အပိုင်း ၁၂၉
Viewers 32k

🧑‍⚕️Chapter 129



“ ကျန်းရွှိ မင်းရဲ့သမီးကိုကြည့်အုံး...”

ထိုဆူညံသောနေ့သည် ရှန့်ဖန်းယွိ၏ ပြိုလဲမှုနှင့်အတူ စတင်ခဲ့သည်။ သူသည် ကလေးငယ်ကို အိပ်ခန်းမှစာကြည့်ခန်းထဲအထိခေါ်လာခဲ့ပြီးကျန်းရွှိအားတိုင်ခဲ့သည်။ 

“ အကယ်၍ မင်းသူ့ကို ဂရုမစိုက်ရင် သူအိမ်ကိုဖျက်ဆီးလိမ့်မယ်...”

ငါးနှစ်အရွယ် သမီးငယ်လေးသည်ကား ကျန်းရွှိ၏စားပွဲခုံဘေးတွင် ရေဆေး အရောင်ခြယ်ဗူးကိုကိုင်၍ရပ်နေကာ နှုတ်ခမ်းစူနေပြီးသူမ၏ခြေထောက်ကိုငုံ့ကြည့်နေသည်။ သူမသည် ကျန်းရွှိအား သူမ၏မျက်လုံးထောင့်များမှကြည့်လာ၏။

“ ပါပါး… ဒယ်ဒီအတွက် သမီးမိတ်ကပ်ပြင်ထားတာ ကိုကြည့်ပါ…လှတယ် မဟုတ်ဘူးလား…”

သမီးလေးအား မည်သို့စကားပြောရမည်ကို သင်ပေးသောအခါ ရှန့်ဖန်းယွိကသူမအား “ ပါပါး ” ဟု မရေမတွက်နိုင်စွာ ချော့၍ပြောခိုင်းခဲ့သည်။ သို့သော် သမီးလေးသည်သူမအား နားမလည်စွာပင် အမြဲပြန်ကြည့်ခဲ့သည်။ တစ်နေ့တွင် ကျန်းရွှိကသူမအား လက်မောင်းထဲတွင်ပွေ့ချီပြီး “ ဖေဖေ့ကို ပါပါး လို့ခေါ်နော် ” ဟုပြောသောအခါ ကလေးငယ်သည် မည်သည့်စိတ်ပိုင်းဆိုင်ရာ ဝန်လေးမှုမှရှိပဲ အလွယ်တကူ ပါပါးဟု ခေါ်ခဲ့သည်။

ထိုအဖြစ်အပျက်သည် ရှန့်ဖန်းယွိအား ကြေကွဲစေပြီးရက်ပေါင်းများစွာ အစားကောင်းစွာ မစားနိုင်ခဲ့ပေ။ အခြားကလေးများသည်တရုတ်အခေါ်အဝေါ်နှင့်ပင် ရုန်းကန်နေရသော်လည်း ကျန်းရွှိသည် သမီးလေးအား ရှန့်ဖန်းယွိကို “ ဒယ်ဒီ ” ဟုအင်္ဂလိပ်လိုခေါ်ရန်သင်ကြားပေးခဲ့သည်။ရှန့်ဖန်းယွိ၏ကြေကွဲနေသောနှလုံးသားလေးမှာ နောက်ဆုံးတွင်သက်သာသွားခဲ့သည်။

မျှော်လင့်မထားဘဲ သမီးလေးကြီးပြင်းလာသည်နှင့်အမျှ ရှန့်ဖန်းယွိနှင့်ဆင်တူသည့် သူမ၏မျက်လုံးများမှအပ သူမ၏ အသွင်အပြင်သည် ကျန်းရွှိနှင့် ပို၍ တူလာခဲ့သည်။ သူမသည် ကျန်းရွှိနှင့် တပုံစံတည်း ထွင်းထုထားသည့် ပန်းပုရုပ်ထုလေးအလား နူးညံ့သော အသွင်အပြင်နှင့်လုံးဝန်းသော မျက်နှာမျိုးရှိသည်။

ရှန့်ဖန်းယွိသည် သူမမျက်နှာကိုမြင်သည့်အခါတိုင်း ဝေဖန်မှုတစ်စုံတစ်ရာမပြောနိုင်ခဲ့ပေ။ အထူးသဖြင့် သူငိုနေသည့်အချိန်မျိုးတွင်ဖြစ်သည်။သူသည် ကလေးဘဝမှကျန်းရွှိလေးငိုနေသည်ကို မြင်နေရသည်ဟုပင်ခံစားရသည်။

သူ၏နှလုံးသားမှာ ဖျစ်ညစ်ခံနေရသကဲ့သို့ဖြစ်နေကာ… မျက်နှာထားကိုပင် မတင်းထားနိုင်သဖြင့် ရှန့်ဖန်းယွိက ကျန်းရွှိအားပြောလိုက်ရသည်။

" ငါ ဒီကလေးကိုဆုံးမလို့မရဘူး…ငါမရက်စက်ချင်ဘူးနော်...” 

