အပိုင်း ၁၂၆
Viewers 32k

🧑‍⚕️Chapter 126




ကျန်းရွှိ၏ ကျေးလက်ဒေသတွင် ဟန်ဆောင်အလုပ်လုပ်နေသည့်ကာလမှာ အနည်းငယ်ပိုကြာနေသောကြောင့် ရှန့်ဖန်းယွိ အလုပ်သို့ အရင်ဦးစွာပြန်လိုက်သည်။ ဥက္ကဌချောင်သည် ရှန့်ဖန်းယွိပြန်လာသည်နှင့်ချက်ချင်းသူ့အား ခေါ်လေတော့သည်။

ဥက္ကဌချောင်သည် အခြေအနေများ မည်သို့ပြောင်းလဲသွားသည်ကိုလည်းနားမလည်ခဲ့ပေ။ အစပိုင်းတွင်မူ သူတို့နှစ်ယောက်သည် ခွဲစိတ်မှုတစ်ခုအတွက် အတူတကွ ပြင်ဆင်ကြမည်ဟုသာ သဘောတူခဲ့ကြသည်။ ထို့နောက် မမျော်လင့်ဘဲနှင့် ရာထူးအကြီးပိုင်းမှ လူတစ်ယောက်ရောက်လာကာ ကျန်းရွှိအား ကျေးလက်ဒေသသို့ပို့ချင်ကြောင်းနှင့် ခွဲစိတ်မှုနှင့်ပတ်သက်၍ ကျန်းရွှိ၏ သုတေသနအား လျှို့ဝှက်ထားပေးရန် ပြောလာခဲ့သည်။

နောက်ပိုင်းတွင်အခြားသူတစ်ဦးကလည်း ထပ်ရောက်လာကာ ရှန့်ဖန်းယွိက နိုင်ငံနှင့်ပူးပေါင်း၍ သတင်းထုတ်ပြန်ရေးအတွက် ပြည်ပသို့ထွက်ခွာရန်လိုအပ်ပြီး ဆေးရုံသို့ခဏတာမျှ ပြန်မလာနိုင်သေးကြောင်း ပြောကြားခဲ့သည်။

သားဖွားမီးယပ်အထူးကုဌာနရှိ သူ၏အကြီးအကဲနှစ် ယောက်လုံးမှာ အလုပ်သို့ ပြန်မလာရုံသာမက ရှန့်ဖန်းယွိသည်လည်း ခေါင်းမာသောမိန်းကလေးကဲ့သို့ပြုမူနေခဲ့ပြီး တရုတ်ပြည်တွင်းတွင် လူသိရှင်ကြားပေါ်ထွက်လာရန်တွန့်ဆုတ်နေခဲ့သည်။

နိုင်ငံတော်က အခြေအနေကိုအချိန်မီအစီရင်ခံခြင်းနှင့်ဆက်ခံသူများအားလေ့ကျင့်ပေးသည့် သူ၏အပြုအမူများအတွက် သူ့အား သီးသန့်ချီးကျူးခဲ့သည်။သူတို့သည် ကျီဟွား ဆေးရုံ၏ ရန်ပုံငွေများခွဲဝေချထားပေးခြင်းကိုလည်းတိုးမြှင့်စေခဲ့သည်။ သို့သော် သီးသန့်အကျိုးကျေးဇူးခံစားခွင့်များမှာ တစ်မျိုးဖြစ်ပြီး လူထုရှေ့မှ နာမည်ဂုဏ်သတင်းက တစ်မျိုးဖြစ်သည်။

ကျီဟွာဆေးရုံသည် နိုင်ငံ၏ထိပ်တန်းဆေးရုံကြီးဖြစ်သော်လည်း မည်သည့်ဆေးရုံဥက္ကဌကမှ သူတို့၏မျက်နှာပေါ်တွင် ပို၍ရွှေရောင်ဝင်းနေမည်ကို မလိုချင်ဘဲနေမည်နည်း…။ သူတို့၏ သက်တမ်းကာလအတွင်းမှသူတို့၏အောင်မြင်မှုများပင်ဖြစ်သည်။

