အပိုင်း (၃၀၈)
Viewers 34k

Chapter 308 


သူတို့ ဆိုဖာပေါ်တွင် အချိန်အတော်ကြာ အတူတူလှဲလျောင်းနေကြသည်။ ညရှစ်နာရီပင်ရှိပြီဖြစ်၍ သူတို့ဗိုက်ဆာ၍ တဂွီဂွီမြည်နေကြလေပြီ။


ယွမ်ရှ၏ဆံပင်များက အတော်လေးရှုပ်ပွနေသည်။ သူမ ဆိုဖာပေါ်မှ လှစ်ခနဲထလာပြီး စုန့်ထင်ရှန်းကိုမကြည့်ရဲဘဲ ရေချိုးခန်းထဲဝင်ကာ ဆံပင်နှင့် အဝတ်အစားများကို ပြန်ပြင်ဆင်လေသည်။ သူမပြန်ထွက်လာချိန်တွင် စုန့်ထင်ရှန်းနှင့် မထူးမခြား တည်ငြိမ်နေပြီဖြစ်သည်။ သူမ သူနှင့် အချိန်ပိုဖြုန်းလာလေလေ သူ၏အမူအရာများနှင့် တူလေလေဖြစ်သည်။ 


စုန့်ထင်ရှန်းက ဟင်းကျန်များကို ပြန်နွှေးပြီးလေပြီ။ သူတို့နှစ်ယောက်လုံး ချက်ပြုတ်ချင်စိတ်မရှိတော့၍ နေ့လည်ကဟင်းကျန်များကိုသာ ပျော်ပျော်ကြီးစားကြလေသည်။


စုန့်ကော်ပိုရေးရှင်း ဒေဝါလီမခံရတော့မှန်းသိ၍ ယွမ်ရှ အတော်လေးစိတ်သက်သာရာရနေရသည်။ သို့သော် သူမက စုန့်ထင်ရှန်းကိုပြောလိုက်သေးသည်။ 


"ကျွန်မ ကျွန်မရဲ့ပစ္စည်းတွေကို စီစဉ်ကြည့်ပြီး အတော်လေးအံ့ဩသွားခဲ့တာ... ကျွန်မ မလိုအပ်တဲ့ ပိုက်ဆံအိတ်တွေနဲ့ လက်ဝတ်ရတနာတွေကို ရောင်းလိုက်ပြီးပြီ... အခု ကျွန်မမှာ စုဆောင်းထားတာတွေအများကြီးရှိနေပြီလေ... နှစ်သစ်ကူးပြီးရင် အလုပ်ရှာဖို့တောင် စဉ်းစားထားတာ... ဒါပေမဲ့ အခုတော့စိတ်ပြောင်းလိုက်ပြီ...."


စုန့်ထင်ရှန်းက ယခင်တစ်ခေါက် ရှအန်းအင်တာဗျူးသွားပြီး အလုပ်ရခဲ့သည့်ကိစ္စကြောင့် အရိပ်မဲကြီးကျန်နေဆဲဖြစ်သည်။ ယခုခေတ်တွင် ချင်းယွီကဲ့သို့ မိန်းမတစ်ယောက်ကိုလိုက်ရန် ငွေအများအပြားသုံးသော ယောက်ျားများမှာ အများကြီးမရှိတော့သော်လည်း အကယ်၍ သူမက သူ့လိုလူမျိုးနှင့်ထပ်ကြုံရလျှင် အတော်လေး ဒုက္ခရပေမည်။


"မင်းကဘာလုပ်ချင်တာလဲ..."

စုန့်ထင်ရှန်းက မေးလိုက်သည်။


ယွမ်ရှက သူ့ကိုမျက်တောင်ခတ်ကာကြည့်လိုက်သည်။


"ကျွန်မ ကိတ်ဆိုင်လေးဖွင့်ချင်တယ်... ကိတ်တင်မဟုတ်ဘူး သောက်စရာတွေပါရောင်းမယ်လေ... ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးဖြစ်အောင် ပြင်ဆင်ပြီး လာစားတဲ့သူတွေ ဓာတ်ပုံကောင်းကောင်းရိုက်လို့ရအောင် လုပ်ပေးလိုက်မယ်... အခုကျွန်မမှာ ပိုက်ဆံတွေရှိနေတော့ ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ပြဿနာမရှိဘူးလို့ ထင်မိတယ်... ကျွန်မမှာ ဒီအကြံရှိတာအတော်ကြာနေပြီ... ဒါပေမဲ့..."