တည်နေသောမျက်နှာထားပြောင်းလိုက်ခြင်းပင်လျှင် သူ့အတွက်အပြစ်ရှိသည်ဟုခံစားခဲ့ရသည်။

သို့သော်ကလေးများက ပြောင်းလဲတတ်သူများဖြစ်သည်။ လူကြီးများက အားကြီးလျှင် သူတို့ကအားနည်းလာပြီး လူကြီးများအားနည်းနေပါက သူတို့ကသန်မာလာကြသည်။ သမီးငယ်လေးသည် ကျန်းရွှိအား အနည်းငယ် ကြောက်သော်လည်း ရှန့်ဖန်းယွိကိုမူ လုံးဝမကြောက်ပေ။

ကျန်းရွှိမှာ သမီးငယ်လေးကြောင့် တရေးပဲ အိပ်ရသေးကာ ကြောင်ပေါက်လေးလိုဖြစ်နေသည့် ရှန့်ဖန်းယွိကိုကြည့်ပြီး မတတ်နိုင်ဘဲသူ၏ဦးခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။

“ သမီးလေး…မင်း ဒယ်ဒီ့ကို အဲ့လိုမလုပ်ရဘူးလို့ပြောထားတယ်လေ...”

သမီးလေးက ပြန်ပြောသည်။

“ ဒါပေမယ့် တော်တော်လေးလှတယ်လေ...” 

“ သမီးရဲ့ မိတ်ကပ်ကအဲဒီလိုလိမ်းရတာမဟုတ်ဘူး ..ဒီပိတ်ရက်ကျ အန်တီကျုံး နဲ့အန်တီလင်းကို ရှာပြီး မိတ်ကပ်ဘယ်လိုလိမ်းရမလဲဆိုတာသင်ခိုင်းကြမယ်..နော်...”

လွန်ခဲ့သောစက္ကန့်အနည်းငယ်က မျက်ရည်မကျရန်ကြိုးစားနေခဲ့သော သမီးငယ်လေးက ရုတ်တရက်ပြုံးသွားလေသည်။ “ ဟုတ်ကဲ့... ”

"အရင်ဦးဆုံး ဒယ်ဒီ့ကို တောင်းပန်လိုက်... ” 

ကျန်းရွှိကပြောသည်။

သမီးလေးက ခဏတွန့်ဆုတ်နေပြီးနောက် ရှန့်ဖန်းယွိ၏ ဘောင်းဘီကို ညင်သာစွာဆွဲကာ တောင်းပန်လာသည်။

" တောင်းပန်ပါတယ် ဒယ်ဒီ...” 

သူမ၏အသံမှာ အလွန်နူးညံ့နေကာ ရှန့်ဖန်းယွိ၏အမြင်တွင် ကျန်းရွှိနှင့်ပိုတူသည်။ ထို့ကြောင့် ရှန့်ဖန်းယွိ၏ ဒေါသက သူ၏ခေါင်းပေါ်မှ ရေအေးပုံးတစ်ပုံး လောင်းချလိုက်သကဲ့သို့ပျောက်ကွယ်သွားသည်။

“ ရပါတယ်...” ရှန့်ဖန်းယွိ သက်ပြင်းချလိုက်သည်။မိန်းကလေးငယ်ကိုချီလိုက်ကာ သူ၏အစိမ်းရောင်မျက်ခုံးတန်းများနှင့်ခရမ်းရောင်နှုတ်ခမ်းများဖြင့်ကြည့်ပြီး သူမအား အနည်းငယ်ခြောက်လှန့်လိုက်သည်။ 

“ ပါပါးနဲ့အတူ မျက်နှာလိုက်သစ်ပေးရမယ်…အဲ့ဒါတွေမကျွတ်ဘူးဆိုရင် ပါပါးနဲ့ ထပ်ပြီး ရှင်းရမှာနော်..."

*

ပထမနေ့တွင် ကျန်းရွှိ နှင့်ရှန့်ဖန်းယွိတို့သည်သူတို့၏အိမ်သစ်သို့ပြောင်းရွှေ့ခဲ့ကြပြီး ကျုံးလန်ဆီသို့ထွက်လာခဲ့ကြသည်။

သူတို့သည် ကျုံးလန်၏ မျက်နှာချင်းဆိုင်တွင် အိမ်တစ်လုံးဝယ်လိုက်ကာ အလွန်အဆင်ပြေနေကြသည်။

ကျုံးလန်တို့သည်အရင်ပြောင်းရွှေ့ခဲ့ပြီး ကျန်းရွှိတို့ကသောက်ပိုင်းမှသာ ပြောင်းရွှေ့ခဲ့သည်။ ကလေးများအတွက် နေရာအပြောင်းအရွှေ့နှင့်ပတ်သက်၍ ပိုသတိထားရသောကြောင့် သူသည် အိမ်ပြောင်းရွှေ့ရန် အချိန်ကြာကြာစောင့်ဆိုင်းနေခဲ့သည်။