အကယ်၍ ခွဲစိတ်ကုသမှုပြုလုပ်သူသည် ကျန်းရွှိ ဖြစ်ခဲ့လျှင် ကျန်းရွှိသည် ခပ်လျှိုလျှို နေတတ်သောကြောင့် သူသည် နားလည်လွယ်လိမ့်မည်ဖြစ်သည်။သို့သော် ရှန့်ဖန်းယွိ သည် မည်သည့်အရာကိုမဆို သူ့ဘာသာကိုင်တွယ်နိုင်သကဲ့သို့ ပြုမူနေသောကြောင့် ကြီးမားသောကိစ္စများကြုံလာသောအခါ လူမှုရေးအရ စိုးရိမ်ပူပန်မှုများခဲ့သည်။ထိုအချက်က ဥက္ကဌချောင်အား အလွန်ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့်အစိုးရက တစ်ယောက်ယောက်လွှတ်လိုက်သည်ကို ကြားသောအခါ ရှန့်ဖန်းယွိအား အလုပ်ပြန်လုပ်ရန်တိုက်တွန်းခဲ့သည်။နောက်ဆုံးတွင် ဆရာဝန်တစ်ဦးသည်ခဏမျှ ပြန်လာနိုင်ခြင်းမရှိသော်လည်း အခြားတစ်ဦးက လျင်မြန်စွာ ပြန်လာခဲ့ရသည်။သူ၏အားလပ်ရက်ကာလသည်လည်း အလွန်ကြာလွန်းပြီး ယခင်ကထိုကဲ့သို့သောအားလပ်ရက်များကို တစ်ခါမျှမယူခဲ့ဖူးပေ။

ရှန့်ဖန်းယွိ ပြန်လာသောအခါ ဌာနတစ်ခုလုံးကသူ့အား ကြိုဆိုခဲ့ကြပြီး ညစာကျွေးရန်တောင်းဆိုခဲ့ကြသည်။ သူက ဒေါက်တာကျန်းပြန်သည်အထိ ခဏမျှ ဆက်စောင့်ရန်ပြောကြားခဲ့သည်။ ဒေါက်တာကျန်း ပြန်လာသည့်အခါ သူသည်ဆေးရုံအနီးရှိ သီးသန့်အခန်းကြီးတစ်ခုကိုပင်ကြိုတင်ဘွတ်ကင်လုပ်ခဲ့ပြီး ဌာနမှလုပ်ဖော်ကိုင်ဖက်များနှင့်ကျောင်းသားများအားလုံးကိုပင် ဖိတ်ကြားခဲ့သည်။

လူတိုင်းက သူတို့နှစ်ယောက်အား စားပွဲနှစ်ခုခွဲထားရန် ပင် တွေးနေကြဆဲဖြစ်သည်။ ကျန်းရွှိ၏ကျောင်းသားများက ရှန့်ဖန်းယွိသည် ကျန်းရွှိအား သူရှေ့တွင်ကြွားဝါနိုင်ရန်အတွက် တမင်တကာစောင့်ဆိုင်းနေခဲ့သည်ဟု အထင်မှားနေကြကာ ညည်းညူနေကြသည်။

 “ဘာကြွားစရာတွေရှိနေလို့လဲ…ငါတို့ဆရာ ကျန်းက အရမ်းစိတ်ထားကောင်းလို့ အဲဒီလိုဝေးလံခေါင်သီတဲ့ဒေသေတွမှာသွားပြီး တာဝန်ထမ်းဆောင်ခဲ့တာ…အကယ်၍ သူသာ အဲ့ဒီဝေးလံခေါင်သီတဲ့နေရာတွေကိုမသွားရင် အဲဒီခွဲစိတ်မှုကို ဘယ်သူလုပ်ရမလဲဆိုတာ ပြောမရဘူးလေ.."

ထိုသို့ပြောပြီးနောက် သူသည် သူတို့၏အငြင်းပွါးမှုအား ရှေ့တန်းမှ ဦးဆောင်သူ ယွီဆန်း၏ ခေါင်းကိုပုတ်လိုက်သည်။

 “ စီနီယာအကိုယွီ ရော အဲ့လိုထင်တယ်မလား...”

သို့သော် ယွီဆန်း သည် ထိုအချိန်တွင် ထူးခြားစွာ တိတ်ဆိတ်နေပြီး ထိုစကားကိုသူကြားရသောအခါ…

“ ငြင်းခုံမနေကြပါနဲ့…. ဌာနအတွင်း ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်မှာ ငါတို့ရဲ့ တာ၀န်လေ...”

