အပိုင်း ၁၁၈
Viewers 32k

🧑‍⚕️Chapter 118




သူ ညအချိန်တွင် အိပ်မပျော်နိုင်သည့်အခါမျိုး…သူ၏ခန္ဓာကိုယ်က မခံမရပ်နိုင်အောင်ပင် နာကျင်မှုဝေဒနာခံစားနေရသည့်အခါမျိုး….ကလေးကန်ခြင်းနှင့် ကလေးကကိုယ်တွင်းတွင် လှုပ်ယမ်းနေသည့်ဒဏ်ကြောင့် အသက်ရှူမဝသည့်အခါမျိုးတွင်ရှန့်ဖန်းယွိက သူ့အား ထိုကဲ့သို့ နှစ်သိမ့်ပေးလိမ့်မည်ဖြစ်သည်။ ကျန်းရွှိ၏နှလုံးသားက တဖြည်းဖြည်းအေးဆေးတည်ငြိမ်လာမည်ဖြစ်သည်။

တစ်စုံတစ်ဦးက သူ၏စိတ်ခံစားမှုကို စဉ်းစားထိန်းချုပ်ပေးနိုင်သည်။

သို့သော် ယနေ့ ရှန့်ဖန်းယွိက အနည်းငယ်ကွဲပြားခြားနားပုံရသည်။

သူသည် ကျန်းရွှိ၏နဖူးကို သူ၏မေးစေ့နားသို့ကပ်လိုက်သည်။ ခဏအကြာတွင် ကျန်းရွှိသည် သူ၏နဖူးတွင် အနည်းငယ် စိုစွတ်သွားသည်ဟုခံစားခဲ့ရသည်။

သူ၏နှလုံးခုန်နှုန်းက စည်းချက်ပင်မှားကုန်ကာ ရှန့်ဖန်းယွိအားထိရန်လက်လှမ်းလိုက်သော်လည်း ရှန့်ဖန်းယွိက သူ့အား တားလိုက်သည်။

ကျန်းရွှိသည် မှားနေသည့်အရာကိုမြင်ချင်သွားကာ သူ၏လက်ကိုပြန်ရုတ်သိမ်းသွားသည်။ သို့သော် ရှန့်ဖန်းယွိက ကျန်းရွှိအား အနည်းအားသုံး၍ ပွေ့ဖက်ထားခဲ့သည်။

“ မကြည့်ပါနဲ့..” 

ရှန့်ဖန်းယွိ၏အသံက အနည်းငယ်အက်ကွဲနေ၏။

 “မင်းရဲ့နှလုံးသားထဲက ငါရဲ့ယောက်ျားဆန်တဲ့ ပုံရိပ်ကိုထိန်းသိမ်းထားပါရစေ...”

“ မင်းဘာလို့ငိုနေတာလဲ..” 

ကျန်းရွှိ ကမေးသည်။

“ငါငိုနေတယ်လို့ဘယ်သူပြောလဲ…ငါချွေးထွက်နေတာပါ..” 

ရှန့်ဖန်းယွိကပြောလာသည်။

 “ မင်းစိတ်မသက်မသာ ဖြစ်နေတာကငါ့ရဲ့နှလုံးသားကိုတဆစ်ဆစ်နဲ့ နာကျင်စေတဲ့အကြောင်းကိုတွေးနေတာပါ..."

“ မင်းကိုယ်ဝန်မရှိဘူးလေ… အဲ့တော့ မင်းဘာလို့နာကျင်နေတာလဲ...”

ထိုသို့ပြောနေသော်လည်း ကျန်းရွှိသည် သူ၏မျက်လုံးများကိုငုံ့ထားကာ သူ၏လက်များကိုလည်း ရှန့်ဖန်းယွိ၏နှလုံးသားအပေါ်တွင် ညင်ညင်သာသာတင်ထားပြီး ဖြေးညင်းစွာနှိပ်နယ်ပေးနေသည်။

