အပိုင်း ၁၂၄
Viewers 32k

🧑‍⚕️Chapter 124



ရှန့်ဖန်းယွိ သည်မည်သည့်စိတ်ခံစားမှုမှမပါဘဲ ခပ်တိုးတိုးရယ်လိုက်ကာ ဒေါက်တာအဲလ်ဘတ်၏စကားများအား ပြန်မဖြေခဲ့ပေ။ အမှန်တကယ်မှာ…ကျန်းချီက နိုင်ငံခြားမှပညာရှင်များသည် သူတင်ထားသောဗွီဒီယိုနှင့်အသံဖိုင်များ၏ ဖြတ်ထုတ်၍ဆက်ထားခြင်း…ပြုပြင်ထားခြင်းနှင့် တည်းဖြတ်ထားခြင်းများတွင် သဲလွန်စများကျန်ရှိမရှိ လေ့လာစစ်ဆေးရန် အချိန်ပိုများပင်ဆင်း၍ အလုပ်လုပ်နေကြကြောင်းပြောပြခဲ့သည်။ ထို့ပြင် သူတို့သည် သူတင်ထားသည့်အချက်အလက်များအားလုံးကို သေသေချာချာစစ်ဆေးကြည့်ရှု၍ တစ်ခုချင်းစီမြေလှန်ရှာနေကြသည်။

သို့သော် သူတို့ဘက်မှလည်း အနောက်တိုင်းမီဒီယာများမှမည်သည့်အချိန်တွင်မဆို အပြစ်ရှာတိုက်ခိုက်လာလျှင် ပြန်လည်တုံ့ပြန်ရန်အဆင်သင့်ပြင်ထားပြီးဖြစ်သည်။

အမှန်မှာ…ခွဲခြားဆက်ဆံရေးသည် ရှိနေဆဲပင်ဖြစ်သည်။ တူညီသောစာတမ်းများကိုပုံနှိပ်ထုတ်ဝေခဲ့ကာ ဒေါက်တာခန်းအတွက် အမွမ်းတင်ကြခြင်းနှင့်အောင်ပွဲခံကြခြင်းများသာ ပြုလုပ်ကြပြီး သူ့အလှည့်တွင်မူ သံသယများနှင့် မြေလှန်ကာ ပိုက်စိပ်တိုက် ရှာဖွေနေကြသည်များသာ ရှိသည်။နေရာတိုင်းတွင် လိုလျှင်တမျိုး မလိုလျှင်တမျိုး ဆက်ဆံတတ်သူများ ရှိနေကြသေးသည်။

သို့သော်ပါမောက္ခ ဟောင် ပြောခဲ့သည့်အတိုင်းပင် Z နိုင်ငံသည် ပြောဆိုခွင့်ရရန် အခွင့်အရေးများပို၍ပင်ရလာလိမ့်မည်။

ဒေါက်တာအဲလ်ဘတ်က ဆက်ပြောလာ၏။

“ ဒါပေမယ့် ဒေါက်တာရှန့်… ငါမပြောသင့်တဲ့အရာတစ်ခုရှိပေမယ့် ငါမင်းအတွက် တကယ်ကို စိတ်မကောင်းပါဘူး… ဒီခွဲစိတ်မှုကဒေါက်တာခန်းနဲ့ အရမ်းကိုဆင်နေတယ်…မင်းကံကောင်းတယ်…ခွဲစိတ်မှုကလည်းချောချောမွေ့မွေ့သွားပြီးသွားခဲ့တယ်…ဒါပေမယ့်မင်းကံလည်းမကောင်းပြန်ဘူး….မင်းက ဒေါက်တာခန်းရဲ့ခွဲစိတ်မှုနဲ့ ကုသမှုတွေကို တစ်ခုလုံးနီးပါး ပြန်ကိုးကားထားသလိုဖြစ်နေတယ်…မင်းရဲ့စာတမ်းကိုဒေါက်တာခန်းရဲ့ မူလစာတမ်းနဲ့ နှိုင်းယှဉ်ရင် သာမန်လေးပဲ ဖြစ်သွားပြီး နိုင်ငံတကာ ရဲ့ အာရုံစိုက်မှုပါ လျော့သွားနိုင်တယ်… သူကဒေါက်တာ ကံကောင်း… မင်းကဒေါက်တာစာသမား ဖြစ်နေပြီ… ဘာမှ ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေလည်းမရှိဘူး…စိတ်လှုပ်ရှားစရာလည်းမကောင်းဘူး…ဘာဆန်းသစ်မှုမှ… ဘာထိုးဖောက်မှုမှလည်းမရှိဘူး..."