ကျန်းရွှိ၏ကျောင်းသားများ- “…..”

ကျန်းချန်က ယွီဆန်းအားအဓိပ္ပာယ်အပြည့်နှင့်ကြည့်လိုက်သောအခါ သူက ကျန်းချန်အား ပြန်ကြည့်လိုက်သည်။

 “ မင်းဘာကိုကြည့်နေတာလဲ ”

ကျန်းချန် ကပြုံးပြလာ၏။

 “ ဘာမှမဟုတ်ပါဘူး…မင်းကို အဲ့လိုမြင်ရတာ ငါ့ကိုယ်ငါ ပြန်သတိရစေလို့…ငါ့ခံစားချက်တွေ တော်တော်ကောင်းနေတာပဲ..."

ကျန်းရွှိ၏ကျောင်းသားများသည် ထိုအချိန်တွင် ကျန်းချန်၏တည်ရှိမှုကို သတိပြုမိကြလေသည်။

 “ ဒေါက်တာကျန်း ဘာလို့ကျွန်တော်တို့စားပွဲကို မလာတာလဲ...”

ကျန်းချန်က တိုက်ရိုက်မဖြေခဲ့ပေ။ သို့သော် မရေမရာ ခန့်မှန်းချက်တစ်ခုကိုပြောလိုက်သည်။

"ရှန့်ဖန်းယွိက အဲဒီစားပွဲဆီ နောက်ပြီးရင်လာလိမ့်မယ်လို့ငါပြောရင် မင်းတို့ယုံကြမှာလား...“ 

ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့က နောက်ဆုံးမှရောက်လာကြသည်။ ကျန်းရွှိရောက်လာသောအခါ သူသည်သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများကိုနှုတ်ဆက်ပြီး ယွီဆန်းကဦးပေးထားခဲ့သော ထိုင်ခုံနေရာသို့သွားခဲ့သည်။

ရှန့်ဖန်းယွိ၏ကျောင်းသားများမှာ အခြားစားပွဲတစ်ခုတွင်ရှိနေကာ သူ့အတွက် သူတို့ဦးပေးထားသော ထိုင်ခုံတွင် လာထိုင်ရန် အမူအရာနှင့်ခေါ်ကြသည်။

ရှန့်ဖန်းယွိ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။သို့သော် ချက်ချင်းမထိုင်ခဲ့ပေ။ ထိုအစား သူသည် ဝိုင်တစ်ခွက်ကိုလောင်းထည့်ကာ အခန်းအလယ်၌ ရပ်ပြီးလူတိုင်းအားကျေးဇူးတင်စကားများပြောခဲ့သည်။

သူ၏စကားများမှာ အမှန်တကယ်ပင် လေးနက်ခဲ့ပြီး သူအဝေးရောက်နေသောအချိန်တွင် သူ့အားနားလည်ပေးကြခြင်းနှင့် ဌာနတွင်းမှသူတို့၏ အထောက်အပံ့များနှင့် အကူအညီများအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ သူက ထိုကိစ္စသည် သူတစ်ဦးတည်း၏အောင်မြင်မှုမဟုတ်ဘဲ ကျီဟွားသားဖွားနှင့် မီးယပ်အထူးကုဌာနတစ်ခုလုံး၏ဂုဏ်ယူစရာပင် ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

သူသည် စိတ်ရင်းအမှန်နှင့်ပြောနေသောကြောင့် ကျန်းရွှိ၏ကျောင်းသားများပင် နောက်ဆုံးတွင် အတော်ပြောင်းလဲသွားခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် ရှန့်ဖန်းယွိသည် အောင်မြင်မှုရပြီးနောက် မာနထောင်လွှားလာကာ သူ၏ လုပ်ဖော်ကိုင်ဖက်များအား တန်ဖိုးမထားတော့မည်ကိုစိုးရိမ်ခဲ့ကြသည်။ သို့သော် ရှန့်ဖန်းယွိသည်သူတို့စိတ်ကူးထားသည်ထက်ပို၍ နှိမ့်ချနေခဲ့သည်။ သူပြန်လာပြီးနောက်တွင်လည်းကြွားဝါပြောဆိုခြင်းမျိုးမရှိပဲ ပုံမှန်အတိုင်းပင်နေနေခဲ့သည်။