ကျုံးလန်ဆီသို့ မလည်ပတ်မီ ရှန့်ဖန်းယွိသည် သမီးငယ်ကိုအချိန်ကြာမြင့်စွာ လေ့ကျင့်သင်ပြပေးခဲ့ပြီး အန်တီနှစ်ဦးကိုတွေ့လျှင် “ ဟယ်လိုတီတီတို့” ဟု ယဉ်ကျေးစွာပြောရန် သင်ပေးထားသည်။

မျှော်လင့်မထားပဲနှင့် သမီးငယ်လေးသည် သူမ၏ဒယ်ဒီထံမှမည်သို့ချိုမြိန်စွာပြောဆိုရမည်ကိုလေ့လာခဲ့ပြီး သူတို့နှစ်ယောက်ကိုတွေ့သည်နှင့် ပြောတတ်သည့်စကားရှိသည်။

“ တီတီတို့က အရမ်းလှတာပဲ... ” 

သူမ၏ အသစ်သင်ယူထားသော စံပြတရုတ်ဘာသာစကားသည် ကဗျာတစ်ပုဒ်ကိုရွတ်ဆိုခြင်းနှင့်တူနေကာ ကျုံးလန်နှင့် လင်းကျန်တို့အားအလွန်ပျော်ရွှင်စေသောကြောင့် သူတို့သည် သမီးလေးကို ချက်ချင်းပင် လိမ္မော်သကြားလုံးတစ်ခုပေးလိုက်ကြသည်။

ကလေးမလေးကိုချီထားပြီး လိမ္မာသည့်အတွက် ချီးမွမ်းနေစဉ် အန်တီလင်းက ထိုကလေးလေး ဘယ်ကလာကြောင်း ကျန်းရွှိအားမေးခဲ့သည်။

ရှန့်ဖန်းယွိ သည်သူ၏နှာခေါင်းကိုပွတ်သပ်လိုက်၏။

 “ သူက ကျွန်တော်တို့သမီးပါ... ”

အန်တီကျုံးသည် ကော်ဖီစားပွဲပေါ်တွင် သမီးလေးအတွက် သကြားလုံးထုတ်ပေးနေကာ…ထိုစကားကြားချိန်တွင် သကြားလုံးများက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

“ဒေါက်တာ့သမီး…ဒေါက်တာတို့က ကလေးဘယ်လိုရခဲ့တာလဲ... ”

ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့တွင်ကလေးအဘယ်ကြောင့်ရှိရမည်ကို သေချာမတွေးခင် သူမပထမဦးဆုံးစဉ်းစားမိသည်မှာ

 “ အငှါးကိုယ်ဝန်ဆောင်တာ တရားမ၀င်ဘူးဆိုတာသိတယ်မလား..”

“ အငှါးကိုယ်ဝန်ဆောင်တာမဟုတ်ပါဘူး...” 

ရှန့်ဖန်းယွိသည်သူ၏လည်ချောင်းကိုရှင်းလိုက်သည်။

 “ အဲ့ဒါက ...လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလုပ်ခဲ့တဲ့ခွဲစိတ်မှုရဲ့ လူနာက ကျန်းရွှိလေ..ကျွန်တော်တို့အတူတူရှိခဲ့ကြတာ နှစ်တွေကြာပြီ... ”

ဤအဖြေကိုကြားပြီးနောက် သူတို့ကိုမေးမြန်းရန်ပြင်နေသော ကျုံးလန်သည် အံ့ဩ၍ ကြက်သေသေသွားကာ ကလေးငယ်ကို ချော့မြူရန်ကြိုးစားနေသည့် လင်းကျန်သည်လည်း ထို့အတူပင်ဖြစ်သည်။

“ ဒေါက်…ဒေါက်တာတို့…ဒေါက်တာတို့က..စီ…စီနီယာညီအစ်ကို…ဒါ…ဒါဆို…ဒါဆို ကျွန်မဆီလာတုန်းက ပွင့်ပွင့်လင်းလင်းပြောပြတဲ့….တစ်ယောက်က စီ..စီနီယာ အကိုကျန်းလား..."

ကျုံးလန် အံ့ဩလွန်း၍ အထစ်ထစ်အငေါ့ငေါ့ နှင့်မေးသည်။

ရှန့်ဖန်းယွိက သူ၏မျက်စိများကို အကြည့်လွှဲ၍ ဖြေသည်။

“ အမှန်ပဲ... ”

“ အို….ဘုရားဘုရား…” ကျုံးလန်သည် လင်းကျန်၏လက်မောင်းကိုထိတ်လန့်တုန်လှုပ်စွာဆုပ်ကိုင်လိုက်သည်။

 “ ကျန်ကျန်ရေ…ငါ့ကိုနည်းနည်းကူပါအုံး…ဒီကမ္ဘာကြီးက အိပ်မက်တွေဆန်နေလိုက်တာ…. ငါခေါင်းတွေ နည်းနည်းမူးလာပြီ... ”

“ တီတီ့ကို နှိပ်ပေးမယ်... ” 

