🧑⚕️Chapter 127
ဌာနသို့ပြန်လာပြီးနောက် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည်ဆေးရုံနှင့်အိမ်အကြား ပြေးလိုက်လွှားလိုက်နှင့် သူတို့၏ပုံမှန်ဘဝကိုပြန်လည်စတင်ခဲ့ကြသည်။
သိပ်မကြာခင်မှာပင် ရှန့်ဖန်းယွိသည် သူ့အမေထံမှ ဖုန်းလက်ခံရခဲ့သည်။
အမှန်တကယ်မှာ သူ၏ ခွဲစိတ်မှုအောင်မြင်ပြီးသောအခါ မိဘများနှင့်အစ်ကိုများထံဖုန်းခေါ်ခဲ့ပြီး မီဒီယာအင်တာဗျူးများကိုငြင်းဆန်ရန်အကြိမ်ကြိမ်တိုက်တွန်းမှာကြားခဲ့ကာ နောက်လအနည်းငယ်ထိ သူနှင့်ဆက်သွယ်ခြင်းမပြုရန်ပြောခဲ့သည်။ အစပိုင်းမှာတွင်မူ သူ၏မိဘများသည် ပိုက်ဆံအတွက် အင်တာဗျူးများ လက်ခံမည်ကိုသူစိုးရိမ်ခဲ့သည်။ထို့ကြောင့် ကျန်းချီကို သူတို့အား စောင့်ကြည့်ရန်ပြောခဲ့သည်။သို့သော် ယခင် ပဋိပက္ခများကြောင့် ရှုပ်ထွေးမှုကြီးကြီးမားမား ဖြစ်ခဲ့သည့်အတွက် သူ၏မိဘများသည် ဤတစ်ကြိမ်တွင်မူ သူ့စကားကိုနားထောင်ခဲ့သည်။
ထို့ကြောင့်သူသည် သူ၏မိခင်ထံမှဖုန်းခေါ်ဆိုမှုရသည့်အခါ စကားများစွာမပြောပဲ မိသားစု၀င်များ၏ကျန်းမာရေးကိုသာမေးမြန်းပြီး ဖုန်းချလိုက်တတ်သည်။
အံ့အားသင့်စရာမှာ သူ့အမေသည်သူ၏ချစ်ရသူ နာမည်ကို ထပ်မံဖွင့်ဟလာခဲ့သည်။
“ ဖန်းယွိ…မင်းအဖေနဲ့ငါစဉ်းစားပြီးပြီ… သူဘယ်သူပဲဖြစ်ဖြစ်…ငါတို့သူ့ကိုလက်ခံဖို့တွေးထားတယ်….မင်းဆန္ဒရှိရင် ငါတို့အားလုံးတွေ့ကြရအောင်...”
“ မင်းတွေ့ချင်လား...”
ရှန့်ဖန်းယွိက ကျန်းရွှိအားမေးလိုက်သည်။
ကျန်းရွှိသည် ဂျောက်ဂျက်ရုပ်လေးကို ဆော့နေရင်း ခပ်နောက်နောက်ပြန်မေးလိုက်သည်။
“ ကလေးကိုရော ခေါ်သွားချင်လား....”
“ မင်းဆုံးဖြတ်ပါ ... ငါ ကလေးအကြောင်းမပြောရသေးပါဘူး...”
ကျန်းရွှိကခေါင်းညိတ်ပြီး “ သမီးလေးကိုခေါ်သွားကြစို့...”
တွေ့ဆုံပွဲနေ့တွင် ရှန့်ဖန်းယွိသည်စားသောက်ဆိုင်တစ်ဆိုင်ကို ကြိုတင်ဘွတ်ကင်လုပ်ခဲ့ပြီး သူ၏မိသားစုကိုခေါ်ရန်ရထားဘူတာသို့သွားခဲ့သည်။ ကျန်းရွှိကသမီးလေးနှင့်သီးသန့်အခန်းတွင်စောင့်နေခဲ့သည်။ ရှန့်မိသားစုရောက်လာသောအခါ သူသည်သူမနှင့်အတူ မတ်တပ်ရပ်ကာ လူကြီးနှစ်ဦးကိုနှုတ်ဆက်ခဲ့သည်။ရှန့်စုံတွဲသည် သူ့ကိုတွေ့သောအခါအလွန်အံ့အားသင့်သွားပြီး သူတို့ဘေးမှ ရှန့်ဖန်းယွိအားမေးခဲ့သည်။
“ သူက ဘယ်သူလဲ...”
