🧑⚕️Chapter 119
ခေါင်းဆောင်ချောင်အား လှုပ်လှုပ်ရှားရှားဖြစ်သွားစေသောရှန့်ဖန်းယွိ၏ စိတ်ရင်းမှန်ဖြင့် တောင်းဆိုမှုက ဟုတ်မဟုတ်ဆိုသည်မှာ မသေချာပေ…။သို့မဟုတ် သူသည်ရှန့်ဖန်းယွိအား သည်းမခံနိုင်တော့ပဲ ရက်အနည်းငယ်အကြာတွင် အပြင်တွင်သာအကူအညီတောင်းခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်။ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးသည် ကျန်းရွှိ၏အိမ်သို့ရောက်လာခဲ့သည်။
ထိုလူသည် အလွန်ရှင်းရှင်းလင်းလင်း ဝတ်စားထားကာ ပထမဦးဆုံး အမြင်မှာပင် အထူးတလည် အမှတ်ရစရာအသွင်အပြင်မျိုးမရှိခဲ့ပေ။
သူသည် ကျန်းရွှိ၏ ဧည့်ခန်းတွင်ထိုင်နေခဲ့ကာ ရှန့်ဖန်းယွိကမ်းပေးသော လက်ဖက်ရည်ခွက်ကိုလက်ခံခဲ့သည်။ယဉ်ကျေးစွာ ကျေးဇူးတင်ကြောင်းပြောရင်း သူတို့နှစ်ဦးအား သူ့ကိုယ်သူ ဖြည်းဖြည်းချင်းမိတ်ဆက်လာသည်။
“ကျတော့်နာမည် ကျန်းချီ ပါ….ကျတော်က နှုတ်လုံတဲ့လျှို့ဝှက်အစိုးရဌာနက ၀န်ထမ်းတစ်ဦးပါ...”
ရှန့်ဖန်းယွိက ရာထူးမြင့်မားသော သူတစ်ဦးသည်မကြာမီသူတို့အားလာရှာနိုင်သည်ဟု ကြိုတင်ပြောထားဖူးသော်လည်း ထိုသို့မိတ်ဆက်နေမှုအားကြားသွားသောအခါ ကျန်းရွှိနှင့် ရှန့်ဖန်းယွိ တစ်ဦးနှင့်တစ်ဦး မသိစိတ်၏ လှုံ့ဆော်မှုအတိုင်း ကြည့်မိသွားကြသည်၊
ကျန်းချီသည်ထိုသို့ဖြစ်နေကြသည်ကိုတွေ့လိုက်ပြီး တစ်ခုခုတွေးမိသွားကာ သူ၏မျက်လုံးများတဖျတ်ဖျတ်ဖြစ်သွားသည်။
ရှန့်ဖန်းယွိ သည် ကျန်းချီ၏ နာမည်မှာ အစစ်အမှန်မဟုတ်ကြောင်း ခန့်မှန်းနိုင်သော်လည်း သူ့အားသတိထား၍ ထိုအမည်သာ ခေါ်ခဲ့သည်။
“မစ္စတာကျန်းချီ…ခင်ဗျားမှာ ကျတော်တို့ကို တစ်ခုခုပြောစရာရှိလား..."
ကျန်းချီသည် ကိုယ်ရေးအချက်လက်အချို့နှင့် လျှို့ဝှက်စာရွက်စာတမ်းအချို့ကိုထုတ်လိုက်ကာ သူတို့နှစ်ဦးထံ စစ်ဆေးကြည့်ရန် ကမ်းပေးလိုက်သည်။ တစ်ဖက်ကမူ
သူ၏ကိုယ်ရေးအချက်အလက်များကိုရှင်းပြရန်ဖြစ်ပြီး အခြားတစ်ဖက်ကမူသူ၏ရည်ရွယ်ချက်ကိုရှင်းပြရန်ဖြစ်သည်။
“ကျတော်က အမျိုးသားကိုယ်ဝန်ဆောင်အတွက် ခွဲစိတ်ကုသမှုကိစ္စနဲ့ ပတ်သက်ပြီး ရောက်လာတာပါ...”
