အပိုင်း ၁၁၄
Viewers 32k

🧑‍⚕️Chapter 114



ထိုကဲ့သို့သောကိစ္စမျိုးသည် တစ်စုံတစ်ဦး ၏မိသားစုတွင်ဖြစ်ပျက်ခဲ့လျှင် ပရမ်းပတာနှင့်ပဋိပက္ခများစွာဖြစ်သွားနိုင်သည်။ သို့သော် ရှန့်ဖန်းယွိ ၏ မိဘများသည် စကားအနည်းငယ်ပြောကာ အခြားဘာမျှမပြောနိုင်ပေ။

သူတို့၏ သားအား မည်သို့ ကိုင်တွယ်ရမည်ကိုမသိကြတော့။

သူသည် သူတို့၏သွေးသားရင်းဖြစ်သော်လည်း သူနှင့်မျက်နှာချင်းဆိုင်ရသည့်အခါ တွင်စိတ်မသက်မသာဖြစ်ကာယုံကြည်မှုကင်းမဲ့သွားသည်ဟုခံစားနေကြရသည်။

ခဏတာတွန့်ဆုတ်နေပြီးနောက် အမေဖြစ်သူရှန့်သည် ရှန့်ဖန်းယွိအား မဝံ့မရဲ အကြံပေးခဲ့သည်။

“မင်းရဲ့ယောင်းမက သူ့အလုပ်ခွင်မှာ မင်းနဲ့လိုက်လောက်မယ့် ကောင်းတဲ့မိန်းကလေးတစ်ယောက်ရှိတယ်လို့ ပြောတာကြားဖူးတယ်…မင်းကိုမိတ်ဆက်ပေးရမလား...”

ရှန့်ပိုင်ဟန် သည်ထိုကိစ္စများကိုဆွေးနွေးရန် အချိန်ကောင်းမဟုတ်ကြောင်းသိသည်။ ထို့ကြောင့်သူက

“အဲ့ဒါမျိုးတွေမလိုအပ်တော့ဘူးလေ...”

သို့သော် အမေဖြစ်သူက ရှန့်ဖန်းယွိအားဆက်လက်တိုက်တွန်းခဲ့သည်။

“မင်းရဲ့အစ်ကိုနဲ့ ယောင်းမလေးကိုကြည့်စမ်းပါ… သူတို့မှာကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ဒဏ္ဍာရီထဲက စုံတွဲတွေလိုပဲ…အခုသူတို့မှာကလေးနှစ်ယောက်လည်းရှိတယ်..သူတို့ကိုမနာလိုဘူးလား..မင်းယောင်းမလေးအလုပ်က တစ်ယောက်ကိုမှ မကြိုက်ဘူးဆိုရင်တောင် A မြို့ မှာမင်းအတွက်ကောင်းသောမိန်းကလေးများအများကြီးရှိပါတယ်ကွယ်…ဘာလို့ဒီလိုဘဝမျိုးမှာနေချင်ရတာလဲ...”

“ ရှန့်ဖန်းယွိ…ဒါကမင်းရဲ့ဘဝနဲ့သက်ဆိုင်တယ်…မင်းသေချာစဉ်းစားရမယ်..” အဖေဖြစ်သူရှန့်က ထပ်ပြောသည်။ 

“လက်ထပ်ထိမ်းမြားတာက ဘဝရဲ့ အရာအားလုံးမဟုတ်ပေမယ့် မင်းဘဝရဲ့ အတွေ့အကြုံအပေါ် သိသိသာသာ သက်ရောက်မှုရှိနေမှာ.."

ရှန့်ဖန်းယွိ က “ကျွန်တော်အဲ့ဒါတွေ တွေးပြီးသားပါ…အဖေ့ရဲ့သားက သူ့အနာဂတ်အိမ်ထောင်ဖက်အပေါ် သူ့အမြင်နဲ့သတ်မှတ်ထားပြီးသား.. အဖေတို့က ကျွန်တော့်ကို မိန်းမတစ် ယောက်နဲ့ပဲ လက်ထပ်ဖို့ အတင်းအကျပ် တွန်းအားပေးနေရင် ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်တော့်လိင်တူချစ်သူနဲ့ လက်ထပ်ထားတာကို ကြေငြာလိုက်မှာ…ကျွန်တော်က အဖေတို့ရှက်သွားအောင် လုပ်ပစ်မှာ ဘာမှ ထပ်မပြောဘူး…ပြီးတော့ ဘယ်မိန်းကလေးကမှ ကျွန်တော်နဲ့ လက်ထပ်ဖို့အထိ ရူးနှမ်းမိုက်မဲလိမ့်မယ်လို့မထင်ဘူး…"