သူသည်များသောအားဖြင့် သူတစ်ပါးကို ၀င်ရောက်စွက်ဖက်လေ့မရှိပေ။အဘယ့်ကြောင့်ဆိုသော် များသောအားဖြင့်လူများသည် တစ်ဦးနှင့်တစ်ဦး အပြည့်အဝ အလေးထားအာရုံစိုက်ပေးရန် ခက်ခဲသည်။

ခက်ခဲသောအချိန်များတွင် အခြားသူများက သင့်အားနားလည်မှုပေးကာ နှစ်သိမ့်မှုပေးနိုင်သည်။ သို့သော်သူတို့သည် သင်၏နာကျင်မှုနှင့်အဆင်မပြေမှုကို အမှန်တကယ်မခံစားပေးနိုင်ပေ။

အထူးသဖြင့်ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုမျိုးဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုအတွက်မူ အခြားသူများသည် သင့်အပေါ်တွင် သူတို့၏အာရုံစိုက်မှုများနှစ်မြုပ်ထားနိုင်သေးသော်လည်းရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုသည် ဒဏ်ရာပျောက်သွားပြီးနောက် ကိုယ်တိုင်မေ့သွားနိုင်သောအရာမျိုးဖြစ်သည်။ထို့ကြောင့် သင်ခံစားနေရသော နာကျင်မှုနှင့်အဆင်မပြေမှုများကို အခြားသူများက အမှန်တကယ်နားလည်နိုင်ရန် ပို၍ပင်ခက်ခဲသည်။

သူ၏မိဘများအပြင် သူနာကျင်မှုဝေဒနာခံစားနေရသောကြောင့် တစ်စုံတစ်ဦး မျက်ရည်ကျခဲ့ခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။

ကျန်းရွှိ သူ၏နှုတ်ခမ်းကို တင်းတင်းစေ့၍ ခဏအကြာတွင် ညင်သာစွာသက်ပြင်းချလိုက်သည်။

“ ကလေးဘဝတုန်းက မင်းကအရမ်းဆိုးခဲ့တာလား...” သူကဆက်ပြောလိုက်သည်။

“ ကလေးက မင်းဆီကအမွေရတာလို့ ငါထင်တယ်…ငါ့ကိုကိုယ်ဝန်ဆောင်တုန်းက ငါ့အမေရဲ့ဒိုင်ယာရီထဲမှာတော့ ငါက အမူအကျင့်ကောင်းတဲ့ကလေးဖြစ်ခဲ့ပြီးတော့ ဘာပြဿနာမှ မဖြစ်ဘူးတဲ့…ငါအဲ့လိုတွေမြင်လိုက်တယ်..."

ကျန်းရွှိသည်များသောအားဖြင့်ရယ်မောလေ့မရှိသော်လည်း သူသည် စိတ်ကိုပေါ့ပါးစေလိုသည့်အခါတိုင်း ရှန့်ဖန်းယွိက အတူတူ ရယ်မောပေးလိမ့်မည်ဖြစ်သည်။ ငိုထားသောကြောင့် အသံပြာကာအက်ကွဲနေသော်လည်း အတူရယ်မောပေးသည့် ယခုအချိန်မျိုးကဲ့သို့ပင်…။

“ ဖြစ်နိုင်ပါတယ်လေ…အကယ်၍ မင်းမဆိုးဘူးဆိုရင် အဲ့ဒါက ငါပဲဖြစ်ရမယ်…ငါ့အပြစ်ပေါ… ငါ့ရဲ့ဆိုးတဲ့ အကျင့်တွေကို ကလေးဆီကိုအမွေပေးလိုက်ပြီ...” 

သူ လှောင်ပြုံးပြုံးလိုက်သည်။

“ အဆင်ပြေပါတယ်… စိတ်မပူနဲ့…သူ့ကိုမွေးပြီးတဲ့အခါကျရင် သူပြဿနာတွေ လျှောက်မရှာအောင် ငါသူ့ကို ကောင်းကောင်းမွန်မွန်နဲ့သေသေချာချာလေး သင်ပေးမှာပါ..."

