Chapter 309
"ကိုယ်ပြောဖူးတယ်လေ... ကိုယ်ကမင်းကိုအမိဖမ်းထားပြီးပြီလေ.. နောက်ထပ်တစ်ယောက်ကို အမိဖမ်းပြီး လှေနံနှစ်ဖက်နင်းဖို့က ပင်ပန်းလွန်းလို့ မလုပ်နိုင်ပါဘူးလို့....."
စုန့်ထင်ရှန်းက သူမကိုစိုက်ကြည့်လာသည်။
"ဒီနေ့အထိ ကိုယ့်နားမှာ ရစ်သီရစ်သီလုပ်နေတဲ့လူတွေရှိသေးတယ်.. ဒါပေမဲ့ မင်းနားမှာတော့ ပိုတောင်များသေးတယ်... တစ်ယောက်သွားတာနဲ့ ပိုဆိုးတဲ့တစ်ယောက်ရောက်လာတယ်..."
ယွမ်ရှ : သူမဘာလို့များ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကြီးတဲ့တွင်းကြီး တူးပေးလိုက်မိတာလဲ... ဘယ်လိုလုပ်စကားလမ်းကြောင်းက ပြောင်းသွားရတာလဲလို့... ပြီးတော့ အဲ့နှစ်ယောက်ကလည်း သူမနဲ့မဆိုင်ပါဘူးနော်... မူလပိုင်ရှင်နဲ့ပဲဆိုင်တာ...
အရင်တုန်းက စုန့်ထင်ရှန်းက တစ်လုံးမှမပြောခဲ့၍ လုံးဝဂရုမစိုက်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် အရာအားလုံး ပေါ်လာခဲ့သည်။ သူက အရာအားလုံးစာရင်းရှင်းရန် အချိန်ကောင်းကိုစောင့်နေခြင်းသာဖြစ်သည်။
ယွမ်ရှက ကိုးယိုးကားယားရယ်လိုက်သည်။
"အဟားဟား... ကြက်သားက နေ့လည်ကထက် ပိုစားကောင်းနေတာပဲ..."
စုန့်ထင်ရှန်းက ပြောလိုက်သည်။
"စကားလမ်းကြောင်းမလွှဲနဲ့... ကိုယ်အလွတ်ပေးမှာမဟုတ်ဘူး... ကိုယ်အဲ့အကြောင်းကို လေးလေးနက်နက် ပြောချင်နေတာ..."
"ဒါပေမဲ့ သွမ့်ချီကိုရော ချင်ယွီကိုရော ကျွန်မ လှည့်တောင်မကြည့်ခဲ့ဘူးလေ..."
ယွမ်ရှက စတင်ရှင်းပြလာသည်။
"ကျွန်မသူတို့ကို မချဉ်းကပ်ခဲ့ဘူး.. သူတို့ကသာ ကျွန်မကိုချဉ်းကပ်လာကြတဲ့လူတွေလေ.. ဘာပဲဖြစ်ဖြစ် အဲ့တာတွေကိုတော့ ကျွန်မကို အပြစ်တင်လို့မရဘူးလေ... သဘောတူလား... ဘဏ်ကိုဓားပြတိုက်ခံရသလိုပေါ့...ရှင်သူခိုးကိုပဲ အပြစ်တင်လို့ရမယ်လေ... ဘဏ်ကိုပိုက်ဆံတွေအများကြီးရှိနေလို့ဆိုပြီး အပြစ်တင်လို့မှမရတာ... အဲ့ဒီ့လော့ဂျစ်ကြီးက မှားနေတယ်နော်... ဒီတော့ ကျွန်မကို အပြစ်တင်လို့မရသလို ဆူလို့လည်းမရဘူး..."
"ကိုယ်မင်းကို အပြစ်မတင်ပါဘူးကွာ...."
စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။
"ကိုယ်က အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်နေရုံပါ.. ပြောရမယ်ဆိုရင် ကိုယ့်နားမှာထက် မင်းနားမှာမှ လူတွေပိုများနေတာမလား.. "
ယွမ်ရှက ကိုယ့်မေးစေ့ကိုယ် ထိလိုက်သည်။
"ရှင်ပြောတာ အဓိပ္ပါယ်ရှိတယ်... ကျွန်မက ငယ်ရွယ်ပြီးလှပနေတာကိုး...."