“ မင်း ... ” အဖေ ဖြစ်သူရှန့်သည်အလွန်ဒေါသထွက်သော်လည်း ပြောစရာစကားလုံးများကိုရှာမတွေ့ပေ။

“ သူ့နာမည်ကဘာလဲ…သူက မင်းနဲ့ဌာနတစ်ခုတည်းမှာရှိတာလား...” အမေဖြစ်သူရှန့်သည် သူမ၏လက်ချောင်းများကိုဖျစ်ညစ်ကာမေးသည်။

“ ကျွန်တော် အခုတော့ ပြောပြမှာမဟုတ်ဘူး… ကျွန်တော်ပြောပြရင် အမေတို့ သူ့ကိုပြဿနာရှာကြမှာမဟုတ်လား .…အမေတို့ အဲ့ဒါကို စဉ်းစားပြီးလက်ခံနိုင်တဲ့အခါကျွန်တော်တို့အတူတူထိုင်ပြီး ကျွန်တော့်အိမ်ထောင်ဖက်နဲ့ ထမင်းအတူစားပြီးထပ်ဆွေးနွေးလို့ရတယ်...”

သူသည် ရှန့်ပိုင်ဟန် ကိုကြည့်ကာ

 “မင်းရဲ့သားသမီးတာဝန်တွေကိုဂရုစိုက်ပြီး သူတို့ရဲ့မြေးတွေနဲ့ ပျော်မွေ့ခိုင်းလိုက်ပါ… ငါကတော့ပုန်ကန်တဲ့သူပေါ့.."

"အကယ်၍ကျွန်တော့်ကိုလက်မခံနိုင်ရင်လည်း ကျွန်တော့်လိုသားမျိုးမရှိသလိုပဲဟန်ဆောင်နေလိုက်ပေါ့…အဲ့ဒါကပြဿနာမရှိပါဘူး…အရင်ကတည်းကအဲ့လိုပဲနေခဲ့တာလေ.."

“ ရှန့်ဖန်းယွိ…” ရှန့်ပိုင်ဟန်သည်ဒေါသတကြီးဖြင့်အော်လိုက်သည်။

“ ဒီနေ့မင်းဘယ်လိုတွေဖြစ်နေတာလဲ..မင်းပဲဝေဖန်ခံနေရသလို သရုပ်ဆောင်ပြနေတယ်… စကားကို ပုံမှန်ပြောလို့မရဘူးလား..”

အဖေဖြစ်သူရှန့်လည်းစကားလုံးများကြောင့်နာကျင်နေကာ …တံခါးသို့လက်ညှိုးထိုး၍ အသေအချာပင်ပြောလိုက်သည်။

 “ဒီနေရာကနေထွက်သွား..”

ရှန့်ဖန်းယွိ သည်ထိုစကားများကိုကြားသောအခါလေးလေးနက်နက်ပင် ခေါင်းညိတ်လိုက်သည်။ထို့နောက် ဆိုဖာပေါ်မှထလိုက်သော်လည်း အမေဖြစ်သူရှန့် ကသူ့လက်အား ဆုပ်ကိုင်လိုက်သည်။

“ မင်းဘာကြောင့်ပြန် ငြင်းခုံပြောနေတာလဲ..ပါးစပ်ပိတ်ထား..” 

အမေဖြစ်သူရှန့်၏ မျက်စိများက ရုတ်တရက်နီလာသည်။ သူမသည် ရှန့်ဖန်းယွိ၏ လက်ဖျံကိုကိုင်ကာ တိုးတိုးပြောသည်။ 

“ မင်းပြောင်းလဲလို့မရဘူးလားကွယ်…မင်းယောကျာ်းလေးပဲကြိုက်တာလား…ဟင်”

အရွယ်ရောက်ပြီးသည့် သားဖြစ်သူ ရှန့်ဖန်းယွိသည်အလွန်အရပ်ရှည်သည်။ သူငယ်ရွယ်စဉ်က သူ့အမေနှင့်အတူ အချိန်အနည်းငယ်သာကုန်လွန်ခဲ့သဖြင့် သူ၏အစ်ကိုထက်အရပ်ပုနေခဲ့သော ရှန့်ဖန်းယွိ၏ပုံပန်းသဏ္ဌာန်အား အမေဖြစ်သူမှ မှတ်မိရန်ခဲယဉ်းသည်။