"ကျီဟွား ဆေးရုံရဲ့ ဒါရိုက်တာက ဒေါက်တာကျန်းရွှိနဲ့ ဒေါက်တာရှန့်ဖန်းယွိ ဒီခွဲစိတ်မှုအတွက် အဓိကတာဝန်ရှိသူတွေလို့ပြောထားပါတယ်…ကျတော်လာတာ အရမ်းနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်…ဒါပေမယ့်ဆရာဝန်နှစ်ဦး နဲ့ သူတို့ရဲ့မိသားစုတွေကိုနောက်ကြောင်းစစ်ဆေးမှုတွေလုပ်ခဲ့ရတယ် ”
သူကလိုရင်းသို့တည့်တည့်ပြောခဲ့သည်။
“ဆရာဝန်နှစ်ဦးလုံး ရဲ့ ဓာတ်ပုံတွေကို ကျတော် အကြိမ်ပေါင်းများစွာ မြင်ဖူးပါတယ်… ကျတော် မမှားဘူးဆိုရင် ခင်ဗျားကဒေါက်တာကျန်းဖြစ်ပြီးတော့ ခင်ဗျားက ဒေါက်တာရှန့်ဖြစ်လိမ့်မယ်…ဒေါက်တာတို့ရဲ့ အချက်အလက်တွေပြန်သုံးသပ်တာမှာ ဘာပြဿနာမှမရှိပါဘူး…ဒါပေမယ့် ကျတော်တို့အလုပ်အတူတွဲလုပ်ရတော့မှာဆိုတော့ ဒေါက်တာတို့နှစ်ဦး ရဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြပြီး ကိုယ်ရေးအချက်အလက်တွေနဲ့ပတ်သက်ပြီး ကျတော့်ကို သေချာထပ်ပြီး အတည်ပြုခွင့်ပေးရမယ်လို့မျော်လင့်ပါတယ်..."
ကျန်းရွှိသည်ထိုအကြောင်းအရာကိုကြားသောအခါမတ်တပ်ထရန်ကြိုးစားသော်လည်း ရှန့်ဖန်းယွိက သူ၏ပခုံးကိုအသာဖိကာ တားသည်။ထို့နောက်သူ
သည် စာရွက်စာတမ်းများပြန်ထုတ်ယူရန် စာကြည့်ခန်းထဲသို့သွားလိုက်သည်။ ထို့နောက် ကျန်းချီထံ သို့လွှဲပြောင်းပေးခဲ့သည်။
“ ကျေးဇူးတင်ပါတယ်”
ကျန်းချီသည်စာရွက်စာတမ်းများကိုယူပြီး အချိန်ကြာမြင့်စွာ ဂရုတစိုက်စစ်ဆေးခဲ့သည်။ သူသေချာကြည့်ရှုပြီးသောအခါ ရှန့်ဖန်းယွိထံသို့ပြန်ပေးလိုက်သည်။
“ ကျတော်က အစကတည်းက လူနာကိုကြည့်ဖို့ရောက်လာတာပါ… ” ကျန်းချီ ကသာမန်လူတစ်ဦး နှင့်သိသိသာသာကွဲပြားသော ကျန်းရွှိ၏ဝမ်းဗိုက်သို့ လှမ်းကြည့်လိုက်ကာ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“ဒါပေမယ့်အခု ကျတော်ကတော့ ဒေါက်တာတို့နှစ်ဦးကြား ဆက်ဆံရေးကို အရင်ဦးဆုံးအတည်ပြုရမယ်ထင်တယ်...”