ရှန့်ဖန်းယွိက ကျန်းရွှိ၏လက်ထဲမှ ကလေးကိုချီယူရင်း ပြောလိုက်သည်။
“ ဒါကျွန်တော့်ချစ်သူပါ...”
သူတို့ရှေ့တွင်ရှိသောသူသည် ပိန်ပိန်ပါးပါးနှင့် နူးညံ့သိမ်မွေ့သောပုံစံရှိပြီး ပထမဆုံးအမြင်မှာပင် ကြည့်ရအဆင်ပြေစေသည်။ ရှန့်စုံတွဲတွေးထားသည်နှင့် လုံးဝမတူညီပဲ ကွဲပြားနေသော်လည်း ကလေးကိုချီထားခြင်းက သူ၏တည်ကြည်သောပင်ကိုယ်စိတ်သဘောထားကိုလုံးဝထိခိုက်ခြင်းမရှိခဲ့ပေ။
“ ငါထင်တာက ... ” ဖခင်ဖြစ်သူကတစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း စကားတစ်ဝက်တွင်ရပ်သွားရသည်။
“ ဘာမှမဟုတ်ပါဘူး ထားလိုက်ပါ...”
ရှန့်ပိုင်ဟန်က ဖခင်ဖြစ်သူ၏ အထင်အမြင်မကောင်းသည်ကိုသိသည်။ သူလျင်မြန်စွာပင်ပြောလိုက်ရ၏။
“ ထိုင်ကြရအောင်လေ…ရှောင်ချင်လည်း ထိုင်…"
ဟန်ရှောင်ချင်မှာ ရှန့်ပိုင်ဟန် ၏ဇနီးဖြစ်သည်။ သူမ ၀င်လာသောအခါ ကျန်းရွှိအား တစ်နေရာရာတွင်တွေ့မြင်ခဲ့ဖူးသကဲ့သို့ ခံစားနေရကာ သူ့အား အကြိမ်ကြိမ်ခိုးကြည့်နေခဲ့သည်။ ယခု ရှန့်ပိုင်ဟန် ရုတ်တရက်စကားထပြောသောအခါ သူမ၏အတွေးများထဲမှပြန်ထွက်လာခဲ့သည်။
“ အိုး ... အေး...”
“ မရီး… ကျွန်တော့်မျက်နှာပေါ်မှာတစ်ခုခုရှိလို့လား...”
ကျန်းရွှိ ကသူမအားမေးလိုက်သည်။
“ မဟုတ် ... မဟုတ်ပါဘူး...”
ဟန်ရှောင်ချင်သည် သိသာသွားသောအခါ အထစ်ထစ် အငေါ့ငေါ့နှင့်ပြန်ဖြေသည်။သို့သော် သူမ မနေနိုင်ဘဲမေးလိုက်သည်။
"အရင်က B မှာအထက်တန်းကျောင်းတက်ခဲ့ဖူးလား… ကျွန်မအထက်တန်းကျောင်းမှာရှိတဲ့ အရမ်းတော်တဲ့ စီနီယာအစ်ကိုတစ်ယောက်နဲ့တူလို့..”
ရှန့်ပိုင်ဟန် : “ မင်းကို ပြန်လည်သုံးသပ်ချက်စာအုပ်တွေပေးတဲ့ စီနီယာ အကြောင်းကိုပြောနေတာလား...”