သူမ၏ မှတ်ဉာဏ်ထဲတွင် သူသည် အမြဲအရပ်ရှည်နေပုံရသည်။သူမတို့ ခွဲခွာပြီးနောက်ပြန်လည်ဆုံတွေ့သည့်အခါတိုင်း သူမအားပွေ့ဖက်၍ငိုခဲ့ဖူးသောကလေးငယ်သည် ယခုအခါ ဝေးကွာနေသော မှတ်ဉာဏ်တစ်ခုသာဖြစ်နေသည်။

“ အမေ ” ရှန့်ဖန်းယွိ သည်သူ၏စိုးရိမ်ပူပန်သောမိခင်ကိုကြည့်ကာ သူ၏အသံကိုလျှော့ကာ

“ ကျွန်တော်ကအဲ့ဒါကိုပြောင်းလဲနိုင်ခြင်း ရှိမရှိ ဆိုတာမျိုးမဟုတ်ပါဘူး…ပြောင်းလဲဖို့မလိုအပ်တာပါ..”

သူသည်နောက်သို့ပြန်လှည့်ကာ ခေါင်းမာသော သူ၏အဖေနှင့် စကားပြောရန်တွန့်ဆုတ်နေသောသူ၏အစ်ကိုအား ကြည့်ပြီးနောက် သူ့၏အမေဖြစ်သူအား

" အမေ…အဖေကကျွန်တော့်ကိုထွက်သွားဖို့ပြောတာမို့…ကျွန်တော်အရင်သွားတော့မယ်…ကိုယ်ကိုယ်ကို ဂရုစိုက်ပါ...”

“သိပ်နောက်ကျနေပြီလေ…ဘယ်ကိုသွားမလို့လဲ...” 

အမေဖြစ်သူ၏ အသံမှာ ရှင်းရှင်းလင်းလင်းနှင့်အနည်းငယ်စိတ်သောကရောက်နေပုံပေါက်သည်။

ရှန့်ဖန်းယွိ ထိုအချိန်တွင် သူ၏ဖုန်းသို့ကြည့်လိုက်ကာ “ ကျွန်တော်နောက်ဆုံး အမြန်ရထားကို မှီသေးတယ်..."

ထို့နောက်သူ ရုတ်တရက်တစ်ခုခုကိုသတိရကာ

 “ အိုး.. စကားမစပ်..ဦးလေးက ဆေးဘက်ဆိုင်ရာကုသမှုအတွက် A မြို့ ကိုလာချင်တယ်လို့ ပြောဖူးတယ်မလား..သူ့ရဲ့ ဆေးစစ်ချက်မှတ်တမ်းမျာတွေကို ကျွန်တော်စုံစမ်းကြည့်တာ အသည်းနဲ့ဆီးအိမ်ဌာနက ဆရာ၀န်တစ်ယောက်က သူ့အနေနဲ့ ခွဲစိတ်ကုသမှုခံယူသင့်တယ်လို့ပြောတယ်… သူ့ကိုစဉ်းစားခိုင်းပြီးတော့ ကျွန်တော့်ကိုပြန်ဆက်သွယ်ပါ…ဆရာဝန်နဲ့တွေ့ဖို့ ကျွန်တော်သူ့ကို ခေါ်သွားရမယ်..."

ထိုစကားပြောပြီးနောက်သူသည် အမေဖြစ်သူ၏ ဆုပ်ကိုင်ထားခြင်းမှလွတ်မြောက်သွားကာ နောက်ထပ်စကားလုံးတစ်လုံးမျှပင် မပြောဘဲအိမ်မှထွက်သွားခဲ့သည်။

သူ၏အသက် သုံးနှစ်သို့မဟုတ်လေးနှစ်အရွယ်က မိဘများ A မြို့သို့သွားသည့်အခါတိုင်းဝုန်းဒိုင်းကြဲပစ်သည့်အချိန်ကနှင့်မတူဘဲ တံခါးပိတ်သည့်အသံသည် အလွန်ပေါ့ပါးကာ မည်သည့်မကျေနပ်မှုမျှလည်း မရှိခဲ့ပေ။ 