သူတို့နှစ်ဦး နှုတ်ဆိတ်နေခြင်းကိုမြင်သောအခါ ကျန်းချီသည် သူ၏ထပ်ထားသောဒူးများပေါ်တွင် လက်ကိုတင်ကာဆက်၍ပြောလိုက်သည်။
“ ဒေါက်တာတို့က ရိုးသားပြီး ဘာမှမဖုံးကွယ်ကြဘူးလို့ကျတော်မျှော်လင့်ပါတယ်…အဲ့ဒါမှသာ ကျတော်တို့က ပိုကောင်းတဲ့ အကူအညီတွေပေးနိုင်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေပြေပူးပေါင်းနိုင်မှာပါ"
သူစကားပြောပြီးသည့်နောက် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ နှစ်ဦးစလုံးတိတ်ဆိတ်နေခဲ့သည်။ အပြင်ဘက်မှ လေတိုးသံကိုပင် ကြားနိုင်သည်ထိ အခန်းကအလွန်တိတ်ဆိတ်သွားသည်။
ခဏကြာသောအခါ ကျန်းချီက ရယ်လိုက်သည်။
“ဒေါက်တာကျန်း၊ ဒေါက်တာရှန့်… လက်ရှိလူအများရဲ့အမြင်နဲ့ ဖိအားတွေရှိနေပေမယ့် ဒေါက်တာတို့က ဒီခွဲစိတ်မှုကိုလုပ်ဖို့အတွက်ဆုံးဖြတ်နိုင်တဲ့ သတ္တိရှိနေကြသေးတယ်လေ…အဲ့ဒါကြောင့် ဒေါက်တာတို့လည်း နိုင်ငံအပေါ်ကိုယုံကြည်နေတယ်လို့ ကျွန်တော်ထင်တယ်…ဒေါက်တာတို့အနေနဲ့ စည်းစောင့်တဲ့ အမြင်တွေဘာတွေ ရှိစရာမလိုပါဘူး…ဒေါက်တာတို့ကို ကာကွယ်ပေးရဖို့က ကျတော့်အလုပ်ပါ"
ရှန့်ဖန်းယွိသည် ကျန်းရွှိသို့ကြည့်လိုက်ကာ ခဏတွန့်ဆုတ်နေပြီး သူ၏နှုတ်ခမ်းများကိုလည်းတင်းတင်းစေ့ထားခဲ့သည်။
ခဏအကြာတွင် ကျန်းရွှိသည်လေးနက်သောအမူအယာနှင့်ကြည့်ကာပြောလိုက်သည်။
“ ကျွန်တော်တို့က ချစ်သူတွေပါ..."
ကျန်းချီသည် အံ့ဩတကြီး မေးမြန်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
“လူနာနှင့် ပတ်သက်ပြီးတော့ကော...”
ကျန်းချီ၏အေးဆေးတည်ငြိမ်သောသဘောထားက ကျန်းချီအား အတိုင်းအတာတစ်ခုအထိလိုက်လျောညီထွေဖြစ်စေသည်။ သူသည်ခေါင်းကိုငုံ့ထားပြီးသူ၏ စူထွက်နေသောသောဝမ်းဗိုက်ကိုကြည့်ကာ ကျန်းချီအား
“ လူနာက ကျွန်တော်ပါ...”
“ နားလည်ပါပြီ… ဒါပေမယ့် ဒေါက်တာတို့ပေးခဲ့တဲ့ အချက်အလက်များကိုအတည်ပြုဖို့က ဒေါက်တာရဲ့ဆေးစစ်ချက်ရလဒ်တွေကိုကြည့်ဖို့လိုနေသေးတယ်..."
ရှန့်ဖန်းယွိသည် အညိုရောင်စက္ကူအိတ်ကို ယူကာ စာရွက်စာတမ်းများအားလုံးကို ကျန်းချီထံသို့လွှဲပြောင်းပေးခဲ့သည်။ ထိုစာရွက်များကိုဖတ်ပြီးနောက် ကျန်းချီက ကျန်းရွှိအား
“ နောက်လမှာ အခြေအနေကိုထပ်မံအတည်ပြုဖို့အတွက် ဒေါက်တာကိုဆေးစစ်ဖို့လိုတာ ကူညီပေးမယ့် အစောင့်အရှောက်တစ်ဦး ကျတော်တို့ဆီမှာရှိပါတယ်…တစ်ချိန်တည်းမှာပဲ ဒေါက်တာတို့ကို ပစ္စည်းကိရိယတွေစစ်ဆေးဖို့အတွက် ခွဲစိတ်မှုလုပ်မယ့်အခန်းထဲထိ ကြိုခေါ်ပြသွားမှာပါ…လိုအပ်တာတွေရှိရင် အချိန်မရွေး ထပ်တိုးတည့်လို့ရပါတယ်…"
“ ဒေါက်တာရှန့်…ဒေါက်တာက ခွဲစိတ်ကုသမှုကို ဦးဆောင်မယ့် ခွဲစိတ်ဆရာ၀န်အဖြစ်လုပ်ဆောင်နိုင်ကြောင်းအတည်ပြုဖို့အတွက်ဒေါက်တာရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုစမ်းသပ်ဖို့ သိပ်မကြာခင်အချိန်မှာပဲ ၀န်ထမ်းတွေလာပါလိမ့်မယ်…အနှောင့်အယှက်နည်းနည်းလောက်လည်း ရှိချင်ရှိနိုင်တာမို့ ဒေါက်တာနားလည်နိုင်မယ်လို့ မျော်လင့်ပါတယ်..."