ဟန်ရှောင်ချင်တွင်သူမအမြဲတမ်းပြောဆိုသောစီနီယာတစ်ယောက်ရှိပြီး သူမအထက်တန်းကျောင်းတွင်သူနှင့်တွေ့ဆုံခဲ့သည်ဟုပြောခဲ့သည်။ထိုအချိန်တွင်သူမသည်ဖိအားများစွာကြောင့်ရက်ပေါင်းများစွာ အစာကောင်းကောင်းစားနိုင်ခြင်းမရှိဘဲ လမ်းပေါ်တွင်မူးလဲသွားခဲ့သည်။ သူမဆေးခန်းတွင်သတိပြန်ရလာသောအခါ သူမအားခေါ်ဆောင်လာသောစီနီယာက ကျောင်းပြီးသွားပြီဖြစ်ကြောင်းသိခဲ့ရသည်။သူသည် စည်းရုံးရေးဟောပြောချက် ပြောပေးရန် ကျောင်းဝင်းသို့ပြန်လာခဲ့ရပြီး တိုက်ဆိုင်စွာသူမနှင့် ဆုံခဲ့ခြင်းဖြစ်သည်။
သူမ နေမကောင်းဖြစ်ရသည့်အကြောင်းရင်းကိုကြားပြီးနောက်စီနီယာသည် ဟန်ရှောင်ချင် ၏လိပ်စာကိုယူထားပြီး ရက်အနည်းငယ်အကြာတွင် အထက်တန်းကျောင်းမှတ်စုစာအုပ်များနှင့် စာလေ့လာရန်ပစ္စည်းများအားလုံးကို သူမထံသို့ပို့ခဲ့သည်။ သူမသည် မှတ်စုစာအုပ်ပေါ်မှ နာမည်ကိုမြင်ပြီးနောက် ဆရာများ၏ မရေမတွက်နိုင်အောင်ပင် ချီးကျူးခြင်းကို ခံခဲ့ရသောလူသိများသည့် ပညာရေးဆိုင်ရာပါရမီရှိသူဖြစ်ပြီး အရင်နှစ်ကောလိပ်ဝင်စာမေးပွဲ၏ အမှတ်အများဆုံးရသည့်ထိပ်တန်းကျောင်းသားဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအချိန်က ထိပ်တန်းကျောင်းသားများစွာသည် စာမေးပွဲပြီးဆုံးပြီးနောက် သူတို့၏မှတ်စုများကိုရောင်းချကြသည်။မူရင်းဗားရှင်းများကိုမဖော်ပြပဲ မိတ္တူကူးထားသည်များပင်လျှင် ဆယ်နှင့်ချီ သို့မဟုတ်ရာနှင့်ချီသောယွမ်များစွာ ကုန်ကျတတ်သည်။
ဟန်ရှောင်ချင်သည် စီနီယာအား ကျေးဇူးတင်စကား အမြဲပြောချင်ခဲ့သည်။ သို့သော်လည်း ယခင်လိပ်စာအားကျေးဇူးတင်ကြောင်းစာ ပို့လိုက်သော်လည်း ထိုလူအားရှာမတွေ့နိုင်တော့သောကြောင့် သူမထံသို့ ထိုစာ ပြန်ရောက်လာခဲ့သည်။ သူသည်ဆေးတက္ကသိုလ် A တွင်တက်နေခြင်းမှအပ သူနှင့် ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်များကိုမရရှိခဲ့ပေ။ သူတို့အားလပ်ချိန်များတွင် သူမ၊ရှန့်ပိုင်ဟန်နှင့် ရှန့်စုံတွဲတို့သည် ထိုကိစ္စနှင့် ပတ်သက်၍ အမြဲပြောဆိုခဲ့ကြပြီး ထိုမှတ်စုစာအုပ်များသာ်လည်း အိမ်တွင်ရှိနေသေးသည်။
ရှန့်ဖန်းယွိ သည်သူ၏မရီးထံမှ ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ပထမဆုံးအကြိမ်ကြားခဲ့ရခြင်းဖြစ်သည်။ရှန့်ဖန်းယွိသည်တက္ကသိုလ် A တွင်ပညာသင်ရန် B မှထွက်လာခဲ့ပြီးနောက် ဟန်ရှောင်ချင်သည်သူ့အစ်ကို၏ ဒုတိယရည်းစားဖြစ်လာခဲ့သည်။ ထို့ကြောင့် သူတို့သည် အဆက်အသွယ်သိပ်မရှိပေ။ သို့သော် သေချာစဉ်းစားကြည့်မည်ဆိုလျှင် သူ၏မရီးသည် သူ့ထက်တစ်နှစ်မျှ ငယ်သည်ဟုထင်ရသဖြင့် သူမတွေ့ဆုံခဲ့ရသော စီနီယာအစ်ကိုမှာ ကျန်းရွှိ ဖြစ်မည်။
ကျန်းရွှိက သေချာတွေးတောကာ မိဘများဘက်သို့ ရုတ်တရက်လှည့်၍မေးလာသည်။
" မရီးက ဘယ်နှစ်မှာမွေးတာလဲ..."