သမီးလေးက လင်းကျန်၏ လက်မောင်းမှတဆင့် ကျုံးလန်၏အပေါ်သို့ သူမ၏လက်ကိုတင်ကာ အသံချိုချိုနှင့်
ဆိုသည်။

 “အနှိပ်ခံပြီးသွားရင် တီတီ့ ခေါင်းမမူးတော့ဘူး... ”

“ လိမ္မာလိုက်တဲ့ကလေး ... အပင်ပန်းခံစရာမလိုပါဘူးတော်... ” 

ကျုံးလန်၏ အသံက အနည်းငယ်တုန်ခါနေခဲ့သည်။

သမီးလေးသည် အကောင်းသဘော ရည်ရွယ်သော်လည်း ကျုံးလန်က ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့၏ ကလေးငယ်က သူမ၏ခေါင်းကိုနှိပ်ပေးနေသည်ဟူသောအတွေးနှင့်ပင် ပို၍ ချာချာလည်သွားသည်ဟုခံစားခဲ့ရသည်။

လင်းကျန်ကိုပါ အံ့အားသင့်စေခဲ့သော်လည်း သူသည် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့နှင့် ထွေထွေထူးထူး သိပ်ရင်းနှီးမှုမရှိသောကြောင့် သူမအတွက် လက်ခံရန်မခက်ခဲခဲ့ပေ။သူမသည်သက်ပြင်းချကာလိုက်သည်။

“ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်တာလဲ ... ”

ကျန်းရွှိက ကျုံးလန်အားပြောလိုက်လေသည်။

“ စိတ်မကောင်းပါဘူး ဂျူနီယာညီမလေး…ငါတို့ မင်းကိုလန့်အောင်လုပ်မိသွားတယ်... ”

“ မဟုတ်ဘူး…မဟုတ်ဘူး…စီနီယာ…စီနီယာ ကျွန်မကိုတောင်းပန်စရာမလိုပါဘူး…ကျွန်မသာ ဒီကမ္ဘာပေါ်မှာ မမြင်ဖူးသေးတာတွေ အများကြီးရှိနေသေးရုံပါ... ”

ကျန်းရွှိ- “ ... ”

— — — — — — —

လူလေးယောက်သည် ကျုံးလန်၏အိမ်ရှိ ဆိုဖာပေါ်တွင်ထိုင်ကာ တီဗွီကြည့်နေကြစဉ် အတွေးကိုယ်စီဖြင့်ရှိနေကြသည်။ သမီးလေးက လင်းကျန်၏ လက်မောင်းထဲတွင် လှဲနေကာ သူမ၏ဆံပင်ရှည်များနှင့် ဆော့ကစားနေသည်။

ကျန်းရွှိသည် သမီးလေးအား အလွန်လေးလံသောကြောင့် တီတီတို့အား သူ့ကိုချီထားဖို့ မတောင်းဆိုရန်မှာခဲ့သည်။ သို့သော် လင်းကျန်က သူ့အား စိတ်မဆိုးဘဲစနောက်ခဲ့သေးသည်။

 “ ကျွန်မက သူများကလေးတွေကိုသဘောကျပါတယ်… သူတို့ကို ကျွန်မ ကိုယ်တိုင်ပြုစုပျိုးထောင်စရာ မလိုပေမယ့်…အနည်းဆုံးတော့သူတို့နဲ့ ပျော်လို့ရသေးတယ်လေ..." 

ကျုံးလန်သည်နောက်ဆုံးတွင် အတွေးပေါင်းစုံတွေးပြီးသည့်အချိန် လင်းကျန်သည် သမီးလေး၏ဆံပင်တွင် ပုံစံမကျသောကျစ်ဆံမြီးဆယ်ခုကျော်ကျစ်ခဲ့ပြီး သူမ၏ဓာတ်ပုံကိုရိုက်ယူခဲ့သေးသည်။

သို့သော်လည်း သမီးငယ်က ထိုဓာတ်ပုံကိုမြင်သောအခါ ကြောက်လန့်တကြားနှင့်ငိုနေသောကြောင့် သူ့ဖခင်နှစ်ဦးလက်ထဲသို့ ပြန်ထည့်လိုက်ရသည်။

“ ဒီမိန်းကလေးက တော်တော်လေး အလှအပကြိုက်ပုံပဲ ” ရှန့်ဖန်းယွိ ကအပြုံးနဲ့ရှင်းပြသည်။ ထို့နောက် သမီးလေးအားချော့မြူရတော့၏။

 “ မငိုပါနဲ့…မငိုပါနဲ့… ဒယ်ဒီမင်းရဲ့ဆံပင်ကို ပြန်ကျစ်ပေးမယ်..."