သူသည်ဖုန်းနံပါတ်တစ်ခုကိုချရေးပြီး သူတို့နှစ်ဦးရှေ့သို့တွန်းပို့လိုက်သည်။
“ နောက်ကျရင် ဘာပဲလိုအပ်လိုအပ် …လိုအပ်ချက်မှန်သမျှအတွက် ခေါင်းဆောင်ချောင်ဆီဆက်သွယ်စရာမလိုတော့ပါဘူး….ကျွန်တော့်ဆီပဲတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်..."
“ ပြီးတော့” သူသည်နောက်ကျောကိုမှီလိုက်ကာ စကားပြောခြင်းမပြုမီ သူတို့နှစ်ဦးအကြားခဏမျှစိုက်ကြည့်နေလေသည်။
"ကျွန်တော် စာတမ်းမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒေါက်တာတို့ကို မေးချင်လို့ပါ..."
“ထုတ်ဝေမှုရော နမူပိုင်ခွင့်ရော နှစ်ခုစလုံး သူ့ကိုပေးလိုက်မယ်...” ရှန့်ဖန်းယွိ ကပြောသည်။
ကျန်းရွှိ ရှန့်ဖန်းယွိလက်ကိုကိုင်ကာ ခေါင်းခါပြလိုက်သည်။
“ ဒါဖြင့် အတူတူတွဲလုပ်ကြတာပေါ့....”
ရှန့်ဖန်းယွိက အလျှော့ပေးလိုက်လျောခဲ့သည်။
ကျန်းရွှိကပြောလိုက်၏။
“ ကျွန်တော့်ကိုမထည့်ပါနဲ့ …စာတမ်းထဲမှာကျွန်တော့်အကြောင်းစကားလုံးတစ်လုံးမှမထည့်တာက ကျွန်တော်နဲ့ ကလေးအတွက် အကောင်းဆုံးကာကွယ်မှုပဲ ”
“ ဒါပေမယ့်…“
“ရှန့်ဖန်းယွိ မင်းကဦးဆောင်ခွဲစိတ်မယ့်ဆရာဝန်ပါ. ခွဲစိတ်တာအောင်မြင်ရင် မင်းအဲ့ဒီချီးကျူးမှုနဲ့ ထိုက်တန်တယ်...”
ကျန်းရွှိ သူ့ကိုကြည့်လိုက်သည်။
"ဒီစာတမ်းကိုငါဂရုမစိုက်ဘူး….ငါ့ကိုအထင်မသေးပါနဲ့...”
သူရေနွေးတစ်ငုံမျှသောက်လိုက်ပြီး သူ၏မျက်လုံးများကယခင်ကကဲ့သို့ယုံကြည်မှုရှိနေဆဲဖြစ်သည်။
“ ဒီစာတမ်းမရှိလည်း ငါကမင်းထက်အရင် ခွဲစိတ်ဆရာဝန်ကြီး ဖြစ်လာနိုင်တယ်လို့အာမခံတယ်… စာရေးသူမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွါးနေမယ့်အစား တစ်နေ့ငါ့ကိုဆုံးရှုံးရတော့မယ့်အကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေသင့်တယ်..."
“ကျန်းရွှိ ...ငါ..."