ခဏစဉ်းစားပြီးနောက် အမေဖြစ်သူက ခုနှစ် တစ်ခု ထုတ်ပြောခဲ့ပြီး ဟန်ရှောင်ချင်က သဘောတူစွာ ခေါင်းညိတ်ပြခဲ့သည်။
ကျန်းရွှိကထပ်မံမေးမြန်းခဲ့သည်။
“ ဖန်းယွိကရော…”
ကျန်းရွှိ၏လေသံသည်အေးဆေးတည်ငြိမ်နေပြီး အခြားသူများက သူ့စကားများ၏အတိမ်အနက်ကို သေချာမသိကြသော်လည်း ရှန့်ဖန်းယွိသည် ကျန်းရွှိနှင့်အတူအချိန်ကြာကြာ ရှိခဲ့သူဖြစ်သောကြောင့် ကျန်းရွှိ ဒေါသထွက်နေသည်ကို သူချက်ချင်းသဘောပေါက်လိုက်သည်။
ကျန်းရွှိမှာ တကယ်ဒေါသထွက်နေကာ သူ့စိတ်များက အလောတကြီး အတွေးများနေသည်။ ရှန့်ဖန်းယွိ၏မိဘများသည် ဟန်ရှောင်ချင် မည်သည့်နှစ်တွင် မွေးဖွားခဲ့သည်ကိုသိသောကြောင့် အဓိကစကားလုံးသုံးလုံးဖြစ်သည့် ယခင်နှစ်၏ ထိပ်တန်း အမှတ်အများဆုံးရသူနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆိုသည်တို့ကို အတူတူကြားလျှင် ထိုစီနီယာနှင့် သူတို့သားအား အလွယ်တကူဆက်စပ်တွေးမိသင့်သည်။သူတို့အားဆက်စပ်ပြီးလျှင် ရှန့်ဖန်းယွိကအခြား ထိပ်တန်းကျောင်းသားနှင့် ပတ်သက်၍ သိခြင်းရှိမရှိ သူတို့မေးကြလိမ့်မည်။ နောက်ဆုံးတွင် ဟန်ရှောင်ချင်သည် ထိုသတင်းစာအား မမြင်ခဲ့လျှင်ပင် ရှန့်ဖန်းယွိက မြင်ပြီးဖြစ်နိုင်သည်။ ထို့အပြင်သူတို့နှစ်ဦးက တက္ကသိုလ်တွင်ပင် အခန်းတူနေသည်လည်းဖြစ်နိုင်သည်။
သို့သော် ရှန့်ဖန်းယွိ က ထိုအကြောင်းကိုမသိပဲနေသည်မှာ ရှင်းသည်။ ရှန့်ဖန်းယွိ၏ မိဘများသည် ရှန့်ဖန်းယွိအား မည်သည့်နှစ်တွင်မွေးဖွားခဲ့ကြောင်းသတိမရပဲနေကြကာ ဟန်ရှောင်ချင်ထက် ပိုအသက်ကြီးသည်လား ငယ်သည်လားပင် မသိကြပုံပေါ်သည်။
ကျန်းရွှိ မေးမြန်းပြီးနောက် ရှန့်ဖန်းယွိ၏မိဘများသည်မှန်ကန်သောအဖြေမပေးရသေးခင်ပင် အချိန်ကြာမြင့်စွာတွန့်ဆုတ်နေခဲ့ကြသည်။နောက်ဆုံးတွင် ရှန့်ပိုင်ဟန်က အရင်ဆုံးတုန့်ပြန်လိုက်၏။
“ စဉ်းစားကြည့်ပါဦး…ဖန်းယွိက ရှောင်ချင် မတိုင်ခင် ပိုစောပြီးအတန်းထဲမှာ ရှိနေပုံရတယ်...”
“ ဖန်းယွိ…ထိပ်တန်းကျောင်းသားနှစ်ဦး ဆိုတာ မင်းတို့နှစ်ယောက်မဟုတ်လား..”
“ ဟုတ်ပါတယ်…နောက်တစ်ယောက်ကကျွန်တော်ပါပဲ...” ကျန်းရွှိက ရှန့်ဖန်းယွိ၏ လက်ကိုစားပွဲအောက်တွင် လှမ်းကိုင်ထားပြီးပြောသည်။ သူ ဟန်ရှောင်ချင်အားကြည့်လိုက်၏။
“ မှတ်စုစာအုပ်ပေါ်ကနာမည်က ကျန်းရွှိမလား...”