သူ၏ကျောင်းသားများသည် သူ့အကြောင်း ကြွားနေကြသော်လည်း ကျောင်းသားများအပေါ် သဘောကောင်းသည့် ဒေါက်တာရှန့်ကလုံးဝဒေါသမထွက်ပေ။ သူသည် သူတို့အား မာနထောင်လွှားကာ အထက်စီးဆန်ဆန် မနေကြရန်နှင့် ထိုကိစ္စအား ဌာနထဲတွင် အမြဲတမ်းမပြောကြရန်မှာခဲ့သည်။

သူ၏စာတမ်းထွက်လာသည့်အချိန်တွင် သူ ပြန်မရောက်သေးပေ။ ဌာနမှလူအချို့က ရှန့်ဖန်းယွိ ပြန်လာသည့်အခါ ဒါရိုက်တာ စွေ့၏ရာထူးကိုပင် တန်းရသွားမည်လား ဆိုသည်ကို တိုးတိုးတိတ်တိတ်ပြောဆိုနေခဲ့ကြသည်။သို့သော်မမျှော်လင့်ဘဲ ရှန့်ဖန်းယွိ ပြန်လာသည့်အခါ သူပထမဆုံးပြုလုပ်ခဲ့သည့်အရာမှာ ဒါရိုက်တာစွေ့ အားသူမ၏လမ်းညွှန်မှုနှင့် အစီအစဉ်များအတွက်ကျေးဇူးတင်ခြင်းဖြစ်သည်။ လက်ဆောင်ပစ္စည်းများစွာလည်း ဝယ်ပေးခဲ့သည်ဟု ကြားရသည်။

ဒါရိုက်တာ စွေ့ကိုယ်တိုင်ပင် ရှန့်ဖန်းယွိအား လေးစားကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ဌာနတွင်း ငြိမ်းချမ်းစေရန်အတွက် မည်သည့်အချိန်တွင် မည်သို့ ပြောရန် မပြောရန်ကို ဥက္ကဌချောင်ထက်ပင် ပို၍ ကောင်းစွာ သိသည်ဟု ပြောကြားခဲ့သေးသည်။

သို့သော် ရှန့်ဖန်းယွိသည် ထိုထက် ပို၍စဉ်းစားခဲ့သည်။ သူသည်ဌာနအတွင်းရှိ ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းသိမ်းရန် ကြိုးစားခဲ့သည်။အဓိကအားဖြင့် ကျန်းရွှိနှင့်သူ၏ဆက်ဆံရေးကို လျှို့ဝှက်မထားနိုင်လျှင် မနာလိုသောရည်ရွယ်ချက်ရှိသူတစ်ဦးသည်သူတို့၏ကိုယ်ကျိုးအတွက် ထိုအချက်ကိုအသုံးပြုလာမည်အား စိုးရိမ်နေခြင်းဖြစ်သည်။

မိတ်ဆွေများစွာရှိခြင်းသည် ရန်သူများစွာရှိခြင်းထက် ပို၍ ကောင်းသည်ဟူသောစကားသည် သင်မည်သည့်နေရာသို့သွားစေကာမူ ဘယ်သောအခါမျှ မှားမည်မဟုတ်ပါ။

လက်ခုပ်သံများရပ်တန့်သွားပြီးနောက် လီရှန်း ကသူ့အား
ပြောလာလေသည်။

 “ ဒေါက်တာရှန့်….စကားပြောရပ်ပြီး စားစရာတွေ စစားပါတော့…မကြာခင် အေးတော့မယ်...”

သူ၏မူလရည်ရွယ်ချက်မှာ ရှန့်ဖန်းယွိကိုခေါ်ရန်ဖြစ်သည်။သို့သော်မမျှော်လင့်ဘဲ ရှန့်ဖန်းယွိက ခေါင်းညိတ်ပြကာ လက်ထဲတွင် ဝိုင်ဖန်ခွက်ကိုင်၍ ကျန်းရွှိ၏စားပွဲဆီသို့ လျှောက်သွားခဲ့သည်။

လီရှန်းနှင့် စောနက ပြဿနာကို မီးထည့်မြိုက်နေကြသောကျောင်းသားများမှာ မျက်လုံးများပြူးသွားကာ သူတို့အား ပို၍ပင်အံ့အားသင့်စေသည့် စကားကိုထပ်ကြားလိုက်ရသည်။

" ဒေါက်တာကျန်းကိုလည်းကျေးဇူးတင်ချင်ပါတယ်…ဒေါက်တာကျန်းက ကျွန်တော်ကျေးဇူးအတင်ချင်ဆုံးသူပါ.."