ဒေါက်တာခန်းက ထိပ်တန်းစာပေဖန်တီးသူနေရာကို ရယူခဲ့ခြင်းမှာ ယနေ့အချိန်ထိပင် ဒေါက်တာအဲလ်ဘတ်အား သိသိသာသာ ခြောက်လှန့်နေသေးသည်။ ရှန့်ဖန်းယွိ၏ စာတမ်းထွက်လာသောအခါ သူတွေးနေမိသမျှသည်လည်း ထိုကိစ္စသာဖြစ်သည်။

“ ဒေါက်တာ...စာသမား...” 

ရှန့်ဖန်းယွိက တုန့်ပြန်ရင်းပြန်မေးခဲ့သည်။

 “ ဒီဟာကကျွန်တော့်အတွက်ပြင်ဆင်ထားတဲ့ မီဒီယာဖွင့်ချမှုလား..”

“ ရှန့် ... ”

အငိုက်မိသွားသောဒေါက်တာအဲလ်ဘတ်က ခေတ္တငြိမ်သွားလေသည်။

“ အဲ့ဒီ 'ဒေါက်တာကံကောင်း' ဆိုတာလည်း ဒေါက်တာ့လက်ချက်ဆိုတာ ကျွန်တော်သိတယ်…ဒေါက်တာ့အတွက် အထောက်အကူရအောင်လို့ကျွန်တော့ခွဲစိတ်မှုကိုဘယ်လိုအသုံးချချင်နေတယ်ဆိုတာကိုလည်း ကျွန်တော်ခန့်မှန်းနိုင်တယ်...”

ရှန့်ဖန်းယွိ ၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်းအေးစက်သွားကာ…

“အဆင်ပြေပါတယ်….ကိုယ့်ကိုယ်ကိုမြှင့်တင်ဖို့ ဒီနည်းလမ်းကို အားကိုးတာက ဒေါက်တာ့ရဲ့လွတ်လပ်မှုပဲဟာ… ဒါပေမယ့် ဒေါက်တာအဲလ်ဘတ် ...ကျွန်တော့်မှာ ကံမကောင်းဘူးဆိုတာမျိုးမရှိပါဘူး….ဒီခွဲစိတ်မှုပဲဖြစ်ဖြစ် တခြားဘယ်ခွဲစိတ်မှုတိုင်းပဲဖြစ်ဖြစ် ကျတော်ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာကိုမီးမောင်းထိုးပြဖို့အတွက် ရုတ်တရက်လှည့်ကွက်တွေ အခက်အခဲတွေ မလိုပါဘူး….ကျွန်တော် အခုလို ဒေါက်တာ့စာသမား ဖြစ်လာဖို့အခွင့်အရေး ရသွားတဲ့အတွက် ဝမ်းသာပါတယ်…"

“ ကောင်းပြီလေ ” ဒေါက်တာအဲလ်ဘတ်က ခါးသက်သက် ပြုံးလိုက်သည်။ 

“တကယ်တော့ ... မင်းရဲ့ဂုဏ်သတင်းလွှမ်းမိုးမှုကိုပိုကြီးလာစေချင်တယ်ဆိုရင်လည်း ငါမင်းကိုကူညီနိုင်ပါတယ်… ငါ့မှာပထမတန်းစား ပရော်ဖက်ရှင်နယ်ပြန်ကြားရေးအဖွဲ့ရှိတယ်…. နည်းနည်းတော့ စျေးကြီးပေမယ့် အကျိုးသက်ရောက်မှုကတော့ မင်းကိုစိတ်မပျက်စေရပါဘူး...”