ကျန်းရွှိသည်သူ၏လျှာဖြင့် ချက်ကနဲ အသံပြုလိုက်သည်။သို့သော်လည်း ရှန့်ဖန်းယွိ၏ စကားများကြောင့်သူ၏စိတ်မှာ ရှင်းရှင်းလင်းလင်းတိုးတက်လာခဲ့သည်။

ရှန့်ဖန်းယွိကသူ့လက်ကိုကိုင်ကာ စိတ်အေးတည်ငြိမ်သွားကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ငါဒီထက်ပိုပြီး နားရက်တွေ ပိုရမလားလို့ ကြိုးစားကြည့်လိုက်မယ်…အနည်းဆုံးတော့ ငါအခု ညဆိုင်းမဆင်းရတော့ဘူးလေ…ဆေးတက္ကသိုလ်Aက ငါ့အတန်းတွေအားလုံးကို နောက်စာသင်နှစ်ဝက်ထိရွှေ့ထားတယ်…အိမ်ကိုပြန်လာဖို့ အချိန်တွေ ပိုရသွားတာပေါ့.."

“ အခုကစပြီး ငါမင်းကို ခဏခဏ ဖုန်းခေါ်မယ်…အကယ်၍ မင်းနေမကောင်းဘူးဆိုရင်လည်း ငါ့ကို ဖုန်းတန်းခေါ်…အချိန်မဆွဲနဲ့..."

“ ပြီးတော့ ….ပြီးခဲ့တဲ့ရက်တွေတုန်းက မင်းကဆေးရုံမှာ ရှိမနေခဲ့ဘူးလေ…မင်းကိုပျော်စေမယ့် သတင်းကောင်းတွေ ငါ့ဆီမှာရှိတယ်..ငါပြောပြမယ်" ရှန့်ဖန်းယွိက အပြုံးနှင့်ပြောသည်။

“ အင်း ”

“ကျီဟွားက အစိုးရနဲ့ တိုးတက်ရေးကုမ္ပဏီတွေနဲ့ လက်တွဲပြီးတော့ မကြာခင် အိမ်ယာခြံမြေတွေနဲ့ပတ်သက်ပြီး စလုပ်တော့မှာတဲ့… ပြီးတော့ ငါတို့ရဲ့အရည်အချင်းတွေကြောင့် အပိုကြေးတွေစုကြတုန်းက ကတိပေးထားတဲ့ အိမ်ရာထောက်ပံ့ကြေးငွေတွေပြည့်စုံတဲ့ ဝန်ထမ်းတွေဆိုရင် ဌာနတွင်းလျှော့စျေးတွေကိုရနိုင်တယ်တဲ့… ငါကြည့်လိုက်တာ သူ့နေရာက ကျီဟွားနဲ့တော်တော်လေးနီးတယ်…ရပ်ကွက်လည်းအဆင်ပြေတယ်…ပတ်ဝန်းကျင်က အဆောက်အဦးတွေလည်း တော်တော်လေးကောင်းတယ်...”

“ ကျန်းရွိ…ပိုကြီးတဲ့အိမ်ဝယ်ကြရအောင်...”

ရှန့်ဖန်းယွိက အကြံပြုပြောလိုက်သည်။

Z နိုင်ငံရှိလူများသည် ရှေးယခင်ကတည်းကပင် အိမ်များနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားကြသည်။

အိမ်တစ်လုံးကို၀ယ်ခြင်းသည် အမြစ်တွယ်၍ အခြေချခြင်းကို ဆိုလိုသည်။ငှက်များအသိုက်ဆောက်ခြင်းနှင့် ပျံလွှားငှက်များအိမ်ဆောက်ခြင်းကဲ့သို့ပင် ဖြစ်သည်။ တည်ငြိမ်မှုရှိခြင်းနှင့်ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုသည်။

အိမ်ရာစျေးနှုန်းများမြင့်တက်လာပြီးနောက် အိမ်တစ်လုံး ၀ယ်ယူနိုင်ခြင်းသည် လူငယ်များစွာအတွက် ရာသက်ပန်အိပ်မက်တစ်ခုဖြစ်လာသည်။