"ကျန်းရွှိက ဒီလုပ်ငန်းစဉ်တစ်ခုလုံး စပြင်ဆင်ကတည်းကနေ အပြီးသတ်တဲ့ထိကူညီပေးခဲ့တာပါ… ကျွန်တော့် စာတမ်းနဲ့ဘဝမှာ သူပေးခဲ့တဲ့အကူအညီနဲ့ထောက်ခံမှုတွေအတွက် ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်….သူကအခြားနေရာမှာတာဝန်ကျနေလို့ ဒီခွဲစိတ်မှုမှာ မပါ၀င်ခဲ့ပေမယ်…စာတမ်းမှာလည်း သူ့နာမည်မပါပေမယ့်… ဒီဆောင်းပါး အောက်အောင်မြင်မြင်နဲ့ ထုတ်ဝေနိုင်ဖို့အတွက် ကျန်းရွှိ့ရဲ့ အထောက်အပံ့ကကျွန်တော့်ထက်လုံးဝမလျော့ဘူးဆိုတာ ကျွန်တော် ပြောကိုပြောပြရပါမယ်…"

"ကျန်းရွှိ….ဒီတစ်ခွက်က မင်းအတွက်ပါ..."

ကျန်းရွှိက သူသည် ဤနေရာတွင် ထိုသို့စကားမျိုးပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အမှန်တကယ်မှာ သူတို့သည် တံခါးမှဝင်သည့်အခါကပင် ဆက်ဆံရေးမကောင်းသည့်ပုံစံ ဟန်ဆောင်နေခဲ့ကြဆဲပင်ဖြစ်သည်။

သူသည်ဖန်ခွက်ကိုမြှောက်ကာ ရှန့်ဖန်းယွိခွက်နှင့်ထိလိုက်ပြီး သိပ်မွေ့သောအကြည့်များနှင့် သူ၏မျက်လုံးများကိုနွေးထွေးစေသည်။

သူပြန်လာသောအခါ ခွဲစိတ်ကုသမှုခံယူရန် အဘယ်ကြောင့်မသွားခဲ့ကြောင်းနှင့် ပတ်သက်၍ ပြောဆိုနေမှုအချို့ကိုသူကြားခဲ့ရသော်လည်းသူဂရုမစိုက်ခဲ့ပေ။ ရှန့်ဖန်းယွိသည် ထိုအရာအားလုံးကိုနားထောင်ပြီး ဤပွဲတစ်ခုလုံးကိုစီစဉ်ခဲ့သည်မှာ သိသာသည်။

"မင်းတို့နှစ်ယောက်ဘာလုပ်နေလဲ…ပြန်တည့်သွားကြပြီလား..."

ကျုံးလန်မှာ သူတို့နှစ်ဦး ခွက်ချင်းတိုက်နေသည်ကို အံ့ဩတုန်လှုပ်စွာဖြင့်ငေးကြည့်နေခဲ့သည်။

ရှန့်ဖန်းယွိ: "ဟုတ်တယ်…ဒေါက်တာကျန်း နဲ့အတူ ပူးပေါင်းပြီး အလုပ်ဆက်လုပ်မယ်…တစ်ယောက်ဆီကတစ်ယောက်သင်ယူပြီးတိုးတက်အောင်လုပ်မယ်..."

ထိုစကားပြောပြီးနောက် သူကျန်းရွှိဘေးတွင်ထိုင်နေသောကျောင်းသားထံလှည့်မေးလိုက်သည်။

“ မင်းနဲ့အတူထိုင်ခုံပြောင်းလို့ရမလား...” 