တံခါးသည် အချိန်ကြာမြင့်စွာပိတ်နေကာ အခန်းထဲရှိလူသုံးဦးသည်လည်းတိတ်ဆိတ်နေခဲ့သည်။

ရှန့်ပိုင်ဟန် သည်သူတို့၏မိသားစုတွင် အစ်ကိုကြီးဖြစ်သော်လည်း ဆွေမျိုးများက သားငယ်ဖြစ်သူနှင့်သာစကားပြောရန်ပိုမိုနှစ်သက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ရှန့်ဖန်းယွိသည် ငယ်စဉ်ကတည်းကပင် သူတို့၏ဆွေမျိုးများနှင့် ပို၍ အဆက်အသွယ်ရှိခဲ့သည်။ ထို့ပြင် သူသည်ဆရာဝန်ဖြစ်သောကြောင့် လူမှုဆက်ဆံရေးကောင်းသည့်အပြင် သူသည်ငွေကြေးနှင့်လူမှုရေးဆက်ဆံရေးများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ဖြေရှင်းကိုင်တွယ်ရာတွင် တော်သောကြောင့် သူ့အပေါ်တွင် ယုံကြည်အားကိုးလာကြသည်။ဆွေမျိုးများက ဆေးဘက်ဆိုင်ရာအကြံဥာဏ် သို့မဟုတ်ဆေးဝါးလိုအပ်သောအခါတွင်လည်း သူအစစအရာရာကို စီစဉ်ကူညီခဲ့သည်။

ရှန့်ဖန်းယွိ ပြောခဲ့သည့်အတိုင်းပင် သူသာအထက်တန်းကျောင်းတက်နေတုန်းသာဖြစ်ပါက သူလုပ်နေသမျှကို ဝင်စွက်ဖက်၍ ပြောနိုင်သေးသည်။ ယခုမူကား သူသည်အတောင်ပံများကြီးထွားလာပြီးဝေးရာသို့ပျံသန်းသွားပြီဖြစ်သည်။ အိမ်တစ်အိမ်သို့မဟုတ်ကားတစ်စီးဝယ်ရန်ပင် သူ၏မိသားစုထံမှငွေမလိုအပ်။ ထို့ကြောင့်သူ့အားပိုက်ဆံဖြင့်ခြိမ်းခြောက်ခြင်းက အချည်းနှီးဖြစ်မည်။

ထို့အပြင်သက်ကြီးရွယ်အိုမိဘများအနေဖြင့် သူတို့၏သားဖြစ်သူ အိမ်ထောင်ဖက်ရွေးချယ်မှုနှင့်ပတ်သက်၍ သဘောမကျေသော်လည်း သူတို့နှင့်သားဖြစ်သူအကြားဆက်ဆံရေးကိုမူ မစွန့်လွှတ်နိုင်ပေ။

သားသမီးများနှင့်မြေးများတွင် သူတို့၏ကိုယ်ပိုင်ပျော်ရွှင်မှုများရှိသည်။သူတို့တွင် မြေးများရှိသော်လည်း မျိုးဆက်တစ်ဆက်ခြားနေသေးသည်။ သူတို့၏သားသာလျှင် သူတို့၏ကိုယ်ခန္ဓာမှဖြစ်တည်လာသောအသွေးအသားဖြစ်သည်။

ခဏအကြာတွင် အမေရှန့်သည်အဖေဖြစ်သူအားငိုသံဖြင့်စွပ်စွဲလေတော့သည်။ 

“သူ့ခမျာ နောက်ဆုံးမှာ တခါလေးပြန်လာခဲ့တာကို…ရှင်ကဘာလို့ အဲဒီလိုစကားလုံးတွေနဲ့ မောင်းထုတ်ရတာလဲ.."

အဖေဖြစ်သူသည် သူ၏နှုတ်ချော်မှုအတွက်နောင်တရနေသော်လည်း တောင်းပန်ရန်ငြင်းဆန်နေသည်။

ရှန့်ပိုင်းဟန် သူ၏နဖူးကိုပွတ်သပ်ကာ မိဘများအား 

"ဖန်းယွိက ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်က ဆေးပါရဂူဘွဲ့ရကျောင်းသားတစ်ဦးပဲဟာ…သူ့ဘာသာဆုံးဖြတ်ချက်ချပြီးတာမို့ သူ့ကိုခွင့်ပြုပေးလိုက်ပါ.."

ထိုသို့စကားပြောပြီးနောက် သူမတ်တပ်ရပ်ကာ သူ၏မိဘများအား

 “ ကျွန်တော်အခု ပြန်သွားရမယ်… ကလေးနှစ်ယောက်ကသူတို့ကိုစာသင်ပေးဖို့စောင့်နေတုန်းပဲမလို့..”