သူမ ချောင်းဟန့်လိုက်သည်။


"ကျွန်မတို့မိသားစုက ဒေဝါလီခံရတော့မယ်လို့ထင်နေတာ... အဲ့တော့ပိုက်ဆံမသုံးရဲခဲ့ဘူးလေ..  အခုကျွန်မက ပိုက်ဆံနဲ့ပတ်သတ်ပြီး မပူရတော့ပေမဲ့... လုပ်စရာတစ်ခုခုတော့လိုချင်သေးတာ... ရှင်ဘယ်လိုထင်လဲ..."


"အဆင်ပြေပါတယ်... ဒါပေမဲ့ ဆိုင်မဖွင့်ခင်မှာ ဈေးကွက်စီးပွားရေးနဲ့ပတ်သတ်ပြီး တစ်လလောက်လေ့လာဖို့ အကြံပေးချင်တယ်... "

စုန့်ထင်ရှန်း၏ သူ၏အတွေ့အကြုံကိုအခြေခံပြီး အကြံပေးလိုက်သည်။


"မင်းဆိုင်ဖွင့်ဖို့ နေရာကောင်းရှာရမယ်... အရေးအကြီးဆုံးက ဘယ်လိုမျိုးစားသုံးသူတွေကို ပစ်မှတ်ထားမလဲ ဆုံးဖြတ်ရမယ်... စာသုံးသူနဲ့ ရင်းနှီးဖော်ရွေပြီး ချဉ်းကပ်တဲ့ပုံကိုရွေးချင်ရင်တော့ အစားအသောက်တန်းမှာ ဆိုင်ဖွင့်ဖို့ကို အကြံပေးတယ်... ဒီလိုဆိုရင် ဆိုင်ကိုအများကြီးအလှဆင်စရာမလိုဘူး.. စားသုံးသူနဲ့ရင်းနှီးဖော်ရွေပြီး ချဉ်းကပ်တဲ့ပုံအရဆိုရင် အလှဆင်ဖို့ အများကြီးသုံးတာ မတန်ဘူး.. ကိုယ်က ရေတိုအကျိုးအမြတ်ကို ပြောချင်တာမဟုတ်ဘူး... ရေရှည်အတွက်ကိုပါ စဉ်းစားစေချင်တာ..."


ယွမ်ရှက Big bossကြီး၏ အကြံဉာဏ်ကိုလက်ခံလိုက်သည်။


"အိုကေ.. ကျွန်မသိပြီ...."


စုန့်ထင်ရှန်းက သေချာစဉ်းစားပြီးပြောလာသည်။

"ကိုယ့်ကုမ္ပဏီနားမှာ ဆိုင်ခန်းတွေရှိတယ်... မင်းတစ်ချက်လောက်သွားကြည့်ပေါ့.... နေရာကအရမ်းကောင်းတယ်... ကျောင်းတွေရော ကုမ္ပဏီ တွေပါအများကြီးသလို ဘူတာရုံနဲ့လည်းမဝေးဘူး..."


"ကျွန်မသာ ရှင့်ကုမ္ပဏီနားမှာဆိုင်ဖွင့်ရင် ဘယ်အချိန်မဆို ရှင့်ဆီလာလည်လို့ရနေမှာပေါ့..."


ယွမ်ရှကစလိုက်သည်။


"ရှင် ကောင်မလေးလှလှလေးတွေနဲ့ စကားပြောရဖို့ အခွင့်အရေးမရှိတော့ဘူးနော်... ဒါမကောင်းဘူးထင်တယ်..."


"ဒါအတော်လေး အဓိပ္ပါယ်ရှိတာပဲ..."

စုန့်ထင်ရှန်းက ပြင်းပြင်းထန်ထန်ခေါင်းငြိမ့်ပြလိုက်သည်။ သူက သူမပြောသည်ကို အတော်ကြီးသဘောတူလေသည်။


"ဟေး....."


သူမက စုန့်ထင်ရှန်းမှာ ထိုကဲ့သို့လူမျိုးမဟုတ်မှန်းသိသော်လည်း အတော်လေးဒေါသထွက်သွားရသည်။