“ ဟုတ်တယ်…မှန်ပါတယ်… ”
ဟန်ရှောင်ချင်သည် အခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေရမည်ဖြစ်သည်။ သို့သော် သူမသည် အခြေအနေ တစ်ခုခုမှားယွင်းနေသည်ကိုခံစားလိုက်ရပြီး အလိုလိုပင် နောက်တဖန်စကားမပြောရဲသကဲ့သို့ ခံစားနေရသည်။
“ အဲ့ဒါကကျွန်တော်ပါပဲ...”
ကျန်းရွှိက ရှန့် စုံတွဲကိုဆက်လက်ကြည့်လိုက်ကာမေးလေသည်။
“ ဖန်းယွိက ဘယ်တက္ကသိုလ်ကိုသွားခဲ့တာလဲ...”
ရှေ့စက္ကန့်များတွင်မူ ရှန့် စုံတွဲသည် ကျန်းရွှိ၏ထူးချွန်မှုနှင့်အဆင့်မြင့်ပညာရေးအဆင့်တို့ကြောင့်အံ့အားသင့်ခဲ့ရသည်။ နောက်တစ်စက္ကန့်များတွင်မူ ကျန်းရွှိ၏ဖော်ရွေမှုမရှိတော့သောလေသံနှင့် သူတို့အားမေးခွန်းထုတ်နေသည်ကို နောက်ဆုံးတွင်သဘောပေါက်သွားသည်။
ဖခင်ဖြစ်သူရှန့်က လည်ချောင်းရှင်းလင်းကာပြန်ဖြေ၏။ “ အဲ့ဒါက ကျီဟွားဆေးဘက်ဆိုင်ရာတက္ကသိုလ်လေ...”
“A ဆေးဘက်ဆိုင်ရာတက္ကသိုလ်ပါ သူအလုပ်လုပ်ခဲ့တဲ့ဆေးရုံကမှ A ဆေးဘက်ဆိုင်ရာတက္ကသိုလ်နဲ့ ချိတ်ဆက်ထားတဲ့ ကျီဟွားဆေးရုံပါ..."
ကျန်းရွှိက အမှန်ပြင်၍ပြောလိုက်သည်။ ထို့နောက်သူသည် ရှန့်ဖန်းယွိ၏မွေးသက္ကရာဇ်အပြည့်အစုံကိုထပ်ခါတလဲလဲရေရွတ်ခဲ့ပြီး ရှန့်မိသားစု၏ဆွေမျိုးလေးဦးကိုကြည့်လိုက်သည်။
“ အာလုံး မှတ်မိကြလား...”
ရှန့်ဖန်းယွိသည် ကျန်းရွှိကသူ့မိဘများအား ဆရာကကျောင်းသားများကို ဆူနေသကဲ့သို့ ဆူနေသည်ကိုကြည့်ပြီး သူ့အင်္ကျီလက်ခေါက်အားအလျင်အမြန်ဆွဲလိုက်သည်။ သို့သော် ကျန်းရွှိကသူ့လက်အား ခါချကာ မျက်နှာထားတင်းတင်းနှင့်ပြောသည်။
"ဦးလေးနဲ့ အန်တီတို့ ရှန့်ဖန်းယွိကိုတောင်းပန်ရမယ်...”
ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့တွင် မတူညီသော ကိုယ်ရည်ကိုယ်သွေးများရှိသည်။ ကျန်းရွှိသည်တစ်ဦးတည်းသော ကလေးတစ်ဦး ဖြစ်သောကြောင့် လူကြီးများနှင့်စကားပြောသောအခါ လိမ္မာပါးနပ်မှု သို့မဟုတ် ယဉ်ကျေးမှုမျိုး မရှိခဲ့ပေ။ သူ၏ မကျေနပ်မှုများကို မျက်နှာပေါ်တွင်ပြတတ်ပြီးလိုအပ်သည့်အခါ ဒေါသပင်ထွက်ပြတတ်သည်။
ထိုအကျင့်ကို ပြင်နိုင်ရန် သူနှင့်သူ၏မိဘများကြားတွင် လူကြီးလူငယ် ကွာခြားချက်မျိုးလည်းမရှိပေ။ တည့်တိုးပြောရလျှင် သူ့ထံတွင်ရည်မွန်မှုမရှိပေ။
ရှန့်ညီအစ်ကိုနှစ်ဦးလုံးသည်သူတို့၏မိဘများနှင့်ပတ်သက်၍ အတော်ပင်ယဉ်ကျေးမှုရှိပြီး ရှန့်ဖန်းယွိသည် ဒေါသထွက်နေသည့်တိုင်ကြမ်းတမ်းစွာပြောဆိုခြင်းမရှိခဲ့။ သူ့အဖေကသူ့အား " ထွက်သွားစမ်း ” ဟုပြောခဲ့သော်လည်းရှန့်ဖန်းယွိသည် မျက်ခုံးပင်မတွန့်ခဲ့သည့်အပြင် သူ့မိဘများအတွက် အသီးကိုအခွံခွါခဲ့ရန်ကိုပင် သတိရနေခဲ့သေးသူဖြစ်သည်။
ရှန့်စုံတွဲသည် ကျန်းရွှိ ကဲ့သို့သောသူနှင့်တစ်ခါမျှမတွေ့ဖူးသည်မှာထင်ရှားသည်။ သူတို့အားလုံးအံ့အားသင့်သွားပြီး ရှန့်ပိုင်ဟန် နှင့် ဟန်ရှောင်ချင်တို့သည် ကျန်းရွှိအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
သူတို့၏စိတ်ကူးတွင် သူတို့၏မိသားစုမှမနှစ်သက်သောလိင်တူအိမ်ထောင်ဖက်သည် ပထမဦးဆုံးတွေ့ဆုံသည့်အခါ အနည်းဆုံးသူ့ကိုယ်သူနှိမ့်ချပြီး သူတို့အား စိတ်ကျေနပ်ရန်ကြိုးစားလိမ့်မည်ဟု ထင်ခဲ့သည်။ သူတို့က မိသားစု၀င်အသစ်သည် အလွန်ပင်ဒေါသကြီးကာ သူတို့အားမျက်နှာမပြချင်သောသူဖြစ်မည်ဟု လုံးဝမထင်ခဲ့ပေ။
“ ထားလိုက်တော့ကျန်းရွှိ…စိတ်မဆိုးပါနဲ့..."
ရှန့်ဖန်းယွိသည် ကျန်းရွှိ၏နောက်ကျောပေါ်တွင်သူ၏လက်ကိုတင်၍ ခပ်ဖွဖွ ပုတ်လိုက်ကာပြောသည်။
သို့သော် ကျန်းရွှိသည် အခန်းထဲရှိလူများအား ရှန့်ဖန်းယွိအားတောင်းပန်ခြင်းမပြုမချင်း သူတို့ကို ဆက်လက် ကြည့်နေအုံးမည်ဟူသောသဘောနှင့် စူးစိုက်ကြည့်နေခဲ့သည်။
ရှန့်ဖန်းယွိကသူ့အတွက်တောင်းပန်ဖို့တောင်းဆိုပေးခဲ့သည့်အတိုင်း ကျန်းရွှိက ရှန့်ဖန်းယွိအား တောင်းပန်မှုရရန် ပြန်တောင်းဆိုပေးခဲ့သည်။
ကျန်းရွှိကပြောလိုက်သည်။
“ ကျွန်တော် အားလုံးကိုသုံးမိနစ်ပေးမယ်… အကယ်၍ တောင်းပန်မှုမရရင် ဖန်းယွိနဲ့ ကျွန်တော် အိမ်ပြန်ပါတော့မယ်..."
“ မင်း ... လူကြီးတွေကို လူငယ်တွေကိုတောင်းပန်ဆိုပြီး ဘယ်လိုတောင် ပြောနိုင်တာလဲ...”
အဖေဖြစ်သူရှန့်က သဘောမတူပေ။
မမျှော်လင့်ပဲ အမေဖြစ်သူရှန့်က ရုတ်တရက်ပြောလိုက်သည်။
“ ငါတောင်းပန်ပါတယ်...”