ကျန်းရွှိသည်ရုတ်တရက်ပွေ့ဖက်ခြင်းမှရုန်းလိုက်ကာ ရှန့်ဖန်းယွိအား ကြည့်လိုက်၏။

ရှန့်ဖန်းယွိ၏ မျက်နှာသည် စိတ်ခံစားမှုများပြည့်နေသည့်လက္ခဏာမျိုး မတွေ့ရတော့ပေ။ သူ၏မျက်လုံးထောင့်များသာ အနည်းငယ်နီရဲနေသည်။

သူသည် ကျန်းရွှိ၏ အကြည့်ကိုရှောင်ရှားရန် သူ၏ခေါင်းကိုငုံ့ချလိုက်သည်။ ထို့နောက် သူ့အားထပ်၍ပွေ့ဖက်လိုက်၏။ သူ၏လက်များသည် ကျန်းရွှိ၏ ခါးပတ်လည်အား ပွေ့ဖက်ထားကာ စကားဆက်ပြောနေရင်းနှင့်ပင် သူ၏ဗိုက်ပေါ်သို့ တဖန် ပြန်တင်ထားလိုက်သည်။

“ အိပ်ခန်းသုံးခန်း…ဒါမှမဟုတ် ငါတို့မှာပိုက်ဆံလုံလုံလောက်လောက်ရှိရင်…အိပ်ခန်းလေးခန်းပါပြီး ဧည့်ခန်းလည်း နှစ်ခန်းပါတဲ့…မာစတာအိပ်ခန်းမှာ သီးသန့်ရေချိုးခန်းပါတဲ့ အိမ်မျိုး ဝယ်ကြရအောင်…. ကလေး နည်းနည်းထွားလာပြီးတော့ သူ့အတွက်သီးသန့်နေရာ လိုအပ်တဲ့အချိန်မျိုးဆို အဆင်ပြေသွားလိမ့်မယ်…မင်းမိဘတွေ တခါတလေလာရင် နေဖို့ဧည့်သည်အခန်းတစ်ခန်းကိုလည်းငါတို့အလွတ်ထားလို့ရတယ်.."

“ အဲဒီသတင်းက အခုချိန်ထိ ကောလာဟလပဲရှိပါသေးတယ်…စာရွက်စာတမ်တွေနဲ့ အသိပေးချက်တွေကလည်း အပြည့်အဝထုတ်ပြန်ထားတာမရှိသေးဘူး…လအနည်းငယ်အတွင်းမှာ ဆေးရုံက ငါတို့နဲ့အဲ့ဒါကို ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရတာပဲ… အဲ့အချိန်မှာ ကလေးကိုလည်းမွေးပြီးလောက်ပြီ… အဲ့ဒါကြောင့် ငါတို့တွေ ကြမ်းခင်းနဲ့ တိုက်ခန်းအပြင်အဆင်ကို ဂရုတစိုက်ရွေးချယ်ရမယ်...”

“ ကျုံးလန်ကလည်း ပြောတယ် သူနဲ့ သူ့ရည်းစားကလည်းအိမ်တစ်လုံးဝယ်ချင်တယ်တဲ့… ငါတို့တွေ တစ်ထပ်တည်း ဒါမှမဟုတ်မျက်နှာချင်းဆိုင်အခန်းတွေဝယ်ကြမလားဆိုတာ သူနဲ့ဆွေးနွေးဖို့ စဉ်းစားနေတာ…အဲ့လိုဆို ကလေးရဲ့ အနာဂတ်မှာ မိန်းကလေးကိစ္စတွေနဲ့ပတ်သက်တဲ့ အတွင်းရေးတွေ ငါတို့ကို မပြောချင်ရင် သူ့ရဲ့အဒေါ် အန်တီကျုံးကို သွားပြောလို့ရတယ်လေ..”

“ ငါ့အိမ်ကိုရောင်းလိုက်တော့ ငါငွေများများစုမိထားတယ်… ငါတို့ ကနဦး ငွေပေးချေမှုကို ပထမဦးဆုံးချေတဲ့အခါ အဲ့ပိုက်ဆံတွေကို သုံးလို့ရတယ်…တိုက်ခန်းကအဆင်သင့်ဖြစ်သွားတဲ့အခါ ငါတို့ ဒီအိမ်ကို ရောင်းမလားအပေါင်ထားမလား ဒီအတိုင်း ဝင်ငွေရအောင်အငှါးပဲထားမလား ဆုံးဖြတ်လို့ရတယ်…ငါတို့အဲ့အကြောင်းနောက်မှ ထပ်ပြောလို့ရတယ်..."