“မင်းဘာမှ ထပ်ပြောစရာမလိုတော့ဘူး…ဒီကိစ္စကိုငါ့ဘာသာ ဆုံးဖြတ်ချက်ချမယ်...“
ကျန်းရွှိက ရှန့်ဖန်းယွိ၏ချေပစကားကိုကြားဖြတ်၍ပြောလိုက်သည်။
“ ဒေါက်တာကျန်း မှန်ပါတယ်… ဒေါက်တာကျန်းနာမည်ကို စာတမ်းထဲထည့်ထားပြီး ခွဲစိတ်မှုထဲမှာကျ သူ မပါဝင်တဲ့ကိစ္စက မီဒီယာတွေရဲ့ထင်ကြေးတွေ မကောင်းပြောတာတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေလိမ့်မယ်…ဒါပေမယ့် နှစ်ယောက်လုံးကို နိုင်ငံရဲ့ နာမည်နဲ့ ရင်းပြီး ကျွန်တော်အာမခံပြောရဲပါတယ်…ခွဲစိတ်မှုအောင်မြင်သွားတဲ့နောက် မီဒီယာတွေက အဲ့ဒါနဲ့ပတ်သက်ပြီး သတင်းတွေ တင်ကြရင်လည်း ဒေါက်တာတို့ရဲ့ ရင်ခုန်စရာဆက်ဆံရေး… ကလေးရဲ့ကိုယ်ရေးကိုယ်တာ… နဲ့ ဒေါက်တာတို့ရဲ့ပုဂ္ဂိုလ်ရေးဘဝတွေကို လုံးဝ အများရှေ့မပေါက်ကြားစေရပါဘူး…ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းရည်ကို ယုံကြည်လို့ရပါတယ်..."
သူကဆက်ပြောသည်မှာ
“ ဒေါက်တာတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး စဉ်းစားထားပါတယ်.. A ရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ လူသူဝေးပြီး သင့်လည်းသင့်တော်တဲ့နေရာမှာ နှစ်ယောက်သား အတူတူနေလို့ရအောင် ကျွန်တော်တို့စီစဉ်ပေးပါ့မယ်…. ကျွန်တော်တို့ရဲ့ ၀န်ထမ်တွေက ကောလာဟလတွေပျောက်ကွယ်သွားတဲ့အထိဒေါက်တာတို့ကိုကာကွယ်ပေးပါလိမ့်မယ်...”
“ ဒါပေမယ့် ဒေါက်တာရှန့် သာ ဦးဆောင်ခွဲစိတ်တဲ့ဆရာဝန်အဖြစ် ခွဲစိတ်မှုအောင်မြင်ခဲ့ရင် ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာကြီးကိုချပြသွားမှာပါ…အထူးသဖြင့်အနောက်တိုင်းမီဒီယာတွေကို အကြောင်းကြားမှာပါ…အဲ့အခါကျ ကျွန်တော်တို့က မီဒီယာတွေကို သတင်းတွေဖောင်းပွနေအောင်တင်ခွင့်မပြုပါဘူး.. ဒါပေမယ့် နိုင်ငံအတွက်တော့ အများရှေ့မှာ အဆင်ပြေပြေထွက်ပြပြီး အပြင်ကမ္ဘာနဲ့ ဆက်သွယ်ပြောဆိုဖို့တော့ ဒေါက်တာ့ကို လိုအပ်လိမ့်မယ်…အဲ့ဒါကိုလက်ခံပြီး နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်...”
ရှန့်ဖန်းယွိ သည်သူ၏နဖူးကိုပွတ်သပ်ကာ
“ကျွန်တော် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသားပါ...”
“ အဲ့ဒီအပြင်… ဒီလိုမဖြစ်နိုင်ဘူးဆိုပေမယ့်လည်း အကယ်၍ခွဲစိတ်မှု မအောင်မြင်ခဲ့ရင် …ဒီကိစ္စကို လုံးဝလျှို့ဝှက်ထားရပါမယ်…ကျွန်တော်တို့ကလွဲပြီး ဘယ်သူမှ မသိစေရပါဘူး..."
ကျန်းချီက ကျန်းရွှိနှင့်ရှန့်ဖန်းယွိအားကြည့်၍ပြောသည်။
သူ၏ဆိုလိုရင်းကို ရှင်းလင်းစွာနားမလည်သေးမည်စိုး၍ ခဏမျှရပ်နားပြီးနောက် ထပ်ဖြည့်၍ပြောခဲ့သည်။
“ အကယ်၍ ဒေါက်တာကျန်းက ခွဲစိတ်ခံနေရတဲ့အတွင်းမှာ အတွင်းမတော်တဆမှုတစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်တော်တို့က ကျွန်တော်တို့ တတ်စွမ်းသမျှ ကြိုးစားပြီး ကျွန်တော်တို့ရဲ့ အင်အားတွေကို အကုန်သုံးပြီး သူ့ကို ကယ်တင်မှာပါ… ဒါပေမယ့် ကျွန်တော်တို့ သူ့ကို မကယ်တင်နိုင်ခဲ့ရင်… သတင်းအချက်အလက်ပေါက်ကြားမှုတွေကိုကာကွယ်ဖို့ ကျွန်တော်တို့ဘက်ကနေ မိသားစုကိုအကြောင်းကြားပေးပြီး ချက်ချင်းမီးင်္သဂြိုဟ်ပေးတာမျိုးကို ရွေးချယ်လိုက်ပါတယ်…ဒေါက်တာသေဆုံးရတဲ့အကြောင်းအရင်းကို ဒေါက်တာတိူ့ရဲ့ မိသားစုကလွဲလို့ ဘယ်သူမှမသိနိုင်ပါဘူး…ဒါကိုလက်ခံနိုင်မလား...”