ရှန့်ဖန်းယွိ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။

“ခွဲစိတ်ကုသမှုမတိုင်ခင်က ဒေါက်တာ့ရဲ့လမ်းညွှန်မှုတွေအတွက် ကျတော် တကယ် ကျေးဇူးအရမ်းတင်ပါတယ်…ကျွန်တော့်ကို ဂုဏ်ပြုဖို့လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…ဒါပေမယ့်ကျွန်တော် နာမည်ကြီးတဲ့ ဆယ်လီဆရာ၀န်မဖြစ်ချင်ဘူး...”

သူ စကားပြောပြီးနောက်ဖုန်းကိုချလိုက်သည်။ဒေါက်တာအဲလ်ဘတ်သည်လည်း သဘောပေါက်သောကြောင့် နောက်တဖန် ဖုန်းမခေါ်ခဲ့ပေ။

ထိုအရာသည် လမ်းခရီးတွင် ကြုံလိုက်ရသော အခွင့်အရေးဖြစ်ခဲ့သည်။မတူညီသောလမ်းကြောင်းများသည် မတွေ့ဆုံနိုင်ကြသကဲ့သို့စကားပိုပြောလျှင်လည်း အသုံးမဝင်ဖြစ်တတ်သည်။

ရှန့်ဖန်းယွိ၏စာတမ်းကိုပုံနှိပ်ထုတ်ဝေပြီးတစ်လအကြာတွင် စာတမ်း၏ အားနည်းချက်များအား ပုံကြီးချဲ့၍ ပိုက်စိပ်တိုက် အပြစ်ရှာနေကြသောအနောက်တိုင်းသိပ္ပံပညာရှင်များသည်လည်းနောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။

နောက်ပိုင်းတွင် Z လူမျိုးများသည်သူတို့အလုပ်များတွင်သာတွင် မိမိကိုယ်ကိုအချိန်ပေးထားတတ်ကြပြီး သူတို့၏အကြောင်းများထုတ်ဖော်ပြကြရာတွင် အဆင်မပြေတတ်ကြကြောင်း မည်သူက ပြောလိုက်မသိပေ။ ပြည်ပတွင် ပညာမလေ့လာဖူးဘဲ အင်္ဂလိပ်စကားပင်ကောင်းစွာ မပြောတတ်သော Zနိုင်ငံမှ ဆရာဝန်တစ်ယောက်အား တစ်ယောက်တည်းဖယ်ကြဉ်ထားကြသည်။ထို့ကြောင့် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များရှိသောနိုင်ငံရေးသမားများက လူချင်းတွေ့ကာ ဝေဖန်ဆန်းစစ်ရန်အတွက် ရှန်ဖ့န်းယွိအား M နိုင်ငံ သို့လာရောက်ကာ ဆွေးနွေးပွဲတစ်ခုတက်ရန် ဖိတ်ကြားလိုက်သည်။

အကယ်၍ သူမလာခဲ့လျှင် သူလိပ်ပြာမလုံ၍လားဟု သူတို့ကတိုက်ရိုက်မေးခွန်းထုတ်နိုင်သည်။

ကျန်းချီနှင့်ဆွေးနွေးပြီး နောက်ဆုံးတွင် ရှန့်ဖန်းယွိသည်ဆွေးနွေးပွဲတွင်ပါ၀င်ရန်အတွက် သဘောတူညီလိုက်လေသည်။