သူမ၏ အမူအရာများသည် အလွန်စိတ်ရင်းမှန်ဖြစ်ကာ သူမ၏မျက်လုံးများသည် နီရဲလာသည်။
" ဖန်းယွိ… မင်းအဖေစကားကိုနားထောင်မနေပါနဲ့….အမေကမင်းကိုတောင်းပန်ပါတယ်.. မင်းငယ်ငယ်တုန်းက အမေမင်းကိုလျစ်လျူရှုပြီး မထားခဲ့သင့်ဘူး… ငါတကယ်မိခင်တစ်ယောက်အဖြစ်ငါ့တာဝန်တွေကို မကျေခဲ့မိဘူး… အမေတကယ်စိတ်မကောင်းပါဘူးကွယ်...”
“ မင်းအတွက် အမေအကုန် ပြန်လုပ်ပေးချင်ခဲ့တယ်…ဒါပေမယ့် ... အမေကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး… အမေဘယ်လိုလုပ်ရမယ်ဆိုတာလဲ မသိတော့ဘူး…” နောက်ဆုံးတွင်အမေဖြစ်သူရှန့်က ဆို့နင့်စွာဖြင့်ဆိုလာပါ၏။
“ဖန်းယွိရယ်…အမေ့ကိုနောက်ထပ်အခွင့်အရေး ထပ်ပေးလို့ရမလား...”
“ အမေ ... ”
ခဏအကြာတွင် ရှန့်ပိုင်ဟန်သည်လည်းပြောလာခဲ့သည်။
“အတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုငါတို့မပြောင်းလဲနိုင်ဘူး....အစ်ကိုလည်း ကြီးပြင်းလာပြီး ဘာတွေမှားနေခဲ့တယ်ဆိုတာသိပါတယ်… အခုစပြီး ငါတို့ညီအစ်ကိုတွေ အချင်းချင်း ထောက်ပံ့ကူညီရင်း နေသွားကြမယ်…. ငါမင်းရှေ့မှာ ဘယ်တော့မှ လေလုံးမထွားတော့ဘူး…မင်းကိစ္စတွေကိုလည်း ဝင်မစွက်ဖက်တော့ပါဘူး… ဒေါသထွက်မနေပါနဲ့တော့ ဟုတ်ပြီလား...”
သူ၏အကြီးဆုံးသားနှင့်ဇနီးနှစ်ဦးလုံး ဘက်ပြောင်းသွားသည်ကို မြင်တွေ့ရသောအခါ အဖေဖြစ်သူရှန့်က အလျှော့မပေးခင် နှာရှိုက်သံ တရွှတ်ရွှတ်ပြုလေသည်။
“ အဲဒီနေ့က ထွက်သွားဖို့ ငါမပြောခဲ့သင့်ဘူး… ငါ ... မှားခဲ့တယ်..”
တောင်းပန်သည်မှာ မနူးညံ့သော်လည်း အနည်းဆုံးတော့ သူပြောနိုင်ခဲ့သေးသည်။
သူတို့စကားပြောနေစဉ် ရှန့်ဖန်းယွိသည်သူ့ရှေ့ရှိ အကြည်ရောင် ဖန်ခွက်ကိုစိုက်ကြည့်နေကာ သူ၏ အကြည့်သည် မလှုပ်မရှားဖြစ်နေသည်။ သူ့လက်မောင်းထဲမှ သမီးလေး ရုတ်တရက်ထငိုမလာမချင်း သူဘာစဉ်းစားနေသည်ကိုမည်သူမျှမသိခဲ့ပေ။ သူ အာရုံပြန်စိုက်ကာသူ၏မိဘများကိုပြောလိုက်သည်။
“ ကလေးက အနှီးလဲဖို့လိုမလို ကျွန်တော်သွားကြည့်လိုက်အုံးမယ်..”
တောင်းပန်ခံရမည့်သူ ထသွားသည်နှင့်တပြိုင်နက်အခန်းကတိတ်ဆိတ်သွားပြီး အနည်းငယ် ကသိကအောက်ပင်ဖြစ်သွားသည်။
သူတို့ရောက်ရှိလာချိန်ကတည်းက သိချင်ခဲ့သော အမေဖြစ်သူရှန့်မှာ ရှန့်ဖန်းယွိသွားသည်ကိုသတိပြုမိသောအခါနောက်ဆုံးတွင်မေးမြန်းခဲ့သည်။
“ ဒီကလေးက….. ”
ကျန်းရွှိကသူမကိုကြည့်လိုက်ပြီး သူမတစ်ယောက်တည်းသာသိချင်နေသူမဟုတ်ကြောင်းထင်ရှားနေသည်။ လူတိုင်းက သိချင်နေသော်လည်း မမေးရဲကြပေ။
“ သူက ရှန့်ဖန်းယွိရဲ့သမီးပါ… ကျွန်တော်နဲ့လည်း သွေးသားတော်စပ်တဲ့ သမီးပါပဲ...”