“ အင်း ... ” သူသည်ခဏစဉ်းစားပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။ 

“ အိမ်ရာအတွက် ကြိုတင်ထောက်ပံ့ကြေး ချေးငွေ အတွက် မင်းနာမည်ကိုသုံးလိုက်… ငါမင်းရဲ့အာမခံသူဖြစ်ပေးမယ်...”

အိမ်ပိုင်ဆိုင်သောသူကိုသာလျှင် အိမ်ယာကြိုတင်ထောက်ပ့ကြေးချေးငွေထုတ်ပေးသည်ဖြစ်ရာ အကယ်၍ ရှန့်ဖန်းယွိက၎င်းအတွက်လျှောက်ထားလိုပါက သူ၏အမည်မှာ အိမ်ပိုင်ဆိုင်မှုစာချုပ်တွင်ပါနေရမည်ဖြစ်သည်။

ထို့ကြောင့် ထိုကဲ့သို့ပြောဆိုခြင်း သူသည် အိမ်ပိုင်ဆိုင်မှု အခွင့်အရေး အပေါ်တွင် လုံးဝစွန့်လွှတ်ခြင်းနှင့်တူသည်။

ကျန်းရွှိသည် တိတ်တဆိတ်နားထောင်နေသော်လည်း ထိုစကားကို ကြားသောအခါ သူရုတ်တရက်ထထိုင်လိုက်သည်။

“ မင်းက အနစ်နာခံသူလုပ်ပြီးတော့ ငါ့ကိုရင်ထဲထိအောင်လုပ်ဖို့ကြိုးစားနေတာလား..."

သူနှင့် ရှန့်ဖန်းယွိတို့သည်တရုတ်နိုင်ငံတွင်အိမ်ထောင်ရေးဆက်ဆံရေးမရှိပေ။ လက်ရှိဥပဒေများအရ သူတို့နှစ်ဦးစလုံးသည်ငွေတဝက်စီကိုပေးချေခဲ့လျှင် အိမ်ပိုင်ဆိုင်မှုသည် ရှန့်ဖန်းယွိနှင့် ဘာမျှလုပ်မရပေ။အကယ်၍ သူထွက်ပြေးသွားလျှင်လည်းဘဏ်သည် အကြွေးပေးရန်အတွက် ရှန့်ဖန်းယွိနှင့် သူ၏အာမခံသူနောက်ကိုသာဆက်လိုက်မည်ဖြစ်သည်။

“ စိတ်မပူပါနဲ့မင်းငါ့ကိုသဘောကျအောင်ဆိုပြီးလုပ်တာမဟုတ်ပါဘူး..” 

ရှန့်ဖန်းယွိကပြောရင်းနှင့်ပင် ကျန်းရွှိ၏ ပခုံးပေါ်သို့ လက်တင်ကာ ခပ်ဖွဖွနှိပ်ပေးလိုက်သည်။

“ ငါတို့တွေက အခုမိသားစုဖြစ်လာပြီဆိုတော့ ငါတွေးမိတာက ငါတို့အတူတူဝယ်ထားတဲ့ အိမ်တစ်လုံးအတွက် အိမ်ပိုင်ဆိုင်မှုစာချုပ် ရဖို့အတွက် ရှေ့နေဆီသွားဖို့မမေ့တော့ဘူး…အိမ်တစ်အိမ်ကို ပူးတွဲ၀ယ်ဖို့ လုပ်ထုံးလုပ်နည်းတွေကလည်း စိတ်အနှောင့်ယှက်ဖြစ်စရာတွေရှိတယ်…ငါတို့ရဲ့အားအင်တွေကို ကလေးကိုပြုစုပျိုးထောင်တဲ့နေရာမှာပဲ အာရုံစိုက်လိုက်တာက ပိုကောင်းပါတယ်...”