ကျန်းရွှိသည်ပြန်လည် နာလန်ထူလာခဲ့ပြီး တဖက်တွင်လည်း အပြင်ထွက်၍ အနားယူလိုကာ တစ်ဖက်တွင်လည်း ရှန့်ဖန်းယွိပြည်ပတွင် ဒုက္ခရောက်နေမည်ကို စိုး၍ သူနှင့်သာအတူလိုက်သွားရန်ဆုံးဖြတ်လိုက်သည်။

ကျန်းချီသည် ထိုဖြစ်စဉ်တစ်လျှောက်လုံး ရှန့်ဖန်းယွိနှင့်အတူလိုက်ပါရန် လက်ထောက်နှစ်ဦးကိုပါစေလွှတ်ခဲ့ပြီး ရှန့်ဖန်းယွိသည်လည်းဆွေးနွေးပွဲအတွင်း မရေမတွက်နိုင်သောစုံစမ်းမေးမြန်းမှုများခံရလိမ့်မည်ဟု ကြိုတင်တွေးထားခဲ့သည်။

အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသော ကျန်းရွှိသည် အလွန်ကြီးမားသော ပရိသတ်စင်တွင် ထိုင်နေကာ သူ၏ ချစ်ရသူဆွေးနွေးတင်ပြနေချိန်အတွင်း အကြိမ်ပေါင်းများစွာနှောင့်ယှက်ခံနေရသည်ကိုစောင့်ကြည့်ခဲ့သည်။ ထိုကျွမ်းကျင်ပညာရှင်များ၏မေးခွန်းများကိုချောချောမွေ့မွေ့ဖြေကြားနေစဉ် မာန်မာနမရှိသော အေးဆေးတည်ငြိမ်သည့်အပြုံးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

အခြားပြိုင်ဘက်လုပ်ဖော်ကိုင်ဖက်များ၏ ထပ်ခါတလဲလဲမေးမြန်းမှုများကြောင့် မူလကစီစဉ်ထာသောတစ်နာရီကြာဆွေးနွေးပွဲမှာ လေးနာရီမျှကြာခဲ့သည်။ ရှန့်ဖန်းယွိသည် ကြားတွင်လည်း ခဏမျှပင်ရပ်နားခြင်းမရှိဘဲ လေးနာရီကြာရပ်ပြီး စကားပြောခဲ့ရာ ပွဲအပြီး နောက်ဆုံးတွင်သူ၏အသံပင် အက်၍ပြာနေခဲ့သည်။

နောက်ဆုံးအနေဖြင့်လူငယ်ပါမောက္ခတစ်ဦး၏မေးခွန်းကိုဖြေဆိုပြီးနောက် သူသည်အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့သော်လည်း ပရိတ်သတ်စင်ပေါ်မှ မည်သည့်ကျွမ်းကျင်သူတစ်ဦးတစ်ယောက်ကမျှ သူတို့၏လက်ကိုမြှောက်ခြင်း သို့မဟုတ် ထပ်မံ၍ ထမေးခြင်းမျိုးမရှိခဲ့ပေ။

သံသရာလည်နေသော အမေးအဖြေများသည် ထိုရှုထောင့်အမြင်များနှင့်ပတ်သက်၍ အမှားရှာရန်မလွယ်ကူကြောင်း သူတို့အားနားလည်သွားစေခြင်း…သို့မဟုတ်…ထိုတင်ပြမှုများကိုနားထောင်ပြီးနောက် ရှန့်ဖန်းယွိ၏ သုတေသနရည်ရွယ်ချက်ကို သူတို့အမှန်တကယ်နားလည်သွားခဲ့ကြခြင်းဖြစ်မည်။

နောက်ဆုံးတွင် အသေးစိတ်တိကျမှုများနှင့်အကျွမ်းတ၀င်ရှိမှုများမှာ တုပပြုလုပ်၍ မရနိုင်ပေ။