လေးယောက်လုံး အဖြေကြားသောအခါ အံ့ဩသွားခဲ့ကြသည်။ သူတို့သည် ထိုအခြေအနေဖြစ်နေမည်ဟု လုံးဝ စိတ်မကူးခဲ့ပေ။
သူရောက်ရှိလာသည့် အချိန်မှစ၍ ယခုအချိန်ထိ ကျန်းရွှိသည် စကားများစွာမပြောခဲ့သော်လည်း သူ၏စကားလုံးတိုင်းမှာ ရှန့်ဖန်းယွိ၏ဘ၀သည်အလွန်ပျော်ရွှင်ပြီး သူတို့စိတ်ကူးထားသည်ထက်ပင် ပို၍ ပျော်ရွှင်နေခဲ့ပုံရသည်။
သူ့တွင် ချစ်စရာကောင်း၍ ကျန်းမာသောသမီးတစ်ဦး ရှိသည့်အပြင် သူ့ကိုချစ်မြတ်နိုးသည့် ခံ့ညားချောမော၍ ထူးချွန်ထက်မြက်သော ချစ်ရသူလည်းရှိသေးသည်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြကာ အခန်းက နောက်တစ်ခါပြန်တိတ်ဆိတ်သွားသည်။ တူသံများနှင့် ဖန်ခွက်သံများပင်တိုးလျသွားခဲ့သည်။
ခဏအကြာတွင် ရှန့်ဖန်းယွိပြန်မလာသည်ကိုမြင်သောအခါ ကျန်းရွှိသည်သူ၏ တူများကိုချထားခဲ့ကာ သူ့ကိုရှာရန် ထလာခဲ့သည်။သူသည် ရှန့်ဖန်းယွိတံခါးဖွင့်နေစဉ်ပင် တွေ့လိုက်ရ၏။ သမီးလေးက အငိုတိတ်သွားသော်လည်း သူမမျက်လုံးများမှာ စိုစွတ်နေကာ သနားစဖွယ်ရုပ်လေးဖြစ်နေသည်။
“ သူ့ အနှီးပေနေလို့မဟုတ်ဘူး..”
ရှန့်ဖန်းယွိက ကျန်းရွှိအားပြောလိုက်သည်။ "သူဗိုက်ဆာလို့ ဒါမှမဟုတ် အိပ်ချင်လွန်းလို့ဖြစ်မယ်..."
“ ဒါဖြင့် ပြန်ကြစို့...”
“အင်း”
ရှန့်ဖန်းယွိ စားပွဲမှလူများထံသို့လှည့်လိုက်သည်။
“ ကလေးက အနားယူဖို့လိုအပ်နေတာ…အမေ၊ အဖေ၊ အစ်ကို၊ မရီး…ကျွန်တော်တို့အရင်သွားနှင့်တော့မယ်…ကောင်းကောင်းစားကြပါ…ကျွန်တော်အကုန်ရှင်းပြီးပါပြီ.."
“ ဟေ့…ဖန်းယွိ...”
အမေဖြစ်သူက လှမ်းခေါ်သော်လည်း သူတို့တစ်ယောက်မှလှည့်မကြည့်ခဲ့ကြပေ။
ထိုညတွင် သမီးလေး အိပ်ပျော်သွားပြီးနောက် ရှန့်ဖန်းယွိမှာအိပ်ရာပေါ်တွင် အိပ်ကာအတွေးများနေသည်။ ကျန်းရွှိက သူ့ဘေးတွင်လှဲနေကာ သူ့အား အချိန်ကြာမြင့်စွာ ကြည့်နေပြီးနောက် သူ၏မျက်ခွံများကိုပွတ်သပ်ရန် လက်လှမ်းလိုက်သည်။
မလှုပ်မရှားဖြစ်နေသော ရှန့်ဖန်းယွိကရုတ်တရက်ပြုံးပြသည်။ “ ပြဿနာမရှာပါနဲ့.. ”
ကျန်းရွှိကသူ့ကိုလျစ်လျူရှုကာ မျက်တောင်မွှေးများကိုရေတွက်နေခဲ့သည်။