မိမိတို့ဆရာထံမှ စွန့်ပစ်ခံလိုက်ရသော ဒေါက်တာရှန့် ၏ကျောင်းသားများခမျာ ပျော်ရွှင်စွာစကားပြောနေသောဆရာနှစ်ဦး ကိုကြည့်ကာ သူတို့၏မျက်လုံးများနှင့်နားများအားလုံး တစ်ခုခုချွတ်ယွင်းနေသည်လားဟု သံသယပင်ဝင်သွားကြသည်။

ခွဲစိတ်ကုသမှုနှင့်ပတ်သက်သောဆွေးနွေးမှုကိုငြင်းဆန်ခဲ့ကြသော်လည်း လူတိုင်းက သူတို့နှစ်ဦး မည်သို့ပြန်တည့်သွားကြောင်းကိုသာ ဆက်၍မေးမြန်းနေခဲ့ကြသည်။

ရှန့်ဖန်းယွိသည် အခြားမည်သူမဆိုထက် ပို၍ အဆင်ပြေချောမွေ့နေကာ ခံ့ညားစွာနှင့်ပြောလိုက်သည်။

"ခွဲစိတ်ကုသမှုနဲ့ စာတမ်းရေးသားတာအတွက် ကျွန်တော်အခက်အခဲအများကြီး ကြုံခဲ့ရပါတယ်.. ဒေါက်တာကျန်း က အဲဒီအကြောင်းကိုကြားတော့ အတိတ်ကမကျေမနပ်ဖြစ်ခဲ့တာတွေကို ဂရုမစိုက်ပဲ ကျွန်တော့်ကို အရမ်းအရေးကြီးတဲ့အကူအညီတွေပေးခဲ့တယ်… ကျွန်တော်တို့ကလုပ်ဖော်ကိုင်ဖက်ကောင်းတွေ..တွဲဖက်တွေဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်… အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတိတ်က ပဋိပက္ခတွေကို ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ..."

လူတိုင်းသည် အဖြစ်မှန်ကို သဘောပေါက်ကာ သက်ပြင်းချလိုက်ကြသည်။

" ဆရာဝန်နှစ်ယောက်က တာဝန်သိတတ်မှုအရမ်းရှိတာပဲ…အရေးကြီးတဲ့ ကိစ္စရပ်များတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးပြဿနာတွေကိုဘေးဖယ်ထားနိုင်တာ… ဒါမျိုးက အရမ်း လေးစားဖို့ကောင်းတယ်..."

အမှန်တရားကိုသိသော ယွီဆန်း နှင့် ကျန်းချန်တို့မှာ ထိုစကားများကို နားမထောင်နိုင်ကြတော့။ သူတို့၏မျက်နှာမည်းများကိုပင် မဖုံးကွယ်နိုင်တော့ပေ။

"ရှန့်ဖန်းယွိက ဘာလိုဒီလိုမျိုးပြောနိုင်ရတာလဲ…သူ့ကိုယ်သူ အရာရာ သည်းခံပြီး အရမ်းအကောင်းမြင်ပေးတတ်တဲ့သူလို့ထင်နေတာလား..."

 ယွီဆန်းက မနေနိုင်ပဲ ခပ်တိုးတိုးပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ငါသူ့ကိုနှစ်ပေါင်းများစွာထောက်ခံခဲ့ပေမဲ့ မင်းမှန်တယ်လို့ငါထင်တယ်...” 

ကျန်းချန်က စိတ်အားထက်သန်စွာထောက်ခံခဲ့သည်။

"စကားမစပ်.. ရှန့်ဖန်းယွိရဲ့ လူနာက ဘယ်သူလဲဆိုတာရော မင်းသိလား.."

ကျန်းချန် မရဲတရဲနှင့် မေးလိုက်သည်။ 

"ငါမသိဘူး…ဒါက လုံးဝလျှို့ဝှက်ချက်ကြီးမဟုတ်လား..."

ယွီဆန်းသည်စိတ်ရှုပ်ထွေးနေပုံရပြီး ကျန်းချန်အား သတိပေးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူသည်လူအုပ်ထဲတွင်အထီးကျန်ဆုံးဖြစ်သည်။ နောက်ဆုံးတွင် သူ့အတွက် မဟာမိတ်ရှိသည်ဟုထင်ခဲ့မိသော ကျန်းချန်သည် နောက်တစ်ဖန် ထပ်၍ ကြေကွဲခဲ့ပြန်သည်။