သူမက ထိုစကားလုံးများကို စုန့်ထင်ရှန်းရှေ့တွင်သာပြောခြင်းဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူမကလည်း မူလကိုယ်၏ အလှတရားအပေါ် သက်ပြင်းချကာချီးကျူးမိသည်။
"မင်းကိုယ်မင်းချီးကျူးဖို့ ရှိသမျှအခွင့်အရေးတိုင်းကို မယူပါနဲ့လား...."
ယွမ်ရှက ပြုံးစေ့စေ့နှင့် ခေါင်းခါလိုက်သည်။
"မယူပါဘူးနော်..."
---
မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အအေးဘက်ကိုသွားသည်။ အပူရှိန်တိုးထားပြီး စောင်ခြုံထားလျှင်ပင် သူမ၏ခြေထောက်များက အေးနေလေ့ရှိသည်။ ဝမ်လေးက ဒီနေ့ညအိမ်တွင်မရှိ၍ စုန့်ထင်ရှန်းက သူ့ခေါင်းအုံးသူပိုက်ပြီး သူမနှင့်လာအိပ်ရန် လာလေသည်။
စုန့်ထင်ရှန်းတွင် အလွန်ချစ်ဖို့ကောင်းသော အကျင့်လေးရှိသည်။ သူ့တွင် သူ့ ခေါင်းအုံးရှိနေသမျှ ဘယ်နေရာတွင်မဆို အိပ်ပျော်ပေသည်။
သူအိပ်ရာပေါ်တွင်လှဲပြီး စောင်ခြုံလိုက်သည်နှင့် ယွမ်ရှက သူမ၏အေးစက်နေသော ခြေထောက်များကို သူ့ဗိုက်ပေါ်တင်လိုက်သည်။
"ဒါ ရှင်ဒီကိုလာနေတဲ့အတွက်ပေးရတဲ့ အဖိုးအခပဲ...."
သူမတွက်လည်း သူမ၏ကိုယ်ပိုင် အမြင်ရှိလေသည်။
စုန့်ထင်ရှန်းမှာ ကူကယ်ရာမဲ့သွားရသည်။ သူမ၏ခြေထောက်များကိုကိုင်ပြီး နွေးအောင်လုပ်ပေးလိုက်သည်။
ယခုကဲ့သို့ စိတ်ကြွဖွယ်ညလေးတွင် ဝမ်လေးကို ယွမ်အိမ်ကိုပို့ပြီးသားလည်းဖြစ်နေရာ တစ်ခုခုသာမလုပ်ပါက အတော်လေးထူးဆန်းပေလိမ့်မည်။ အဆုံးတွင် အကောင်ပေါက်လေးအိမ်တွင်မရှိသည့်အချိန်နှင့် ပြဿနာမရှာသည့်အချိန်မှာ ရှားလေသည်။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သာ အိပ်ခန်းထဲတွင်ရှိနေသည်။ အိမ်အကူအန်တီရော ဝမ်လေးပါရှိမနေပေ။ အချိန်သင့်အခါသင့်ဖြစ်လေသည်။
---
ယွမ်အိမ်တွင် ဝမ်လေးက ယွမ်ရှကိုဖုန်းခေါ်ရန် ပြင်လိုက်သော်လည်း မေမေယွမ်က သူ့ကိုတားလိုက်သည်။
"နေ့လည်က သားမာမားနဲ့ ဖုန်းပြောပြီးပြီမဟုတ်လား..."
ဝမ်လေးမှာ အိပ်ရာပေါ်တွင်လှဲနေရင်း ပြန်ဖြေလာသည်။
"သားက မာမားကို ဂွတ်နိုက်ပါလို့ပြောချင်လို့ပါ... သားတို့က ညတိုင်း ဂွတ်နိုက်ပါလို့ပြောကြတယ်လေ..."
မေမေယွမ်က သေချာစဉ်းစားပြီးမှ လေးနက်စွာပြောလာသည်။
"ဒီနေ့တစ်ရက်ကို ကျော်လိုက်ရအောင်လေ.."
ဝမ်လေးက ပဟေဠိဖြစ်သွားသည်။
"ဘာလို့လဲဟင်..."
"မိသားစုထဲမှာဝမ်ရှိနေပြီဆိုပေမဲ့ ဒီညပြီးရင် ပေါက်စီလုံးလေးတစ်ခုပါ ထပ်ရှိလာလောက်တယ်...."
မေမေယွမ်က ပြုံးလိုက်ပြီး သူမ၏မြေးလေးကို ဖက်လိုက်သည်။
"မနက်ဖြန်ရောက်မှခေါ်ရအောင်ပါ... မနက်ကြမှပဲ ဂွတ်မောနင်းလို့ နှုတ်ဆက်ကြတာပေါ့..."