ကလေးမလေးက အလွန်ပင်လှချင်သောကြောင့် ကျန်းရွှိနှင့် ရှန့်ဖန်းယွိ တို့သည် ဆံပင်ကျစ်နည်း သင်တန်းကိုပင် သူတို့၏ သမီးလေးအတွက်တက်ခဲ့ကြသည်။

ခွဲစိတ်ဆရာ၀န်နှစ်ဦးသည် ကျစ်ဆံမြီးကျစ်သင်တန်းလေ့လာရာတွင် ခွဲစိတ်ကုသမှုခံယူသည့်အခါ ဆုံးဖြတ်ချက်ချပုံအဆင့်နှင့်အာရုံစူးစိုက်မှုတို့အတိုင်း တူညီစွာ အားစိုက် ကြိုးစားခဲ့ကြသည်။ သူတို့သည် နောက်ဆုံးစာမေးပွဲတွင် ပထမနေရာပင် အနိုင်ရခဲ့ကြကာ သမီးလေးအတွက် ဆံပင်အလှဆင်ပစ္စည်းများပါသည့် ဗူးကြီးနှစ်ဗူး ပင် ရရှိခဲ့သည်။

ရှန့်ဖန်းယွိသည်မိန်းကလေး၏ နက်မှောင်ပြောင်လက်နေသောဆံပင်များကို လျင်မြန်သပ်ရပ်စွာနှင့် ကျစ်ဆံမြီး လေးကြိုးကျစ်လိုက်သည်ကို လင်းကျန်က အံ့အားသင့်စွာကြည့်နေခဲ့၏။

ထိုအချိန်တွင် ကျန်းရွှိသည် သူ့အိတ်ကပ်ထဲမှ သရဖူအသေးလေးကို ပုံမှန်အတိုင်းပင်ထုတ်ယူလိုက်ကာ သမီးလေး၏ ဦးခေါင်းပေါ်တွင်တင်လိုက်သည်။ ဝမ်းနည်းစွာငိုကြွေးနေသောသမီးငယ်က ရုတ်တရက်ပြုံးသွားခဲ့သည်။

“ ငါ့တစ်သက်တာမှာ အဲ့လိုထူးဆန်းတဲ့ ပုံစံမျိုးကို ငါ တခါမှမမြင်ဖူးဘူး..ကလေးရဲ့ဆံပင်ကို သူတို့နှစ်ယောက် လုပ်လိုက်သလိုမျိုး ငါလုပ်နိုင်မယ်လို့လည်း မထင်ဘူး..."

ကျုံးလန် သက်ပြင်းချလိုက်သည်။

ကျုံးလန် နှင့် လင်းကျန်တို့သည် ဆံပင်ကိုမည်သို့ကျစ်ရမည်ကိုမသိသော်လည်း သူငယ်ချင်းအသစ်များကို သဘောမကျသည့် ကလေးမရှိပေ။ မကြာခင်မှာပင် မျက်နှာချင်းဆိုင်အိမ်မှ ထိုအမျိုးသမီးနှစ်ယောက်သည် သမီးလေး၏ သဘောအကျဆုံးလူများဖြစ်လာကြသည်။

အစပိုင်းတွင် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့မှာ ကျုံးလန် အတွက်ပြဿနာများဖြစ်မည်ကို စိုးရိမ်ခဲ့ကြသဖြင့် သူတို့အကူအညီလိုအပ်သည့်အခါမှသာ၊ အထူးသဖြင့် သမီးလေး ကြီးပြင်းလာသောအခါမှသာ သူတို့လာမည်ဟုပြောခဲ့သည်။

သို့သော် သမီးလေးသည် ထိုအမျိုးသမီးငယ်နှစ် ဦး ကိုအလွန်ပင် သဘောကျနေခဲ့သည်။ သူမ၏ ဖခင်နှစ် ဦး ထက်ပင်ပို၍ သဘောကျနေကြပြီး သိပ်မကြာခင်မှာပင် ကျုံးလန်က သမီးလေးကို လာကစားရန်ပင်ဖိတ်ခေါ်ခဲ့သည်။

နှစ်သစ်ကူးကာလအတွင်း သမီးလေးသည် အိမ်တွင်းတွင် ကြိုဆိုနှုတ်ဆက်သည့်ကဒ်များကိုပြုလုပ်ခဲ့သည်။ ကျန်းရွှိက သူမ၏ပြောဆိုမှုများကိုနားထောင်ကာ သူမ၏ ကဒ်များကို အမျိုးအစားကူခွဲပေးခဲ့သည်။

 “ ဒီဟာက ပါပါးအတွက်… ဒီဟာက ဒယ်ဒီအတွက်… ဒါကဘိုးဘိုးအတွက်…ဒါက ဘွားဘွားအတွက်… ဒီနှစ်ခုကတီတီလင်းနဲ့တီတီကျုံး တို့အတွက်… ”

“ ဦးဦးထန် နဲ့ ဦးဦးကျန်းအတွက်ကရော ဘယ်မှာလဲ...” ကျန်းရွှိကသူမအား သတိပေးခဲ့သည်။

ကျုံးလန် နှင့် လင်းကျန်၏ ဖြစ်တည်မှုကြောင့် သမီးလေးသည် သိသိသာသာပင် ထန်ခယ်နှင့် ကျန်းချန်အကြောင်းကိုမေ့သွားခဲ့သည်။ သူမသည် သူမ၏ဦးခေါင်းကိုကုပ်လိုက်ကာ “ သမီး မေ့သွားပြီ ... ”