ကျန်းရွှိသည် အသက်ပြင်းပြင်းရှူလိုက်သည်။
“ ဟုတ်ကဲ့ လက်ခံပါတယ်...”
“ ကောင်းပါပြီ....”
ကျန်းချီ စကားဆက်၍ မပြောမီ အချိန်ကြာမြင့်စွာသူ၏မျက်နှာကိုကြည့်နေခဲ့သည်။
“ ဒေါက်တာကျန်းက လူသိရှင်ကြားတွင်ပါ၀င်ရန်အစီအစဉ်မရှိတဲ့အတွက် ကိုယ်ရေးအချက်အလက်တွေကို သေချာကာကွယ်ပြီး နယ်စပ်ဒေသက ဒေါက်တာရဲ့အတွေ့အကြုံတွေအတွက် အသေးစိတ်ပြည့်စုံတဲ့ ဖိုင်တွဲကိုလုပ်ထားမယ်လို့ ကျွန်တော် ကတိပေးပါတယ်…ဒေါက်တာထွက်သွားတာနဲ့ ပတ်သက်ပြီး ဆေးရုံကနေ သံသယမဖြစ်အောင် ဒေါက်တာရဲ့ ကိုယ်ဝန်ဆောင်တာနှင့်ကလေးမွေးဖွားမယ့်အချိန်ကွာဟမှုကို လျှို့ဝှက်ထားရပါမယ်… ဒေါက်တာဆေးရုံကနေ ဆင်းပြီးရင်လည်း ဇာတ်လမ်းကိုဆက်ပြီး သေချာအောင်လို့ အပြင်က ဆေးခန်းကိုအချိန်တစ်ခုထိသွားလို့ရပါတယ်...”
“ ဒေါက်တာရှန့်ကလည်း အားလပ်ရက်ယူဖို့ပြင်ထားလို့ရပါတယ်…ဒေါက်တာရဲ့အားလပ်ရက်နှင့် ပတ်သက်ပြီးတော့ ကျီဟွားဆေးရုံရဲ့အထက်လူကြီတွေနဲ့ ကျွန်တော် ညှိနှိုင်းပေးသွားမှာပါ… ဒေါက်တာရဲ့ ခွဲစိတ်မှုစွမ်းရည်ကိုထိန်းသိမ်းဖို့ ကျီဟွားမှာလည်း ခက်ခဲတဲ့ ခွဲစိတ်မှုတွေကိုပုံမှန်လုပ်ဆောင်ရပါမယ်… ဒီခွဲစိတ်မှုအတွက် ပြင်ဆင်မှုတွေမှာ ကိုယ်တိုင်အပြည့်အဝပါဝင်နိုင်မယ်လို့လည်း နိုင်ငံတော်ကမျော်လင့်နေပါတယ်…ဒါကကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်လေ...”
“ ကျွန်တော်ပြောသမျှအားလုံးကို မှတ်တမ်းတင်ထားပြီး ဒေါက်တာတို့နှစ်ယောက်လုံးကလက်မှတ်ထိုးပေးရပါလိမ့်မယ်…အဲ့အပြင်…အကယ်၍ ဒေါက်တာတို့မှာ ခွဲစိတ်မှုမတိုင်ခင် ဒါမှမဟုတ် ပြီးသွားရင်လည်း…မေးစရာတွေရှိရင် ကျွန်တော့်ဆီလာမေးပါ..."