ထိုခွဲစိတ်မှု၏ သိပ်အရေးမပါသော အသေးစိတ်အချက်အလက်များကအစ မှတ်မိနိုင်ခြင်း…စဉ်းစာတွေဝေခြင်းမျိုး မရှိဘဲ လက်တန်းဖြေကြားနိုင်ခြင်းနှင့် သူ၏ တွေးတောခဲ့ပုံ နည်းစနစ်ကိုပင်ရှင်းပြနိုင်သည်။ထိုအရာမျိုးသည် ဒေါက်တာခန်းပင် သူ၏တင်ပြမှုတွင် မလုပ်နိုင်ခဲ့သည့်အရာဖြစ်သည်။

ရှန့်ဖန်းယွိသည် သက်ပြင်းချကာ စားပွဲပေါ်ရှိ ရေနွေးဓာတ်ဗူးခွက်ငယ်ကို ကောက်ယူ၍ ရေတစ်ငုံမျှသောက်လိုက်သည်။သူသည် အသံတိတ်နေသော ပညာရှင်များအား အနည်းငယ်ပြုံးပြလာသည်။

 "လူကြီးမင်းတို့မှာအခြားမေးခွန်းများရှိသေးလားခင်ဗျ..."

ကျန်းရွှိ မနေနိုင်တော့ဘဲ သူ၏မျက်နှာကိုလက်ဖြင့်အုပ်ကာ ညင်ညင်သာသာရယ်လိုက်တော့သည်။

သူ၏ကျောင်းသားဘဝနှစ်များအတွင်းမှ စကားရည်လုပွဲများ သို့မဟုတ် နောက်ပိုင်းတင်ပြမှုများတွင် ရှန့်ဖန်းယွိသည် ထိုကဲ့သို့အမြဲတမ်းပြုမူခဲ့သည်။ သူ၏ကျွမ်းကျင်ရာနယ်ပယ်တွင် သူသည်ယုံကြည်မှုနှင့်မာနရှိတတ်သူဖြစ်ကာ သူ၏ငြင်းခုံဆွေးနွေးမှုကြောင့်တစ်ဖက်လူများမှ ပြောစရာမရှိတော့ကြောင်း ရှင်းရှင်းလင်းလင်းသိနေသော်လည်း သူသည် ဟန်ဆောင်ပန်ဆောင် ဆက်၍ပင် မေးတတ်သေးသည်။

"လူကြီးမင်းတို့မှာအခြားမေးခွန်းတွေ ရှိသေးလားခင်ဗျ..."

တဖက်လူများအတွက်ဒေါသထွက်စရာဖြစ်နေသော်လည်း ကျန်းရွှိအတွက်မူ နေ့ကောင်းရက်မြတ်အဖြစ်ခံစားရခြင်းမှ မတားဆီးနိုင်ပေ။

ကျွမ်းကျင်ပညာရှင် မဟုတ်၍ ထိုရှည်လျားသောစကားများကို နားမလည်နိုင်သောကြောင့် ထောင့်တနေရာတွင်ထိုင်နေသောသတင်းထောက်ငယ်တစ်ဦးက သူ၏လက်ကိုမြှောက်လိုက်သည်။ သူသည် သတင်းများကိုပြန်လည်မေးယူရန်တာ၀န်ပေးခံရခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်သူသည် ရှန့်ဖန်းယွိ၏ ရေနွေးဓာတ်ဗူးငယ်ကိုငေးကြည့်ကာ ပါမောက္ခရှန့် အားမေးမြန်းခဲ့သည်။

"ပါမောက္ခရှန့်ခင်ဗျ…ပွဲစီစဉ်သူကပြင်ပေးထားတဲ့ရေပုလင်းကို ဘာကြောင့်မသောက်တာလဲဆိုတာ မေးလို့ရမလား..."