သူမသည်ကူရှင်ပေါ်မှထကာ သူမ၏အရုပ်သေတ္တာဆီသို့ပြေးသွားပြီး အချိန်တစ်ခုထိ မွှေနှောက်ရှာဖွေပြီးနောက် ဘာဘီအရုပ်နှစ်ခု ကိုဆွဲမထုတ်ခင်တွင် ကျန်းရွှိအား ပြော
လိုက်သေးသည်။

“ ဒီဟာက သမီးအကြိုက်ဆုံး ဘာဘီ အရုပ်နှစ်ခု.. သူတို့ကို ဦးဦးထန်နဲ့ ဦးဦးကျန်းဆီ ကောင်မလေးတွေအဖြစ် ပေးလိုက်မယ်... ”

ထန်ခယ် နှင့် ကျန်းချန်တို့သည်ကား ချစ်ခြင်းမေတ္တာ၌ကံမကောင်းကြပဲ မှန်ကန်သောလူနှင့်တစ်ခါမျှမတွေ့ကြပေ။

ကျန်းရွှိ၏အိမ်သို့ ဧည့်သည်အဖြစ်လာရောက်သည့်အခါတိုင်း သူတို့တစ်ဦးနှင့်တစ်ဦးမှာ နှစ်သိမ့်ပေးတတ်ကြသည်။

“ ဒီကလေးနှစ်ယောက်ထက် ငါတို့ ဘာလို့ နှေးကွေးနေရတာလဲ..”

တစ်နေ့တွင် ကျန်းချန်က ကောင်မလေးတစ်ယောက်ပင် ထပ်ရှာမတွေ့နိုင်တော့သည့် အကြောင်းပြောနေခဲ့ပြီး သမီးလေးက သူ့အား မေးလေသည်။

“ ဦးဦးကျန်း… ကောင်မလေးဆိုတာက ဘာလဲဟင်...”

ကျောင်းပင်မတက်ရသေးသော ကလေးအား ကောင်မလေးရည်းစားဆိုသည်ကို ရှင်းပြရန်မှာ ခက်ခဲသောကြောင့် ရှန့်ဖန်းယွိ ကသူ့အားတစ်ဖက်မှသတိပေးလိုက်သည်။

“ မင်းသေချာရှင်းပြနော်…ငါ့သမီးကို မဟုတ်တာတွေတော့ မသင်ပေးနဲ့... ”

ကျန်းချန်မှာ အလွန်စိတ်လှုပ်ရှားနေပြီး သမီးလေးအား သူနားလည်သမျှ အကောင်းဆုံးရှင်းပြရန်သူ၏ဦးနှောက်ကို သေချာ ထိန်းချုပ်ထားလိုက်သည်။

 “ ရည်းစားကောင်မလေးဆိုတာ ကိုယ်က သဘောကျတဲ့မိန်းကလေးတစ်ယောက်ပေါ့…သူကလည်း ကိုယ့်ကိုပြန်ကြိုက်တယ်ပေါ့..."

သမီးလေးက ခဏမျှ စဉ်းစားနေခဲ့သည်။

 “ အဲ့ဒါဆို သမီးမှာကောင်မလေးရည်းစားတွေ များကြီးရှိတယ်လေ... ”

ထန်ခယ်က လျင်မြန်စွာထပ်၍ပြောခဲ့သည်။

 “လူတစ်ယောက်မှာ ကောင်မလေးရည်းစားတစ်ယောက်ပဲ ထားလို့ရတယ်…သူ့ကို သဘောကျတာက တခြားသူတွေကို သဘောကျတာနဲ့ မတူပဲနဲ့ ကွဲပြားတယ်ပေါ့… တစ်ယောက်အတွက် တစ်ယောက်ထူးခြားနေတာမျိုးပေါ့..”

သမီးလေးက လေးနက်စွာနှင့် ခေါင်းညိတ်လိုက်ပြီး ထန်ခယ်အား ချိုမြိန်စွာပြုံးပြလေသည်။

 “ သမီးနားလည်သွားပြီ.. ဦးဦးထန်ကိုကျေးဇူးတင်ပါတယ်...”