သူစကားပြောပြီးနောက် မတ်တပ်ရပ်ကာ သူတို့နှစ်ယောက်ထံသို့ လက်ကမ်းပေးလိုက်သည်။
“နိုင်ငံတော်အပေါ်ကို ယုံကြည်လိုက်ပါ.…နိုင်ငံတော်က ဒေါက်တာတို့ကို ကာကွယ်ပေးမှာပါ...”
“ ဒေါက်တာတို့က တကယ့်ကို ရဲရင့်ကြပါတယ်.. ကံကောင်းကြပါစေ ”
ကျန်းချီကတည်ကြည်လေးနက်စွာပြောလိုက်သည်။
— — — — —
ကျန်းရွှိ၏သတ်မှတ်ထားသော မွေးရက်မတိုင်မီတစ်လအလိုတွင် ရှန့်ဖန်းယွိ သည် ဆေးရုံမှ သူ၏အခြားအလုပ်တာဝန်အားလုံးကိုလွှဲပြောင်းပေးခဲ့ပြီး ခွဲစိတ်မှုအတွက်ပြင်ဆင်ရေးတွင် မိမိကိုယ်တိုင် စိတ်နှလုံးအကြွင်းမဲ့အပ်နှံရန် ပြင်ဆင်ခဲ့သည်။
ထိုနေ့တွင်သူသည်အိမ်သို့တန်းပြန်ရန်အတွက် ကားပါကင်သို့ လမ်းလျှောက်သွားနေချိန်တွင် ကျန်းရွှိထံမှ ဖုန်းဝင်လာသည်။
“ ငါအခုအိမ်ပြန်နေတဲ့လမ်းမှာ...”
သူသည် လက်တစ်ဖက်တည်းနှင့် ကားသော့ကိုလှည့်ကာ ဖုန်းကိုအခြားတစ်ဖက်နှင့် ကိုင်ထားပြီးသူ၏ခေါင်းကိုအနည်းငယ်စောင်းထားသည်။
“မင်းဘာမှမစားချင်ဘူးလား…ငါအလုပ်ကနေအပြန် လမ်းပေါ်ကနေ လမ်းကြုံဝယ်လာပေးလို့ရပါတယ်..."
ကျန်းရွှိသည်မျက်နှာဖုံးနှင့် ဦးထုပ်ကို ၀တ်ဆင်ထားပြီးနွေဦရောက်နေပြီးဖြစ်သော A မြို့တွင် ထူထပ်သောဂျာကင်အင်္ကျီကြီးအားထပ်၍ဝတ်ဆင်ထားသည်။ အရွယ်အစားကြီးမားလွန်းသော်လည်း အနည်းဆုံးတော့ သူ၏ အလွန်ဆူထွက်နေသောကိုယ်ဝန်ဆောင်ဝမ်းကိုဖုံးကွယ်ထားနိုင်သည်။
“ ရှေ့နေရုံး မှာမင်းကိုစောင့်နေတယ်...”
သူကအနီးအနားရှိဆိုင်းဘုတ်ကိုကြည့်ကာ ဖုန်းထဲမှလူအားပြောခဲ့သည်။
“မင်းရဲ့ ID ကဒ်နဲ့အိမ်ထောင်စုမှတ်ပုံတင်စာအုပ်ကို မင်းအစားယူလာခဲ့ပြီးသား…မင်း ဒီတိုင်းလူချည်းပဲလာခဲ့...”
“ရှေ့နေရုံး….”
ရှန့်ဖန်းယွိ အလျင်အမြန် ရောက်သွားခဲ့သော်လည်း အံ့အားသင့်နေသည်။
“ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရှေ့နေသက်သေတွေနဲ့ မလုပ်တော့ဘူးပြောခဲ့ကြတာမလား…ပြီးတော့ အိမ်ဝယ်တာနဲ့ပတ်သက်ပြီး ဘာသတင်းမှ မထွက်သေးဘူးလေ...”
“အခြားဟာတစ်ခုကို သက်သေခံလုပ်ထားမလို့..."
သူသည်ဖိုင်တွဲတစ်ခုကိုင်ထားပြီး ရှန့်ဖန်းယွိကို ကြည့်ကာစကားလုံးနှစ်လုံးပြောလိုက်သည်။
“ Voluntary Guardianship(မိမိသဘောဆန္ဒအလျောက် အုပ်ထိန်းခွင့်)”