“ မင်းကိုငါလိုက်တဲ့အချိန်မှာ မင်းမှာစိုးရိမ်စရာတွေနဲ့ အတွေးတွေအများကြီးရှိနေခဲ့တာ….အဲဒီအချိန်တုန်းကမင်း ငါတတ်နိုင်လုံခြုံမှု များများပေးချင်ခဲ့တာ… မင်းရဲ့အိမ်ထောင်ဖက်အနေနဲ့ ငါ့တာဝန်မျိုးပေါ့..."

“အဲဒါအပြင် ငါမင်းကိုယုံတယ်...” 

သူသည် ကျန်းရွှိအတွက် ကမ္ဗလာသီးတစ်လုံးကိုအခွံခွါပေးပြီး နောက်ပြောင်ကျီစယ်လိုက်သည်။

“ ငါဒီမှာရောက်နေပြီ….မင်းထွက်ပြေးမှာမဟုတ်ဘူး...”

ကမ္ဗလာသီးကိုလှပစွာ အခွံခွါထားပြီး လိမ္မော်ရောင်အပွင့်များက အသီးမျက်နှာပြင်မှ ပန်းကဲ့သို့ဖြာထွက်နေကြသည်။လိမ္မော်ဝါရောင်အသီးအနှစ်များသည် အလယ်တွင်အစိတ်ပိုင်းတစ်ခုချင်းစီအဖြစ် ခွဲခံလိုက်ရသည်။

ကျန်းရွှိ အသီးတစ်ခုကိုကောက်ယူကာ ရှန့်ဖန်းယွိ၏ ပါးစပ်ထဲသို့ ထည့်လိုက်ရင်း တည်ငြိမ်စွာပြောသည်။

"မင်းတွေးဖူးလား ငါတို့ပြိုကွဲရင် မင်းအကုန်လုံး ဆုံးရှုံးလိုက်ရမယ်ဆိုပြီးလေ..”

ကမ္ဗလာသီးသည်အလွန်ချိုမြိန်ပြီး ကျန်းရွှိကမ်းပေးသောအသီးသည် ပို၍ချိုသည်။ ရှန့်ဖန်းယွိသည် ကျန်းရွှိ၏မျက်ခုံးများအကြားတွင်မသိမသာပေါ်နေသာ အရေးကြောင်းအား အနည်းငယ်ထိလိုက်သည်။ 

"ဒါပေါ့...အဲ့ဒါမျိုးနဲ့ပတ်သက်ပြီးငါတွေးဖူးတာပေါ့…ဒါပေမယ့်..ငါတို့ပြိုကွဲသွားရင်…ဒီအရာတွေက အဲ့လောက် အရေးမကြီးတော့ဘူး…ငါကအရာအားလုံးကိုဆုံးရှုံးသွားမှာ...”

“ ရှန့်ဖန်းယွိ… မင်းလိုအဲဒီလောက်ချစ်တဲ့ ဦးနှောက်နဲ့ သူမျိုးတစ်ခါမှမမြင်ဖူးဘူး.." 

ကျန်းရွှိကအလေးအနက်ပြောခဲ့သည်။

ရှန့်ဖန်းယွိသည် သူ၏မျက်စိများပင်ကွေးတက်သည်ထိပြုံးပြကာ ကျန်းရွှိ၏ နဖူးကိုနမ်းရန် ရှေ့သို့ကိုင်းလိုက်သည်။

ခဏအကြာတွင် ကမ္ဗလာသီး၏ချိုမြိန်သောအရသာနှင့် အနမ်းသည် ကျန်းရွှိ ၏နှုတ်ခမ်းမျာပေါ်သို့ရောက်သွားတော့သည်။

“ မင်းငါ့လိုလူမျိုးကို တွေ့ဖူးလား..” 

သူတို့နှစ်ဦးလူချင်းခဏခွါလိုက်သောအခါတွင် ရှန့်ဖန်းယွိ သည် ကျန်းရွှိ၏လည်ပင်းနောက်ဘက်သို့ ထိန်းကိုင်ထားကာတုံ့ပြန်လိုက်၏။

"ငါရှေ့မှာ တစ်ယောက်ရှိနေတယ်မဟုတ်လား.."