Chapter 310
နှစ်သစ်ကူးနီးလာပြီဖြစ် ကုမ္ပဏီကြီးများက သူတို့၏နှစ်ကုန် စုဝေးပွဲများကို စတင်ပြင်ဆင်ကြလေပြီ။ စုန့်ကော်ပိုရေးရှင်းလည်း ချွင်းချက်မဟုတ်ပေ။
HR မန်နေဂျာက စုန့်ထင်ရှန်း၏ရုံးခန်းကို တကူးတကသွားပြီး ယွမ်ရှလာမည်လား လာမေးသည်။ HR မန်နေဂျာက အတိအလင်းမပြောသော်လည်း မစ္စစုန့်ကိုလာဖို့ မျှော်လင့်နေသည်။ ဘော့စ်၏ဇနီးကိုပါ အရောက်ခေါ်နိုင်ပါက ပွဲများနှင့် အစီအစဉ်များက အခြေကျသွားမည်ဖြစ်သည်။ သူက ဘော့စ်၏ဇနီးက မလာဘူးဟုပြောပြီးမှ ရောက်လာလျှင် စီစဉ်ထားသလိုမဖြစ်မည်ကို ကြောက်နေပေသည်။ နောက်ဆုံးမိနစ်မှကပ်ပြီးပြင်ဆင်ရသည့် ဘယ်အရာကမှမကောင်း၍ HR မန်နေဂျာက နှစ်တိုင်း စုန့်ထင်ရှန်းကို လာမေးနေရခြင်းဖြစ်သည်။
စုန့်ထင်ရှန်းက သူ့စားပွဲခုံပေါ်ရှိ ယွမ်ရှရေးပေးထားသော မှတ်စုလေးများကိုကြည့်လိုက်သည်။ သူရေသောက်ရတာ မကြိုက်သော်လည်း ယွမ်ရှချန်ထားသော မှတ်စုလေးများကိုကြည့်လိုက်လျှင် ရေခွက်အနည်းငယ်မျှသောက်မိသည်။ သူရေခွက်ကိုယူပြီး တစ်ငုံစုပ်သောက်လိုက်ကာ ပြန်ဖြေလိုက်သည်။
"အဲ့နေ့ကြရင် ငါ့ဇနီးလည်း လာလိမ့်မယ်.... ဒါပေမဲ့ တကူးတကပြင်ဆင်စရာမလိုဘူး... ငါ့ဘေးက ခုံကိုအလွတ်ထားပေးရင်ရပြီ...."
မစ္စစုန့်က နှစ်ကုန်စုဝေးပွဲတွင် ဘယ်သောအခါမှ ပေါ်မလာခဲ့ဘူးပေ။ HR မန်နေဂျာက ခဏမျှအံ့ဩသွားရသည်။ သူ၏စပ်စုလိုစိတ်ကိုသာ ကျေးဇူးတင်မိသည်။ ကံကောင်းစွာဖြင့် လာမေးခဲ့မိသည်။ မဟုတ်ပါက ဘော့စ်၏ဇနီးထံမှ အမျက်တော်ရှခံရပါက လွယ်မည်မဟုတ်ပေ။
ဤနှစ်က စုန့်ကော်ပိုရေးရှင်းအတွက် ထူးခြားသည့်နှစ်လေးပင်။ သူတို့ အကျပ်အတည်းများကြကျော်လွန်ခဲ့ပြီး အထွတ်အထိပ်သို့ ရောက်လုနီးနီးပင်ဖြစ်ခဲ့သည်။ စုန်ထင်ရှန်း၏ ကိုယ်ပိုင်ဘဝကလည်း ပိုမိုကကောင်းမွန်လာခဲ့သေးသည်။
သူယွမ်ရှကို အရာရာတိုင်းကို ဝေမျှပေးချင်နေသည်။ သူအိမ်ပြန်ရောက်သောအခါ ဤကိစ္စကို ယွမ်ရှအားပြောပြလေသည်။
"ကုမ္ပဏီ ရဲ့နှစ်ကုန်စုဝေးပွဲက သောကြာနေကြရင် ကျင်းပမှာ... ကိုယ်နဲ့လိုက်ခဲ့လေနော်..."
ယွမ်ရှက ထိုအကြောင်း လုံးဝမတွေးမိပေ။ သူမက လက်တလောတွင် ဈေးကွက်သုတေသနပြုလုပ်နေ၍ အလွန်အလုပ်များနေခဲ့သည်။ ထို့ကြောင့် သူ့စကားကိုကြားသောအခါတွင် အံ့ဩသွားခဲ့ရသည်။
စုန့်ထင်ရှန်းက သူမကိုကြည့်ပြီး တိုးတိုးလေးမေးလေသည်။
"မသွားချင်ဘူးလားဟင်...'
ယွမ်ရှက သူ့လေသံမှာ အတော်လေး အားနည်းနေကြောင်းသိ၍ ချက်ချင်းခေါင်းခါလိုက်သည်။
"ဘယ်ကသာ... ကျွန်မကအံ့ဩသွားရုံပါ... ကျွန်မကတစ်ခါမှမသွားဖူးဘူးလေ ဟုတ်တယ်မလား...."