ထိုမေးခွန်းသည် ထိုဆွေးနွေးပွဲအား ဇာတ်ရှိန်မြင့်တက်ရန် အမှန်တကယ်ပင် အလွန်လွယ်ကူသည်။ ပွဲစီစဉ်သူအားမလေးစားခြင်း သို့မဟုတ်မာန်မာနထောင်လွှားခြင်း စသည်ဖြင့် အမျိုးမျိုးသောထင်မြင်ချက်များကိုဖန်တီးရန်လည်း လွယ်ကူသည်။

သို့သော် ရှန့်ဖန်းယွိသည် စိတ်အေးငြိမ်သက်စွာပင်။

“ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်တော့်ချစ်သူက ဒီမနက် ကျွန်တော့်အတွက် ပြင်ပေးလိုက်တဲ့ နွေးထွေးတဲ့ရေနွေးမလို့ပါ..."

ဒေါက်တာရှန့်သည် ထိုကဲ့သို့ အခြေအနေမျိုးမှာပင် ကြွားပြောနေသေးသောကြောင့် ကျန်းရွှိ ကူကယ်ရာမဲ့သွားသည်။သူသည် စားပွဲမှ ထိုကဲ့သို့သော ရေနွေးခွက်ကိုပင် ကိုင်လိုက်ကာ တစ်ငုံသောက်လိုက်ပြီး သူ၏ဦးခေါင်းကို အောက်သို့ ငုံ့ထားကာ ပြုံးလိုက်သည်။

“ နွေးထွေးသောရေနွေး” နှင့်ပတ်သက်သောဆွေးနွေးမှုအကြောင်းသည်သူတို့၏နားများတွင် ပြည့်လျှံနေခဲ့သည်။ ထိုရေနွေးသည် မည်သို့သော အရာဖြစ်ကြောင်းမေးနေသောလူများ…ထိုရေနွေးသည်သောက်၍ရမရ မေးမြန်းနေသော လူများနှင့် ထိုရေနွေးသည် ဆိုးဆိုးဝါးဝါးအရသာဆိုးနေမည်လား အစရှိသဖြင့် မေးနေသော လူများကြောင့်ဖြစ်သည်။

အရှေ့တိုင်းမှ ထူးခြားသောအချိုရည်များကို အနောက်နိုင်ငံများတွင်အသိအမှတ်ပြုရန်ခက်ခဲနိုင်သည်ဟု ကျန်းရွှိတွေးမိ သော်လည်းနောက်ဆုံးတွင်မူ အရှေ့တိုင်း မှ တတ်ကျွမ်းသောပညာရှင်များသည် အနောက်နိုင်ငံများတွင် အသိအမှတ် ပြုခံလာရမည်ဖြစ်သည်။

တင်ပြဆွေးနွေးမှုပြီးဆုံးသွားသောအခါ အရှေ့တန်းတွင်ထိုင်နေသော်လည်း ဆွေးနွေးမှုတစ်ခုလုံးတွင် စကားလုံးတစ်လုံးမျှ ဝင်မပြောသောလူတစ်ယောက်က ရှန့်ဖန်းယွိထံသို့ ရုတ်တရက် လမ်းလျှောက်သွားသည်။

ထိုသူသည် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်ထားကာ အထက်တန်းစား စီးပွါးရေးလုပ်ငန်းရှင်နှင့်တူသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိအား စားပွဲပေါ်တွင်ပြန့်ကျဲကျနေသောပစ္စည်းများကိုပြန်စီရန်ကူညီနေချိန်တွင် ထိုလူက ရှန့်ဖန်းယွိအနားသို့ ကပ်လာသည်ကို မြင်လိုက်ရသည်။ သူ့ထံတွင် မေးခွန်းမေးစရာအချို့ရှိနေမည်ဟု ထင်လိုက်သော်လည်း မမျော်လင့်ပဲနှင့် သူသည် သူတို့နှစ်ဦးအား ကြည့်လိုက်ကာ ရှန့်ဖန်းယွိထံသို့ သံလွင်ခက်ကို တိုက်ရိုက်ကမ်းပေးလိုက်သည်။

(fact: သံလွင်ခက်ကိုငြိမ်းချမ်းရေးသင်္ကေတအနေနှင့် အခွင့်ရေးကမ်းလှမ်းညှိနှိုင်သောအခါ သုံးကြသည်။)

"ကျွန်တော်တို့ရဲ့ဆေးရုံက M နိုင်ငံ တစ်နိုင်ငံလုံးမှာအတော်လေးနာမည်ကြီးပါတယ်…ပါမောက္ခရှန့်လည်းအဲ့ဒါကို ကြားပြီးသားဆိုတာသေချာပါတယ်..." 