အခြားတဖက်တွင်လည်း အမြန်ရထားပေါ်ရှိ ရှန့်ဖန်းယွိသည် A မြို့ရထားဘူတာတွင်ရပ်နေကာ သူ၏အစ်ကိုထံမှဖုန်းခေါ်ဆိုမှုရခဲ့သည်။

ထိုတစ်ကြိမ်တွင်မူ ရှန့်ပိုင်ဟန်သည် ရင့်သီးသောသဘောထားမရှိပေ။ သူသည် ရှန့်ဖန်းယွိအား နှစ်သိမ့်မှုပေးကာ စိတ်ပူစရာမလိုကြောင်းနှင့် သူ၏ယောင်းမနှင့် မိဘများအား ထိုကိစ္စနဲ့ပတ်သက်၍ ထပ်စကားပြောမည်ဖြစ်ကာ နောက်ဆုံးတွင် သူတို့လက်ခံလိမ့်မည်ဟုလည်းပြောခဲ့သည်။

သူ၏အစ်ကို စကားပြောပြီးနောက် ရှန့်ဖန်းယွိ “ ကျေးဇူးတင်ပါတယ် ” ဟု ခံစားချက်သိပ်ပါခြင်းမရှိဘဲပြန်ဖြေခဲ့သည်။

“ ဘာပဲဖြစ်ဖြစ်ငါတို့က မိသားစုပါ…ငါကအမြဲတမ်းမင်းအကိုဖြစ်နေပြီး အမြဲတမ်းမင်းကို ကူညီပေးနေမှာ.."

ရှန့်ဖန်းယွိ ခဏမျှအသံတိတ်သွားသည်။ သူဘာမျှပြန်မပြောပဲ ဖုန်းအား တိုက်ရိုက်ချလိုက်သည်။

ရထားဘူတာတွင်လူသိပ်မရှိကြပေ။ အများစုမှာရထားစောင့်ရန် မြေပြင်ပေါ်တွင်အိပ်ပျော်နေသောသူများဖြစ်သည်။သူတို့သည် မနက်ခင်းဘက်တွင်မည်သို့ပြေးလွှားနေကြမည်ကိုမသိရပေ။ သူတို့မှာ ပင်ပန်းနေ၍ သနားစရာကောင်းသည့် ပုံစံဖြစ်နေကြသည်။

ရှန့်ဖန်းယွိရထားဘူတာမှထွက်လာသည်။ ဆောင်းရာသီည၏ လေကသူ၏မျက်နှာသို့ တိုက်ခတ်နေကာ အလွန်အေးစက်နေသည်။

သူ ဖုန်းကိုဖွင့်ကာဟိုဟိုဒီဒီကြည့်လိုက်သည်။ သူ ကျန်းရွှိအား ဖုန်းခေါ်လိုသော်လည်း လွန်ခဲ့သောနှစ်နာရီက ကျန်းရွှိကသူ့အားပို့ခဲ့သော “ ကောင်းသောညပါ ” ဟူသောမက်ဆေ့ခ်ျကိုမြင်သောအခါ သူဖုန်းခေါ်ဆိုခြင်းထဲမှ ထွက်လိုက်သည်။

ခဏကြာသောအခါ သူသည် သူ့နဖူးကိုပွတ်သပ်ပြီး သူ၏သူငယ်ချင်းများအဖွဲ့လိုက်စကားပြောသည့်ထဲဝင်၍စူးစမ်းလိုက်သည်။

သူသည် ညဘက်နောက်ကျမှအိပ်စက်ခြင်းနှင့်ပတ်သက်၍ နာမည်ကြီးသောသိပ္ပံဆိုင်ရာပို့စ်တစ်ခုကိုမျှဝေခဲ့ရာ တစ်စက္ကန့်အကြာတွင် ထန်ခယ်ဆီမှ ပထမဆုံးလိုက်ခ် တစ်ခုရခဲ့သည်။

ဒေါက်တာရှန့် တက္ကစီငှါးကာ ထန်ခယ်၏အိမ်သို့တိုက်ရိုက်ပင် တန်းသွားခဲ့သည်။

ညဝတ်င်္အကျီနှင့်ဘောင်းဘီ ၀တ်ဆင်ထားသည့် ထန်ခယ်သည်တံခါးကိုဖွင့်လိုက်သောအခါ အံ့အားသင့်သွားခဲ့ရသည်။ 

“အမလေး…မင်းကိုငါ နည်းနည်းလေးကျိန်ဆဲမိရုံနဲ့ ညသန်းခေါင်ယံကြီးမှာငါ့ကိုတွေ့ဖို့ လာရှာစရာမလိုဘူးမလား..”

“ဟင်..”

မှားယွင်းနေသော ရှန့်ဖန်းယွိသည်အတော်အတန်ပင်ရှုပ်ထွေး သွားကာ

“မင်းငါ့ကိုဆဲထားတာလား… ဘယ်တုန်းကလဲ..”

“ ... ”

တစ်ခုခုမှားယွင်းနေသည်ကိုသိသော ရှန့်ဖန်းယွိသည်တံခါးကိုပိတ်ရန်ပြင်နေသော ထန်ခယ်၏လက်ကိုလျင်မြန်စွာတားလိုက်ကာ ဖျစ်ညစ်လိုက်သည်။

 “ မင်းငါ့ကိုဘာလို့်ဆဲတာလဲ...”