စုန့်ထင်ရှန်းက သူမ၏ဆံနွယ်ရှည်လေးများကို သပ်ပေးလိုက်သည်။
"ဒီနှစ်က မတူဘူး... ကိုယ် HR ဌာနကို မင်းလာမယ်လို့ ပြောပြီးပြီလေ..."
ဒီတော့ သူမသာ မသွားရင် သူမျက်နှာပျက်ရမယ်ပေါ့လေ....
ယွမ်ရှက စုန့်ကော်ပိုရေးရှင်းကို တစ်ကြိမ်ထပ်ပိုပြီးရောက်ဖူးသော်လည်း ယခုကဲ့သို့ ပွဲမျိုးတက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမ၏ ပထမဆုံးတုံ့ပြန်ချက်မှာ စုန့်ထင်ရှန်း၏လက်ကို ဆွဲဖြုတ်ကာ အဝတ်အစားလဲခန်းထဲသွားပြီး ပေါင်ချိန်စက်ပေါ် တက်ခြင်းသာဖြစ်သည်။ သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ဝိတ်အတိုင်းအတာနှင့် အဆီရာခိုင်နှုန်းကို စက်မှပြောပြလာမည့်အချိန်ကိုစောင့်နေလိုက်သည်။
ဆောင်းရာသီမှာ ဝိတ်တက်ရန်လွယ်သော ရာသီဖြစ်သည်။ ရာသီဥတုအေးလေလေ တစ်ခုခုစားသောက်ပြီး ခန္ဓာကိုယ်နွေးထွေးလာအောင် လုပ်ချင်လာကြလေလေဖြစ်သည်။ သူမကိုယ်တိုင်လည်း ချွင်းချက်မဟုတ်ပေ။ သူမ နေ့တိုင်းဟော့ပေါ့စားချင်နေမိသည်။ ထို့ကြောင့် ဤလတစ်ဝက်လုံးလုံး သူမကိုယ်သူမ ကိုယ်အလေးချိန်မတိုင်းမိပေ။ သူမစိတ်ထဲတွင် သူမသာ ကိုယ်အလေးချိန်မတိုင်းလျှင် ကိုယ်အလေးအချိန်မပြောင်းလဲဟု တွေးထားသည်။
စုန့်ထင်ရှန်းက သူမနောက်ကိုလိုက်ပြီး အဝတ်လဲခန်းထဲရောက်လာသည်။
သူယွမ်ရှ၏ ဝမ်းနည်းနေသောမျက်နှာကိုမြင်လိုက်ရပြီး အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့သလို ဖြစ်နေသည့်ပုံကို ကြည့်လိုက်သည်။
သူမ ပေါင်ချိန်စက်ဘေးတွင် ငုတ်တုတ်လေးထိုင်ချလိုက်သည်။
"အား.... ကျွန်မ တစ်ကီလိုတောင်ဝိတ်တက်လာတယ်... လဝက်ပဲရှိသေးတာကို တစ်ကီလိုတောင် ဝိတ်တက်လာတာ...."
စုန့်ထင်ရှန်းက သူမကိုနှစ်သိမ့်ပေးလာသည်။
"မင်းက အရမ်းကိုပိန်နေတုန်းပါပဲ... ကိုယ်မင်းကိုဖက်ရင် အသားတောင်ရှာမရဘူး... ဝိတ်တက်လာတာပိုကောင်းတယ်... မင်းကိုဖက်ရတာ ပိုပြီး သက်တောင့်သက်သာရှိတာပေါ့...."
ယွမ်ရှ သူ့ကိုစိုက်ကြည့်လိုက်သည်။
"ရှင်ဖက်ရတာ အဆင်ပြေဖို့ ကျွန်မက ဝိတ်တက်ပေးရမယ်လား... ဘယ်လိုတွေးခေါ်ပုံကြီးလဲ... တွေးတောင်မတွေးနဲ့... ကျွန်မ လှလှလေးဝတ်ချင်တယ်... ကျွန်မရဲ့ မျက်နှာကို ရှင့်အလုပ်သမားတွေရှေ့မှာ ပြချင်တယ်လို့..."
"သူတို့ မင်းကိုမြင်ဖူးပြီးသားလေ..."
"ဘယ်တူမှာလဲ...."
ယွမ်ရှက ဆုံးဖြတ်ချက်ချလိုက်သည်။
"တစ်ပတ်တောင်လိုသေးတယ်... မနက်ဖြန်ကစပြီး ကျွန်မရဲ့ မူလကိုယ်အလေးချိန်ကိုရအောင် Dietလုပ်ရမယ်..."
စုန့်ထင်ရှန်း၏မျက်နှာတွင် နောင်တရသော အရိပ်အယောင်တို့ ထင်ဟပ်လာသည်။ သူမကို တစ်ကီလိုဂရမ်ဝိတ်တက်အောင် ကျွေးမွေးခဲ့ရသည်မှာ မလွယ်သော်လည်း သူမကတော့ တစ်ချက်ပင်မတွေးပဲဝိတ်ချရန်ပြင်နေသည်။ သူမက သူ၏ခံစားချက်ကို လုံးဝထည့်မတွက်ပေ။