သူ့ကိုယ်သူမိတ်ဆက်ကာ ရှန့်ဖန်းယွိအား ပြောလိုက်သည်။

"ကျွန်တော်တို့ဆေးရုံဆီကို လာမယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးကိစ္စရော..လစာရော…ဒေါက်တာတို့ရဲ့ ကလေးပညာရေးရော ဘာမှပြဿနာမရှိပါဘူး…တခြားလိုအပ်တာတွေရှိရင်လည်း ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ရပါတယ်..."

ရှန့်ဖန်းယွိက ငြင်းလိုက်သည်။ 

“ စိတ်မကောင်းပါဘူး….ကျွန်တော့် မိခင်နိုင်ငံမှာနေရင်း ကျွန်တော့်ဆီမှာ ကောင်းတဲ့ဘဝတစ်ခုနဲ့ ကောင်းတဲ့အလုပ်တစ်ခုလည်းရှိတယ်….ကျွန်တော်အခုပြောင်းရွှေ့ဖို့အစီအစဉ်မရှိပါဘူး..."

သို့သော်သူ၏တည့်တိုး ငြင်းပယ်မှုသည်ထိုလူအား မည်သို့မှ အကျိုးမသက်ရောက်စေပေ။ သူသည် ကျန်းရွှိနှင်းရှန့်ဖန်းယွိတို့၏လက်ချောင်းများပေါ်မှ တူညီသောလက်စွပ်များကိုကြည့်လာသည်။

 “ လက်ထပ်ထိမ်းမြားတာနဲ့ ပတ်သက်လို့ရော…ဒေါက်တာတို့ရဲ့တိုင်းပြည်က လိင်တူချစ်တဲ့သူတွေကို လက်ထပ်ခွင့်ပြုမှာလား..."

"ဒေါက်တာရှန့် ….ဒေါက်တာအနေနဲ့ အလောတကြီးဆုံးဖြတ်ချက်မချဖို့အကြံပေးချင်တယ် ….ကျွန်တော်တို့ အရင်ဆုံးစကားပြောလို့ရတာပဲ..." 

သူတို့နှစ်ဦးသည်ကြည်နူးဖွယ်ရာ ဆက်ဆံရေးတွင်ရှိနေကြသော်လည်း သူတို့၏လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုနှင့် ပတ်သက်၍ အလျဉ်းသင့်သလို ထိုသို့ တည့်တိုးထင်မြင်ယူဆပုံများမှာ အလွန်နေရခက်လှသည်။ ရှန့်ဖန်းယွိ၏ မျက်နှာအမူအယာက ချက်ချင်းအေးစက်သွားပြီး သူတစ်ခုခုပြောတော့မည့်အချိန်တွင် ကျန်းရွှိက သူ့လက်ကိုကိုင်ကာ လှမ်းထိန်းလိုက်သည်။

"ကျွန်တော်သိသလောက်တော့ M နိုင်ငံက ကိုယ်ရေးကိုယ်တာကိစ္စတွေ ကိုအရမ်းလေးစားပြီး နိုင်ငံသားတွေကိုလည်း ဒီလိုနည်းနဲ့ စိတ်အနှောင့်အယှက်မပေးတတ်ဘူးတဲ့…ကျွန်တော်တို့က Z ကမို့ ကျွန်တော်တို့နဲ့ ပတ်သက်ပြီး စည်းမရှိ ဘောင်မရှိ ပြောချင်တိုင်းပြော ထင်ချင်သလိုထင်လို့ရမယ်လို့ တွေးနေတာနေမယ်….ခင်ဗျားက ဒေါက်တာရှန့်ရဲ့ အရည်အချင်းကိုကျအသိအမှတ်ပြုပြီး သူ့ကိုယ်ရေးကိုယ်တာကျ မလေးစားဘူး… အဲ့တစ်ခုတည်းအတွက်တင် ဘာအကျိုးကျေးဇူးတွေနဲ့မှအစားထိုးလျော်ပေး လို့တောင်မရဘူး..."