ထန်ခယ်သည်မတော်တဆပြောထွက်မိပြီးနောက်အနည်းငယ်အပြစ်ရှိသည်ဟုခံစားရသော်လည်း သူ၏အမှားကိုလုံးဝသတိမထားမိသော ရှန့်ဖန်းယွိကြောင့်သူဒေါသမထွက်ပဲ မနေနိုင်ပေ။

“ သေလိုက်ပါလား…ငါကျိန်ဆဲသင့်တယ်မဟုတ်ဘူးလား.. ကျန်းရွှိကကိုယ်ဝန်ကြီးနဲ့ဆိုတာသိတယ်မဟုတ်လား…နည်းနည်းပါးပါးအာရုံစိုက်ပြီး စိတ်တွေထိန်းမနိုင်သိမ်းမရဖြစ်တာကို ရပ်ထားလို့မရဘူးလားကွ...”

ထိုနေ့နံနက်တွင်သူ ကျန်းရွှိအား ဆေးစစ်မှုအကြောင်းပြောရန် ဖုန်းခေါ်ဆိုလိုက်သော်လည်း ဗီဒီယိုခေါ်ဆိုမှုခလုတ်ကိုမတော်တဆနှိပ်လိုက်သည်။ ကျန်းရွှိသည်ရုတ်တရက်သတိထားမိပုံမရပေ။ သူတို့သည်အချင်းချင်း ရုတ်တရက် ငေးကြည့်နေကြရာမှ ကျန်းရွှိသည်ထိုအမှားအား သဘောပေါက်သွားကာ နားရွက်များနီရဲသွားပြီးဖုန်းကိုချလိုက်သည်။

သူ ရှပ်အင်္ကျီပင်ကျီမဝတ်ပေ။ ဗီဒီယိုမြင်ကွင်းထဲတွင် သူ၏ပခုံးနှင့်လည်ပင်းများ၌ ဒဏ်ရာများနှင့် ပြည့်နေသည်။

ထန်ခယ်သည် ရှန့်ဖန်းယွိအား ကျိန်ဆဲရန် စာလုံးရေ၈၀၀ မျှပါဝင်သော စာစီစာကုံးတစ်ပုဒ်ချက်ချင်းရေးခဲ့သည်။သို့သော် ကျန်းရွှိ သည်တိုတောင်း၍ စိတ်အေးလက်အေးပင် အပြစ်ရှိသည့်ပုံစံဖြင့် စာတစ်ကြောင်းသာပြန်လည်ဖြေကြားခဲ့သည်။

ထိုတစ်ကြိမ်တွင်မူ ရှန့်ဖန်းယွိသည် စကားပင်ကောင်းစွာမပြောနိုင်တောပေ။ “ ငါ... ငါ...”

"ဘာလဲ…ဘာ ငါ လဲ… ဒုတိယသုံးလပတ်အတွင်းဆို အဆင်ပြေတယ်ဆိုပြီး လာမပြောပါနဲ့…ဖတ်စာအုပ်တွေကအဆင်ပြေတယ်လို့ပြောကောင်းပြောလိမ့်မယ်…ဒါပေမယ့်ငါတို့က ကိုယ်ကျင့်တရားရှိတဲ့ နိုင်ငံသားတွေလေ…အဲ့ဒါက အဆင်မပြေဘူးဆိုတာသိတယ်မလား..."

ထန်ခယ်ကခါးထောက်ကာ စွပ်စွဲလေသည်။

ရှန့်ဖန်းယွိက “ ဒါက ငါ့အမှားပါ...”

ထန်ခယ်သည် ဆိုဖာကိုလက်သီးဖြင့်ထိုးနှက်ခဲ့ကာ ပြောရန်ကျန်သေးသောစကားများမှာသူ၏ရင်ထဲတွင်ရှိနေသည်။ရှန့်ဖန်းယွိကတောင်းပန်သည်ကို မြင်သောအခါ သူ့အားအိမ်ထဲသို့သေချာဝင်ခွင့်ပြု၍ လက်ဖက်ရွက်များမပါသော လက်ဖက်ရည်တစ်ခွက်အားအင်တင်တင်ဖြင့်ထည့်ပေးသည်။

“မင်းကိုကျိန်ဆဲတဲ့အတွက်လာခဲ့တာမဟုတ်ဘူးဆိုတော့…ဒါဆိုဘာကြောင့်ဒီကိုလာတာလဲ...”

