါ့ရဲ့ချွေးမပဲမို့ အမေသူနဲ့တွေ့ချင်တယ်..”

"ငါတို့ရဲ့ မိသားစုက လွယ်ကူပါတယ်...” 

အဖေရှန့်က ထပ်ပြောသည်။

 “အကယ်၍ သူကြောက်လို့ အဆင်မပြေရင်လည်း ပိုင်ဟန်လည်း သူ့ဇနီးကိုခေါ်လာပါစေ… ငါတို့အားလုံးအတူတူညစာစားလို့ရတာပေါ့...”

ရှန့်ဖန်းယွိက သူတို့သုံးယောက်ကိုကြည့်ကာ 

“ ကျွန်တော့်လို ဆရာဝန်တစ်ယောက် ယောကျာ်းတစ်ယောက်ပဲ"

အဖေဖြစ်သူ၏ မင်းကွတ်သီးများကိုင်နေသော လက်က တုန်ယင်သွားကာ အသီးများအောက်သို့ပြုတ်ကျသွားသည်။အမေဖြစ်သူသည်လည်း ရှန့်ဖန်းယွိပြောသည်ကိုခဏတာမျှနားမလည်ပဲ ဖြစ်သွားကာ ရင်ဘတ်ကိုလက်နှင့်ဖိအုပ်ထားသည်။

ရှန့်ပိုင်ဟန်သည်ထိုကဲ့သို့သောကြီးမားသောတုံ့ပြန်မှုမျိုးမရှိဟုထင်ရသော်လည်း သူ၏မျက်လုံးများထဲတွင် တုန်လှုပ်အံ့ဩနေဆဲဖြစ်သည်။

“ မင်းငါ့ကိုနှလုံးရောဂါရအောင်လုပ်နေတာလား…မင်းဘာလုပ်တာလဲ.. ယောက်ျားတစ်ယောက်နှင့်လက်ထပ်တာ..ရူးနေပြီလား..”

အမေဖြစ်သူကပြောသည်။

ရှန့်ဖန်းယွိသည်တစ်ရှူးကိုယူ၍ မင်းကွတ်သီးကို သပ်ယူကာအမှိုက်ပုံးထဲသို့ပစ်လိုက်သည်။ထို့နောက်သူသည် ကြမ်းပြင်ပေါ်မှ အသီးအနှစ်များကို သုတ်လိုက်သည်။

“အဲ့လောက်ချဲ့ကားပြောမနေပါနဲ့တော့.. နှစ်စဉ်နှစ်တိုင်းအမေတို့ရဲ့ရုပ်ပိုင်းဆိုင်ရာဆေးစစ်ချက်တွေ လုပ်ပေးထားတယ်….ဆေးစစ်ချက်တွေကိုလည်း ကျွန်တော်ပဲရွေးယူပေးတာ.. အဲ့တော့ အမေတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုဘယ်လိုလုပ် မသိပဲနေမှာလဲ.…နှစ်ယောက်လုံးကျန်းမာရေးကောင်းတာကိုမသိခဲ့ရင်…ကျွန်တော်ဒီလိုအလွယ်တကူပြောပြပါ့မလား..."

ရှန့်ပိုင်ဟန်က “ရှန့်ဖန်းယွိ မင်းဘယ်လိုတောင်ပြောရတာလဲ..”

ရှန့်ဖန်းယွိသည်သူ၏နှုတ်ခမ်းကို တင်းတင်းစေ့၍ မိဘများကိုကြည့်လိုက်သည်။ ရှန့်ဖန်းယွိအား စိတ်ပျက်စရာကောင်းသည့်မျက်နှာဖြင့်ကြည့်နေစဉ် အဖေရှန့်သည် အမေဖြစ်သူအား စိတ်ငြိမ်စေခဲ့သည်။

ရှန့်ဖန်းယွိ ခေါင်းငုံလိုက်ကာ ဂရုမပြုပဲ ခပ်ပေါ့ပေါ့ရယ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ့မိဘများက သူ့အပေါ်မည်သည့်မျှော်လင့်ချက်မှ မထားခဲ့ဖူးကြပေ။

အကယ်၍ သူတို့စိတ်ပျက်ခဲ့မည်ဆိုလျင် သူတို့အားစိတ်ပျက်ခွင့်သာပြုလိုက်မည်။

“ ၂၁ ရာစုရှိနေပါပြီ…အမေတို့ရဲ့သားက အထက်တန်းကျောင်းသားမဟုတ်တော့ဘူး…အမေတို့ ဆန့်ကျင်လို့မရဘူး.."