ကျန်းရွှိအသံသည် အနည်းငယ်တိုးနေသော်လည်း အလွန်ဩဇာအပြည့်နှင့်ဖြစ်သည်။

သူသည် ဆံပင်ရွှေရောင်နှင့် လူကြီးလူကောင်းကိုကြည့်ကာ…

" လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကဆိုရှယ်လစ်ဝါဒက ဒီတိုင်းပြည် မှာအမြစ်တွယ်နိုင်တယ်လို့ ခင်ဗျားမယုံခဲ့ဘူးမလား…ဆိုဗီယက်ပြည်ထောင်စုက သဘောတူစာချုပ်ကိုချိုးဖောက်ပြီးတဲ့နောက် Z နိုင်ငံက နျူကလီးယားလက်နက်တွေထုတ်လုပ်နိုင်တယ်ဆိုတာကိုလည်း ခင်ဗျားတို့မယုံကြည်ခဲ့ဘူးမလား…လွန်ခဲ့သောလအနည်းငယ်တုန်းက Z နိုင်ငံက ဆရာဝန်တွေက ဒီခွဲစိတ်မှုကိုပြုလုပ်နိုင်တယ်ဆိုတာာကိုလည်း ခင်ဗျား မယုံကြည်ခဲ့ပါဘူး…ခင်ဗျားအဲ့လို မယုံကြည်နေသလိုပဲ….တစ်နေ့ကျရင် လိင်တူကြိုက်တဲ့အသိုင်းအဝိုင်းရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင်းပြည်မှာ အာမခံချက်အပြည့်အဝရလာလိမ့်မယ်..."

“ လေးစားမှုနှင့်ယုံကြည်မှုမရှိပဲနဲ့…ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းကို ဘယ်လိုပြောရမလဲ..."

"ကျွန်တော်တို့ရဲ့နိုင်ငံက တချို့ကဏ္ဍတွေမှာ တိုးတက်ဖို့နဲ့ခရီးပေါက်ဖို့လိုနေသေးပေမယ့် ကျွန်တော်ကတော့ စောင့်နေဖို့ပဲ ဆန္ဒရှိတယ်…ဒေါက်တာရှန့်လည်း အဲ့လို စောင့်နေဖို့ပဲ ဆန္ဒရှိပါတယ်..."

သူတို့အား အနီးကပ်ဖျက်စီးရန်ကြိုးစားနေသော M နိုင်ငံမှလူ၏ မျက်နှာသည် ဖြူဖက်ဖြူရော်နှင့် မနာလိုဖြစ်သွားသည်။ ထိုသူသည်အားနာနာနှင့် ပြုံးပြပြီး လှည့်ထွက်သွားကာ သူ၏ လုပ်ငန်းလိပ်စာကဒ်ပေးခဲ့ရန်ပင်မေ့ခဲ့သည်။

ရှန့်ဖန်းယွိသည် ကျန်းရွှိ၏မေးစေ့ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အပြုံးများနှင့်အပြည့်နှင့် စိုက်ကြည့်ပြီး ချီးကျူးလိုက်သည်။

" ဗြောက်အိုးလေး…မင်းစကားပြောတာပိုကောင်းလာတယ်..."

ကျန်းရွှိ ကသူ့အားတစ်ချက်ကြည့်လိုက်ပြီး လည်ချောင်းနာပျောက်သော ပူရှိန်းဆေးတစ်ဗူး ကမ်းပေးလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဆေးသောက်လိုက်အုံး..."