“ငါ့ရဲ့ မွေးရပ်မြေကနေပြန်လာတာ ကျန်းရွှိကို အစက ဒီည ပြန်မလာနိုင်ဘူးလို့ပြောထားတာ…သူအခုအိပ်ပျော်နေလောက်ပြီ…ငါအိမ်ပြန်ပြီးသူ့ကိုနိုးမယ်ဆိုရင် သူအတွေးများနေလိမ့်မယ်...”

ရှန့်ဖန်းယွိသည် လက်ဖက်ရည်ခွက်ဖြင့်လက်အားနွေးအောင်လုပ်လိုက်၏။

“ဒါဆိုမင်းက ငါ့ကိုဒုက္ခလာပေးတာပေါ့…မင်းနဲ့မင်းအိမ်ထောင်ဖက်က ငါ့နေရာကိုဟိုတယ်လိုဆက်ဆံနေကြတယ် …ငါ့လိုတယောက်တည်းသမားတွေအတွက် ဘယ်မှာလဲ တရားမျှတမှု..."

ထန်ခယ် ကဒေါသတကြီးပြောလာသည်။

“ငါ့ရဲ့ ပို့စ်တွေကို မင်း လိုက်ခ်ပေးတာ ဒါပထမဆုံးအကြိမ်မှမဟုတ်တာ…နောက်နာရီဝက်လောက်ထိမင်းအိပ်ပျော်သေးမှာမဟုတ်ဘူးဆိုတာငါသိတယ်...”

ရှန့်ဖန်းယွိက ဖုန်းကိုမြှောက်ပြကာပြောသည်။

“ ... ”

ထန်ခယ်သည် သူ၏ပို့စ်များအား လိုက်ခ်ပေးတတ်သည့် အကျင့်ဆိုးကို မကြာခင် ဖျောက်ပစ်လိမ့်မည်။

“ ဘာလို့ဟိုတယ်မှာသွားမနေရတာလဲ… မင်းကဆင်းရဲလွန်းလို့ မတတ်နိုင်ဘူးမလား..ဟုတ်တယ်မလား...”

“ ငါ့ရဲ့လစာကဒ်က ငါ့ကျန်းရွှိရဲ့ ဖုန်းနှင့်ချိတ်ထားတာလေ…အသုံးပြုမှု အကြောင်းကြားစာ ပို့မှာလေ..ငါဟိုတယ်တစ်ခုမှာ ထွက်ပြီးတည်းနေတာကိုသိသွားရင် သူနားလည်မှုလွဲမှာ စိုးလို့..”

ကောင်းသည်။ထန်ခယ်က သူမမေးသင့်ခဲ့ကြောင်းတွေးမိသည်။ ယခုသူသည် ခွေးစာ ထပ်မံကျွေးခံရပြန်သည်။

ရှန့်ဖန်းယွိ ပြောလိုက်သည်။

“ မင်းရဲ့ဆိုဖာပေါ်မှာတစ်ညလောက်ပဲအိပ်မှာပါ..တခြားဘာမှမစိုးရိမ်ပါနဲ့…နောက်ရက်ကျမင်းကို ညစာပြန်လိုက်ကျွေးမယ်.." 

ကျန်းရွှိ ကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။သို့မဟုတ် အနီရောင်စာအိတ်ကြီး၏အလေးချိန်ကြောင့် ဖြစ်နိုင်သော်လည်း ယခုသူတို့နှစ်ဦးသည်ရဲဖော်ရဲဖက် မိတ်ဆွေရင်းနှီးမှုအဆင့်ထိ ရောက်ရှိနေကြပြီဖြစ်သည်။ထန်ခယ်သည် နှစ်ကြိမ်တိုင် တွတ်ထိုးနေသော်လည်း စိတ်ပူနေဆဲဖြစ်သည်။ 

"မင်းရဲ့မွေးရပ်မြေကိုသွားတာဆို..ဒါဖြင့်…ဘာလို့ဒီလောက်နောက်ကျရတာလဲ…မင်း မနက်ဖြန် အလုပ်သွားရမှာမလား...”