ထို့နောက် သမီးလေးသည် အကြီးအကျယ်အထင်လွဲသွားကာ သူမ၏ ဦးဦးကျန်းနှင့် ဦးဦးထန်တို့အတွက် ကောင်မလေးတစ်ယောက်စီ ပေးရန်ပြင်ဆင်ခဲ့သည်။

ကျန်းရွှိ သမီးလေး ပြင်ဆင်ထားသည့် ဘာဘီ အရုပ်နှစ်ခုကိုကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းကိုခါလိုက်သည်။ ထန်ခယ်နှင့်ကျန်းချန်တို့ ထို အရုပ်ရည်းစားများကိုလက်ခံရရှိသည့်အခါ မည်သို့ခံစားရမည်ကိုသူမသိတော့ပေ။

သို့သော် ကျန်းရွှိ မမျှော်လင့်ခဲ့သည့်အရာမှာ သမီးလေးကအလွန်ကံကောင်းနေခြင်းဖြစ်သည်။ ကျန်းချန် နှင့် ထန်ခယ်တို့သည် သမီးလေး၏ အရုပ်ရည်းစား များကိုတွန့်ဆုတ်ဆုတ် နှင့် လက်ခံပြီးနောက် သူတို့နှစ်ဦးစလုံး သည် သူတို့ကြိုက်နှစ်သက်သောသူတစ်များ နှင့်တွေ့ဆုံခဲ့ကြသည်။

ကျန်းချန်၏အိမ်နီးချင်းအသစ်သည် ပြောင်းလာပြီး နှစ်ဦးသားတိုက်ဆိုင်စွာ ဓာတ်လှေကားအတွင်း ခဏခဏ ဆုံနေကြသည်။ သူတို့သည်အပြန်အလှန်စိတ်ဝင်စားနေကြပုံရကာ တစ်နေ့တွင်သူတို့ အောက်ထပ်ရှိမုန့်ဆိုင်တွင် ဟော့ပေါ့အစပ်တစ်အိုး အတူတူစားကြရန် သတ္တိမွေး၍အတူသွားခဲ့ကြသည်။

နောက်ပိုင်းတွင် ထိုအိမ်နီးချင်းက ကျန်းချန်၏ ရည်းစားဖြစ်လာခဲ့သည်။

ထန်ခယ်၏အတွေ့အကြုံသည် ပို၍ တိုက်ဆိုင်သေးသည်။ တစ်နေ့တွင်သူသည် သမီးလေး အတွက်ပဟေဠိစာအုပ်အချို့ ၀ယ်ပေးရန်စာအုပ်ဆိုင်သို့သွားခဲ့ပြီး သူတို့ချိန်းတွေ့ခဲ့သည့် လွန်ခဲ့တဲ့နှစ်များက ညတိုင်းပြောဆိုဖြစ်ခဲ့ကြသည့် စာအုပ်ကိုကိုင်ထားဆဲဖြစ်သော သူ၏ အရင်ရည်းစားဟောင်းနှင့်မမျှော်လင့်ဘဲပြန်ဆုံခဲ့သည်။

တစ်ခါတစ်ရံတွင် ဇာတ်လမ်းတစ်ခု ရှေ့ဆက်ရန် တိုက်ဆိုင်မှုနှင့်ကံကောင်းခြင်းအနည်းငယ်လိုအပ်နိုင်သည်။ ထန်ခယ်ကထိုအကြောင်းများကို ကျန်းရွှိအားပြောပြသည့်အချိန်တွင် သူ့မျက်လုံးများက ရဲတွတ်နေခဲ့သည်။

သို့သော်ကံကောင်းခြင်းကို မျှဝေခဲ့သော သမီးလေးသည် သူမ၏ ဦးလေးနှစ်ယောက် တွင် ရည်းစားမိန်းကလေးများရှိပြီဖြစ်ကြောင်းကြားသိရသောအခါ စိတ်ကောက်ခဲ့ပြီးရက်ပေါင်းများစွာ သူတို့အားတွေ့ရန်ငြင်းဆန်နေခဲ့သည်။ သူမသည် ထန်ခယ် အားသူ၏ကတိကို မလိုက်နာကြောင်း…သူသည်ရည်းစားတစ်ဦးတည်းသာထားရမည်ဖြစ်ကြောင်း ပြောနေခဲ့သည်။

ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည်ချစ်ခြင်းမေတ္တာနှင့်လက်ထပ်ထိမ်းမြားမှုအကြောင်းကို ရှင်းပြရန် သမီးလေးနှင့်အတူ အရေးပေါ် ဆွေးနွေးမှုအသေးစားတစ်ခု ပြုလုပ်ခဲ့ကြသည်။ အသုံးအနှုန်းများက အလွန်မြင့်ပြီး ရှင်းပြချက်များမှာ မရှင်းမလင်းဖြစ်လွန်းသောကြောင့်သမီးလေးကနားလည်ပုံပေါ်သော်လည်း အမှန်တကယ် သိပ်နားလည်မည်မဟုတ်ပေ။

နောက်ဆုံးတွင် ကျန်းရွှိ၏မိခင်က စကားတစ်ခွန်းဖြင့်သာ
ရှင်းပြလိုက်သည်။

 “ အဲ့ဒါက သမီးပါပါးနဲ့ ဒယ်ဒီလို….ဖွားဖွားနှင့်ဘိုးဘိုးလိုမျိုး ကိုယ်နဲ့ တစ်သက်လုံး အတူတူအချိန်ကုန်ဆုံးချင်တဲ့ လူတစ်ယောက် ကိုရှာဖွေတာမျိုးပေါ့…. ဘာဘီအရုပ်က သမီးရဲ့ ဘဝလက်တွဲဖော် မဖြစ်နိုင်ဘူးလေ... ”

ပေါင်းညန် ထွက်ခွာသွားပြီးနောက် ကျန်းစုံတွဲက ကျန်းရွှိ၏အိမ်သို့ပြောင်းလာခဲ့သည်။ ကျန်းရွှိ၏ခွဲစိတ်မှုမတိုင်မီကပင် ကျန်းစုံတွဲသည် ထိုအကြောင်းကိုစဉ်းစားခဲ့ကြပြီး တနင်္ဂနွေနေ့တိုင်း A မြို့ သို့ရောက်လာကြသည်။

 နောက်ပိုင်းမှသာ လျှို့ဝှက်ချက်အရ ကျန်းရွှိနှင့် ရှန့်ဖန်းယွိ တို့သည် ကျန်းချီမှ စီစဉ်ပေးထားသောနေအိမ်သို့ပြောင်းရွှေ့ခဲ့ရသောကြောင့်ကျန်းစုံတွဲသည် ဗီဒီယိုဖုန်းခေါ်ဆိုမှုများမှတဆင့်သာ သူတို့နှစ်ယောက်ကိုဆက်သွယ်ခဲ့ရသည်။ 

ကျန်းရွှိသည် A မြို့သို့ ပြန်ပြောင်းလာချိန်တွင်လည်း သူတို့သည် သားနဲ့မြေးကိုတွေ့ရန် အချိန်ယူပြီး လာခဲ့ကြသေးသည်။

သို့သော် ကျန်းရွှိ၏အိမ်က ကျဉ်းသောကြောင့် ကလေးမွေးပြီးနောက်တွင် သူတို့ ခြေချစရာ နေရာပင်မရှိခဲ့ပေ။ရှန့်ဖန်းယွိ သည်စားပွဲခုံကိုအဟောင်းစျေးကွက်သို့ရောင်းချခဲ့ပြီး ယခင်စာကြည့်ခန်းကို သမီးလေး၏ ကစားစရာများ၊ ကလေးအစာဗူးခွက်များနှင့် ပြည့်နေသောအခန်းတစ်ခုအဖြစ်လုံးဝပြောင်းလဲခဲ့ပြီး ပေါင်းညန် အိပ်ရန်အိပ်ရာတစ်ခုလည်း ထည့်ထားခဲ့သည်။

ပေါင်းညန် ထွက်ခွာသွားပြီးနောက် ကျန်းရွှိ၏မိဘများသည်ကလေးကိုဂရုစိုက်ရန် ရောက်လာကြသည်။ နှစ်ပေါင်းများစွာအကြာတွင် မူလစီမံကိန်းကို အထပ်မြင့်အဆောက်အဦး တစ်ခုအဖြစ်တည်ဆောက်ခဲ့ကြသောကြောင့် အိမ်သစ်သို့အောင်မြင်စွာ ထပ်၍ပြောင်းရွှေ့ခဲ့သည်။

စောင့်ဆိုင်းနေစဉ်ကာလအတွင်း ကျန်းစုံတွဲသည် ထိုအတွဲအား ကြိုပွိုင့်စနစ်နှင့် ရောင်းချသောအိမ်ဝယ်ခြင်း၏အားနည်းချက်များကိုအကြိမ်ကြိမ်သတိပေးခဲ့သည်။

ကျန်းရွှိသည် ထိုစကားများကို နားမထောင်လိုသောကြောင့် ရှန့်ဖန်းယွိအပေါ်တွင်သာ အားလုံးမူတည်သွားတော့သည်။ ရှန့်ဖန်းယွိအဖြစ်မှာ ချီးကျူးခံရသော ခေါင်းကိုင် သားလေးအဖြစ်နှင့် ခေါင်းခံနေရတော့သည်။

စနေ တနင်္ဂနွေများတွင် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့သည်အလုပ်သွားကြရပြီး အလုပ်ဆင်းမှသာလျှင် သူတို့၏သမီးနှင့်အတူအချိန်ဖြုန်းရသည်။

 ထို့ကြောင့် သမီးလေး ၏ဗဟုသုတများစွာသည်သူမ၏အဘိုးအဘွားများထံမှသင်ယူခဲ့ပြီး သူမ၏အဖွား က ထိုအခြေအနေကိုရှင်းပြသောအခါ သမီးလေးသည် နားလည်လာခဲ့သည်။

 ကျန်းရွှိ စိတ်အေးလက်အေးသက်ပြင်းချလိုက်ချိန်တွင် သမီးလေးက ရုတ်တရက်ထပြောပြန်သည်။

“ ပါပါး ….ဝမ့်ရီချီက သမီးကို သူ့ကောင်မလေးဖြစ်စေချင်တယ်တဲ့…အဲ့ဒါက သူလည်းသမီးနဲ့ တူတူနေချင်တယ်လို့ပြောနေတာလားဟင်...”

ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ အံ့အားသင့်သွားခဲ့ကြသည်။

"….."