“ မင်းမအိပ်ချင်သေးဘူးလား” ရှန့်ဖန်းယွိ ကသူ့အားမေးလိုက်သည်။

ထန်ခယ် သူ၏အတင်းအဖျင်းနှလုံးသားအတွက် အလွန်ကျိုးကြောင်းဆီလျော်သောအကြောင်းပြချက်တစ်ခုကိုတွေ့ရှိခဲ့သည်။ 

"ငါကမအိပ်ချင်သေးတာလေ.. ဒီလိုမှမဟုတ်ရင် မင်းရဲ့ပို့စ်တွေကိုဘယ်သူက လိုက်ခ်ပေးမှာလဲ…ပြန်စရာအိမ်ရှိရဲ့သားနဲ့ တစ်ယောက်တည်းသမားရဲ့ အိမ်မှာလည်းလာအိပ်သေးတယ် မင်းရဲ့ချစ်ခြင်းမေတ္တာတွေအကြောင်းတွေလည်းလာပြောသေးတယ် ငါဘယ်လိုသည်းခံမလဲပြော..."

ရှန့်ဖန်းယွိက သူ့အား ပြုံး၍ဝန်ခံလိုက်သည်။

" ငါ့မိသားစုနဲ့ ငါငြင်းခုံလာခဲ့တာ… အဖေကဒေါသထွက်ပြီးငါ့ကိုနှင်ထုတ်လိုက်တယ်လေ..."

သူသည် ပေါက်ပေါက်ကိုစားနေစဉ် ထိုဝမ်းနည်းဖွယ်သတင်းစကားကိုကြားရသောအခါ ထန်ခယ်၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူသည် ခဏတိတ်ဆိတ်နေပြီးနောက် ရှန့်ဖန်းယွိအား နှစ်သိမ့်ပေးခဲ့သည်။ 

“ လူကြီးတွေက အဲ့လိုမျိုးတွေကိုလက်မခံတတ်တာ ပုံမှန်ပါပဲ… စိတ်ထဲထားမနေနဲ့...”

“ ငါအဆင်ပြေပါတယ် ကျန်းရွှိ ကိုစိတ်မပူစေချင်တာနဲ့ မင်းကိုငါနှောင့်ယှက်မိသွားတယ်...”

“ ဒါကအနှောင့်အယှက်မဟုတ်ပါဘူးကွာ …ငါလည်း အစကနောက်နေတာပါ…မင်းကိုမလာနဲ့လို့လည်း ငါမပြောပါဘူး..." 

ထန်ခယ်က မျက်နှာအားတဖက်သို့လှည့်ကာပြောသည်။

“အေးပါကွာ..ငါသိပါတယ်..." ရှန့်ဖန်းယွိသည်သူ၏ပါးစပ်ကွေးတက်သည်အထိ ပြုံးလိုက်သည်။

ထန်ခယ် ကအကြံပြုသည်မှာ 

“ ပြောချင်တာကကွာ…အယူသီးတဲ့ မိဘတော်တော်များများက အဲဒီလိုအရာမျိုးတွေဆို လက်မခံပေးနိူင်ကြဘူး.. သူတို့က သားသမီးတာဝန်ကျေတယ်ဆိုတာကို… ကလေးမွေးပေးမှလို့ ထင်နေကြတာ…အဲ့ဒါကြောင့်ဘာလို့သူတို့ကို ကျန်းရွှိ ရဲ့အခြေအနေကိုပြောပြပြီးလိမ္မာပါးနပ်တဲ့နည်းလမ်းနဲ့ မကြိုးစားတာလဲ… သူ့မှာကိုယ်ဝန်ရှိနေပြီလို့ပြောရင်သူတို့ သဘောတူပေးဖို့ပိုဆန္ဒရှိလိမ့်မယ်…မင်းမှာပြဿနာတွေ အဟန့်အတားတွေ နည်းသွားမယ်လေ..."

ရှန့်ဖန်းယွိခေါင်းခါလိုက်သည်။

 “ ထန်ခယ်..မင်းပြောတာကို ငါသဘောပေါက်ပါတယ်…ဒါပေမယ့် ငါက သူတို့အနေနဲ့ ကျန်းရွှိကိုလက်ခံစေချင်တာ.. ကလေးတစ်ယောက်နဲ့ကျန်းရွှိကိုမဟုတ်ဘူး..."

သူ၏စကားများသည်သွယ်ဝိုက်နေသော်လည်း ထန်ခယ်က သူပြောချင်သည့် အဓိပ္ပာယ်ကိုနားလည်သည်။

သူဒူးပေါ်တွင်လက်တစ်ဖက်တင်ကာ ဆိုဖာကိုမှီ၍ထိုင်နသောလူငယ်ကိုကြည့်လိုက်သည်။အေးဆေးတည်ငြိမ်နေသည်။

ခဏအကြာတွင်သူသည်ရုတ်တရက်…

“ ရှန့်ဖန်းယွိ...”

“ ဟမ်...”

“ကျန်းရွှိ ကမင်းကိုဘာကြောင့်ကြိုက်တာလဲဆိုတာ ငါသိပြီထင်တယ်...”